လူတွေ ……..ဘာကြောင့် အိမ်ထောင်ပြုကြသလဲ….?
တိုးတက်နေတဲ့ ခေတ်ကြီးမှာ အထူးသဖြင့် မိန်းကလေးများ အတွက် စဉ်စားစေခြင်လို့ပါ ……………….
Fwd mail လေးပါ ………
“ချစ်လို့”လို့ ဖြေမယ့်သူတွေလည်း ရှိမှာပါ။ “တစ်ယောက်တည်း မနေချင်လို့”လို့ ဖြေတဲ့သူလည်း ရှိမှာပဲ။ “အသက်ကြီးတဲ့အခါ အထီးကျန်မှာ စိုးလို့”ဆိုတာလည်း ကြားရနိုင်တယ်။ တစ်ယောက်တစ်မျိုး မရိုးအောင်ဖြေကြမှာပေမယ့် ဘယ်လိုပဲ ဖြေကြ ဖြေကြ၊ သေချာတာတစ်ခုကတော့ ဘယ်သူမှ “စိတ်ဆင်းရဲမယ်ထင်လို့” အိမ်ထောင်ပြုတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမယ်ထင်လို့ အိမ်ထောင်ပြုတဲ့သူချည်းပါပဲ။ တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေ အိမ်ထောင်ပြုကြတာဟာ
“အားကိုးရာ”ရှာကြတဲ့သဘော အများကြီးဆောင်တယ်။ “အိမ်ထောင်ဦးစီး”၊ “အိမ်ဦးနတ်”စတဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာတာဟာ သည်အချက်ကို အထင်အရှား
ပြဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အိမ်ဦးနတ်ကြီးက ဘာအလုပ်မှ မလုပ်၊ ဘာတာဝန်မှ မယူတာမို့လို့ အရာရာမှာ ကိုယ်ကချည်း ဦးဆောင်နေရတဲ့ အမျိုးသမီး
စွမ်းဆောင်ရှင်တွေလည်း သူ့ခေတ်နဲ့သူ ရှိခဲ့တာချည်းပါပဲ။
ကျွန်တော်တို့ အိမ်ထောင်ပြုတဲ့ခေတ်၊ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်အထိတောင် အဲဒီ့ အားကိုးရာ ရှာတဲ့ အစဉ်အလာကြီးက တယ်မပျောက်ချင်သေးပါဘူး။ ဒါဖြင့်
အခုရော လုံးလုံး အကင်းသေပြီလားလို့ မေးရင် ခေါင်းရမ်းပြရမယ့် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရှေးကထက် စာရင်တော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်တွေဆီ ပိုရောက်လာနေကြပြီ၊ အမျိုးသမီးတွေရဲ့ ထက်မြက်တဲ့ အစွမ်းအစကို အများကြီး ပိုမြင်နေကြရပါပြီ။ ဒါပေမယ့် မိရိုးဖလာအစွဲဆိုတာ တော်တော်နဲ့ ပျောက်ခဲလေတော့ အဲသလို မမတွေ အိမ်ထောင်ပြုရင်လည်း အပြည့်အဝ အားကိုးတာ မဟုတ်ပေမယ့် အနည်းနဲ့အများတော့ မှီချင်၊ ခိုချင်၊ နွဲ့ချင်တဲ့သဘောထားလေးတွေက ဆက်လက် ခိုင်မြဲနေဆဲပါပဲ။
ထားပါတော့…
