ဗုဒ္ဓဘာသာစုံတွဲရဲ့ ခရစ်ယန်မင်္ဂလာပွဲ…..
ဗုဒ္ဓဘာသာစုံတွဲရဲ့ ခရစ်ယန်မင်္ဂလာပွဲ
ဇူလိုင်ထိ
မိုးကို မရွာနိုင်ဘူး၊ ဗာရာဏသီဟာ ရာသီအကျဉ်းထောင်ထဲမှာ
လှောင်ပိတ်နေခဲ့ပါရော၊ ငယ်ငယ်က သင်ခဲ့ရတဲ့ ပိဋကတ်စာပေထဲမှာ မဇ္ဈိမဒေသရဲ့
ပူတဲ့ရာသီနဲ့ အိုက်တဲ့ ရာသီကို ခွဲခြားပြထားတာ မှတ်သားဖူးတယ်။ ခုတော့
ကိုယ်တိုင်ခံပေါ့။ ရာသီပူအိုက်မှုကြောင့် စာလည်း မဖတ်ဖြစ်၊ စာလည်း မရေးဖြစ်၊
ဘာတွေ လုပ်နေလဲဆိုတော့ အင်း တစ်ကိုယ်လုံး မိတ်ဖုလေးတွေ တရွရွဖြစ်နေတာကို
စောင့်ကြည့်ကုတ်ခြစ်ပေါ့။
ရှုတတ်ရင် ဘာဝနာပဲ။ ရွာမှာတော့ အမေ့ကို အဲဒီလို ခပ်တည်တည်ပြောခဲ့တယ်။ သားရဟန်းစကားဆိုတော့လည်း အမေက
ခေါင်းတညိတ်ညိတ်ပေါ့။ သားရဟန်းကိုယ်တိုင်ကတော့ သံသရာက မလွတ်ချင်သေးဘူး။
သံသရာက လွတ်ချင်တယ်ဆိုတာက သံသရာကို ပူလောင်တယ် လို့ သိမြင်သွားမှကိုး၊
လောလောဆယ်တော့ ရဟန်းဘဝဆိုတာက ဘာပြောပြော ငြိမ်းချမ်းနေတာ သေချာတယ်။
သာသနာ့ဝန်ထမ်းဘဝရဲ့ စာသင်စာချ သမဏသုခလေးကို ခပ်အေးအေး ခံစားမိတော့
နိဗ္ဗာန်ဆုမတောင်းဖြစ်သေးဘူး။
ဒါကြောင့်ပဲ မစိုးရိမ်ဆရာတော်ကြီးက မဟာစည်ဆရာတော်ကို “ နိဗ္ဗာန်ရောက်ကြောင်းတရားထက် နိဗ္ဗာန်လိုချင်အောင်
အရင်ဟော” လို့ ပြောပြမိန့်မှာခဲ့ဖူးတာကို အမှတ်ရပြီး ပြုံးမိသေးတော့တယ်။
မစိုးရိမ်ဆရာတော်ကြီးက “ခက်သကွယ် နိဗ္ဗာန်မလိုချင်ဘဲ
နိဗ္ဗာန်လိုချင်တယ်ထင်နေကြတယ်”လိ
အင်း ထားပါ၊ ပြော ချင်တာက ဒီတစ်ပတ်အတွင်း ဖတ်မိတဲ့ သတင်းတွေထဲက မှတ်သားမိတဲ့
သတင်းအပိုင်းအစလေးတစ်ပုဒ်ပါ။ ဟောလိဝုဒ်က လူငယ်မင်းသားချောလေး
အော်လန်ဒိုဘလွန်းတစ်ယောက် အောစတေးလျသူ မိုဒယ်လ် ဒကာမလေး မီရင်ဒါ ကာရ်နဲ့
လက်ထပ်တော့မယ်လို့ ဆိုပါတယ်။
မိုဒယ်လ်ဒကာမလေးခမျာ စေ့စပ်လက်စွပ်လေး တစ်ပြပြနဲ့ ခပ်ကြွကြွလေးဖြစ်နေခဲ့ပါသတဲ့။ အော်လန်ဒိုဘလွန်းဆိုတဲ့
ဒကာမင်းသားလေးက အင်္ဂလန်ခရစ်ယန်ဘုရားကျောင်းထွက်တစ်ယောက်ပါ။
အသက်နှစ်ဆယ်ကျော်မှာ ဗုဒ္ဓဘာသာကို ကူးပြောင်းကိုးကွယ်ခဲ့ပါတယ်။ အဲဒီမှာ
ဗုဒ္ဓဘာသာဝင်မိုဒယ်လ် ဒကာမလေးနဲ့ ငြိသွားခဲ့တာပါ။ မိုဒယ်လ်ဒကာမလေးရဲ့
