” မကူစကောင်း ကူစကောင်း “(အပိုင်းသုံး)

” မကူစကောင်း ကူစကောင်း “(အပိုင်းသုံး)
ကားကလမ်းဘေးကိုထိုးဆင်းသွားတော့အားလုံးလန့်သွားပါတယ်။ကားလဲရပ်ရော ကားပေါ်ကနေအားလုံးအပြေးအလွှားဆင်းလိုက်ကြပါတယ်။
ကားနောက်ဘီးကွဲထွက်သွားတာပါ။ကားက ပုံမှန်လေးဘဲမောင်းလာတာကံကောင်းသွားပါတယ်။
လမ်းကကျောက်လမ်းတော့ ကျောက်လမ်းပါဘဲ။ဒါပေမယ့်မြို့ပေါ်ကလမ်းတွေလိုတော့ မချောဘူးပေါ့။ဗြုတ်ထနေတဲ့လမ်းလိုဖြစ်နေတာရယ် ကားတာယာက အဟောင်းဖြစ်နေတာရယ် တာယာကနဂိုထဲက အနာပါတယ်ရယ်ကြောင့်ပူလွန်းပြီးတာယာကွဲထွက်သွားတာပါ။
အဲဒါနဲ့ စပယ်ယာဘီးကို ထုတ်ပြီး ကားဘီးလဲဘို့ကြိုးစားကြပါတယ်။
ဖြစ်ချင်တော့ ဂျိုက်က မသုံးတာကြာတော့ စပရိန်တွေက ကောင်းကောင်းအလုပ်မလုပ်ပြန်ဘူး။ဒီတော့ ကားကိုဘီးလဲဘို့ လိုအပ်တဲ့ အမြင့်ထိရောက်အောင် မ မပေးနိုင်ဘူးဖြစ်နေပြန်ရော။
ဒါနဲ့အောက်ကနေခုပေးရအောင် ခဲလုံးလိုက်ရှာတော့ လိုချင်တဲ့ခဲလုံးကို မတွေ့ဘူးဖြစ်နေတုန်း ခပ်ဝေးဝေးက ကုန်ကားလိုကားတစ်စီးမောင်းလာတာကိုလှမ်းမြင်ရတော့ တော်တော်လေး
ဝမ်းသာသွားပါတယ်။ခဏနေတော့ ကျနော်တို့တောင် လှမ်းမခေါ်ရသေးဘူး အဲဒီကားက ကျနော်တို့နားရောက်တာနဲ့ ကားပေါ်ကလူတွေဆင်းလာပြီး
“ဘာဖြစ်တာလဲ “ဆိုပြီး တစ်ယောက်တစ်ပေါက်မေးပါတယ်။ကျနော်တို့က အကျိုးအကြောင်းလဲပြောပြလိုက်ရော သူုတို့ကားပေါ်မှာပါတဲ့ဂျိုက်တွေ သံပိုက်တွေချပြီးတစ်ယောက်တစ်လက်ဝိုင်းကူလိုက်ကြတော့ခဏလေးနဲ့ပြီးသွားပါတယ်။
ကားဘီးလဲတပ်ပြီးပြီဆိုတော့ ဝမ်းသာမလို့လုပ်တုန်းရှိသေးတယ် ကားဘီးကလေတွေလျော့နေတာကို စိတ်ပျက်စရာတွေ့လိုက်ရပြန်တယ်။
အဲဒီမှာကားကလူတွေက သူတို့မှာလေအိုးပါတယ်ဆိုပြီးလေထိုးဘို့ပြင်ကြဆင်ကြရပြန်ပါတယ်။
ကားကဘီးတပ်ပြီးသွားပြီဆိုတော့ သူတို့ကားမှာပါတဲ့ လေထိုးပိုက်နဲ့မှီအောင်ကားခြင်းကပ်အောင်လုပ်ပြီးမှလေထိုးတော့ အဆင်ပြေသွားပါလေရော။
ဒါနဲ့ဘဲ သူတို့ကိုကျေးဇူးတင်စကားပြောရင်းက သတိရလာတာက ကားနောက်ခန်းထဲမှာထည့်ထားတဲ့လက်ဖက်ဘူးတွေကိုပါ။
ဒီလမ်းအတိုင်းသွားမယ်ဆိုရင် နတ်မောက် ကိုရောက်မယ်။နတ်မောက်ကနေ ပျော်ဘွယ်ကိုသွားတဲ့လမ်းရှိတယ် မိုင်လေးဆယ်ကျော်လောက်တော့ဝေးတယ်လို့ပြောပါတယ်။
ကျောက်ပန်းတောင်းကို မရောက်တော့ ဘူးဆိုတော့ ဟိုကမိတ်ဆွေကိုပေးဘို့ယူလာတဲ့လက်ဖက်ဘူးတွေကို ကူညီပေးတဲ့ ကားကြီးကလူတွေကို စားရအောင်လက်ဆောင်ပြန်ပေးလိုက်ပါတယ်။
ပထမဆုံးကူညီသူပေါ့။
မေးကြည့်လိုက်တော့ နတ်မောက်ကိုရောက်ဘို့ 11မိုင်ဘဲကျန်တော့တယ်ဆိုတော့အတော်လေးကို စိတ်ပေါ့သွားပါတယ်။
ဒါနဲ့ရှေ့ဆက်သွားလိုက်ကြတာ လမ်းဘေးတစ်ဖက်တစ်ချက်မှာတော့ ထန်းပင်တွေ သစ်ပင်တွေနဲ့အတော်လေးကို စိမ်းစိမ်းစိုစိုနဲ့ သာယာပါတယ်၊
3နာရီကျော်ကျော်ဆိုတော့ ကျောင်းဆင်းချိန်လဲဖြစ်နေတော့ လမ်းမှာ ကျောင်းပြန်လာတဲ့ ကလေးတွေကို တွေ့ရပါတယ်။
ထူးထူးခြားခြားကျောင်းသားတစ်ဖွဲ့ကတော့ သူတို့ရဲ့ထမင်းချိုင့်အားလုံးကို ဝါးလုံးတစ်ချောင်းနဲ့လျှိုပြီးကလေး 4ယောက်ကထမ်းလာကြတာပါ။
လမ်းကတော့ ကားအသွားအလာပြတ်ပါတယ်။ဒါပေမဲ့လမ်းတစ်လျှောက်လုံးမှာ လမ်းပြင်တဲ့အဖွဲ့ကို နေရာတော်တော်များများမှတွေ့ရပါတယ်။
အဖွဲ့လေးတွေခွဲလုပ်ကြတာပါ။
သွားနေရင်းတန်းလန်း ကားဆရာလေး က ဆီထည့်ရမယ်လို့ပြောတာနဲ့ လမ်းပြင်နေတဲ့အဖွဲ့ကိုဆီဆိုင်ရှိလားမေးတော့ ရှေ့နည်းနည်းလေးသွားရင် ဆီရောင်းတဲ့နေရာရောက်ပြီဆိုလို့ စိတ်အေးသွားပြန်ပါရော၊နတ်မောက်ကိုဘယ်လောက်ဝေးသေးလဲမေးတော့ 6မိုင်လောက်ဘဲကျန်တော့တယ်လို့ပြောပါတယ်။
