ပုရစ်ဖူးလေးနဲ့ ငါလေ.. ဝေပါရစေဦး
တစ်ချို့တွေမှာ မပေါ့မပါး မနိုင်ဝန်ခံစားချက်ကြီးများ တစ်နင့်တစ်ပိုးထမ်းလို့။
တစ်ချို့များမှာတော့ သူတို့ပိုင်ဆိုင်ခြင်းတစ်ချို့ကို ဘေးတစ်ဖက်တစ်ချက်မှာ လက်စွဲတော်များအား စွဲကိုင်စေလို့။
ကျွန်ုပ်နှင့် မရိုးနိုင်သော တစ်နေ့တာကြီးမှာတော့ သူက ထမ်းခိုင်းလိုက်၊ ကျွန်ုပ်က ပစ်ချလိုက်
သူက ပေးကိုင်ခိုင်းလိုက်၊ ကျွန်ုပ်က ပစ်ချလိုက်နှင့်
.နေ့ရက်အသစ်တစ်ခုတိုင်း ရန်ဖြစ်နေရင်း နေ့ဟောင်းများလိုပင် ခုတိုင်အောင် ချစ်ခင်လှစွာသော ရန်သူကြီးဖြစ်နေတုန်း။
++++++++++++++++++++++++++++++++++++++++++++++++++++++
(၁)
ထိုနေ့က ဘာရယ်မဟုတ်၊ ကျွန်ုပ်၏ တစ်နေ့တာအား ပုံမှန်ခုတ်မောင်းခြင်းတစ်ခုဖြင့် အိပဲ့အိပဲ့ ဖြတ်ကျော်နေတုန်း၊ မိတ်ဆွေတစ်ယောက်၏ သက်ဆိုင်သူမှ ဖုန်းဆက်လာပါ၏။ သူနှောင့်ယှက်နေသည် ဆိုလာ၏။
အဘယ်သို့များဟု စုံစမ်းသောအခါ (ထို)သူမအား ကုလားတစ်ကောင်နှင့် သမုတ်နေသည်ဟူသတတ်။ ကျွန်ုပ်အဖို့လည်း သိကျွမ်းခင်မင်သူများဖြစ်နေရာမှ စနည်းနာကြည့်သောအခါ ကျွန်ုပ်၏ မိတ်ဆွေမှ မဟုတ်တမ်းတရားများ စွတ်စွဲနေခြင်းကို သိလာသည့်အားလျော်စွာ သူမအား များစွာနှစ်သိမ့်ခြင်းများအလို့ငှာ နှစ်သိမ့်ကျေနပ်စေလေ၏။
ထိုနေ့က စကားများအဘယ်မျှ တာသွားလေသည်မသိ၊ ပြောနေရင်းနှင့် ဖုန်းဖွင့်ထားလျက်ကြီး အိပ်ပျော်သွားလေသည်။
ကောင်းလေစွ ဟု ရေရွတ်ပြီး ကျွန်ုပ်သည်လည်း ကောင်းစွာစက်တော်ခေါ်ခြင်းသို့ရောက်လေ၏။
မနေတတ်၊ မထိုင်တတ်နှင့် သူများကြား ဝင်ပါပြီးဖြစ်သွားလေ၏။ ထိုမှစပြီး သူမ အခင်ဆုံးဆိုသော သူငယ်ချင်းတစ်ယောက်မှ သူမအကြောင်းတွေအကုန်ပြော၊ ကျွန်ုပ်အကြောင်းများလဲ စနည်းနာရင်းနှင့် စကားတွေ အတော်များများ ပြောဖြစ်လေ၏။ ထို့နောက်တွင်မတော့ ဝါသနာတူသူခြင်း၊ ရင်ဘတ်ခြင်းတူကြသူခြင်း သူ့အကြောင်း၊ ကိုယ့်အကြောင်းများ မျှဝေခြင်းအမှုကို ပြုကြလေရာ နံနက်မိုးသောက်သို့တိုင်အောင် နေ့တိုင်းရောက်ခြင်းဖြစ်လေသည်။
(၂)
ကိုယ့်ပေါင်ကိုယ်အနည်းငယ်မျှ လှန်ထောင်းရသော် မနာအောင်သာ ခပ်ဖွဖွထောင်းရပေမည်။ ကျွန်ုပ်အဖို့မူကား မိုးချုပ်ခြင်းနှင့် နေဝင်ခြင်းကြား ရှင်သန်ခြင်းမရှိသော သက်မဲ့ကိုယ်ခန္ဒာကြီးအနေနှင့် ဖြတ်သန်းနေရသည်မှာ အတော်ကြာလေပြီဖြစ်သည်။