စကားအတိုင်းပြောရရင်တော့ “တရားဓမ္မအသိ
လေးတွေ မျှဝေကြရင်း သံသရာတိုးတိုးဖော်တွေ ” ဖြစ်သွားကြတာပါ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဗုဒ္ဓဘာသာဝင်စုံတွဲက
ခရစ်ယန်လိုမင်္ဂလာဆောင်ကြမယ်ဆိုတာပါ။ နှစ်ဘက်မိဘတွေကို
ငဲ့ကွက်သောအားဖြင့်တဲ့။ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့ထုံးစံဆိုတာကို
ကွဲကွဲပြားပြား နားလည်နေကြတဲ့သဘောလို့ မြင်မိပါတယ်။
ရြွှေုပည်ကြီးမှာဆိုရင်တော့ မင်္ဂလာသတို့သား မောင်အော်လန်(Orlando)က တိုက်ပုံအကျႌ၊
မောင့်ကျက်သရေခေါင်းပေါင်းနဲ့ မိန့်မိန့်ခန့်ခန့်ကြီး ပြုံးလို့၊
မင်္ဂလာသတို့သမီး မမိရင်( Miranda) က ပိုးချိတ်ထဘီ၊ ဇာပုဝါလေးခြုံကာ
ငုံ့ငုံ့ရှက်ရှက်လေး ပြုံးလို့။ အင်း ဒါက မြန်မာဆန်မိတာပါ၊ ဗုဒ္ဓဘာသာကို
အခြေခံထွန်းကားလာရတဲ့ မြန်မာမှုဓလေ့ထုံးစံဟာ ယုံကြည်ကိုးကွယ်မှု
ဘာသာတရားနယ်နိမိတ်ကို ကျော်လွှားသွားပါပြီ။ မြန်မာမှုကို မြတ်နိုးတဲ့
မြန်မာဝတ်စုံနဲ့ ခရစ်ယန်သတို့သားသတို့သမီးတွေကို မြင်ဖူးတွေ့ဖူး
ကြည်နူးဖူးပါတယ်။
ခုလည်း ဗုဒ္ဓဘာသာဝင် ဟောလီဝုဒ်စုံတွဲက ခရစ်ယန်ဘာသာဝင်မိဘတွေကို ငဲ့ညှာပြီး အနောက်တိုင်းရိုးရာ အတိုင်း ခရစ်ယန်လို
မင်္ဂလာဆောင်ကြမှာပါတဲ့။ အနောက်တိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေဆိုတာကလည်း
ခရစ်ယန်အငွေ့အသက်တွေနဲ့ အဆင့်တက်မြင့်မား လာရတာပဲမဟုတ်လား။
လွန်ခဲ့တဲ့နှစ်က သူအိန္ဒိယထွက်မလာခင်လေးမှာ ခရစ်ယန်ဓမ္မတက္ကသိုလ်က ဖိတ်ကြားလို့
နွေးနွေးထွေးထွေးစကားဝိုင်းလေးတစ်ခုတက်ခဲ့ရပါတယ်။ သူက အထူးဧည့်သည်တော်ပါ။
ခရစ်ယန် ဓမ္မတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ ခရစ်ယန်အသင်းတော်က ပုဂ္ဂိုလ်တွေရဲ့
အတွေးကို သူဖတ်လိုက်ရ ပါတယ်။ ညီလာခံကြီးတွေ၊ စီမီနာကြီးတွေမှာ
ပြောခွင့်မရတဲ့ စကားလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောကြဖို့ဆိုပြီး
စီစဉ်ထားတဲ့ စကားဝိုင်းလေးပါတဲ့။
