ပွင့်လင်းမြင်သာမှု နှင့် ကမ်းနားသစ်ပင်များ – မောင်မိုးညို
“ပွင့်လင်းမြင်သာမှု” (transparency) ဟူသောစကားလုံးသည်အမေရိကနိုင်ငံအုပ်ချုပ်ရေးယန္တရားကိုစိမ်ခေါ် နေသေးသော စံနှုန်းတိုင်းပေတံအဖြစ်ဆက်လက်တည်ရှိနေသော်လည်း၊ လွှတ်တော်congress ကြီးနှင့် မြောက်မြားလှစွာသော rating အဖွဲ့အစည်းဌာနများ၏စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်မှုတို့ကြောင့်၊ ယနေ့အမေရိကပြည်ထောင်စု သည် ပွင့်လင်းမြင်သာမှုစံပြုရသောနိုင်ငံအဖြစ်ကမ္ဘာတွင်ရပ်တည်နေပြီဖြစ်သည်။ အတွင်းကျကျလေ့လာနိုင်သူ၊ လေ့လာတတ်သူတိုင်းက အစိုးရယန္တရားကြီးအကြောင်းကိုအိပ်သွန်ဖာမှောက် သိရှိခွင့်ရှိနေပြီဖြစ်သလို၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများက ထိုသိရှိခွင့်အခွင့်အရေးကိုလူထုရှေ့မှောက်တွင် ချပြရန်ပြဌာန်းချက်များအခွင့်အရေးများပေးထားပြီးဖြစ်နေပေသည်။
စာရေးသူငယ်စဉ်ကကြားဘူးနားဝစကားအရ၊ အမေရိကန်အစိုးရ တဆက်ပြောင်းတိုင်း၊ သမ္မတဖြစ်သူကမိမိ နှင့်လက်တွဲလုပ်ကိုင်မည့်ဝန်ထမ်းကြီးငယ်အားလုံး (ရာထူးပေါင်းထောင်ကျော်) ကို မိမိစိတ်ကြိုက် ခန့်အပ် တာဝန်ပေးကြသည့်အစဉ်အလာကားနှစ်ပရိစ္ဆေဒကြာခဲ့ပေပြီ။ ဤအချက်ကိုမည့်သူတစ်ဦးတယောက် ကမျှ စောဒကတက်ရမည့်အချိန်မဟုတ်တော့။ လူထုမှတိုက်ရိုက်စိတ်ကြိုက်ရွေးချယ်ထံထားရသူသမ္မတ ဖြစ်သည့် အားလျော်စွာ၊ လူထုနှင့်နိုင်ငံအတွက်လိုလားချက်များဖြည့်တင်းဆောင်ရွက်နိုင်ရန်မှာ၊ မိမိနှင့်တစိတ်တည်း တဝမ်းတည်း၊ လုပ်နိုင်မည့်သူကိုသာရွေးချယ်ခန့်အပ်ခြင်းသည်၊ သဘာဝကျသော လုပ်ထုံးလုပ်နည်းတရပ် ဖြစ်နေပါသည်။ သို့ဆိုလျင် အစိုးရအဖွဲ့ဝင်ဝန်ကြီးမှစ၍အောက်ခြေ secret services ရာထူးများကိုခန့်အပ်ခွင့် ရှိသူ သမ္မတကို “အာဏာရှင် (dictator)”ဟုသတ်မှတ်မည်လော။ ဤထုံးတမ်းစဉ်လာကိုကျင့်သုံးခဲ့သော အမေရိကနိုင်ငံကို “authoritarian state”ဟုကင်ပွန်းတပ်မည်လော။
Transparency ဟူသောဝေါဟာရကိုရေလဲနှင့်သုံးရသောနိုင်ငံများစွာရှိနေသော်လည်း၊ ဤစံနှုန်းပေတံကို တကယ်လက်တွေ့လိုက်နာကျင့်သုံးသောနိုင်ငံအလွန်ရှားပါးလှပေသည်။ ပွင့်လင်းမြင်သာသောအုပ်ချုပ်ရေးစနစ် ကျင့်သုံးသော အစိုးရတိုင်း၏တာဝန်ကားမိမိဆောင်ရွက်မှုမည်မျှအတိုင်းအတာအထိပြည်သူအားချပြနိုင်မည်လဲ (extent of disclosure)၊ ပြည်သူတိုင်းနားလည်ရလွယ်ကူရှင်းလင်းမှု (clarification capacity) နှင့် တိကျ မှန်ကန်မှု(accuracy of fact) ဟူသောစရိုက်လက္ခဏာကြီး(၃)ရပ်ပေါ်တွင် အခြေခံယုံမက၊ အစ၊အလယ်နှင့် အဆုံး(၃) ပါးစလုံးတွင်မယိမ်းမယိုင်သောဆောင်ရွက်စဉ်ကြီးရှိနေရမည်ဖြစ်သည်။
Transparency ကိုနိုင်ငံရေးလောကတွင်သာမက၊ စီးပွားရေး၊ ဥပဒေရေးနှင့်လူမှုလောကအားလုံးတို့တွင် တွင်ကျယ်စွာပြောဆိုသုံးနှုန်းနေကြပြီဖြစ်သည်။ ဤဆောင်းပါးတွင် လက်ရှိမြန်မာ့နိုင်ငံရေးနှင့်ကမ္ဘာ (အမေရိက အပါအဝင်) တွင်ကျင်းသုံးကြကုန်သောစနစ်အသီးသီးတို့၏ပွင့်လင်းမြင်သာမှုဖြစ်စဉ်ကို လေ့လာတင်ပြ မည်ဖြစ်ပါသည်။
ဥပမာပြုရသော်- အမေရိကအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးကိုခန့်အပ်မည်ဆိုပါက၊ မိုးကျရွှေကိုယ်များ ကဲ့သို့ အမိန့်ထုတ်ပြန် ခန့်အပ်ခြင်းပြုခွင့်သမ္မတ တွင်အလျင်းမရှိ။ အနည်းဆုံးအထက်အောက်လွှတ်တော် (၂)ရပ် နှင့်တကွ၊ ယင်းကို ကျောထောက်နောက်ခံ ပြုနေသောဒါဇင်များစွာသောအထင်ကရလေ့လာ စောင့်ကြည့်သူ နှင့် အစိုးရမဟုတ် သည့်၊ ဘက်လိုက်မှုကင်းသည့် အဖွဲ့အစည်းများ (non-partisan) ၏အတွင်းအပြင် ဝေဖန် သုံးသပ်မှုကိုခံကြရသည်။ မိမိ၏လုပ်ငန်း အတွေ့အကြုံများသာမက၊ ကိုယ်ရေးအချက် အလက်အားလုံးကို အိပ်သွန်ဖာမှောက်အစစ်ခံရသည်။ လွှတ်တော်က ကန့်ကွက်မှုကြောင့် အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရကြ သူတွေဒုနှင့်ဒေးပင်။ ထိုနည်းတူ နှုတ်ထွက်သည့်အခါတွင်လည်းဘယ်အကြောင်းအချက်ကြောင့် ဟူသော အချက်များကိုအစစ်ဆေးခံကြရပြန်သည်။ ထိုစစ်ဆေးမှုများသည် အများပြည်သူတို့ကိုချပြခြင်း ကြောင့်လည်း နိုင်ငံတော်အပေါ်အန္တရာယ် ကျလာနိုင်မည့် ကိစ္စရှိလျင်လည်း၊ တံခါးပိတ်စစ်ဆေးမေးမြန်း ခြင်းပြုကြသည်။ ထိုသိုု့သောရာထူးကြီးများခန့်အပ်တာဝန်ပေးမှုနှင့် တာဝန်မှအနားယူရုပ်သိမ်းမှုအပေါင်းတို့ကို၊ အမေရိကန် ပြည်သူတို့ မကြားချင်အဆုံးမြင်ကြသိကြရသည်။ Watergate အရေးအခင်းကြောင့်ရာထူးမှဆင်း ပေးရသော သမ္မတနစ်ဆင်၏တံခါးပိတ်စစ်ဆေးမှုအချက်အချို့ ကိုပြီးခဲ့သောရက်ပိုင်းအတွင်းက၊အစိုးရက လူထုကိုဖွင့်လှစ် ချပြသည့်နမူနာကိုကြည့်ပါက၊ မည်မျှသောလျှို့ဝှက်မှု မျိုးပင်မဆို၊ အုပ်ချုပ်သူတိုင်းကလူထု အားသင့်လျော်သော အချိန်ရောက်တိုင်းအသိပေးရသည်မှာ ဒီမိုကရေစီ၏ အနှစ်သာရလက္ခဏာကြီး တခု ဖြစ်သည်ဟုနားလည်ကြ ဘို့လိုသည်။ ဤလုပ်ငန်းစဉ်သည် အစိုးရထိပ်ပိုင်းမှစ၍၊ လက်အောက်ပြာတာအထိ၊ အစိုးရဝန်ထမ်းကြီးငယ် မဟူ၊ အမေရိကနိုင်ငံတွင်လိုက်နာကျင့်သုံးရသောဝန်ထမ်း ပြုခြင်း/နှုတ်ထွက်ခြင်း ဆိုင်ရာကျင့်စဉ်ကြီးဖြစ်သည်။ ဤစနစ်ကို public office (political) appointed position ရာထူးကြီးများ သာမက၊ ပြင်ပပုဂ္ဂလိက (private) တာဝန်ရာထူးများတွင်ပါ တွင်ကျယ်စွာအသုံးပြုသည်။ ဆိုလိုသည်မှာရာထူး အခန့်ခံရမည့်သူ/နှုတ်ထွက်အဖြုတ် ခံရမည့်သူများအနေနှင့်လည်း အမိန့်ထွက်ပြီးမှသိကြရသည်ဟူသော အဖြစ်မျိုး၊ အမေရိကဝန်ထမ်းလောက တွင်မရှိပါ။ အနည်းဆုံးကြိုတင်ခေါ်ယူဆွေးနွေး အသိပေး ယုံမက၊ ကာယကံရှင်၏ကြောင်းကျိုးတင်ပြဆွေးနွေး ချက်၊ ချေပချက်ဟူသောအခွင့်အလမ်းတို့ကို ရရှိအောင် ပေးထားရသည်။ ဒီမိုကရေစီပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးစနစ်တိုင်းတွင် ရာထူးတာဝန်ပေးအပ်/ ရုပ်သိမ်းမှုတိုင်း သည် ဘယ်သောအခါမျှ surprise များ မဟုတ်ပါ။
မြန်မာ့သမိုင်းကြောင်းတွင် ရဲဘော်သုံးကျိပ် ကိုရွေးချယ်ခဲ့သောတပ်မတော်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က စစ်ပညာသင်ကြားရေးအတွက်လူရွေးစဉ်ကတည်းက၊ နောင်အခါ ရဲဘော်သုံးကျိပ်ဝင်အဖြစ်သမိုင်တွင်ကြမည့်သူအားလုံး တစ်ဦးချင်းကိုမေးခွန်းအသေအချာမေးပြီးမှလက်တွဲ ခေါ်ဆောင်သွားကြောင်းကြားဘူးသည်။ လျှိ့ဝှက်ရလွန်းသောကိစ္စတစ်ရပ်ဖြစ်သောကြောင့်၊ အနားကပ်မှ လူလဲရသော အဖြစ်မျိုးကြုံခဲ့ရသော်လည်း၊ ပါဝင်ခဲ့သူတိုင်း၏စိတ်သဘောထားကိုအတိအကျသိရမှ၊ ရွေးချယ် ခဲ့သည် ဟုအဆိုရှိသည်။ ဗြိတိသျှအုပ်ချုပ်ရေးစနစ်ဒိုင်အာခီအစိုးရကိုပင်၊ ကာယကံရှင်မြန်မာ ခေါင်းဆောင် များကိုကြိုတင်ခေါ်ယူစကားပြောပြီးမှခန့်အပ်သည်ဟုအဆိုရှိသည်။ လွတ်လပ်ခါစမြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ် တွင်လည်းနိုင်ငံတနိုင်ငံလုံးရန်ကုန်အစိုးရဟုခေါ်ရလောက်အောင် အစိုးရယန္တရား ပျက်ပြားနေချိန်တွင်ပင်၊ အစိုးရအဖွဲ့ထည်လဲဖြစ်ချိန်ကာလတွင်းပင်၊ အနည်းဆုံးပါတီတွင်း၊ အပြန်အလှန် ဆွေးနွေးပြီးမှ၊ ယင်းခန့်အပ်မည့် သူကိုခေါ်ယူအသိပေးပြီးမှရာထူးပေးသည်ဟုဆိုသည်။ ထို’ပထစ’ခေါ် ပြည်ထောင်စုအစိုးရစနစ်(၁၉၆၂)ခုနှစ် အာဏာလက်လွှတ်ပြီးနောက်ပိုင်း၊ နောင်တက်သမျှအစိုးရအဆက်ဆက် တို့သည်၊ စစ်တပ်ကို်အခြေခံသော နိုင်ငံအစိုးရအဖြစ် “ဘောင်းဘီဝတ်/ဘောင်းဘီချွတ်” များအဖြစ်ရပ်တည်ခဲ့ သည်မှာယနေ့တိုင်ပင်။ ထိပ်ဆုံး အာဏာပိုင်အစိုးရအတွင်းပါဝင်ကြသူအားလုံးလိုလိုကို ပြည်သူကသိရှိခွင့် မရှိကြပေ။ တပ်၏ထုံးစံအရ ရာထူးတိုးခြင်း၊ခန့်ထားခြင်း၊ ရုတ်သိမ်းခြင်းအဝဝတို့ကို၊ ထိပ်ဆုံးအာဏာပိုင်သူ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်နေဝင်းနှင့်အနီးကပ်ရှိသူ သုံးလေးဦးလောက်ကသာတိုက်ရိုက်ခန့်အပ်တာဝန် ပေးသည့်အစဉ်အလာ ကြီးရှင်သန်ကြီးထွားခဲ့သည်။ အများအားဖြင့်ခန့်အပ်တာဝန်ပေးခံရသူတွေမှာ စစ်တပ်မှ ဖြစ်သဖြင့်၊ အမိန့်စာ ကြေးနန်းရလျင်ရခြင်းဌာနချုပ်သို့နေ့ချင်းညချင်းသတင်းပို့လျက် ချက်ချင်းတာဝန်ယူကြ ရသည်။ တာဝန်လွှဲလျင် သော်၎င်း၊ တာဝန်မှရပ်စဲလျင်သော်၎င်း၊ ထိုနည်းတူချက်ချင်းအရေးယူဆောင် ရွက်သည်။ အရေးယူရန် ရှိလျင်လည်း၊ အမိန့်စာနှင့်ဖမ်းဆီးအရေးယူမည့်သူပါတပြိုင်တည်းရောက်ရှိ အရေးယူ သည်။ ထိုကျင့်စဉ်သည် စစ်တပ်တွင်သာမက အရပ်ဘက်အုပ်ချုပ်ရေးတွင်လည်းထိုနည်းတူကျယ်ပြန့်စွာ အသုံးချသည့်အလေ့အထ ရှင်သန်ကြီးထွားလာသည်။ ယင်းကားမီဒီယာများတင်းကြပ်သောခေတ်၊ လူမှုကွန်ယက် (social network) အပါအဝင်၊ အင်တာနက်၊ ဖုံး၊ ဖက်စ်၊ ရုပ်မြင်သံကြားကင်းမဲ့သောခေတ်အခါက ‘နေ့မြင်၊ ညပျောက်’ အုပ်ချုပ်ရေးစနစ်တွင်ကျယ်စဉ်ကဖြစ်သည်။ ရုပ်မြင်သံကြားအပါအဝင်၊ အင်တာနက်ခေတ် ထိုးဖေါက်နေသော ယနေ့လူ့အဖွဲ့အစည်းတွင်၊ ရာထူးခန့်အပ်ခြင်းခံရသူတွေ၊ ရာထူးရပ်စဲခံရသူတွေ ရုပ်မြင် သံကြားသတင်းကြည့် မိမှ မိမိ ဝန်ကြီးဖြစ်ကြောင်း၊ ရာထူးမှဆင်းပေးရကြောင်းသိကြရသည်ဟူ၏။ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု ကို မည်သည့်နည်းဖြင့်အဓိပ္ပါယ်ဖွင့်သည်ဟူသည်ကိုကား လက်ရှိအစိုးရထိပ်ပိုင်းအာဏာရှိ များသာသိနိုင်မည် မှန်သော်လည်း၊ နိုင်ငံတကာကမျက်စေ့ဒေါက်ထောက်ကြည့်နေခြင်းခံနေရသည့်ယနေ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ထုံးလုပ်နည်းကား၊ ဤဖြစ်ရပ်များကြောင်းဂုဏ်သိက္ခာထိခိုက်ဖွယ်ရာ ဖြစ်နေသည် မှာအမှန်ပင်။ ယခုအစိုးရသတင်းစာမီဒီယာပိုင်းတွင် နေ့စဉ်နှင့်အမျှမြင်တွေ့နေကြရသော၊ အစိုးရ၏စီမံချက်/ ကံထရိုက်/တင်ဒါခေါ်ယူခြင်းများကိုစတင်မြင်တွေ့ကြရသော်လည်း၊ ယင်းအခွင့်အလမ်းများ ကို ရရှိမည့်သူတွေ မှာမည်သူတွေဖြစ်သည်ကိုလူထုကကြိုတင်ခန့်မှန်းပြီးသားဖြစ်နေသည်။ (၂၀၁၁)ခုနှစ်တွင် ပေါ်ပေါက်လာသော အစိုးရအဖွဲ့ဝင်များသာမက လွှတ်တော်နှင့် ဗဟိုအဆင့်အဖွဲ့အစည်းကြီးများအားလုံးကို၊ ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအကြီးအကဲ ဗိုလ်သန်းရွှေမှ စိတ်ကြိုက် ကလဖန်ထိုး ခန့်အပ်ခဲ့သူ များချည့်ဖြစ်သည်ဆိုသည်ကားငြင်းဘွယ်မရှိ။ ယုတ်စွအဆုံးပြည်သူ့ကိုယ်စားလှယ်အမည်ခံ အမတ်များသည် ပင်လျင်စစ်အစိုးရအဝန်းအဝိုက်နှင့် ယင်းနှင့်နီးစပ်လွန်း၍စစ်ဗိုလ်ချုပ်များကိုသန်းကြွယ်များ ဖြစ်အောင်ပံ့ပိုးပေး ကြသောစီးပွားရေးလုပ်ငန်းရှင်ကြီး အချို့ကိုှသာတာဝန်ပေးရွေးချယ်ခဲ့သည်မှအထင်အရှားပင်။