ကြာဆို… ကျွန်ုပ်အဖို့ အမှန်ကိုမမြင်နိုင်ခြင်းဆိုသော မောဟများ၊ မပိုင်ဆိုင်ခြင်းများကို ပိုင်ဆိုင်သည်ဟု ကိုယ်ပိုင်ရေရွတ်ခဲ့သော အတ္တများကြား လောကကို တစ်ရွတ်တိုက်ပြီး ကိုယ်ထင်ရာ ကိုယ်လျှောက်လှမ်းခဲ့သူဖြစ်သည်။ အဘယ်သို့ဆိုစေကာမူ ကျွန်ုပ်သည်လည်း လူသားတစ်ယောက်ပီပီသသ လောက်လောက်လားလား လူဘောင်သဘာဝ အာဝါဟ ဝိဝါဟခဲ့သည်ပေါ့။ ထို့နောက်တွင်မတော့ သားတွေ၊ သမီးတွေ တစ်ပြွတ်ပြွတ်မွေးပြီး သားကျွေးမှု၊ မယားကျွေးမှုနွံကြီးထဲမှာ ပျော်ပျော်ပါးပါးကြီးကို စုန်းစုန်းမြုပ်ပြီး အပြုံးတစ်ဝက်ဖြင့် လှုပ်လေ၊ မြုပ်လေဆိုသော ဘဝကြီးထဲ သူများတွေလို ပျော်ရွှင်ချင်လိုက်သည်များမှာတော့ တားမရ၊ ဆီးမရနှင့် တစ်လောကလုံးအသိ ဖွင့်ဟကြေငြာရသည်မှာ အမော…
တစ်ကယ့်တစ်ကယ်များမှာတော့…
ချစ်ခြင်းနှင့် မသင့်မြတ်သူတစ်ယောက်အနေနှင့်သော်လား
ချစ်ခြင်းများနှင့် လွှမ်းခြုံပါလေသော မိသားစုလေးကို မပိုင်ဆိုင်နိုင်သည့်သူလေအလား
.စောင့်စည်းခြင်း သစ္စာတရားနှင့် စစ်မက်ပြုထားလေသည့်အလား
မထူးဆန်းသော ထူးဆန်းခြင်းများနှင့် ပေါင်းဖက်စုံမက်ပြီးသည့်နောက် ပေလယက်ကန်နှင့် ဘဝကို အတောင့်လိုက်ကြီး တစ်ဖြောင့်တည်း စိတ်အဝီဇိသို့ ထိုးဆင်းနေခဲ့လေသည်။
ဖြေသိမ့်ခြင်းငှာ အဘယ်အရာမျှမတတ်နိုင်၊ အရာရာတိုင်းကို လက်ခံခြင်းသက်သက်ဖြင့်သာ၊ တုန့်ပြန်ရန်မျှ မတတ်နိုင်ပဲ အရှိအတိုင်းကိုလက်ခံထားတော့လေ၏။
(၃)
ပြောရလျင် တော်သလင်းလကြီးသည် ကန္တာရမှ ပင်လယ်ပြင်ထက် ထွန်းလင်းနေသည်မှာ သိပ်တော့ ကွာခြားခြင်းမရှိပေ။ မြန်မာပြည်တွင်လည်း ထိုနည်းလည်းကောင်း ထွန်းလင်းနေမည်သာတည့်။
တစ်ခုထူးသည်မှာတော့ ကန္တာရမှာ သာတဲ့ လမင်းဖြစ်နေခြင်းဖြစ်သည်။
ဟုတ်သည်။ ကမ်းခြေတစ်လျှောက် လှိုင်းများမှာ အပြေးလေးလာလိုက်၊ သဲသောင်ပြင်ကို ခလုတ်တိုက်လိုက်၊ ပြန်ထွက်သွားလိုက်နှင့် အလုပ်တွေရှုပ်နေလိုက်ပုံများမှာ စည်းချက်ကျကျနှင့်။ ကမ်းစပ်တစ်လျှောက်မှာတော့မူကား ပြည့်ဝန်းနေသည့် လမင်းကြီးကြောင့်ထင် မှိန်ဖျော့ဖျော့အလင်းရောင်ဖြင့် အနည်းငယ်မျှ လင်းနေပေသည်။
ထိုအလင်းရောင်များကြားတွင် မနုဿ လူသားနှစ်ယောက်သက်ဝင်လှုပ်ရှားနေလေ၏။ တစ်ယောက်သောသူ၏လက်တွင်မတော့ တေးသံသာများဖန်တီးလျက် လှိုင်းပုတ်သံများက စည်းချက်လိုက်ပေးနေသယောင်၊ တစ်ယောက်သောသူမှာကား မှိန်ဖျော့ဖျော့ လ၏အလင်းရောင်မှာပင် ကြည်နူးခြင်းများဖြင့် တစ်လက်လက်တောက်နေသော မျက်ဝန်းများ၊ ပြုံးရောင်လဲ့နေသော နှုတ်ခမ်းတစ်စုံမှာတော့ အထင်းသား…။