သူ့ကိုတော့ ခရစ်ယန်ဓမ္မတက္ကသိုလ်မှာ ဆီမီနာလို ဟောပြောပွဲလို အစုအမှုလေးတွေ ရှိတိုင်း ဖိတ်ကြားလေ့ရှိပါတယ်။
သူကလည်း ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအနေနဲ့ ထင်းထင်းကြီး ရောက်ဖြစ်ခဲ့ပါတယ်။
၂၀၀၃ ခုနှစ်လောက်ဆီက ခရစ်ယန်ဓမ္မတက္ကသိုလ်ရဲ့ ဘုရားရှိခိုးကျောင်းထဲမှာ
ခရစ်ယန်ကျောင်းသူကျောင်းသားတွေကို ဗုဒ္ဓတရားတော်တွေကို ပို့ချပေးဖို့
ဖိတ်ကြားခံခဲ့ရဖူးတော့ ရင်းနှီးကျွမ်းဝင်နေခဲ့ကြတာပါ။ မင်္ဂလာတရားတော်နဲ့
သိင်္ဂါလောဝါဒကို အခြေခံပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ လူမှုကျင့်ဝတ်တွေ
မျှဝေပေးခဲ့ဖူးပါတယ်။ ခရစ်ယန်ကျောင်းသူ ကျောင်းသားလေးတွေရဲ့ ရင်ထဲမှာ
ဗုဒ္ဓဓမ္မအသိတွေ ပွင့်လင်းပြီး ဘာသာတရားအချင်းချင်း အပြန်အလှန်နား
လည်မှုတွေကို တည် ဆောက်နိုင်ခဲ့ကြပါတယ်။
စကားဝိုင်းလေးမှာ ဖိတ်ကြားထားတဲ့ဧည့်သည်တွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ခရစ်ယန်ဗုဒ္ဓဘာသာစုံတွဲတွေပါပဲ။ နိုင်ငံဝန်ထမ်းအငြိမ်းစားကြီးတွေပါ။
ဒိုင်ယာရီမှတ်တမ်းစာအုပ်လေးက ရွှေပြည်ကြီးမှာ ကျန်နေခဲ့လို့ နာမည်တွေကို
အပြည့်အစုံမမှတ်မိတော့ဘူး။
ဝန်ကြီးဌာနတစ်ခုက ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားဗုဒ္ဓဘာသာဒကာကြီးနဲ့
ဇနီးခရစ်ယန်အမျိုးသမီးကြီး၊ ခရစ်ယန်အသင်းတော်မှာ တာဝန်ကြီးကြီးယူခဲ့ဖူးတဲ့
ခရစ်ယန်အမျိုးသားကြီးနဲ့ ညွှန်ကြားရေးမှူးအငြိမ်းစား
ဗုဒ္ဓဘာသာဒကာမကြီး၊တပ်မတော်က ဗိုလ်မှူးအငြိမ်းစား ဗုဒ္ဓဘာသာဒကာကြီးနဲ့
ဆရာဝန်ခရစ်ယန် အမျိုးသမီးကြီး၊ အမျိုးသားရော အမျိုးသမီးရော
ညွှန်ကြားရေးမှူးအငြိမ်းစားဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဒကာကြီးနဲ့
ခရစ်ယန်အမျိုးသမီးကြီးစုံတွဲ လေးတွဲပါ။ ကျန်တာတွေကတော့
တက်ရောက်နားထောင်ဆွေးနွေးကြသူတွေပေါ့။
ဘာသာမတူ အယူကွဲပြားတဲ့ ဇနီးမောင်နှံတွေက အိမ်ထောင်သက် လေးဆယ်ကျော်အောင် မိသားစုဘဝကို
ဖြတ်သန်းခဲ့ကြဖူးသူတွေပါပဲ။ သူတို့ ဘယ်လို ဖြတ်သန်းခဲ့ကြသလဲ။ ဘယ်လို
နားလည်မှုတွေကို တည်ဆောက်ခဲ့ကြသလဲ၊ ပွားစည်းလာတဲ့ သားသမီးတွေကို ဘယ်လို