ဆီဆိုင်ရောက်တော့ ပုံးလိုက်ထည့်ဘို့မရှိဘူးလို့ပြောပါတယ်။ဒါနဲ့တစ်လီတာဘူးလေးတွေလိုက်စုလိုက်တော့ 8ဘူးလောက်တော့ရပါတယ်။
ပထမ လေးဘူးလဲထည့်ပြီးတော့မှသတိရလို်က်လို့ဆီဈေးမေးလိုက်တော့ “တစ်ဂါလံဘယ်လောက်လဲ”လို့မေးလိုက်တော့ “လေးထောင်”တဲ့။
“လမ်းမှာထည့်တာ သုံးထောင်နှစ်ရာဘဲပေးရတယ်”လို့ပြောတော့ “ကျနော်တို့ဒီကိုရောက်အောင်သယ်ရတဲ့ခရီးစရိတ်ကိုထည့်မတွက်ဘူးလား”လို့ ဆီရောင်းတဲ့သူက ပြန်မေးလိုက်တော့
“ဒါလဲဟုတ်ပြန်တာဘဲ”လို့ တွေးမိပါတယ်။ ကားဆရာကိုမေးတော့ တစ်ဂါလံဆိုရင်လောက်တယ်ဆိုတာနဲ့ တစ်ဂါလံဘဲထည့်လို့ ရှေ့ဆက်သွားဘို့ကားပေါ်တက်မယ်အလုပ်ကားဘီးကို
ငုံ့ကြည့်လိုက်မိတော့ မှ ခုဏကလဲလာတဲ့ကားဘီးကလေတွေလျော့နေတာကို တွေ့လိုက်ရပြန်ရော။
လူလဲအတော်လေးကို စိတ်တွေလေသွားပါတယ်။
ဒီနားမှာ ကားဘီးဖာတဲ့ဆိုင်ရှိလားမေးတော့ နတ်မောက်ရောက်မှာဘဲဘီးဖာတဲ့ဆိုင်ရှိမယ်ပြောတာနဲ့ကားဆရာကိုခေါ်ပြီးကားဘီးကိုပြပြီး မြန်မြန်မောင်းဘို့လောဆော်ရပါတယ်။
ဒါနဲ့ဘဲတတ်နိုင်သလောက်မြန်အောင်မောင်းခိုင်းပေမဲ့ လေမရှိတဲ့ကားက ဘယ်မြန်ပါ့မလဲ။စိတ်တွေက သာမြန်နေတာပါ။
ဒါနဲ့နတ်မောက်မြို့ထဲရောက်တော့ မြို့ဝင်တာနဲ့လေထိုးဆိုင်ကို ပြူးပြဲလို့ရှာရပါတော့တယ်။
တွေ့တာနဲ့လေထိုးမယ် လုပ်တော့လေထိုးဆိုင်ထဲ့ကမိန်းမဝဝကြီးတစ်ယောက်ထွက်လာပြီးလေထိုးမယ်လုပ်ပါတယ်။
ကားဘီးကို ဖာချင်တယ် စစ်ကြည့်မယ်လုပ်တော့ သူယောက်ျားမရှိဘူးတဲ့လေဘဲထိုးသွားဆိုပြီး နောက်ထပ်လေထိုးဆိုင်ဘယ်နားမှာရှိသလဲလို့မေးတော့ ဒီလမ်းအတိုင်းတည့်တည့်သွားဆိုင်းဘုတ်ကြီးကြီးရှိတဲ့လမ်းဒေါင့်ရောက်ရင်မြောက်ဘက်ကွေ့ ပွဲလုပ်နေတဲ့ဘုရားနားရောက်ရင်လေထိုးဆိုင်နောက်တစ်ဆိုင်ရှိတယ်ဆိုပြီးညွှန်လိုက်လို့အမြန်ပြေးဘို့လုပ်ရပါတယ်။
ညနေလေးနာရီလည်းကျော်သွားပါပြီ။
ဒါနဲ့သူတို့ပြောတဲ့လေထိုးဆိုင်လဲရောက်ရော ကားဘီးစစ်ဘို့လုပ်ရပါတယ်။လေထိုးဆရာက ကားဘီးကိုဖြုတ်ပြီးစစ်ဘို့လုပ်နေတုန်း ထမင်းဆိုင်ရှိလားမေးတော့ ရှေ့နည်းနည်းသွား
ဆိုင်းဘုတ်ထောင်ထားတဲ့ လမ်းကြားလေးရောက်ရင်အနောက်ဘက်ချိုးလိုက်တရုပ်ထမင်းဆိုင်ရှိတယ်ဆိုတာနဲ့ ကားဆရာလေးကို ပြီးရင် ထမင်းဆိုင်လိုက်ခဲ့ဘို့မှာပြီးထမင်းဆိုင်ကိုသွားဘို့လုပ်တော့
ကိုထွန်းက “ထမင်းစားဘို့ မစောဘူးလား”လို့မေးလာပါတယ် ဒါနဲ့ကျနော်က “စောတာမစောတာ လုပ်မနေနဲ့ စားပြီးရင်အလုပ်တစ်ခုပြီးတယ်မှတ်”လို့ပြောပြီးထမင်းဆိုင်ကို သွားကြပါတယ်။
ဘုရားနားက ကွက်လပ်မှာ ဈေးပွဲတော်လုပ်နေတော့ ကလေးလူကြီးတပျော်တပါးကြီးအပူအပင်ကင်းကင်းနဲ့သွားတာကိုမြင်တော့ တစ်လမ်းလုံးဒုက္ခနဲ့နပန်းလုံးလာရတော့ သူတို့ကိုစိတ်ထဲကမနာလိုတောင်ဖြစ်မိပါတယ်။
သူတို့စိတ်ထဲမှာတော့ ကျနော်တို့ကို ကိုယ်ကားနဲ့ကိုယ်လျှောက်လည်နေတယ်မှတ်ပြီးအားကျရင်အားကျနေမှာလို့ ကိုယ်လိုရာဆွဲတွေးမိပါသေးတယ်။
ထမင်းဆိုင်ရောက်တော့ ကားဆရာလေးလဲစားလို့အဆင်ပြေအောင် ငါးဟင်းမှာတော့ ဒီနေ့ငါးမရပါတဲ့။
အဲဒါနဲ့ထမင်းပေါင်းရယ် ကြက်ကြော်ရယ်ဘဲမှာစားလိုက်ပါတယ်။စားလို့ပြီးခါနီးတော့ ကားဆရာလေးရောက်လာပါတယ်။ကားဘီးက တိုင်နားလေးမှာ လေထွက်တာနဲ့ဆင်ကော်ဝယ်ပြီးကပ်လိုက်တာလေလုံသွားပြီပြောပါတယ်။သူ့ကိုထမင်းစားဘို့ပြောတော့ သူကကောက်ညှင်းပေါင်းနဲ့အကြော်တွေဝယ်စားလာခဲ့ပြီဆိုပြီးမစားပါဘူး။