မိုးကုပ်စက်ဝိုင်း၏ အစွန်းတစ်နေရာမှ နေလုံးကြီးထွက်ပေါ်လာချိန်တွင်မတော့
သူမသည် သူ၏ပုခုံးစွန်းထက်တွင် ကြည်နူးကြေနပ်သော အပြုံးတစ်ခုကို မှေးတင်ထားရင်းနှင့် မတူညီသော လက်နှစ်ဖက်မှာတော့ မြဲမြဲမြံဆုပ်ကိုင်လျက်သား။
ညဉ့်အမှောင်သည်ကား မြဲမြံခြင်းအလို့ငှာ ဆွဲယူမထားနိုင်တော့ပေ။
နေ့သစ်၏ ထွန်းလင်းတောက်ပခြင်းကို အသို့မျှ မဟန့်တားနိုင်တော့ပေ။ ရှေ့ဆီမှာကား ရောင်နီလုံးကြီး တစ်ဖြည်းဖြည်းနှင့် ထွန်းလင်းလျက်သား။ ။
++++++++++++++++++++++++++++++++++++++++++++++++++++++
ကြွေရွက်ကယ် ရော်ရွင့်လို့ ကြွေတာမှမဟုတ်တာပ
အခိုက်ရယ်အခါမသင့်လို့ မိုးစက်ပွင့်နဲ့သော်မျှ
.ကြွေ မြေခရတာ
သက်တမ်းလွန်တယ်ရယ်လို့မှ မဟုတ်တာ
တစ်ချို့များ
အရွက်တွေလှိုင်လှိုင်ဝေ အသီးတွေ မြေကြွေသော်မှ
ဒီ(သည်) ပင်အို ခမ်းခြောက်သွားတယ်မရှိ
တစ်မိုးကုန် တစ်နွေပြောင်း တစ်ဆောင်းရောက်သော်မှ
ပန်းတွေဝေ၊ အသီးတွေ ခြွေနိုင်နေမှတော့
ရွက်ကြွေတွေအတွက်နဲ့
ပင်အိုဘဝတော့ မခံယူလိုဘူး
လိပ်ပြာတွေနားပါစေ
.ကျေးငှက်တွေပျော်ပါစေ
.ခြောက်သယောင်းသွားမှ
ငါ မီးလောင်ကြွမ်းပါရစေ
ပုရစ်ဖူးလေးတွေ ရှိနေနိုင်တုန်းတော့
ငါလေ…
ရွက်သစ်တွေ ဝေပါရစေဦး။
ကြွေလွင့် ပန်း
25 comments
ဇီဇီ
September 19, 2014 at 9:33 am
အင်းးး
နာမည်ပြောင်းလိုက်တော့ အသစ်လေးမှတ်လို့။
ပုရစ်ဖူးလေးတွေမပျက်မသုန်းမချင်း
ရွက်နုဝေနိုင်တဲ့ အခွင့်အရေးတွေ မပြတ်တွေ့နိုင်ပါစေဗျာ။
:s:
ကြွေလွင့် ပန်း
September 19, 2014 at 9:40 am
အသစ်စက်စက် လက်နှီးစုပ်ပါဗျာ
နည်းနည်းတော့ နွမ်းနေတာ သက်သက်ပါ။
ဇီဇီ
September 19, 2014 at 9:51 am
အားနေတုန်း ရင်ဖွင့်ပါဦးမယ်ဗျာ။
ကျနော် အရင်က အရာရာကို အလေးအနက်ထားတတ်တဲ့ သူတစ်ယောက်ဗျ။
အသက် ၂ရ နှစ်လောက်ထိပေါ့ဗျာ။
အဲဒီတော့ သူတစ်ပါးရဲ့ အပျော်လုပ်တဲ့ ကိစ္စ တွေမှာ ကိုယ့်ခံစားချက်တွေက အရမ်း အလေးအနက်နဲ့ အမြဲ တရွတ်တိုက် ပါပါသွားပါတယ်။
တစ်ခုခုကို စိတ်ထဲရောက်ပြီး ရင် နှစ်နဲ့ ချီပြီး မပျောက်ပဲ အရမ်း တနုံ့နုံ့ဖြစ်တတ်တာ။
ရှက်စရာလို့ ယူဆရင် လည်း ရှက်လို့ မပြီးးး
စိတ်ဆိုးစရာဆိုလည်း တော်တော်နဲ့မပြေ
နောက်ပိုင်း ဘယ်သူ က နာ လည်း ဆို ကိုယ်တိုင်ပါပဲဗျာ။
စိတ်ရော..