ထိန်းကျောင်းပြီး ဘာသာရေးဆိုင်ရာ ကိုးကွယ်မှုကို ဘယ်လို
အခွင့်အလမ်းပေးခဲ့ကြသလဲ၊ ဆိုတာတွေ ပြောပြကြတာ စိတ်ဝင်စားဖွယ်ရာပါ။
အဲဒီပြောကြတဲ့အထဲမှာ မြန်မာမှုဓလေ့နဲ့ ဘာသာရေးယုံကြည်ကိုးကွယ်မှုအကြောင်းတွေကိုလည်း တို့ထိ
ဆွေးနွေးကြပါသေးတယ်။ အားလုံးက အခိုင်အမာဗုဒ္ဓဘာသာ၊
အခိုင်အမာခရစ်ယန်တွေချည်းဖြစ်ပေမယ့် မြန်မာမှုကို လေးစားမြတ်နိုးတဲ့
နေရာမှာတော့ တူညီကြပါတယ်။ ညွှန်ကြားရေးမှူးချုပ်အငြိမ်းစားကြီးရဲ့
ဇနီးခရစ်ယန်အမျိုးသမီးကြီးပြောပြတဲ့ အကြောင်းအရာလေးက အမှတ်ထားစရာပါပဲ။
သူမရဲ့ နှစ်ဘက်ဘိုးဘွားတွေက အခိုင်အမာခရစ်ယန်ကြီးတွေပါတဲ့။ ဒါပေမယ့်
အဘိုးနှစ်ယောက်ရဲ့ သဘောထားကတော့ ကွဲပြားပါတယ်။ အဘ်ိုးတစ်ယောက်က
အနောက်ယဉ်ကျေးမှုကို ယိမ်းပါတယ်။ ြုမန်မာမှုပွဲလမ်းသဘင်တွေဟာ ခရစ်ယန်ဘာသာနဲ့
မဆိုင်ဘူး၊ ဗုဒ္ဓဘာသာနဲ့သာဆိုင်တယ်ဆိုတဲ့ အမြင်ကို ကိုင်စွဲပြီး သားသမီးတွေ
မြေးမြစ်တွေကို မြန်မာမှုပွဲလမ်းတွေနဲ့ ခပ်ကင်းကင်းနေစေပါသတဲ့။
အဘိ်ုးတစ်ယောက်ကတော့ မြန်မာမှုကို မြတ်နိုးပြီး
၊မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ခံကျင့်သုံးပါတယ်။
သားသမီးမြေးမြစ်တွေကိုလည်း သင်္ကြန်ပွဲတော်လို၊ သီတင်းကျွတ်ဆီမီးထွန်းပွဲ
တော်လိုမျိုးတွေမှာ ဝင်ရောက်ဆင်နွှဲကြဖို့ တိုက်တွန်းလေ့ရှိပါသတဲ့။
ခရစ်ယန်ဘာသာကို ကိုးကွယ်ယုံကြည်လိုက်တာနဲ့ မြန်မာတစ်ယောက်အဖြစ်ကို မေ့ပစ်စရာမလိုဘူး၊
မြန်မာ့ယဉ်ကျေးမှုကို မျက်ကွယ်ပြုလိုက်တာမျိုးမဖြစ်စေရဘူးဆိုတာပါပဲ။
အဲဒီအဘိုးကိုယ်တိုင် ပို့ပေးလို့ ရွှေတိဂုံစေတီတော်ကြီးကို သူမ မကြာခဏ
ရောက်ခဲ့ဖူးပါသတဲ့၊ အဲဒီအဘိုးကပဲ ရှေးမြန်မာကြီးတွေ တည်ဆောက်သွားခဲ့တဲ့
မြန်မာမှုလက်ရာယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်းကိုလည်း တခမ်းတနားရှင်း
ပြတတ်ပါသတဲ့။ သူမပြောတာက ခရစ်ယန်ဘာသာကို ကိုးကွယ်လိုက်တာနဲ့ ဂျေရုဆလင်မြို့
သားတစ်ယောက်ဖြစ်သွားဖို့ မလိုဘူးဆိုတာပါပဲ။
ခုလည်း ဟောလိဝုဒ်မင်းသားလေးနဲ့ မိုဒယ်မလေးတို့ရဲ့ ယုံကြည့်ကိုးကွယ်မှုက