ယောက်ျားတွေကကျတော့ရော ဘာကြောင့် အိမ်ထောင်ပြုတာလဲဆိုတာကို ဆန်းစစ်ပြန်ရင် အဟဲ… ကျွန်တော်တို့လည်း မိန်းမတွေကို အားကိုးလို့ပါပဲ ခင်ဗျ။ စီးပွားရေးအရ အားကိုးတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် အပျင်းထူတဲ့ ကျွန်တော်တို့ ယောက်ျားသားများကို နေမှု ထိုင်မှု အစုစုမှာ လုပ်ပေး၊ ကိုင်ပေး၊ ချက်ပေး၊ ပြုတ်ပေး၊ လျှော်ပေး၊ ဖွပ်ပေးချည်သေးရဲ့ဆိုတာရယ်၊ ဟိုဟာလေးရယ်အတွက် အဓိကထားလို့ အိမ်ထောင်ပြုကြတာပါပဲခင်ဗျား။
အဲဒီ့အချက်တွေကြောင့်မဟုတ်ပါဘူးလို့ ဖြောင့်ကွယ် ကွယ်ပြီးကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောရရင်တော့လား၊ ဟား… မျိုးဆက်ချန်ခဲ့ချင်လို့၊ လူ့တာဝန်ကျေချင်လို့၊ ဘာလို့ ညာလို့တွေ ပြောလို့ရပါတယ်။ပြောလည်း ပြောတတ်ကြပါတယ်။ ဒါပေမယ့် တကယ့် အတွင်းပိုင်းမှာတော့ဝန်မခံရင်သာ ရှိရမယ်၊ အိမ်ထောင်မပြုခင်က အမေတွေ၊ အစ်မတွေ ကိုယ့်ကိုယုယခဲ့သလို ပြုစုယုယပေးမယ့်သူကို ရှာတာနဲ့ လူတို့ဘာဝ ထိုကိစ္စအတွက် တစ်ဦးတည်း မူပိုင် လက်ကားဒိုင်ကြီး ဖွင့်လိုက်တာပါပဲ။
အိမ်ထောင်ပြုသင့်သလား?
အဲသလိုများ မေးလာမယ်ဆိုရင်တော့ ယောက်ျားဆိုရင် အိမ်ထောင်ပြုဖို့တိုက်တွန်းမိမှာ ဖြစ်သလို မိန်းမဆိုရင် အိမ်ထောင်မပြုဖို့ အားပေးမိမှာပါပဲ။
ဘာလို့လဲဆိုတော့ အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့အခါမှာ အမြတ်ထွက်တဲ့သူက ယောက်ျားတွေသာဖြစ်ပြီး အရှုံးပေါ်သူက မိန်းမသားတွေ ဖြစ်နေတတ်လို့ပါပဲ။
လျှော့လျှောပေါ့ပေါ့ ပြောရင် သည်အချက်ဟာ အိမ်ထောင် တစ်ရာမှာ ၆၀-၇ဝလောက်အတွက် သွေးထွက်အောင် မှန်နေပါလိမ့်မယ်။ သာသာထိုးထိုး အလေးခိုးပြီး ပြောရရင်တော့ တစ်ရာမှာ ၉၀-၉၅လောက်ေတောင်လို့ ပြောရမယ်။
မိန်းမတွေ အိမ်ထောင်ပြုလိုက်တဲ့အခါ အပျိုဘဝကို ဆုံးရှုံးပါတယ်။ ယောက်ျားတွေကရော လူပျိုဘဝကို မဆုံးလို့လားလို့ မေးစရာ ရှိပေမယ့် အိမ်ထောင်ရှင်တန်မဲ့နဲ့ လူပျိုလေးလို ကိုးကျွင်းကိုးကျွင်း လုပ်နေသူတွေ၊အပေါင်းအသင်းတွေနဲ့ နေချင်သလို နေနေသူတွေ၊ လူပျိုယောင်ဆောင်ပြီး ကိုယ့်အိမ်ထောင်ဖက်မှတစ်ပါး အခြားမိန်းမသားတွေကို ထိကပါးရိကပါး