ခံစားချက်တွေရော….
အတွေးတွေရော …… ကိုယ်တိုင် မခံနိုင်တော့လောက်အောင် နာကျင်တတ်လာတဲ့ အချိန်မှာ ကိုယ့် ခံစားချက်နဲ့ စိတ်အခြေအနေကို ကိုယ်တိုင် တော်လှန်ရပါတယ်။
ကိုယ် အလေးအနက်ဖြစ်သလောက် သူများက ပေါ့ပေါ့ပဲလို့ သိတဲ့ အချိန်မှာ စိတ်နာတာတွေလည်း ပါတာပေါ့။
ဘယ်လောက် ထိ အောင်မြင်သွားတုန်းဆို
ခု မြင်တဲ့ အတိုင်းပဲ …
ဘာကိုမှ အလေးအနက်မထားတတ်တော့တဲ့ ….
အလေးအနက်ထားတတ်သူတွေကို လှောင်နိုင်ပြောင်နိုင်တဲ့ … အထိ ဖြစ်သွားပါတယ်။
ကျနော် ကံဆိုးလား ကံကောင်းလား မသိတာက…..
ကိုယ် အလေးအနက်ထားတတ်တဲ့ အချိန်က တွေ့တဲ့သူတွေက ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းသူတွေ များပြီးး
ခု ကိုယ်က ဘာမဆို ပေါ့ပေါ့ သဘောထားချိန်မှာ အလေးအနက်သမားတွေ တွေ့နေရသလို ပါပဲ။
ကျနော့ စိတ်က ထင်တာလည်း ဖြစ်မှာပဲ။
ဘာရယ်မဟုတ်။
ကျနော် အလေးအနက်သမားတွေကို ကိုယ်ချင်းစာ နားလည်တတ်တယ် ဆိုတာ လာပြောတာပါနော့။ ဒါပေမဲ့ လိုက် မလေးနက်နိုင်လောက်အောင်ကို ကျနော့ စိတ်ဓာတ်က ပုံပြောင်းသွားပြီရယ်။
:a:
ကြွေလွင့် ပန်း
September 19, 2014 at 10:08 am
ဆိုတော့ ကိုယ်ပိုင်အတွင်းစိတ်ကို တော်လှန်နိုင်ခဲ့တယ်လို့ဆိုမှာပေါ့
တစ်နည်းအားဖြင့်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုချစ်လွန်းလို့ ကိုယ်နာကျင်ရတာတွေကို လုံးဝဥပေက္ခာပြုလိုက်တဲ့သူ၊ ပြုနိုင်တဲ့သူလို့ ပြောနိုင်တယ်ပေါ့နော် (မြင်မိတာလေးပေါ့)
ဒါက ဘာကို ဆိုလိုသလဲဆိုတော့ ကိုယ်လိုချင်တာတစ်ခုကို အမြင့်ဆုံးရောက်သွားသူတွေမှာလဲ ဖြစ်နိုင်သလို ကိုယ်လိုချင်တာ ဘာမှ မရနိုင်တော့ဘူးလို့ (Relative field) တစ်ခုခုမှာပေါ့နော် လွှတ်ချလိုက်တယ်ဆိုတဲ့သဘောပေါ့။