ဗုဒ္ဓဘာသာဆိုပေမယ့် မိဘဘိုးဘွားတွေရဲ့ ယဉ်ကျေးမှုအစဉ်အလာ ခရစ်ယန်မူဟန်အတိုင်း
မင်္ဂလာဧည့်ခံပွဲကျင်းပကြပေမပေါ့။ ယုံကြည်ကိုးကွယ်မှုနဲ့
ယဉ်ကျေးမှုအစဉ်အလာဆိုတာက ဒီနေ့ခေတ်ဂလိုဘယ်လိုက်ဇေးရှင်း စိုက်ခင်းကြီးထဲမှာ
အကန့်အကန့်နဲ့ လှအောင်ပွင့်ရပေမပေါ့။
[ သူငယ်ချင်းတစ်ယောက်ရဲ့ FWD Mail လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ခြင်းပါ။ ]
2 comments
maungmoenyo
August 16, 2010 at 12:14 am
ဒီနေရာမှာ ဘာသာတရားနဲ့အကျင့်အကြံကိုကွဲပြားသိကြဘို့လိုပါတယ်။ ဂေါတမအပါအဝင်အဆက်ဆက်သောဗုဒ္ဓတို့ဟာနိဗ္ဗာန်ရောက်ကြောင်းကိုအခြေခံတဲ့ အကျင့်အကြံများကိုသာဟောပါတယ်။ အထွဋ္ဋ်အမြတ်ထားရတဲ့အကျင့်အကြံအဖြစ်လိုက်စားလာသူတွေများလာတဲ့အပေါ်မူတည်ပြီး၊ ဘာသာရေးအဖြစ်ကူး ပြောင်းလာပုံရပါတယ်။ ကိုယ်ကျင့်မှကိုယ်ရပါတယ်။ “ဧဟိပဿိကော၊ဩပါနေရိကော”လို့ဆိုပါတယ်။ ဗုဒ္ဓဖြစ်စဉ်တလျှောက်မှာမျက်စိမှိတ်ပြီးဘာသာရေး ကိုးကွယ်မှုကိုတားမြစ်ခဲ့ပါတယ်။ ကိုယ်တိုင်လာကျင့်ပြီး၊ မှန်မှလက်ခံပါလို့ဆိုခဲ့ဘူးကြောင်းမှတ်သားမိပါတယ်။ ဗုဒ္ဓရဲ့အဆုံးမလိုက်နာကြသူတွေကသာဘာသာ တရားအဖြစ်သတ်မှတ်ခဲ့ သော်လည်း၊ ဗုဒ္ဓကိုယ်တိုင်က church ကဲ့သို့အဖွဲအစည်းမျိုးဖွဲ့စည်းရန်ဆိုမိန့်ခဲ့ကြောင်းဗုဒ္ဓသမိုင်းတွင်မတွေ့ကြောင်းပါ။
ခရစ်ယန်ဘုရားရှိခိုးကျောင်းမှာလက်ထပ်လိုက်တာနဲ့ခရစ်ယန်ဖြစ်သွားပြီလို့မဆိုနိုင်ပါ။ ဗုဒ္ဓဆိုဆုံးမခဲ့တဲ့ မဂ္ဂ(၈)ပါးကိုလိုက်နာထိမ်းသိမ်းသရွေ့၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သေးကြောင်းပါ။
bigcat
August 16, 2010 at 5:07 am
ဒီလို inter-faith ခ-ဗ စုံတွဲတော်များကို တွေ့ဖူးပါတယ်။ မွေးလာတဲ့ခလေးတော်များများဟာ အဖေကဗုဒ္ဓဘာသာဝင်ဆိုရင် ခရစ်ယန်တွေ ဖြစ်သွားကြတာပဲဗျို့။ ဗမာယောက်ကျားတော်တော်များများက ဘာသာတရားအားနဲကြတယ်လေ။ ဇနီးလုပ်သူကဘာသာတူရင် မသိသာပေမဲ့ ဘာသာကွဲခဲ့ရင်တော့ ကံစီမံရာကနေ ဘုရားသခင်အလိုတော်အတိုင်းပေါ့။ ဘယ်သူမပြု မိမိမှု ပါပဲ။