လုပ်နေသူတွေ ကျားတို့ နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ မိန်းမသားတွေ အိမ်ထောင်ကျတဲ့အခါမှာတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေခွင့်ရလာတဲ့အခါမျိုးမှာ မိဘအိမ်မှာ နေရစဉ်ကထက် ပိုမိုလွတ်လပ်လာ၊ အပျိုဘဝတုန်းကထက် ကျယ်ပြောတဲ့ လူ့လောကနဲ့ ပိုမို
ထိတွေ့ခွင့်ရလာနိုင်တာမှန်ပေမယ့် တကယ်တမ်းမှာ အိမ်ထောင့်ဝန်တွေ ဖိစီးလာတဲ့အခါ၊ သားသမီးတာဝန် ယူလာရတဲ့အခါတွေမှာ အရာရာမှာ ကိုယ်ဟာ အလိုလိုနေရင်း ဒုတိယ နေရာ၊ တတိယ နေရာကို ရောက်သွားပါတော့တယ်။ လင်က ပထမ၊သားက ဒုတိယ၊ သမီးက တတိယများဖြစ်နေရင် ကိုယ်က စတုတ္ထဘဝကို ရောက်သွားတယ်။
သည်တော့ကာ အိမ်ထောင်မပြုခင်ကလည်း ယောက်ျားတွေဟာ ပထမ၊ အိမ်ထောင်ကျတော့လည်း ယောက်ျားတွေဟာ ပထမ နေရာမှာပဲ အစဉ်အလာအရ ဆက်လက် ခိုင်မြဲနေတာမို့ယောက်ျားတွေ အိမ်ထောင်ပြုတာဟာ တစ်စက်ကမှ မရှုံးပါဘူး။ မိန်းမသားတွေအတွက်ကျတော့ မိဘ လက်ထဲမှာတုန်းက အဖေ့ကို ပထမနေရာမှာပေးခဲ့ရလို့၊ အစ်ကို့ကို ဒုတိယနေရာမှာ ထားခဲ့ရလို့၊ ကိုယ်က တတိယနေရာမှာရှိခဲ့တယ်ဆိုဦး၊ အိမ်ထောင်ကျတော့မှ စတုတ္ထနေရာ ရောက်သွားရပြီဆိုရင် အဖျဉ်းဆုံး တစ်ဆင့်တော့ ကျသွားတာပါပဲ၊ ရှုံးသွားတာပါပဲ။ တကယ်လို.များ ကိုယ်က သမီးဦးမို့လို့ ဖူးဖူးမှုတ်ခံဆိုရင် ဒုတိယနေရာက စတုတ္ထနေရာကို ဆင်းရတာမျိုးဖြစ်ပြီ၊ အရှုံးက ကြီးသွားပြီ။
ဒါလည်း လင်က ကိုယ့်အပေါ် သစ္စာရှိနေဦးမှ။ သူက သစ္စာမရှိဘဲနဲ့ ဖောက်လွဲဖောက်ပြန် လုပ်၊ နောက်ထပ် တစ်အိုးတစ်အိမ်များ ထူမယ်ဆိုရင် ကိုယ့်အဆင့်က ပထမဇနီးလို့ နာမည်သာ ခံတယ်၊ တကယ် နေရာရတော့ ဟိုးအောက်ခြေအထိ ရောက်ချင် ရောက်သွားနိုင်သေးတယ်။ အဲလိုမျိုးဆိုရင် မမြတ်တဲ့အပြင်
ခွက်ခွက်လန်အောင် အရှုံးက ပေါ်ပြီ။
တခြားဟာတွေ ခဏထားဦး။ ကိုယ်ကလည်း အလုပ်လုပ်၊ သူကလည်း အလုပ်လုပ်၊ဒိုးတူဘောင်ဖက် တက်ညီလက်ညီ ရှိနေတဲ့ အိမ်ထောင်ရှင်တွေမှာတောင် အရေးရယ်၊အကြောင်းရယ်၊ သားတွေ၊ သမီးတွေ နေမကောင်း ထိုင်မသာ ဖြစ်လို့များ ခွင့်ယူရ၊အလုပ် ဖျက်ရစတမ်းဆိုရင် မယားကသာ ခွင့်ယူရ၊ အလုပ်ဖျက်ရတာ။ လင်သားတွေကတော့ အလုပ်ဖျက်ဖို့ နေနေသာသာ၊ အိပ်ရေးလေး အပျက်ခံဖို့တောင် အနိုင်နိုင်ရယ်။