ဒီနေရာမှာ ဘဝမှာ နေနည်းနဲ့ သေနည်းဆိုတာ ရှိလာပြန်ရော၊ နေရတာ ကျေနပ်တဲ့သူနဲ့ သေရမှာကို ကျေနပ်သွားသူဆိုတာရှိလာပြန်တယ်ဗျ။ တစ်ချို့များကတော့ နေနေရတာကိုပဲ ကျေနပ်နေသူတွေရှိတယ်။ တစ်ချို့တွေကတော့ ငါသေသွားခဲ့ရင် ဘယ်လိုလေးဆိုရင်တော့ တော်ပါပီလေဆိုပြီးရှိတယ်။
ပန်းတစ်ပွင့်ဖြစ်ခဲ့ပြီးမှ အသီးမသီးခဲ့ရင် ဘယ်လောက်ပဲ အလှဆုံးတွေပွင့်ပါစေဦးဗျာ၊ ပန်းပွင့်ဘဝမှာတော့ လူတစ်ကာ အားကျနေကြရမှာပဲ။ ဒါကို လိပ်ပြာတစ်ကောင်၊ ပိတုန်းတစ်ကောင်က ဝတ်ရည်တွေစုပ်သွားလို့ ငါ့ရနံ့ မမွှေးပျံ့နိုင်တော့ဘူးဆိုပြီး ပန်းကြွေဘဝနဲ့ မကြွေခင်ဘဝမှာ လှအောင်တော့ ဝေသွားပါရစေဆိုတာတွေက သေရမှာကို ကျေနပ်နေပေမယ့် နေရတာကို မကျေမနပ်ဖြစ်နေရသူတွေ။
ကျွန်တော့်အမြင်သက်သက်နဲ့များဆိုရရင်တော့ ကျွန်တော်သေရမှာကို တစ်ကယ်မကျေနပ်ဘူး၊ လုပ်ချင်တာတွေ၊ လုပ်ပေးချင်တာတွေ၊ ဖြစ်ချင်တာတွေ၊ မြင်ချင်တာတွေ အစရှိသည်ပေါ့ အများကြီးပဲ။
ဒါပေမယ့် နေရတာ ကျေနပ်သွားချင်တယ်၊ ငါတာဝန်ကျေခဲ့တယ်၊ ငါ့မှာ မျိုးဆက်လေးတွေရှိတယ်၊ ငါ့မှာ ငါ့ကို လူသားတစ်ယောက်အနေနဲ့ တန်ဖိုးထားသူတွေရှိတယ်၊ ငါ့ကို ချစ်တဲ့သူတွေရှိတယ်၊ ငါရှိခဲ့ဖူးတယ်ဆိုတာ သက်သေပြစရာရှိတယ်၊ ပြောရရင် “ငါ” ဆိုတဲ့စိတ်တွေ သိပ်များနေပေမယ့် သေခြင်းတစ်ခုရောက်ချိန်မှာတော့ ငါ့တာဝန်ကုန်ဆုံးခဲ့ပြီ၊ ငါတာဝန်ကျေခဲ့ပြီဆိုတာလေးကို ပိုလိုချင်ပါတယ်။
ဒီ့အတွက်ကြောင့် ခုတိုင်အောင် အရာရာကို အလေးအနက် ခံစားမိနေဆဲပါလို့ မတူညီသော ရှုထောင့်တစ်ခုက အမြင်ကို ပြန်လည်ဆွေးနွေးပါတယ် မဇီဇီခင်ဗျား။
ဇီဇီ
September 19, 2014 at 10:15 am
မှန်ပါတယ်ဗျာ။
ကိုယ့်ကိုယ်ကို အချစ်ဆုံးမို့ ကိုယ့်ကို ထိခိုက်မဲ့ အကြောင်းမှန်သမျှ အဝေးမှာ ပို့လိုက်တဲ့သဘောပါ၊.တစ်ခါတစ်ရံတော့ လည်း အဲဒီ အလေးအနက်စိတ်တွေက ပြန်ပြီး ရောက်လာတတ်တာပေါ့လေ။