ဒါနဲ့ဘဲ ညမိတ္ထီလာရောက်မှထပ်စားတာပေါ့လို့ပြောရင်းထမင်းဘိုးပိုက်ဆံရှင်းမယ်လုပ်တော့ဆိုင်ရှင်က ဘယ်သွားမှာလဲမေးတော့ လမ်းမှားတာကစလို့ ဇာတ်ကြောင်းပြန်ပြောရင်း ပျော်ဘွယ်ဘက် ကနေပါတ်ပြီး မန်းလေးကိုပြန်မှာလို့လဲပြောရော သူက ပျော်ဘွယ်ကိုမသွားနဲ့ ဝေးတယ်။ပင်းလမ်းကသွား၊ပင်းကနေ မိတ္ထီလာကိုသွားတာကလမ်းပိုသာသလို ပိုပြီးလဲနီးတယ်လို့ပြောပါတယ်။ဒီလမ်းသစ်ကို သူတို့ပြောမှကျနော်တို့က ကြားဘူးတာပါ ။ဘယ်လိုသွားရမလဲမေးတော့ အခုထမင်းဆိုင်ကနေမြောက်စူးစူးမောင်းသွားလမ်းမှားစရာမရှိဘူး။
ပင်းမြို့ဟောင်းရောက်ရင် တည့်တည့်ဆက်သွားတစ်မိုင်ကျော်ကျော်လောက်ရောက်ရင်လမ်းခွဲတွေ့မယ်။
လမ်းခွဲရောက်ရင် တံခါးမောင်းတံလေးရှိတဲ့ဘက်ကိုသွားအဲဒါက မိတ္ထီလာသွားတဲ့လမ်း အဲဒီကနေမိုင်သုံးဆယ်လောက်ဆိုမိတ္ထီလာကိုရောက်ပြီ။
တံခါးမောင်းတံမရှိတဲ့လမ်းက ကျောက်ပန်းတောင်းကို သွားတဲ့လမ်း လမ်းကောင်းတယ်မနေ့ကမှသူမန်းလေးကပြန်လာတာဆိုပြီး နုှတ်၏စောင်မခြင်းဖြင့်ကူညီလိုက်ပါတယ်။ဒုတိယမြောက်ကူညီသူပေါ့။
ဒါနဲ့ဝမ်းသာအားရ ထွက်လာလိုက်တာ နောက်မှဓါတ်ဆီထည့်ဘို့သတိရပြန်ပါတယ်။
လမ်းကားမောင်းရင်းကြည့်သွားလိုက်တာ ဆီဘူးလေးတွေချထားတာကို မြင်တော့ ဆီထည့်မယ်ဆိုလုပ်တော့သူက လက်လီဆိုင်ကယ်သမားဘဲရောင်းတာ။တည့်တည့်ဆက်သွား ဆီဆိုင်တန်းကိုတွေ့ရင် မြောက်ဘက်အစွန်ဆုံးက ဆိုင်မှာဝင်ထည့် ကျောင်းဆရာကလွွှှတ်လိုက်တာဆိုရင် သူတို့ဂရုစိုက်လုပ်ပေးလိမ့်မယ် ဒီဆိုင်က ဆီသန့်တယ်လို့ပြောတာနဲ့ဆက်သွားကြပါတယ်။
တတိယမြောက်ကူညီသူပေါ့။ဒါနဲ့ဆက်သွားရင်းသူပြောတဲ့ဆိုင်ကိုလဲရောက်ရော ကျောင်းဆရာကလွွှှတ်တာလို့ပြောတာနဲ့ ရေနွေးတွေချပေး
ထိုင်ပါပြုပါနဲ့ ဖော်ဖော်ရွေရွေဧည့်ခံပါတယ်။အဲဒီမှာကျနော်တို့ ဟန်းဖုန်းတွေတစ်လုံးမှ လိုင်းမမိပါဘူး။ဖုန်းကြိုးမြင်တာနဲ့ဖုန်းဆက်ခွင့်တောင်းတော့
လိုလိုအားလား ဘဲ ဆက်ပါဆိုတာနဲ့ သုံးယောက်လုံးမန်းလေးက အိမ်တွေကို နောက်ကျရင်စိတ်မပူနဲ့ ည 12နာရီလောက်ရောက်မယ်လို့လဲပြောနေတုန်း ကိုထွန်းက ပါးစပ်လှုပ်တာတော့မြင်လိုက်တယ် ဝေးနေတော့ဘာပြောတယ်ဆိုတာတော့ မသိလိုက်ပါဘူးကားဆရာလေးက မျက်နှာပျက်တက်တက်ဖြစ်သွားတာကိုလဲ ကျနော်က ရိပ်ကနဲမြင်လို်က်ရပါတယ်။
ဓါတ်ဆီဆိုင်ပိုင်ရှင်ကိုသေချာအောင်လမ်းထပ်မေးတော့ ထမင်းဆိုင်ကပြောတဲ့အတိုင်းပါဘဲ စိတ်မပူနဲ့လမ်းခရီးစိုးရိမ်စရာမရှိတဲ့အကြောင်းရယ်ရပ်ထားတဲ့ဆယ်နှစ်ဘီးကား2စီးကိုလက်ညိုုးထိုးလို့သူ့ကားနှစ်စီးလဲမန်းလေးကို ဒီညသွားမယ်ဆိုတာပြောပြပါတယ်။ဒါနဲ့ဆက်သွားလိုက်ကြတာ နည်းနည်းမှောင်စပြုတာကလွဲရင် ရာသီဥတုကတော့သာသာယာယာပါ။
လမ်းပါတ်ဝန်းကျင်ရဲ့ ရူ့ခင်းကလဲ ကျယ်ပြန့်တဲ့ကောင်းကင်တဆုံးကိုကြည့်နေမြင်နေရတာကိုက အရသာတစ်မျိုးပါဘဲ။
နောက်တိမ်တောက်နေတဲ့နေဝင်ချိန်ကလဲ မြင်ရခဲမျှ လှမှလှပါ။
သွားသာသွားတာ လမ်းမှာ ဖြတ်သွားဖြစ်လာကားမတွေ့ရသလောက်ပါဘဲ။လမ်းမှာတော့ ထမင်းဆိုင်လိုရပ်နားစခန်းလေးတွေတွေ့ပေမဲ့
မနားဘဲမြန်မြန်ဘဲဆက်သွားခဲ့ကြပါတယ်။
တစ်နေရာရောက်တော့ လမ်းက တစ်ဖြောင့်ထည်းကနေကွေ့လည်းထွက်သွားရောစိတ်တွေပူလို့ လမ်းထပ်မှားမှာကြောက်လို့ဆင်းမေးတော့ဒီလမ်းအတိုင်းမှန်တယ်ဆိုမှ ရဲရဲတင်းတင်းဆက်သွားဖြစ်ပါတယ်။
သွားနေရင်းက တဖြည်းဖြည်းလည်းမှောင်လို့လာပါတယ်။ဆက်သွားနေရင်းမျက်နှာခြင်းဆိုင်ဘက် ကဟွန်းသံအရှည်တွေကြားတော့
ကားတန်းကြီးလာနေတာကိုမြင်လိုက်ရပါတယ်။ စားနပ်ရိက္ခာတွေသယ်လာတဲ့ကားပါ။