“တာဝန်မှရပ်စဲခြင်း”၊ “မိမိသဘောဆန္ဒအလျောက်နှုတ်ထွက်ခွင့်ပြုခြင်း”၊ “ကျန်းမာရေးကြောင့်အနားယူခြင်း” ဟူသောရေလဲသုံးဝေါဟာရများသည်ထိုအမိန့်ကြေငြာချက်တိုင်းတွင်ပါဝင်ကြသည်ကိုပြည်သူတို့ဖတ်ရှိသိရှိနားလည်ကြသော်လည်း၊ အများပြည်သူကသုံးစွဲသော တခုတည်းသော ဝေါဟာရကား ဘယ်ဝန်ကြီးတော့ ”ပြုတ်သွားပြီဟေ့” ဟူသောမှတ်ချက်ပင်။ ဆိုခဲ့သောအကြောင်းပြချက်များသည်အမှန်တကယ်ဖြစ်နိုင်ချေ ကြောင်းချင်းရာများဖြစ်နိုင်သော်လည်း၊ လူထု ၏ယုံကြည်မှလျော့နည်းနေသောအစိုးရအနေဖြင့်၊ မည်သည့် ရှင်းလင်းချက်မျိုးကမှထိုးဖေါက်နိုင်စွမ်းမရှိနိုင်ပေ။ အစိုးရဝန်ထမ်းအဖွဲ့အစည်းအဆင့်ဆင့်တို့တွင် ဝန်ထမ်း အကြီးအကဲများဖြစ်သည့်ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အဖွဲ့ဥက္ကဌအသီးသီးမှစ၍ အောက်ခြေ အကျဆုံး ရုံးစေအထိအားလုံးသောအဆင့်တိုင်းတွင်ရှိနေကြသူတို့အစိုးရဌာနများမှ နည်းမျိုးစုံ (အငြိမ်းစားယူမှု အပါအဝင်) ဖြင့်ထွက်ကြရလျင်၊ ထိုထွက်သည့်နေ့မှစ၍ လမ်းဘေးရောက်သွားကြသည်။ ထိုနည်းတူတပ်ဘက် ဆိုင်ရာရာထူးများမှ သံအမတ်အပါအဝင်၊ ဝန်ထမ်းအဖွဲ့အစည်းများသို့အရပ်ဝတ်လဲ ပြောင်းရွှေ့ကြရသူတို့လည်း မိသားစုလိုက်မျက်ရည်နှင့်မျက်ခွက်ဖြစ်ကြရသည်။ သို့အတွက်ကြောင့် မိမိရာထူးမြဲမြန်ရေးကားနေ့စဉ်နှင့်အမျှ အရေးကြီးလာသကဲ့သို့၊ ဗုဒ္ဓဘာသာများပင်ဖြစ်လင့်ကစား ဗေဒင်၊ ဘိုးတော်၊ အခါတော်ပေးဆရာများထံ ချဉ်းကပ်ကြရသည်။ ဗုဒ္ဓအယူနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော ထိုလုပ်ရပ်များကို သူ့ထက်ငါအပြိုင်အဆိုင် လုပ်ကြရသည်။ မိမိရာထူးပေါ်မူတည်လျက်ရရှိခံစားရသော အခွင့်ထူးအာဏာများ တည်မြဲအဓွန့်ရှည်ရေးကား၊ ထိုထိုအရာရှိကြီးငယ်အားလုံနှင့်စစ်ဗိုလ်လောကတွင် ပါတွင်ကျယ်နက်ရှိုင်းစွာ ဝင်ရောက်နေရာယူနေသည်မှာ ပုဂံခေတ်အရည်းကြီးခေတ်နှင့်အလားသဏ္ဍာန်တူနေပေပြီဖြစ်သည်။ ဝမ်းနည်းဘွယ်ကောင်းပေစွ။ အင်းအိုင် လက်ဖွဲ့ယတြာများပေးနိုင်ကြသူသံဃာတော်များပင် လာဘ်လာဘ ရွှင်ကြသည်ဟူ၏။ အထက်အဆင့်ဆင့် သောအကြီးအကဲများကိုပုံမှန်လက်ဆောင်ပဏာဆက်သ ရသောစနစ်သည်၊ သက်တမ်းစ,ခါစဖြစ်သော ပွင့်လင်းမြင်သာမှုရှိသည့်မြန်မာ့အုပ်ချုပ်ရေးစနစ်သစ်ကြီးကို အနိုင်ပိုင်းလုပြီ ဖြစ်သည်။ စကားတန်ဆာဆင် ဝါဒဖြန့်စနစ်ထွန်းကားချင်တိုင်းထွန်းကားခဲ့သော ခေတ်ဟောင်းစနစ်သည် ယခုတဖန်ခေါင်းထောင်လာပြီ ဖြစ်သည်။