နောက်ပြီး ကျနော်က ကျနော်ကို လိုအပ်ပါတယ် ဆိုတဲ့ လူတွေ (အမှန်က သူတို့ အတ္တအတွက် လိုအပ်ကြတာ) ရဲ့ ရက်စက်တဲ့စိတ်တွေကို ရှင်းရှင်းမြင်ဖူးခဲ့သူမို့ ဘာကိုမှ အယုံအကြည်မရှိတတ်တော့တာပါ။
ကိုယ့်အနာနဲ့ ကိုယ်ပေါ့ဗျာ။
ဒါပေမဲ့ ကျနော့ကို ကြည့်ရင်တော့ အဲဒီ အရာတွေ ဘာမှ မရှိခဲ့သလို နေနေပါတယ်။
ကိုရင် အမြင်ကိုလည်း နားလည်တယ်။
ရှိသင့်တယ် ဆိုတဲ့ စိတ်နဲ့ သဘောထားပါ။
🙂
ကြွေလွင့် ပန်း
September 19, 2014 at 10:32 am
သူတို့တွေ စိတ်စေရာခိုင်းသမျှ လိုက်လုပ်သမျှကို ခံခဲ့ရသူတစ်ယောက်အနေနဲ့ သူတို့တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို မတွေးဘဲနဲ့ သူတို့တွေ ဘယ်လို ဘယ်နည်းပုံနဲ့များ စိတ်စေစားရာ ကျေးကျွန်တွေဘဝ ရောက်ခဲ့တယ်ဆိုတာကို မြင်တတ်အောင် ကြည့်ပြီး ငါ့အလှည့်ကျရင် ဘယ်လိုရှောင်သင့်တယ်၊ ဆောင်သင့်တယ်ဆိုတာလေးများ မြင်အောင်ကြည့်တတ်မယ်ဆိုရင် ပိုပြီးရင့်ကျက်တည်ငြိမ်သူတစ်ယောက်ဖြစ်လာနိုင်သလို ဘဝမှာလိုချင်တာတွေ တစ်ဖြည်းဖြည်းနဲ့ဖြည့်ဆည်းနိုင်သူလို ဖြစ်လာမယ်ထင်ပါတယ်။ ငယ်ငယ်က ငှက်တစ်ကောင် ရေကရားထဲက ရေကိုသောက်ချင်လို့ ရေကရားထဲကို ကျောက်တုန်းတွေ ဖြည့်နေသလိုပေါ့။
အချိန်တော့ နည်းနည်းကြာတယ်၊ ဒါပေမယ့် သောက်ရတဲ့ ရေကတော့ သာမန်ရေထက်တော့ ပိုအရသာရှိသလို ပိုပြီး အေးမြနေမှာပဲလို့ အဲ့ဒီပုံပြင်လေးကနေ တွေးမိတယ်။
နောက်ဆုံး ဘာမှမရတောင် သူတို့အကြောင်းပြောစရာလေး ရလာတာပေါ့လို့
ဇီဇီ
September 19, 2014 at 2:54 pm
အားရာ……!!!!
တဂျီးးး
အိုင်ကွန်ရေးနည်းတွေပြန်ပြောင်းပြန်ပြီလားး
အဒိတ်ပါယ်တွေ မတူတော့ဘူးးး
ပြန် ကြည့်ရဦးမယ်၊
မနေ့ကမှ ဝါးကို သင်ထားတာ…
နောင် ရိုး
September 19, 2014 at 9:38 am
ဒဂုန်ရွှေမျှားခေတ် ဝတ္ထုတိုတွေကို သွားသတိရသွားသေးတယ်…
မှုန်မှုန်မှိုင်းမှိုင်း အတွေးတွေလဲ မြင်လိုက်သလိုပဲ….