သူတို့က ရခိုင်ပြည်နယ်ဘက်သွားမယ်ဆိုတာသိလိုက်ရမှ ဒီလမ်းကစစ်တွေထိလမ်းပေါက်တာကို တအံ့တဩသိလိုက်ရပါတယ်။
ဒါနဲ့ဘက်ဆက်သွားရင်အမှောင်ထုထဲကိုတိုးဝင်ရင်းသွားနေတယ်ဆိုတော့ ကြောက်တာမဟုတ်ပေမယ့် စိတ်ထဲမှာစိုးရိမ်စိတ်ကတော့ ရှိလာပါတယ်။
တစ်လမ်းလုံးမှာ ကိုယ့်ကားတစ်စီးနဲ့လူလေးယောက် အပြင်လောကကိုဆက်သွယ်စရာကလဲ ဘာမှမရှိတော့ဘူးကိုးဗျ။
ဒါနဲ့ တစ်လမ်းလုံးဘာမှမမြင်ရဘဲသွားနေရာကနေ ခပ်လှမ်းလှမ်းမှာ မီးရောင်တန်းလေးတွေ့တော့ ရွာတစ်ရွာနဲ့တော့နီးပြီဆိုပြီး အတော်လေးအားတက်သွားပါတယ်။
သွားနေရင်းက သဲချောင်းတစ်ခုကိုအဖြတ်မှာ ဒုန်းကနဲကားအောက်ကနေ အသံတသံကြားလိုက်ရပါတယ်။
ရေထဲမြုတ်နေတဲ့ဂျိုင့်ထဲကိုကားဘီးတစ်ဘက်ကြသွားတာဖြစ်နိုင်ပါတယ်။
စောစောက မြင်နေရတဲ့ မီးရောင်တန်းလေးနဲ့နီးလာတော့ လမ်းဘေးမှာ စိုက်ထားတဲ့ အုတ်တိုင်လေးကို ကားမီးရောင်မှာဖတ်လိုက်ရတာတော့
“ပင်း” ဆိုတာကိုဖတ်လိုက်ရတော့ ခရီးတစ်ဝက်ကျိုးပြီဆိုပြီအတော်လေးဝမ်းသာသွားပါတယ်။
စိတ်ထဲမှာလဲ ပင်းမြို့ဟောင်းဆိုတာ ရာဇဝင်ထဲမှာပါတဲ့ သမိုင်းဝင်မြို့ဆိုတာလောက်သာခပ်ရေးရေးသိပါတော့တယ်။
ပင်းကအထွက်မှာတောင်ကုန်းဆန်ဆန်ကုန်းတက်လေးတွေကို တက်တဲ့အခါ ကားက မီးသံပေးပေးနေတာကို ကြားရပါတယ်။
ဒါနဲ့ဆက်သွားလိုက်ကြတာ တော်တော်လေးသွားလိုက်တော့ သူတို့ပြောလိုက်တဲ့ တံခါးမောင်းတံလေးကိုလဲတွေ့လိုက်ရောအတော်လေးကိုစိတ်ချမ်းသာသွားပြန်ပါတယ်။
ဒါနဲ့မောင်းတံပိတ်ထားတဲ့လမ်းလေးကို ကားလဲထိုုးလိုက်ရော ဖြတ်သန်းခဆိုတောင်းတာနဲ့ ငါးရာထုတ်ပေးလိုက်ပြီးကိုယ်သွားမယ့်လမ်းမှန်မမှန်ထပ်မေးတော့ တည့်တည့်သွားရင် မိတ္ထီလာကိုရောက်မယ်လမ်းလွဲစရာမရှိဘူးစိတ်ချလက်ချသွားပါလမ်းကလဲ နည်းနည်းကျဉ်းတာကလွဲကောင်းပါတယ်လို့ပြောတာနဲ့စိတ်အေးလက်အေးခရီးဆက်ခဲ့ပါတယ်။
ကားကရပ်နေရာကနေထွက်တော့တဂတ်ဂတ်နဲ့ မီးသံတစ်ခါပေးပြန်ရော စိတ်ထဲတော့နည်းနည်းမောသလိုရှိလာပါတယ်။
နတ်မောက်မှာရပ်တုံးက ကားရေတိုင်ကီကိုရေဖြည့်ခဲ့သေးလားလို့မေးတော့ သူသေချာဖြည့်ခဲ့တယ်လို့ပြောပါတယ်။
ကားမောင်းတဲ့ကောင်လေးစိတ်ထဲမှာ သည်ခရီးလိုက်လာမိတာမှားတယ်လို့များ ထင်ကောင်းထင်နေပါလိမ့်မယ်။
နောက်အဲဒီနေရာကနေဆက်လာလို့ တမိုင်ကျော်ကျော်လောက်အရောက်ကုန်းတက်ကလေးတစ်ခုလဲရောက်ရော ကားမီးသံပေးတာက
ပိုလို့ကျယ်လာလို့ ရှေ့မြေပြန့်နေရာလေးလဲရောက်ရော ကားကိုရပ်ခိုင်းလိုက်ရပါတယ်။
ကားရှေ့ကစက်ဖုံးကိုအေးအောင်ဖွင့် ရေသန့်ဘူးထဲကရေတွေကိုအေးအောင်လောင်းထဲ့ ခဏနေတော့ရေတိုင်ကီကိုလည်းဖွင့်လိုက်တော့ရေနွေးငွေ့တွေတက်လာ
တာကိုမြင်ရတော့ ရေတိုင်ကီထဲမှာရေမရှိတာသေချာသလောက်ဖြစ်နေပါတယ်။
ဒါနဲ့ ရေသန့်ဘူးထဲက ရေတွေကုတိုင်ကီထဲကိုလောင်းလဲထည့်လိုက်ရော တဗျန်းဗျန်းနဲ့အောက်ဖက်ကိုရေကျတဲ့အသံတွေလဲကြားလိုက်ရော
ပွဲသိမ်းခရာသံစောင့်နေတုန်းချေပဂိုးအသွင်းခံလိုက်ရတဲ့ဘောလုံးသင်းလိုစိတ်ဓါတ်တွေပြိုဆင်းသွားပါတယ်။
ဒါနဲ့ရေတိုင်ကီကို ယာယီဖာရအောင်ကားဆရာလေးကိုဆပ်ပြာပါလားမေးတော့ “နိုးပါ”တဲ့။
ဒီတော့လုပ်နိုင်တာတစ်ခုက ကားကြုံစောင့် အကူအညီတောင်းဘို့ ဘဲကျန်ပါတော့တယ်။
ကားဆရာလေးက ကျနော့်နားကပ်ပြီး ညနေတုန်းက ဓါတ်ဆီဆိုင်တုံးက ကိုထွန်းက “ဒီတစ်ခါကားပျက်ရင်ကားကြီးဖက်အိပ်မယ် “လို့ပြောကတည်းက သူစိတ်တွေ
လေးနေတာလို့လာပြောမှ ညနေက သူမျက်နှာပျက်သွားတာကိုသဘောပေါက်လိုက်ပါတော့တယ်။
ကျနော်က” အခုအချိန်မှာဒါတွေပြောမနေနဲ့ ပြီးသွားပြီ”လို့သာ သူ့ကိုစိတ်ပြေအောင်ပြန်ပြောလိုက်ပါတယ်။