အံ့ဩဘွယ်ကောင်းသည်ကား၊ အစိုးရနှင့်ဗဟိုအဆင့်အသီးသီးတို့၏ရာထူးကြီးများတွင်ခန့်အပ်တာဝန်ပေးရန်၊ သမ္မတထံမှပေးပို့လာသော ဝန်ကြီးလောင်းအပါအဝင်ရာထူးကြီးများကိုလွှတ်တော်တွင် အမေးအမြန်းမရှိ နောက်တနေ့တွင်၊ ခန့်အပ်တာဝန်ပေးသောလုပ်စဉ်ကြီးတရပ်လုံး လက်ခံသောလက်ရှိ ပြည်ထောင်စုလွှတ်တော် အပါအဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများ၏ “ပြည်သူ ကိုယ်စားပြုမှု” ကိုမယုံကြည်နိုင်ဘွယ်တွေ့ရသည်။ ပို၍အံ့ဩရသည်မှာ အတိုက်အခံပါတီအမည်ခံ အမတ်များ၏ နှုတ်ဆိတ်မှုကိုမယုံကြည်နိုင်ဘွယ်မြင်တွေ့နေရသည်။ မိမိကိုတာဝန်ပေးခန့်အပ်ကြောင်း surprise သိကြသူ အကြီးအကဲများရှိသလို၊ ရုပ်မြင်သံကြားကြည့်မိမှ မိမိရာထူးမှဆင်းပေးရကြောင်းသိရှိကြသူတွေဝန် ခံသော စကားကိုကြားရဖူးပြီ။ အနောက်နိုင်ငံသားများအတွက်surprise ကြိုက်နှစ်သက်ခုံမင်ခေတ်စားသော ယနေ့ ခေတ်ကာလတွင်၊ မြန်မာ့မြေမြန်မာ့နိုင်ငံရေးလောကတွင် ရာထူး surprise ခေတ်ရေစီးကြောင်းသည် (၁၉၆၂) တော်လှန်ရေးကောင်စီခေတ်ကတည်းကပင်အမြစ်တွယ်ကြီးထွားနေပြီ ဆိုလျင်ကြွားဝါရာ ရောက်မည် လော။
မဲဆန္ဒပေးရွေးချယ်သူပြည်သူတိုင်းက မိမိရွေးချယ်ပေးလိုက်သောသမ္မတမှခန့်အပ်တာဝန်ပေးမည့်သူအစိုးရအဖွဲ့ အစည်းဝင်အဆင့်ဆင့်တို့အကြောင်းခရေစေ့တွင်းကျ သိချင်သည်မှာသဘာဝကျ၍လက်ခံသင့်သောဒီမိုကရေစီ ကျင့်ထုံးမူဖြစ်သည်။ ထိုနည်းတူ ထိုရာထူးတာဝန်များမှရုပ်သိမ်းခဲ့လျင်လည်း၊ အကြောင်းရင်းအစစ်အမှန်ကို သိလိုကြသည်မှာနိုင်ငံသားတို၏ပိုင်ခွင့်ဖြစ်သည်။ ထိုနည်းတူမိမိတို့နိုင်ငံအကြီးအကဲသမ္မတ၏ကိုယ်ရေး အကြောင်းအရာအားလုံးကိုနိုင်ငံသားတို့ကသိခွင့်ရှိကြပါ သည်။ ယုတ်စွအဆုံးမိမိသမ္မတ(သို့)အကြီးအကဲတို့၏ စိတ်နေသဘောထား၊ အားနည်းချက်၊ အားသာချက်၊ ဝါသနာ၊ လုပ်ငန်းအတွေအကြုံနှင့်အဓိကကျသော ပြဿနာကိုယ်တွယ်ဖြေရှင်းချက်များ၊ မိသားစုကိစ္စရပ်များကအစအသိပေးရန်လိုအပ်ပါသည်။ မိမိနိုင်ငံအကြီး အကဲကိုမိမိနိုင်ငံသားတိုင်းကသိလိုခွင့်မှာမွေးရာပါပိုင်ခွင့်များပင်ဖြစ်သည်။ အမည်၊ ပညာအရည်အချင်း၊ ရာထူးတာဝန်အဆင့်ဆင့်လောက်သာဖေါ်ပြထားသောကိုယ်ရေးမှတ်တမ်းအကျဉ်းလောက်သာအသိပေးရတော့မည့်ခေတ်မဟုတ်တော့။ ကိုယ်ကမရှင်းလင်းမဖေါ်ပြလျင်၊ လူမှုကွန်ယက်ကဝင်ရောက်နေရာယူလျက် ကိုယ့်အကြောင်းသောင်းပြောင်းထွေလာဖြစ်သွားနိုင်သည်။ ဖြစ်လည်းဖြစ်နေသောခေတ်ကြီးသို့ ချဉ်းနင်း ဝင်ရောက်နေပေပြီ။