လူ့ဘဝဆိုတာ တိုတိုလေးရယ်…
ကြွေလွင့် ပန်း
September 19, 2014 at 9:48 am
အတွေးတွေကတော့ မှုန်ရီမှိုင်းဝေလို့ မတောက်ပနိုင်သေးတာတော့ အမှန်တရားပါပဲ Bro
နောင် ရိုး
September 19, 2014 at 9:39 am
ဦးသွားပြန်ဘီ….ဒင်းးးးး
ခင် ခ
September 19, 2014 at 12:59 pm
ကြွေပြီးမှ ပြန်ကောက်ခါ တန်းဖိုးထားတဲ့ပန်းတစ်ခုက ခရေပန်း ဖြစ်ပေသည်။
မကြွေမှာတောင် ပူလို့ ကြွေချိန်ကို စောင့်ကြသူတွေကလည်း အများသားလေ။
( ဘာရယ်မဟုတ်ဘူး ဖတ်ပြီး ခံစားရင်း သတိရတာလေး ရေးလိုက်တာပါ)
Mr. MarGa
September 19, 2014 at 2:12 pm
ရေသောက်မြစ် မပြတ်သ၍
ရွက်သစ်တွေ ဆက် ဝေနေဦးမှာပါဗျာ…
ဒီအပင်ဟာ
ခြောက်ခမ်းသွားမယ့် အမျိုးမှ မဟုတ်တာ
manawphyulay
September 19, 2014 at 2:27 pm
နာမည်တွေ ခဏခဏ မပြောင်းပါနဲ့ မမှတ်မိဘူးရယ်…. 😥
kyeemite
September 19, 2014 at 2:36 pm
.ဘာပြောရမှန်းတောင်မသိဘူးကိုရင်ရယ် :p:
aye.kk
September 19, 2014 at 5:52 pm
ဖြစ်ပြန်ပျက်ပြန်
ရုပ်နှစ်နာမ်သည်
အမှန်မလွဲဆင်းရဲ၏
aye.kk
September 19, 2014 at 6:01 pm
ဖြစ်ပြန်ပျက်ပြန်
ရုပ်နှင့်နာမ်သည်
အမှန်မလွဲဆင်းရဲ၏
ကိုပေါက်(မန္တလေး)
September 19, 2014 at 10:08 pm
တကယ်တော့ အလေး အနက် အမြဲထားရင်လဲ မှားတယ်
ဘာကိုမှ အလေးအနက်မထားဘူးဆိုရင်လဲ မှားတာပါဘဲ
ထားသင့် တာထား
မထားသင့် တာမထားနဲ့
သူများအလေးအနက်ထားတာကို ကိုယ်က ပေါ့ ပျက် ပျက် သွားလုပ်ရင် မလေး စားရာရောက်ပါတယ်။
ဒါကတော့ကျနော့် အမြင်လေးပါ
ကြွေလွင့်ပန်းဆိုတာ ဘယ်သူမှန်း ကျနော်မသိပေမယ့် စာရေး ပုံ ကတော့ အတော်လေး ခန့် တယ် လို့ ချီးမွမ်းချင်ပါတယ်
မြစပဲရိုး
September 20, 2014 at 3:26 am
အဲလာ မောင်ရှုံး ပေါ့ ကပေါက်ကြီးရဲ့။
မောင်ရှုံး
ဘဝ ထဲ အားလုံးပြီးပြည့်စုံ ပြီး စိတ်တိုင်းကျ နေနေ သူ ဘယ်သူမှ မရှိပါဘူး။
(သူတော်စင် ရဟန်း တွေ ဆိုရင်တော့ မပြောတတ်)
သာမာန်လူ တွေ ကတော့ အကောင်း၊ အဆိုး တွေ နဲ့ ဒွန်တွဲ ထား တဲ့ အခြေအနေ တွေ ကို အမြဲ စိမ်ခေါ် နေရတာပါလေ။
ဒီတော့
အကောင်း တွေ့ရင်လဲ စိတ်ဓာတ် မတက်ဘဲ ရိုးရိုးလေး လက်ခံနိုင်ရင်
အဆိုး တွေ့ရင်လဲ စိတ်ဓာတ် မပျက်ဘဲ ရိုးရိုးလေး လက်ခံနိုင်ရင်
လောကကြီး မှာ တစ်ချို့ အခြေအနေက ကိုယ့် ရဲ့ အောက်မှာ မရှိတာကို လဲ သတိထား လက်ခံ လိုက်ရင်
ဘာဘဲဖြစ်ဖြစ် နေရတဲ့ ဘဝ လေးက နေပျော်ပါတယ်။
မင်းမှာ အနည်းဆုံးတော့ ရင်ဖွင့်ပြစရာ နေရာလေး တစ်ခု ရှိနေပြီဘဲ။
စိတ်ညစ်ချိန် ဟစ်တိုင် ကို လာခဲ့ပေါ့။
ဝိုင်းပြီး သမ (မှားလို့) နားထောင် ပေးမှာပါလေ။