ခဏနေတော ့ကျနော်တို့လာတဲ့လမ်းဖက်ကနေ မီးရောင်လေးပေါ်လိုက်ပျောက်လို်က်တွေ့ရတော့အားတက်သွားပါတယ်။
ဆိုင်ကယ်ဖြစ်ဘို့များပါတယ်။တကယ်တမ်းလဲနီးလာရော မရောက်ခင်က တည်းက ကြိုပြီး “ကားပျက်နေလို့ကူညီပါ”လို့
လှမ်းအော်ထားပါတယ်။တော်ကြာညအမှောင်ထဲဘာမှန်းမသိလို့ လှည့်ပြန်သွားရင် ခက်သွားမှာစိုးလို့ပါ။
အနားရောက်လာတော့ရပ်ပေးပြီး ဦးဇင်းတစ်ပါးရယ် ကောင်လေးနှစ်ယောက်ရယ်ပါ။
အကျုးိအကြောင်းပြောပြတော့ ဆပ်ပြာက” ပင်း”က အိမ်ဆိုင်မှာဘဲသွားဝယ်လို့ရမယ်ပြောတော့ ရေသန့်ဘူးပါတတွဲလောက်ထပ်ဝယ်ဘို့ပြောပြီး
ပိုက်ဆံထုတ်ပေးလို်က်ပါတယ်။ဒါနဲ့ဘဲကောင်လေးနှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ပြန်ထွက်သွားကြပါတယ်။
အချိန်ကတော့ ညရှစ်နာရီပါ။
ဦးဇင်းကို ဝပ်ရှော့ဆရာဒီနားကရွာမှာ ရှိနိုင်လားမေးတော့ မရှိလောက်ဘူးပြောပါတယ်။
ဒီကကားတွေပျက်ရင်တောင် ကျောက်ပန်းတောင်း ဒါမှမဟုတ် မိတ္ထီလာကိုသွားပြင်ရ သွားခေါ်ရတယ်ပြောပါတယ်။
ခဏနေတော့ ဆိုင်ကယ်တစ်စီးဖြတ်သွားတာကိုတွေ့လိုက်ပါတယ်။
သူကတော့ မိတ္ထီလာဘက်ကိုသွားတာပါ သူ့နောက်မှာလဲ လူတစ်ယောက်ပါပါတယ်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ စောစောက ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့လူက ပြန်ရောက်လာပြီးကျနော်တို့နားကိုရပ်လို့ဘာဖြစ်တာလဲလို့မေးတော့
ကျနော်တို့ကလဲ ဇာတ်ကြောင်းပြန်ရပါတော့တယ်။
စောစောက သူမရပ်တာက ဧည့်သည်ကို ဟိုဘက်ရွာကိုအရင်ပြန်ပို့ချင်လို့ပါလို့ပြောပါတယ်။
ခဏနေတော့ ဆပ်ပြာသွားဝယ်တဲ့ကလေးနှစ်ယောက်ပြန်ရောက်လာပါတယ်။
ရေသန့်ကတော့ လေးဘူးဘဲရတယ်ဆိုပြီး ပိုတဲ့ပိုက်ဆံတွေကို ပြန်အပ်ပါတယ်။
နောက်ထပ်ရောက်လာတဲ့သူက ကားအုံနာပါတဲ့။
ကားအောက်ကိုပက်လက်လှန်ဝင် လက်နှိပ်ဓါတ်မီးနဲ့ထို်းပြီးကြည့်တော့မှသူက ဆပ်ပြာနဲ့ဖာလို့မရဘူးလို့ပြောပါတယ်။
ကားဆရာလေးက လမ်းမှာဂျိုင့်ထဲကြလို့ဖြစ်တယ်ထင်နေတာ အမှန်ကတော့ ရေတိုင်ကီဘေးပါတ်ပါတ်လည်က သံတွေကဆွေးပြီးကွာကျသွားတာပါတဲ့။
ကားကဟောင်းတာရယ် ခရီးဝေးသွားလိုက်တော့ အင်္ဂျင်ပူလာတာရယ် ကားခုန်တော့ ဆောင့်ချိုးသလိုဖြစ်တာရယ်ကြောင့်ကွာတာပါတယ်။
လက်ပူတိုက်လို့မရဘူး ကားမနက်မှပြင်လို့ရမယ်ဆိုတော့ ဒီနေရာကခွာနိုင်ဘို့တိုင်ပင်ကြရပါတော့တယ်။
ကျနော်တို့က ဒီနားမှာတော့ အိပ်ဘို့မဖြစ်နိုင်ဘူး ကားကိုထားခဲ့မယ်။
ဖြစ်တဲ့နည်းနဲ့ မိတ္ထီလာရောက်အောင်သွားမယ် ဟိုရောက်မှ မန်းလေးကို ကားငှားပြန်မယ်လို့ ဆုံးဖြတ်ပါတယ်။

အဲဒီအခါမှာ ကားဆရာကလဲ သူကိုဒီနားထားခဲ့မှာ အတော်ကိုကြောက်နေပါတယ်။
ကျနော်ကစိတ်ချပါ အားလုံးအဆင်ပြေအောင်စီစဉ်ပေးမယ် ငါတို့က ကိုယ်ချင်းစာတတ်ပါတယ်လို့ပြောမှ သူလဲစိတ်အေးသွားတယ်။
ဒါနဲ့ဘဲအဲဒီ ကားအုံနာကို အကြံတောင်းတော့ ရှေ့နားကရွာကိုလိုက်ခဲ့ ဘုန်းကြီးကျောင်းက ကားကိုငှားဘို့လိုက်ပြောပေးမယ်။
ကားကိုတော့ မိတ္ထီလာရောက်အောင်ဆွဲဘို့မဖြစ်နိုင်ဘူး ကားကို ဂိတ်တဲနားထိဆွဲသွားမယ် ကားဆရာကတော့ ကားနဲ့စောင့်အိပ်ချင်အိပ်ဒါမှမဟုတ်ကားထားပြီး သူ့ရွာကိုလိုက်အိပ် မနက် လေးနာရီဆိုသူ့ကားက မိတ္ထီလာကိုသွားမှာ ဟိုမှာ ဝပ်ရှော့ကိုလိုက်ပို့ပေးမယ်လို့ပြောပါတယ်။
အဲတော့ကားအုံနာက ဦးဇင်းနဲ့ပါလာတဲ့ကောင်လေးတစ်ယောက်ကို ကားငှားတဲ့ဆီလို်က်ခဲ့ဘို့ခေါ်တော့ ကောင်လေးက မလိုက်ရဲဘူးတဲ့။