ကိုင်း… အဲတော့ အိမ်ထောင်ပြုတာ ဘယ်သူမြတ်ပြီး ဘယ်သူရှုံးသလဲ၊ ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပေရော့…
ပြောမယ်ဆိုရင် နံပါတ်စဉ်ထိုးပြီးတောင် အများကြီး ပြောလို့ရပါတယ်။
လိုတိုရှင်း ပြောရရင်တော့ အိမ်ထောင်ပြုလိုက်ကြတဲ့အခါ ဘယ်ဖက်က တွက်တွက်၊ အမြတ်ထွက်တာက ကျွန်တော်တို့ ကိုရွှေယောက်ျားသားတွေ၊ ခွက်ခွက်လန်တာက မမတို့ စိန်စိန်မိန်းမသားတွေသာဖြစ်ကြောင်းပါ ခင်ဗျား။
သည်လောက်ပြောနေတဲ့ကြားက အမျိုးသမီးများအနေနဲ့ အိမ်ထောင်ပြုမယ်များ ကြံရင်
အောက်ပါ အမှန်တရားများကို လက်ကိုင်ထားကြစေချင်ပါတယ်။
(၁) အိမ်ထောင်ပြုလိုက်လို့ တစ်ကိုယ်ရေ နေရတဲ့ဘဝထက် ထူးပြီးစိတ်ချမ်းသာလာရမှာ မဟုတ်ဘူး။ သည်အချက်ဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးပါ သိပ္ပံနည်းကျ သုတေသနအရ ထင်ရှားနေပါတယ်။
(၂) ယောကျာ်းတွေဟာ မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တတ်၊ ရပြီးရင် ဖျာလိုခင်းပြီး တက်နင်းတတ်တယ်။ သည်အချက်ကို မယုံရင် ကိုယ့်အမေ၊ ကိုယ့်အဒေါ်အပါအဝင် အိမ်ထောင်သက် ကြာရှည်နေတဲ့ အိမ်ထောင်ရှင်များဆီက သက်သေခံထွက်ချက်တွေ တောင်းကြည့်နိုင်ကြပါတယ်။
(၃) ယောကျာ်းတွေရဲ့ အိမ်ထောင်ရေးသစ္စာကို ဘယ်၊ ဘယ်သောအခါမှမယုံစားထိုက်ဘူး။ ခန္ဓာဗေဒသဘော၊ စိတ်ပညာအရ လူသတ္တဝါတွေမှာ ဖြစ်ပေါ်မြဲ
တပ်မက်စိတ်နဲ့ ရမ္မက်ဇော သဘောတွေမှာ ကျားနဲ့ မတို့ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ခြားနားလှတာမို့ အမျိုးသမီးများအနေနဲ့ ဘယ်လိုမှ နားလည်လို့
မရနိုင်လောက်တဲ့ ပွေလီမှုအစုံဟာ ကျွန်တော်တို့ ယောက်ျားတွေကိုထုံမွှမ်းထားပါတယ်။ ခြွင်းချက်အနေနဲ့ ရဟန်းတော်များ၊ လိင်တူချင်း စုံမက်သူများသာ ရှိပါတယ်ခင်ဗျား။ ဘယ်သူကဖြင့် ဘယ်လို တည်ကြည်တာလို့ပတ်ဝန်းကျင်က မြင်မြင်ကရာကို အထင်တော် မကြီးလိုက်ကြပါနဲ့ဦး။ တည့်တည့်ပြောပါရစေ။ နားရွက်နဲ့မနာ၊ ခြေထောက်နဲ့သာ နာတော်မူကြပါ။ ဟုတ်ကဲ့…အခကြေးငွေ ပေးရတဲ့ အပျော်အဖော်ဆီသွားတယ်ဆိုတာ အမြန်ဆုံး ၁၅မိနစ်၊အကြာဆုံးမှ နှစ်နာရီပါ။ တချို့ကျပြန်တော့လည်း ညီအစ်ကိုရင်းချင်းတောင် လူလုံး မကွဲလောက်တဲ့ အကာလ ညအခါများမှာ တစ်ခါတလေ ကြတာပါ။ အဲဒါကိုပဲ၊အိမ်ပြန်ရောက်တဲ့အခါ “အမေကြီးရေ… အဖေကြီးတော့ အပျော်အဖော်ဆီကပြန်လာတယ်ဟေ့”လို့ ဘယ်သူမှ ထုတ်မပြောပါဘူးခင်ဗျား။ သူ အဲသလို သွားလာ နေတာကို ဘယ်သူကမှလည်း တော်တော်တန်တန် သိလိုက်မှာ မဟုတ်၊ ရိပ်မိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူကဖြင့် ဘယ်လို တည်တံ့တာဆိုတဲ့စကားမျိုးနဲ.ဟုတ်နိုးနိုး မအောက်မေ့ကြပါနဲ့။ စာတစ်အုပ် ကောင်းမကောင်းက ိုစာအုပ်အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ သိုးဆောင်းဆိုရိုးကို မမေ့ကြစေချင်ဘူး။
ယောက်ျားတွေလည်း ထမ်းရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ကဝင်ငွေကောင်းကောင်း ရှာပေးနိုင်ပြီဆိုရင် ကျန်တာတွေ ပေယျာလကန် ထားလို့ ရပါတယ်။ အမျိုးသမီးမှာတော့ ကိုယ်ဝန်စတင်ဆောင်ကတည်းက ကာယိကဒုက္ခ စတင် ခံစားရပြီ။ သည်ကမှ ဆက်တိုက်ထမ်းရမယ့်ဝန်ဟာ အမယ်မင်း… အစုံ ခင်ဗျ၊ အစုံ၊
အစုံ။
(၅) ယောက်ျားသားများရဲ့ ဝင်စားမှုဟာ အိမ်ထဲမှာ အလွန်ရှိခဲတယ်။ ဘောလုံးပွဲ၊ဂေါက်ကွင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကျားဝိုင်း၊ ဘိလိယက်ဝိုင်း စတဲ့
နေရာတွေမှာ ဘယ်သူတွေ နေရာ အယူဆုံးလဲဆိုတဲ့အချက်နဲ့တင် သည်အချက်ကလည်း ဒက်ထိဖြစ်နေပါပြီ။ အားအား ရှိ၊ အိမ်က မိန်းမနား ကပ်နေတဲ့ ယောကျာ်းဆိုတာမပဋာ ရှာမတွေ့ခဲ့တဲ့ မုံညင်းဆီလောက ်နီးနီး ရှားလှပါတယ်။ အဲ…ခြွင်းချက်တော့ ရှိသပေါ့။ အိုလာတဲ့အခါ၊ နာလာတဲ့အခါ၊ မစွမ်းတော့တဲ့အခါကျရင်တော့ အိမ်က ကြက်နာမကြီးနားမှာ တဖဝါး မခွာရှိတတ်တယ်။ မအို မနာသေးဘဲ စွမ်းနေသမျှတော့လား၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့အတိုင်းပဲ၊ ယမယ်မျိုးစုံ ရှာပြီး အိမ်ကခွာဖို့ စဉ်းစားနေတတ်ကြတာ တစ်ရာမှာ ၉၅ယောက် အထက်ပါပဲ။ ဒါ အလေးခိုးပြီး ပြောတာ။လျှော့ပြောရင်တော့ ၆၀%ရဲ့အထက်မှာ ရှိနေတာတော့ အသေအချာပါပဲ။
ဘယ်လိုအမျိုးသမီးတွေ အိမ်ထောင်ပြုသင့်သလဲ?
ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသမီးများဟာ အိမ်ထောင်ပြုသင့်တဲ့အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။ မိမိဘဝရပ်တည်မှုအတွက်၊နေသာဖို့အတွက် အိမ်ထောင်ပြုတာပဲပေါ့။
ဒုတိယအမျိုးအစားကတော့ လူရည် အင်မတန်လည်တဲ့၊ ပါးနပ်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုသင့်ပါတယ်။ တစ်နည်းအားဖြင့် ယောက်ျားကျမ်း ကျေညက်သူတွေ
အိမ်ထောင်ပြုတာကို ဩဘာပေးထိုက်ပါတယ်။ ယောက်ျားတွေရဲ့ ကောင်းကွက်တွေကို သိသလို ညံ့ကွက်တွေကိုလည်း ကောင်းကောင်းကြီး သိနေပြီး ကောင်းကွက်တွေကို အသုံးချ၊ ညံ့ကွက်တွေနဲ့ အညှာကိုင်တတ်မယ်ဆိုရင် အောက်သွားမပါတဲ့ နွားပြာကြီးများ မွေးနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲသလို
အရည်အချင်းမျိုးရှိဖို့ကလည်း တော်တော်တန်တန် ပါရမီမျိုးနဲ့ မလွယ်ပါဘူး။သူရို့ မအေတွေ ကိုယ်တိုင်က ကိုယ့်လင်သားကိုအပိုင်ကိုင်ထားပြမှရင်လည်းဖြစ်မယ်၊ သူတို့ကိုယ်တိုင်က ယောကျာ်း တော်တော်များများနဲ့ ရင်းနှီး ကျွမ်းဝင်စွာ နေတတ်ပြီး လှစ်လှစ် လှစ်လှစ်နေအောင် ပါးနပ်မှရင်လည်း ဖြစ်ပါမယ်။
သည်နှစ်မျိုးကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ ဆိုရင်တော့ အနည်းဆုံး ဆယ်ကြိမ်ဆယ်ခါ ပြန်စဉ်းစားစေချင်ပါတယ်။
အိမ်ထောင်မပြုသင့်ဆုံး အမျိုးသမီးတွေ ကိုယ်စွမ်းကိုယ်စ အပြည့်ရှိတဲ့ အမျိုးသမီးတွေ လုံးလုံး အိမ်ထောင်မပြုသင့်ပါဘူး။ ကိုယ့်ဝမ်းကိုယ် ကောင်းကောင်း
ကျောင်းနိုင်နေတဲ့အပြင် ပိုပိုလျှံလျှံ သုံးသုံးစွဲစွဲနေနိုင်တဲ့ အမျိုးသမီးများ အိမ်ထောင်ပြုတာကို ကျွန်တော်ကတော့ အားကို မပေးချင်ဘူး။ အဲသလို အမျိုးသမီးတွေ အိမ်ထောင်ပြုတာဟာ ဒုက္ခရှာတာလို့ချည်း မြင်နေလို့ပါပဲ။ မယုံမရှိပါနဲ့၊ ကျွန်တော့်ရဲ့ အတန်အသင့် ရင့်မာလာတဲ့ လူမှုရေးအတိုင်ပင်ခံ သက်တမ်း တစ်လျှောက်မှာရော၊ ဘဝတစ်လျှောက်မှာပါ။အိုးဒယ်နစ်၊ နစ်နေရှာကြတဲ့ စွမ်းဆောင်ရှင် အမျိုးသမီးတွေ မကြာခဏ တွေ့တွေ့နေရပါတယ်။
ဒုတိယကတော့ ဘဝမှာ ဘယ်တုန်းကမှ စိတ်ချမ်းချမ်းသာသာ မနေဖူးသူတွေပါ။ ရှိတာ၊မရှိတာနဲ့မဆိုင်ပါဘူး။ ကိုယ့်ဟာလေးနဲ့ကိုယ် စိတ်လက် ချမ်းသာအောင် နေကျင့်ရှိခြင်း/မရှိခြင်းနဲ့ပဲဆိုင်ပါတယ်။ တကယ်လို့များ စာဖတ်သူဟာ အခုအချိန်အထိ ဖြတ်သန်းခဲ့သမျှ ဘဝ တစ်လျှောက်မှာ စိတ်ချမ်းချမ်းသာသာ သိပ်မနေဖူးခဲ့ရင် အိမ်ထောင်ပြုလိုက်မှ စိတ်ချမ်းသာလာမယ်ဆိုတဲ့အတွေးဟာ တက်တက်စင်အောင် လွဲတော့မယ့် စိတ်ကူးဆိုတာ မြင်စေချင်ပါတယ်။