:-))))
ဒါနဲ့
မင်းကလဲ ပန်းကြွေ တဲ့ စာရင်းဝင်သွားပြီလား။ သုံး ယောက်မြောက်ပေါ့။ 😛 :-))
ကြွေလွင့် ပန်း
September 22, 2014 at 3:31 am
အရီးရေ…
ပြောရရင် လက်ပြနှုတ်ဆက်သူတွေလဲ များနေပါပြီ
ကျွန်တော်လဲ ဝင်စို့ထွက်စို့လုပ်နေတာ များပြီ
အရင်က ဒီမှာ မရေးတော့ဘူးဆိုရင် ဖွဘုတ်မှာ ပေါက်ကွဲပြစ်တယ်
ခုတော့ ဖွဘုတ်ကို လုံးဝကို Deactivate လုပ်လိုက်ပြီဆိုတော့ ဘယ်နေရာမှာ စိတ်ထဲကဟာတွေကို လွှတ်ချရမလဲဆိုတာစဉ်းစားတော့ ငယ်ချစ်ကြီးပဲ သတိရလို့ စာပြန်ရေးဖြစ်တာဖြစ်ကြောင်းပါ။
ဝိုင်းသမတာတော့ မတတ်နိုင်တော့ပါဘူးလေ..။
pooch
September 20, 2014 at 12:34 pm
This shall too pass တဲ့ ရှုံးလူရဲ့
ကောင်းကောင်းဆိုးဆိုး ဘာမှ မမြဲပါဘူး
အခိုက်အတန့်ပါ
လိုတိုင်းမရလို့ စိတ်ညစ်ကျကြေးဆို ရှုံးနိမ့်ကျကြေးဆို လူတိုင်းအရှုံးသမားဖြစ်နေမှာပေါ့
ကျမဆို ငယ်ငယ်ထဲက အဖေဆုံးတယ်
၈ နှစ်လောက်မှာ မိဘနဲ့ခွဲပြီး အဖိုးအဖွားဦးလေးမိသားစုနဲ့ နေရတယ် မန်းလေးကျောင်းလာထားလို့
အားငယ်တတ်ရင် အားလျော့တတ်ရင်ဒီနေ့ ဒီလိုနေရာမှာတောင် ရှိနေမယ်မထင်ဘူး
ကြွေလွင့် ပန်း
September 22, 2014 at 3:29 am
ခုတော့ လက်ခံပါပြီဗျာ..
တစ်ခါတစ်လေတော့လဲ မုန်တိုင်းပြီးရင် လေပြေအေးအေးလေးတွေ တိုက်တဲ့အကြောင်းအရာကို ပြောပြချင်နေတာ..
ပြောလိုရင်းလွဲသွားတယ်ထင်ပါရဲ့
alinsett
September 21, 2014 at 12:47 pm
ဒီစကားပြေရေးပုံ….
တော်တော် ကြိုက်ခဲ့ဖူးတယ်။
ကြွေလွင့် ပန်း
September 22, 2014 at 3:27 am
ကျွန်တော်ကတော့ အဆင်ပြေတာနဲ့ ရေးလိုက်တာပါပဲ
ဘယ်လိုပုံလဲဆိုတာတော့ နားမလည်တာ အမှန်ပါ
ကိုပေါက်(မန္တလေး)
September 21, 2014 at 1:12 pm
အော် မောင်ရှူံး ဖြူ စိုင်းလူ ကျုုပ်ကို မျက်စေ့လည်အောင်လုပ်တယ် နော်
လိုရာမရ မလိုရာ ရ တိုင်း သာ
ရှုံးမယ်ဆိုရင် လောက ကြီး ထဲ က ထွက်သွား ရ တာကြာပေါ့
ကြွေလွင့် ပန်း
September 22, 2014 at 3:26 am
ဒီလို ရေးတဲ့ ရေးပေါက်ကို ဖတ်ဖူးတယ်လို့ရောများ မထင်ဘူးလား ဦးပေါက်ရေ..
တစ်ခါတစ်လေတော့လည်း မသိဘူးလို့ထင်တဲ့သူတစ်ယောက် ရေးတာကိုဖတ်လိုက်ရတော့ ဒီလူဒီစာတွေချည်းပဲ ရိုးနေတယ်ဆိုတာထက် နည်းနည်းလေး ဆန်းဆန်းလေးများ မြင်မိမလားလို့ပါ..
အပေါ်က ပြောခဲ့တာတွေအားလုံးကို၊ တစ်ခုအမြင်လွဲနေတာလေးပေါ့.. စာတတိယပိုဒ်မှာ ပြထားတဲ့အကြောင်းအရာကိုမရလိုက်ကြဘူးထင်ပါတယ်..
ပြောရရင်… အရှူံးပေးမနေတော့တဲ့အကြောင်းရယ်… နေ့သစ်ရောက်ကာနီးနေပြီဆိုတာရယ်ကို ပြောလိုရင်းပါ..
အားလုံးကို ကျေးဇူးတင်ပါကြောင်း