သမ္မတဦးသိန်းစိန်အနေဖြင့် ခေတ်အဆက်ဆက်နိုင်ငံရေးလောကတွင်နည်းမျိုးစုံပါဝင်ခဲ့ကြပြီး၊ နည်းမျိုးစုံဖြင့် အနားယူခဲ့ကြသူများကို နေရာပေးအရေးတယူပြုမှုများရှိသည်ကိုနိုင်ငံရေးလောကသားတို့တွေ့မြင်နေကြရ သည်။ အတိုက်အခံများကိုပင် မိမိတို့ယုံကြည်ချက်ခံယူချက်များကိုဘေးချလျက်နိုင်ငံပြန်လည်ထူထောင်ရေးကို လက်တွဲလုပ်နိုင်ရန်အတွက်၊ လက်ကမ်းကြိုမှုများတရားဝင်ပြုလုပ်ခဲ့သည်ကိုလည်းတွေ့ရသည်။ အရည်အသွေး ပြည့်ဝသော capacity building ဖြစ်စဉ်ကြီးပေါ်ထွန်းရေးနှင့် အဓွန့်ရှည်တည်တန့်ရေးမှာ ရာထူးခန့်အပ် ပြောင်းလဲမှုများတိုင်းကို ပြည်သူတိုင်းပွင့်လင်းမြင်သာစွာသိရှိခွင့်ရရေးမှာအရေးကြီးသလို၊ ကာယကံရှင်များ ကိုကြိုတင်အသိပေးဆွေးနွေးဝေဖန်ခွင့်အခွင့်အရေးပေးရန်မှာလည်းအထူးအရေးကြီးပေသည်။ “အိမ်နောက်ဖေး ပေါက်” မှမိမိရာထူးဌာနန္တာရကိစ္စဆောင်ရွက်မှဖြစ်မည်ဟူသောဝန်ထမ်းဆက်ဆံရေး ကျင့်ထုံးကြီးစိုးနေသမျှ ကာလပါတ်လုံး ပြဌာန်းထားသော ဝန်ထမ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် တည်ဆဲပြည်ထောင်စုရာထူးဝန် အဖွဲ့ကြီး၏ဂုဏ်သိက္ခာသည်ဘန်းပြအဖွဲ့အစည်းအနေနှင့်လူထု၏အခွန်လစာကိုအချောင်ထိုင်စားနေသောသေးသိမ်သည့်အဆင့်တွင်သာတည်ရှိနေပေမည်။ ထိုအဂတိတရားလိုက်စားမှုကအခွင့်အာဏာရှိသူတို့၏ရိုသားမှုကို ဖြိုဖျက်ခြင်းခံနေကြရမည်။ ပြည်သူကိုအလုပ်အကျွေးပြုရမည့် public servant ဘဝမှ အထက်အရာရှိကို သာကိုယ်စား ပြုသော ဝန်ထမ်းအဆင့်ဆင့်များသာလွှမ်းမိုးများပြားလာမည်ဖြစ်သည်။ တချိန်တည်းမှာပင် ဝေဖန်ခံနိုင်အားနည်းပါးလွန်းလှသော ဝန်ကြီးဝန်ကလေးမင်းများအနေနှင့်လည်း၊ လူထုနှင့်စတုတ္ထမဏ္ဍိုင်ကြီး၏ ပြစ်ပြစ်နှစ်နှစ်ဝေဖန်မှုကိုခံနိုင်ရည်ရှိသော စိတ်ဓါတ်က နိုင်ငံချစ်စိတ်ဟူသော စကားတန်ဆာထက်ပိုအရေးကြီး သည်ဆိုသည်ကို လက်ခံကြဘို့လိုပြီဖြစ်သည်။ ခေတ်အဆက်ဆက် ဝေဖန်ခံရဖို့ဝေးစွ၊ မော်ပင်အကြည့်မခံရ သော သက်ဦးဆံပိုင်အာဏာတည်းဟူသော အခွင့်ထူးကြီးများကို ခဝါချကြရန်အထူးလိုပြီဖြစ်ပါသည်။
လူသည်စနစ်၏သားကောင် တည်းဟူသည်မှာသွေးထွက်အောင်မှန်သော်လည်း၊ ဤစနစ်ကိုလူတွေကသာ ဖန်တီးထားသည်မဟုတ်ပါလား။ ပွင့်လင်းမြင်သာမှုဆိတ်သုဉ်းသောခေတ်ထဲတွင်ပင်ရှိနေသေးသော “မင်းခစား”အစိုးရအကြီးကဲအဆင့်ဆင့်တို့၊ “ကမ်းနားသစ်ပင်” ဟူသောဘဝဝဲဩဂါမှလွန်မြောက်ရေး ကြိုးပမ်းရန်မှာ၊ မိမိတို့တာဝန်သာဖြစ်ပါကြောင်း။ ။
9 comments
Ko chogyi
August 17, 2014 at 5:18 pm
ပွင့်လင်းမြင်သာမှုအရှိဆုံးက မြန်မာနိုင်ငံပါ
မြန်မာနိုင်ငံအကြောင်းပွင့်လင်းမြင်သာအောင်
လမ်းဘေးဈေးသည်တို့
ကျူးကျော်အိမ်တို့
ထွန်တုံးတိုက်ပွဲတို့
……..တို့
………တို့
…..
…..
…..
…..
မြင်အောင်ပြနေတာပဲ မကြည့်ကြဘူးလား
ဇီဇီ ခင်ဇော် (15102012)
August 18, 2014 at 9:44 am
မောင်မိုးညို နှယ်….