ကားအုံနာက ကျနော့်ကိုကားငှားပေးပြီး သူနေခဲ့မှာ တကယ်လို့ ကားငှားမရရင် သူပြန်လိုက်ပို့မပေးနိုင်ဘူး။
ကောင်လေးကလဲ ကားငှားလို့အဆင်ပြေရင် သူတစ်ယောက်ထဲမပြန်ရဲဘူးဆိုတော့” ကျနော်က ကောင်လေးကို ငါလိုက်ခဲ့မယ် ကားငှားလို့ရရင်လဲ ငါမင်းနဲ့ပြန်လိုက်မယ် အသွားမင်းဆိုင်ကယ်မင်းတစ်ယောက်ထဲစီးခဲ့ အပြန်ငါမောင်းမယ်”ဆိုမှ အဆင်ပြေသွားပါတယ်။
ဒါနဲ့ဘဲအမှောင်ထဲဘဲထွက်လာလို်က်ကြတာ သူပြောတဲ့ဘုန်းကြီးကျောင်းထဲဝင်လိုက်တော့ ဟောင်လိုက်တဲ့ခွေးတွေ အထဲက ကိုရင်တစ်ပါးက လှမ်းဟန့်မှရပ်တော့တယ်။
ဆရာတော်ရှိလား ကားငှားချင်လို့ပါလို့ ကိုရင်လေးကို လျှောက်လိုက်တော့ ညနေကမှ မိတ္ထီလာကို ကြွသွားတယ် ကားပါသွားတယ်ဆိုတော့
သေချင်စိတ်တောင်ပေါက်သွားပါတယ်။
ကူညီပေးနေတဲ့လူက ဆိုင်ကယ်ကယ်ရီနဲ့သွားမလားမေးတော့ ကျနော်က မဖြစ်နိုင်ဘူး မသွားချင်ဘူးလို့ပြောပါတယ်။
ဒါဆို ဟိုဘက်သုံးရွာကျော်မှာ ကားကြီးတစ်စီးရှိတယ် ဈေးကြီးမယ်ပြောတော့ ကျနော်ကရတယ် ဒီမှာမအိပ်ရရင်ပြီးရောဆိုပြီးဆက်သွားကြပါတယ်။
စောစောက ဖြတ်လာတဲ့ဂိတ်တဲကိုကျော်လို့ ကျောက်ပန်းတောင်းဘက်ကိုသွားတဲ့လမ်းအတိုင်းမှောင်မှောင်မဲမဲမှာ ဆိုင်ကယ်မီးရောင်ကိုအားပြုလို့
သွားရပါတယ် ချိုုင့်တွေကျင်းတွေ ဇလုံးဇခုလမ်းကိုနောက်ကထိုင်လိုက်ရင်းလမ်းမှတ်နေရပါတယ်။အပြန်ကျနော်မောင်းရမှာကိုး။
ဖြစ်ချင်တော့ကျနော့်တို့ အလာတုန်းက ဂိတ်တဲမရောက်ခင်လေးမှာ ကုန်တစ်ဝက်လူတစ်ဝက်နဲ့ကားတစီးကိုတွေ့လိုက်ရပါတယ်။
အဲဒါစစ်တွေကလာတဲ့ကားလို့ ကားအုံနာကပြောပါတယ်။
ဒါနဲ့မီးရောင်ပြပြလေးမြင်လို့ ရွာတန်းလေးဝင်ခါနီး ကူညီပေးနေတဲ့လူက “အကို အရက်သောက်မလား ကျနော်တိုက်မှာနော်”လို့ပြောတော့
မသောက်ပါဘူးလို့ပြောရင်း အရက်သောက်တတ်သူအချင်းချင်းကိုယ်ချင်းတယ်စာတတ်ပါလားလို့တွေးမိရင်း ပြုံးမိပါသေးတယ်။
မှတ်မှတ်ရရ ဒီခရီးတစ်လျှောက်စိတ်ထဲမှာ ပြုံးမိတာ ဒီတစ်ခါပထမဆုံးထင်တာပါဘဲ။
ဆယ့်ငါးမိနစ်လောက်စီးလိုက်တော့သူနေတဲ့ရွာကို ရောက်တော့ မီးရောင်လေးလင်းလို့ တီဗွီကြည့်နေတဲ့အိမ်တစ်အိမ်ရှေ့ရပ်တဲ့ပြီး ကားငှားချင်လို့ပြောပါတယ်။
ကားဆရာက မလိုက်ဘူးလုပ်နေလို့ မနဲတောင်းပန်ရပါတယ်။အဲဒီမှာဈေးတည့်သွားတာက ငါးသောင်း ပေးရမယ်။ပျက်နေတဲ့ကားကို ဂိတ်တဲနားရောက်အောင်ဆွဲပေးမယ်။ကျနော်တို့ကို မိတ္ထီလာရောက်အောင်တော့ ပို့မပေးနိုင်ဘူး ကားတားစီးလို့ရတဲ့ နေရာရောက်အောင်ပို့ပေးမယ်။အဲဒီမှာ ကားစောင့်လိုရမယ့်ဆိုင်တန်းတွေရှိတယ်ဆိုပြောလို့လက်ခံလိုက်ပါတယ်။
မနက်ကားပြင်လို့ရအောင်ရေတိုင်ကီကို ဝိုင်းဖြုတ်ပေးမယ် အဲဒါက စေတနာဖြစ်ကူညီပေးမှာ။
ဒါနဲ့ဘဲကားဆရာကြီးကို နောက်ကလိုက်ခဲ့ဘို့မှာ ကူညီပေးတဲ့ကားအုံနာကိုကျေးဇူးတင်ကြောင်းပြော ကျနော့်လိပ်စာတွေဖုန်းနံပါတ်တွေပေးလို့
ကားနားကိုပြန်ဘို့စီစဉ်ရပါတယ်။
အပြန်ကျတော့ ကောင်လေးက နောက်ကထိုင် ကျနော်ကဆိုင်ကယ်မောင်းပါတယ်။
ဆိုင်ကယ်က တရုပ်ဆိုင်ကယ် လီဗာပေးလဲ မပြေး ဆိုင်ကယ်က မှောက်ထားတယ်ဆိုတော့လက်ကိုင်ကကောက်နေပါသေးတယ်။
ကျနော် မန်းလေးမှာ ဆိုင်ကယ်နည်းနည်းမောင်းမကောင်းရင်ဝပ်ရှော့ကိုပြေးလို့ ဇီဇာကြောင်တတ်တဲ့လူက အခုဘာမှမတတ်နို်င်တော့ပါဘူး။
ဒီအချိန်ဒီလိုနေရာ မှာ ဒီလိုသွားရမယ် အိပ်မက်တောင်မမက်ဘူးပါဘူး။
ဒါပေမဲ့အခုတော့လက်တွေ့ လမ်းပေါ်မှာ ဇောတွေနဲ့ပြေးနေရပါတယ်။
လမ်းမှာကောင်လေးကို ဓါတ်ဆီရှိရဲ့လားလို့မေးတော့ လေးလေး ဆီလောက်တယ်ဆိုမှ စိတ်သက်သာရာရသွားပြန်ပါတယ်။.