ကျွန်တော် ပြောသွားတဲ့အထဲမှာ အချစ်ရဲ့အခန်းကဏ္ဍကို တစ်လုံးမှ ထည့်ဆွေးနွေးမသွားပါဘူး။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်က ဖိုမချစ်ကို သိပ်နှစ်နှစ်ကာကာ မယုံကြည်လှလို့ပါပဲ။ မမြဲတဲ့ အနိစ္စသဘောတရားထဲမှာ အဲဒီ့ ရွှေအချစ်လည်း အတိအကျ ပါပါတယ်။ ဘာဝနာနဲ့ ပွားများ ယူရတဲ့ မေတ္တာကို မဆိုလိုဘူးနော်။ လောကီလူ့ဘောင်က အဖိုနဲ့အမကြားမှာ ပေါ်ပေါက် ပျောက်ကွယ်တတ်မြဲ အချစ်ဆိုတဲ့ “အစွဲ”ကို ပြောတာပါ။
တကယ်လို့များ၊ စာဖတ်သူ မမဟာ တစ်စုံတစ်ယောက်ကို သိပ်ချစ်နေတယ်၊ တစ်သက်လုံး ဆက်ချစ်ချင်နေချင်တယ်၊ နောက်ဆုံး ထွက်သက်လေးအထိ
ချစ်သွားချင်တယ်ဆိုပါရင်လေ… ကျွန်တော် ပေးချင်တဲ့အကြံကတော့ အဲဒီ့လူကို ယူကို မယူဘဲနဲ့ ခပ်လှမ်းလှမ်းကပဲ အသာလေး၊ တိတ်တိတ်လေး ချစ်နေလိုက်စမ်းပါ။ အဲဒါက သူ့ကို သေတစ်ပန် သက်တစ်ဆုံး ချစ်နိုင်ပါတယ်။ အဲ… ချစ်သူကို လက်ထပ်လိုက်မိလို့ကတော့ အင်း… နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်၊ ချစ်သူဘဝကနေ မုန်းသူ၊ ရွံရှာသူ၊ စက်ဆုပ်သူအဖြစ် ပြောင်းသွားနိုင်တဲ့ကိန်းက ၅၀%ဝန်းကျင်မှာ ရှိကြောင်းပါ။ ဒါ အလေးခိုးထားတဲ့ ကိန်းဂဏန်း မဟုတ်ပါဘူး။ အပိုင်ပြောနိုင်တဲ့ ပမာဏပါ။
မောင်နှမသားချင်းတွေလည်း မနေရ၊ ဘေးလူတွေလည်း မနေရနဲ့ အရပ်ကူပါ လူဝိုင်းပါတွေဖြစ်ရတဲ့ သာဓကတွေလည်း မနည်းဘူး။ ပြီးရင် ကိုယ့်ဖက်က စုံလုံးကန်းခဲ့မိတာကို ပြန်မမြင်တော့ဘဲ သင်းကိုက ဘယ်ကဲ့သို့ ဘယ်ချမ်းသာတွေဖြစ်ကုန်တာလည်း အဲဒီ့မမတွေပဲ။
သို့သော်လည်းပေါ့လေ…
ဘယ်သူတွေ ဘယ်လောက်ပြောပြော၊ ကျွန်တော်မကလို့ သိကြားမင်းကြီးကိုယ်တိုင်ပဲ ဆင်းလာပြီး တားဦးတားဦး၊ ကာမဘုံသား ဆုံလည်နွားဆိုတဲ့ စာရင်းထဲမှာ
ပါနေကြတဲ့ သူသူကိုယ်ကိုယ်ဟာ အရွယ်လေး ရောက်လာ၊ ကျော်လာ၊ လွန်လာတဲ့အခါ အိမ်ထောင်မှ မရှိရင် မူမမှန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် မြင်မိကြရင်းကနေ
မရအရ အိမ်ရာထူထောင် ဖြစ်နေကြဦးမှာပါပဲ။
လူပြောသူပြောနဲ့ အိမ်ထောင်ပြုလိုက်ရင်များ ကောင်းမလားလို့ တွေးနေသူတွေအတွက် တစ်ဖက်တစ်လမ်းက စဉ်းစားစရာရအောင် အကြံပြု ဆွေးနွေးလိုက်တာသာ ဖြစ်ပါတယ်။
One comment
HayMonChan
September 9, 2010 at 7:33 pm
ကျေးဇူးအကြီးကြီးတင်ပါ၏