နွား ကို ပလာတာကျွေးရတာမှ အောင်မြင်အူးမယ်။
:a:
ဦးကြောင်ကြီး
August 18, 2014 at 12:52 pm
နှူးဘာဂီ ရိုက်နေတဲ့ မော်ဒယ်လေးတွေ ပွင့်လင်းမြင်သာမှု ရှိလာပါပီ အန်တယ်ဂျီး..။
kai
August 18, 2014 at 2:11 pm
ပွင့်လင်းမြင်သာကြိုက်တဲ့.. ဆရာမောင်မိုးညိုကို… . သမ္မတအကြံပေးခန့်အပ်လိုက်ပါကြောင်း..
ကြေးမုံသတင်းစာမျက်နှာဖုံးထဲ.. စာကြီးထွက်လာရင်.. ဘာဖြစ်မလဲ.. သိချင်..။ :k:
pooch
August 18, 2014 at 6:43 pm
အဲ့ခါကျ ကျမပို့စ်မှာ ဦးမိုညိုကွန်းမန့်ပေးဖူးတယ်ဆိုြပြီးလျှောက်ဖွမယ်
နောက်တာ အတည်
Mr. MarGa (12512)
August 19, 2014 at 12:04 pm
ပွင့်လင်းမြင်သာမှု ရှိဖို့လား
အင်းးး
တွေ့တော့ တွေ့ရမှာပါ
အချိန်လေးတော့ စောင့် ပေါ့ ဗျာ
ခင် ခ
August 27, 2014 at 4:47 pm
အရင်အစိုးရလက်ထက်တွေတုန်းက ပွင့်လင်းမြင်သာမှု မရှိဘူးဟု ယခုအာဏာရ အစိုးရတွင် ထိုစကားပြောလေသူကား အရင်အစိုးရလက်ထက်တွင်လည်း ပါဝင်နေသူဖြစ်လေတော့ကာ ဟိုးအရင်ကထဲက မြန်မာအစိုးရတို့သည် အပြောကတော့ရွှေမန်းပင်ဖြစ်လေသည်။
လက်တွေ့မှာသည်ကား နီးစပ်ရာသာ ပို၍သိကြပြီး လုပ်ဆောင်သွားကြသည်က အများသားပါလား။
မင်းခစား အစိုးရအကြီးအကဲအဆင့်ဆင့်တို့သည်လည်း နီးသည်ထက်နီးစပ်ဖို့ရာသာ အားထုတ်ကြ ကုန်သည် အဘယ်ကြောင့်ဆိုသော် ကမ်းနားသစ်ပင် လဲမည်စိုးလေသောကြောင့်ပင် ဖြစ်လေသတည်း။
ဇီဇီ ခင်ဇော် (15102012)
August 27, 2014 at 8:08 pm
ငါးတန်းနဲ့ ပြိုင်မနိုင်တဲ့
မြန်မာ့ငွေကြယ်ပွင့်တွေက
လှောင်စရာ မဟုတ်ဘူး… ကြေကွဲစရာ
ဝီစီကို ရွှီကနဲမှုတ်
ငွေတောင်းရရှာတဲ့ ယဉ်ထိန်းရဲတွေက
ဆဲစရာမဟုတ်… ကြေကွဲစရာ
ဖြဲကားအော်ပြရတာ
အနုပညာလို့ ထင်နေရှာတဲ့
ရှပ်ရှင်စီလီဗျစ်တီလေးဟာ
သနားစရာမဟုတ်… ကြေကွဲစရာ
မရီရတဲ့ပျက်လုံးတွေနဲ့
ခါးအောက်ပိုင်း ပျက်ရရှာတဲ့
လူရွှင်တော်လေးတွေဟာ… ကြေကွဲစရာ
ပြောင်မြောက်စွာ တိုက်ပွဲဝင်ပြီးမှ
ဒေါ်လာနဲ့ကျဆုံးရရှာသူ
အရေးတော်ပုံ တပ်သားတွေဟာ
အမိန့်နဲ့မတရားမှု မခွဲခြားတတ်လေတဲ့
တိုင်းပြည်ကို ထပ်မံကယ်တင်လိုသူ
မနူးမနပ်စစ်ဗိုလ်လေးတွေဟာ
မယားငယ်ဘဝကို
ပျော်ပျော်ကြီးရွေးချယ်ပြီး
မယားကြီးကို ဆဲလေသူ မိန်းမငယ်လေးတွေဟာ
ဘတ်စ်စကားပေါ်ကို
ဘုန်းကြီးကို တွန်းဖယ်တက်သူ
ကိုယ်ဝန်ဆောင်ကို နေရာမပေးလေသူ
နောက်ကျသော အိမ်ရှင်မတွေဟာ
ကြေကွဲစရာ…
ကြေကွဲစရာ…
မြန်မာဖြစ်နေရတာ
မကြေကွဲပေမယ့်… ကြေ… ကွဲ… စ… ရာ…
Credit to သက္က မိုးညို
:a:
alinsett
August 28, 2014 at 5:56 pm
စနစ်ကြောင့် မဟုတ်ဖူးးးးးပဲပေါ့နော်… ။