တော်တော်လေးသွားတော့ ဂိတ်တဲမရောက်ခင်လေးမှာ ကောင်လေးက ကျနော့်ကိုလာဖက်တော့ ဘာဖြစ်လဲမေးတော့မှ
ဒီနားကလက်ပန်ပင်က သူရဲခြောက်တတ်လို့ပါတဲ့ အစက သူတစ်ယောက်ထဲမလိုက်ရဲတာ ဒီအပင်က သူရဲခြောက်မှာကြောက်လို့ပါတဲ့။
ဒါနဲ့ဘဲ ကားပျက်တဲ့နားပြန်ရောက်တော့ အဆင်ပြေတယ်ဆိုတော့အားလုံးဝမ်းသာသွားပါတယ်။
ဦးဇင်းလေးက ကားဆရာကိုစောင့်အိပ်ပေးရမလားလို့မေးတော့ ကားဆရာက ဂိတ်တဲနားမှာလူရှိရပါတယ်ဆိုတော့ ဦးဇင်းလေးလဲပြန်ကြွသွားပါတယ်။
ဒီဦးဇင်းကလဲ ပျဉ်းမနားကပါတဲ့။သူ့ရွာကို ဒီမနက်မှရောက်လာတာ အနာဆေးကုဘို့ရေနံစိမ်းလာယူတာပါတဲ့။
ဒါနဲ့ကောင်လေးကို ဆိုင်ကယ်ဓါတ်ဆီဘိုးဆိုပြီး ငါးထောင်ပေးတာ မယူဘူူးလုပ်နေလို့ အဖိုးအခအနေနဲ့ပေးတာမဟုတ်ပါဘူးလို့ပြောမှ ယူပါတယ်။
ခဏနေတော့ ကားဆရာကြီးရယ် ကားရယ်ရောက်လာတော့ ကားလေးကို ခေါင်းပြန်လှည့် ကားကြီးက ကြိုးနဲ့တွဲ ပြီးဆွဲဘို့လုပ်ရပါတယ်။
ကားလမ်းက ဘေးကချောက်နက်တော့ ကားကိုမနည်းလှည့်ရပါတယ်။
ဒါနဲ့ ကားကိုဆွဲပြီးဂိတ်တဲနားရောက်အောင်ဆွဲလာရင်းစောစောက လမ်းမှာတွေ့တဲ့စစ်တွေကလာတဲ့ကားကိုလည်းတွေ့ရော ကားဆရာကြီးက ကားကိုလမ်းဘေးမှာရပ်လိုက်ပါတယ်။ကျနော့်တို့သုံးယောက်ကိုစစ်တွေကားနဲ့လိုက်သွားပါ မန်းလေးထိရောက်မယ်လို့ပြောပါတယ်။
နောက် သူလိုက်ပို့ရင် ပိုက်ဆံလဲပိုုကုန်မယ်တားစီးမယ့်ကားမလာမချင်းလဲစောင့်ရအုံးမယ်။ဒီကားနဲ့ဖြစ်သလိုလိုက်သွားရင် မနက်လင်းတာနဲ့မန်းလေးရောက်မှာပိုသေချာပါတယ်လို့ပြောရင်း ကားကို လှမ်းတားလိုက်ပါတယ်။
သူကလဲ ကူညီချင်လို့သာ လိုက်လာတာ အမှန်က မလိုက်ချင်ဘူးလို့ပြောပါတယ်။
အဲဒီအခါမှ သူ့စေတနာကိုလေးစားမိပါတယ်။သူ့ကိုသွားခေါ်တုံးကမလိုက်ချင်ဘူးလို့ငြင်းတုံးက ကျနော့်စိတ်ထဲမှာကြေးကောင်းကောင်းတောင်းရအောင်
ဈေးကိုင်တယ်လို့ထင်မိတာကို နောင်တရမိပါတယ်။
ဒါနဲ့ဘဲကားဆရာကောင်လေးကို ပိုက်ဆံဘယ်လောက်ယူထားမလဲမေးတော့ အများကြီးမလိုချင်ဘူးလေးသောင်းဘဲယူထားမယ်လို့ပြောပါတယ်။
ကားဆရာကြီးကို ငွေနှစ်သောင်းပေးတာ မယူဘူးလုပ်နေလို့ဇွှတ်ကိုအိပ်ထောင်ထဲထည့်ပေးရတာပါ။
အဲဒါနဲ့ဘဲအားလုံးကိုကျေးဇူးတင်ကြောင်းနုတ်ဆက် ကားဆရာလေးကို လည်းဖုန်းလိုင်းမိတာနဲ့အိမ်ကိုပြောပေးမယ်လို့စိတ်မပူဘို့မှာပြီး စစ်တွေကားပေါ်တက်ခဲ့ပါတယ်။
ကားပေါ်ရောက်နေတဲ့လူတွေကလည်း တတ်နိုင်သလောက်ထိုင်လို့ရအောင် ကျုံ့ပေးကြပါတယ်။
ကားပေါ်ရောက်မှစိတ်ကိုလျှော့ချလို်က်မှ ညောင်းရကောင်းမှန်းသိလာပါတယ်။
မနက်လာစလာတုံးကကိုယ်ပိုင်ကားရှေ့ခန်းက လမ်းမှတွေ့သမျှကလေးတွေ လမ်းပြင်နေတဲ့လုပ်သားတွေက လှမ်းလက်ပြရင် ကိုယ်ကလဲ ကားပေါ်က
ဟန်ပါပါလက်ပြလို့ အခုတော့ အောက်မှာဘာတွေရှိလို့ရှိမှန်းမသိတဲ့ ကားတံခါးပေါက်က ခြေနင်းခုံမှာထိုင်လိုက်ခွင့်ရတာကို စိတ်ချမ်းသာစရာကောင်းတယ်လို့
စိတ်ထဲမှာတွေးမိတော့ နောက်တခါ အမှောင်ထဲမှာပြုံးမိပါတယ်။
အဲဒီအချိန်စိတ်ထဲမှာ ပြန်တွေးမိတာက မကွေးကိုလာခဲ့တဲ့ အပြန်ခရီးတစ်ခုလုံးမှာ စေတနာဖြစ်ကူညီသူတွေမရှိခဲ့ရင်လို့တွေးမိတာနဲ့တင်အတော်ကိုစိတ်
ထဲမှာ တင်းကျပ်သွားသလို့ မန်းလေးမှာနေစဉ်က ကိုယ်ပြုမူခဲ့တာကို တွေးမိပြီးရှက်မိပါတယ်။
တစ်ရက် မနက် 5နာရီ လမ်းလျှောက်ဘို့အိမ်ကထွက်မလု့ိအိမ်တံခါးသော့ပိတ်လို့ အပြီးမှာ အိမ်နားကိုခရီးသည်တင်ကားတစ်စီးက လူတွေချဘို့ရပ်လိုက်ပါတယ်။
အဲဒီအခါမှာ ကားပေါ်က အဒေါ်ကြီးတစ်ယောက်က ကျနော့်နားကိုကပ်လာပြီး “ ငါ့တူရယ် အဒေါ်အခင်းကြီးသွားချင်လို့ကူညီပါ ဗိုက်သိပ်မကောင်းလို့တစ်လမ်းလုံးအောင့်လာခဲ့ရတာပါကွယ်“လို့ပြောတဲ့အခါ ကျနော်က သော့ကအိမ်ထဲမှကျန်ခဲ့ပြီ ဖွင့်မရတော့ဘူးလို့ညာပြောလိုက်ပါတယ်။
အမှန်က အလုပ်ရှုပ်မှာစိုးလို့ပါ။အခုမှအဲဒီတုန်းက အကူအညီတောင်းတဲ့အဒေါ်ကြီးမျက်နှာမှာမျှော်လင့်ချက်မဲ့သွားတဲ့မျက်နှာလေးကိုပြန်မြင်မိသလို
အခုပြန်တွေးမိမှ စိတ်ထဲမှာရှက်စိတ်ဝင်သွားပါတယ်။
နောက်ဆက်တွေးမိတာတစ်ခုက ဒီခရီးမထွက်ခင်တပါတ်က ကျနော်တို့ကျောက်တော်ကြီးဘုရားကိုသွားတဲ့တစ်ရက် ကျနော့်ဇနီးက ပုတီးစိတ်နေတုံး
ကျနော်က အပြင်ဘက်ခုံတန်းမှာထိုင်စာဖတ်နေပါတယ်။အဲဒီအချိန်အသက်ခုနှစ်ဆယ်နီးပါး အဘိုးတစ်ယောက်ကကျနော့်နားမှလာထိုင်ရင်း
အတုမရှိကျောင်းကိုဘယ်လိုသွားရလဲမေးလာပါတယ်။ကျနော်ကလည်း ပိုက်ဆံတောင်းမယ့်သူထင်လို့ စာဖတ်မပျက်ဘဲ ဘယ်လိုသွားရမယ်ဆိုတာလမ်းညွန်ပါတယ်။
အဘိုးက စကားတွေဆက်ပြောနေပေမယ့်ကျနော်က စာအုပ်နဲ့မျက်နှာမခွာဘဲ အင်းအဲလိုက်နေပါတယ်။
အခုပြန်တွေးမိမှသာ အကူအညီတကယ်လိုချင်သူကို မပေးမိတဲ့ ကိုယ်အလုပ်ရှုပ်မှာကြောက်တတ်တဲ့ကျနော်မြို့ကြီးသားရဲ့ တစ်ပါးသူကို အကူအညီပေးဘို့ဝန်လေးတဲ့စိတ်ကိုတွေးမိလေ ရှက်လေပါဘဲ။
ဒါနဲ့ဘဲ အမှောင်ထဲမှာကားကြီးကတအိအိနဲ့ခရီးဆက်လိုက်တာ ဆယ့်နှစ်နာရီထိုးတော့ မိတ္ထီလာမြို့ထဲကိုဝင်လာတော့ ဖုန်းလိုင်းတွေလဲမိရော ကားပေါ်ကနေပြီး
အိမ်တွေကို အပြိုင်အဆိုင်အကြောင်းကြားရပါတော့တယ်။
ဒါနဲ့ဘဲ ကားက မိတ္ထီလာမှာမရပ်ဘဲဝမ်းတွင်းမှာ ရပ်ပါတယ်။
အဲဒီနားတော့မှ နွားမကြီးမှာ မုန့်စားနားရင်းဆိုင်ကစားပွဲထိုးလေးကိုခေါ်မန်းလေးကိုသွားမယ့်ကားတွေထဲက ထိုင်စရာခုံရှိတဲ့ကားရှာခိုင်းတော့ ကံအားလျှော်စွာ
ကားတစ်စီးက လိုက်လို့ရတယ် တစ်ယောက်နှစ်ထောင်ဆိုတာနဲ့ထိုင်စရာရပြီဆိုပြီးဝမ်းသာသွားပါတယ်။
အဲဒါနဲ့ စားပွဲထိုးလေးကို မုန့်ဘိုးငါးရာပေး ပထမလိုက်ခဲ့တဲ့ စစ်တွေကားကိုကားခရှင်းဘို့လုပ်တော့ စိတ်ထဲမှာတစ်ယောက်တစ်သောင်းလောက်တော့ပေးရမယ် ကားပေါ်စတက်တုံးက ဈေးမပြောမိဘူးဆိုနောင်တရသလိုလိုတွေးမိပြန်ပါသေးတယ်။
ကားခသွားပေးတော့ ကားအုံနအမကြီးက ကျနော်တို့ကိုနေရာမပေးနိုင်လို့ အရမ်းအားနာကြောင်းကျနော်ကလည်း အခုလိုကူညီတာကိုကျေးဇူးတင်ကြောင်းပြောလို့ ကားခရှင်းပေးလိုက်ပါတယ်။သုံးယောက်စာမှ ခုနှစ်ထောင့်ငါးရာထဲယူပါတယ်။
မှားပြန်ပေါ့ဒီတစ်ခါလို့စိတ်ထဲက ကိုယ့်ကို ကိုယ် အပြစ်တင်မိပြန်ပါလေရော။
ဒါနဲ့ဘဲနောက်တစ်ကားပြောင်းစီးလို့ကားပေါ်မှာအိပ်လိုက်လာလိုက်တာ ကျွဲဆည်ကန်ကားကွင်းမှာ ကားရပ်မှနို်းပါတော့တယ်။
ကားကတောင်မဆင်းရသေးဘူးကားဆရာတွေဆိုက်ကားဆရာတွေက အပြိုင်အဆိုင်ခေါ်ကြပါတယ်။
မိုးလဲနည်းနည်းကျနေတာနဲ့ ဆန်နီတစ်စီးကိုငှားလိုက်ပါတယ်။ ကျနော်ကို ကန်တော်ကြီးတိုက်ခန်းပို့မယ် ကျန်နှစ်ယောက်ကိုလမ်းသုံးဆယ်ပို့ရမယ်လို့ ပြောတော့
လေးထောင်နဲ့တည့်သွားပါတယ်။
ကားပေါ်ရောက်လို့ ကားထွက်မယ်လဲလုပ်ရော ကန်တော်ကြီးဝင်ပို့ရမယ်ဆိုရင်တစ်ထောင်ထပ်ပေးရမယ်ပြောလို့ စကားတွေအခြေအတင်ပြောကြရပါတော့တယ်။
ကိုထွန်းက စိတ်တိုပြီးရေသန့်ဘူးနဲ့ထုမယ်လုပ်လို့မနည်းဆွဲထားရပါတယ်။
ဒါနဲ့ဘဲ လေးဘီးတစ်စီးကလိုက်မယ်ဆိုတာနဲ့လေးထောင်ပေးပြီးငှားစီးလာခဲ့ကြပါတယ်။
အိမ်ပေါက်ရောက်လို့တံခါးခေါက်လိုက်တော့လေးနာရီခွဲပါ။
မေ့နေတာလေးပြောလိုက်ရအုံးမယ်ဆိုရင် ကျနော်တို့ မန်းလေးက အသွားငှားစီးတဲ့ကားလေးက “အ”နံပါတ် တိုယိုတာစလုံးကားလေးပါ။
ကျနော်တို့သုံးယောက်အိမ်ကိုသာပြန်ရောက်လာကြတယ် လမ်းမှာကျန်ခဲ့တဲ့ ကားဆရာလေးရဲ့အိမ်ကိုဘယ်သူကမှဖုန်းဆက်ပြီး
အကျိုးအကြောင်းလှမ်းမပြောမိခဲ့တာကိုတော့ နောက်နေ့သုံးယောက်ဆုံလို့ပြန်ပြောမိတော့မှ သိပါတော့တယ်။
ဪ လူတွေ လူတွေ……………………………………………………………………………