မအိပ်တဲ့ မြို ့ကလေး
ဂျူတီကုတ် ကို ချွတ်ပြီး သက်ပြင်းရှည် တစ်ချက် ကို ချ လိုက်ပေမယ့် အမောတွေ က ပြေမသွားဘူး။
ကင်ဆာ ဝေဒနာသည်တွေရဲ ့နာကျင်စွာ ညည်းတွားသံတွေ၊ ပိုက်တန်းလန်းနဲ ့ ခလေးငယ်တွေ။ .. ဆေးရုံဝန်ထမ်းတွေ ကို မကျေမနပ် ပြစ်တင်ပြီး၊ မန်နေဂျာနဲ ့စကားပြောမယ် ဆိုနေတဲ့ လူနာပိုင်ရှင် မိသားစု တစ်စု၊ နံဘေးမှာ အဆက်မပြတ် မြည်နေတဲ့ ဖုန်း စတဲ့ လုပ်ငန်းခွင် က အမောတွေ ကြောင့်၊ အလုပ်ပြီး သွားပေမယ့် ကျွန်မစိတ်တွေ ပေါ ့ပါးမနေဘူး။
အိမ်ပြန်ဖို ့စဉ်းစားမိပေမယ့် “ကြွက်တွင်း သာသာလောက် ရှိတဲ့ အခန်းကျဉ်းထဲ … တယောက်တည်း ငေါင်တောင်တောင်နဲ ့ နေမယ့် အစား၊ မရောက်တာကြာတဲ ့မြို ့ထဲ ဘက်ကို သွားမယ်” လို ့ ဆုံးဖြတ်ပြီး ထွက်ခဲ့တယ်။
***************************************************************************************************************
ကျွန်မ နေတဲ့ မြို ့ကလေး ကို ဘယ်တော့မှ မအိပ်တဲ့မြို ့(the city that never sleeps) လို ့ခေါ်ကြတယ်။ အများပြည်သူသုံး ကားတွေ၊ ရထားလို်င်းတွေ က ၂၄ နာရီ ပြေးဆွဲ ပေးနေပြီး၊ ညမှာဆို လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလို ့၊ လမ်းမတွေ ပေါ်မှာ လူတွေကလဲ မပြတ် သွားလာ နေတာကြောင့် အဲဒီလို တင်စားခေါ်တယ် နဲ ့တူပါရဲ ့။
မအိပ်တဲ့မြို ့ကလေးမှာ အတည်တကျ နေထိုင်ဖို ့မဆုံးဖြတ်နိုင်ခင်က နယူးဂျာစီ နဲ ့ဝါရှင်တန်ဒီစီ မှာ ကျွန်မ သွား နေကြည့်ပါသေးတယ်။ သွားရေး၊လာရေး အတွက် ကားမဝယ်နိုင်ရင် ကြာရှည် မရပ်တည်နို်င်တာ က တကြောင်း၊ အလုပ် အကိုင်ရှာဖွေရတာ ခက်ခဲတာက တကြောင်း ကြောင့် ကြာရှည် မနေနိုင်တော့ပဲ နောက်ဆုံး ဒီမြို ့ကလေးကို ပဲ ကျွန်မ ရွေးချယ်ဖြစ်ခဲ့တယ်။
အစပိုင်းမှာ လူရှုပ်ရှုပ်၊ ကားရှုပ်ရှုပ်နဲ ့မြို ့လေး က ကျွန်မ အတွက် မျက်စိနှောက်စရာ ဖြစ်နေခဲ့ပေမယ့်၊ ကြာတော့လည်း ကျင့်သား ရသွားတယ်။ မိုးလင်းရင် အလုပ်သွား၊ မိုးချုပ်ရင် အိမ်ပြန်နဲ ့တခြား မြို ့သူမြို ့ သားတွေ လိုပဲ ကျွန်မ သံပတ်ရုပ်တစ်ခုလို လှုပ်ရှားတတ်လာခဲ့တယ်။
ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာ မကြာခန မြင်ရတဲ့ အတိုင်း မြို ့လေး က ခေတ်မီတိုက်တာ ကြီးတွေ နဲ ့ ခပ်ဆန်းဆန်း လှပါတယ်။ Manhattan ခေါ် မြို ့လယ်ကောင် ရဲ ့ဘေး ပတ်ပတ်လည် မှာ ရေတွေ ဝန်းရံလို ့။ ပုံစံ ခပ်ဆန်းဆန်းနဲ ့ ဆောက်ထားတဲ့ အဆောက်အဦးတွေ က သူ ့ထက်ငါ မြင့်သထက် မြင့်အောင် နေရာယူလို ့။ အရပ်ပုတဲ့ ကျွန်မ အတွက် တချို ့ မိုးမျှော် အဆောက်ဦးတွေ ရဲ ့ထိပ် ကို မြင်ရဖို ့နောက်ကို လှန်ကျတော့ မတတ် မော့ကြည့်ရတဲ့ အထိပဲ။
အတွေးတွေ နဲ ့လမ်းလျှောက်လာရင်း …လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့ Times Square နားကို ရောက်လာတယ်။
Times Square မှာ ကမ႓ာကျော် Broadway ပြဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံကြီးတွေ၊ သက်ဝင် လှုပ်ရှားနေတဲ့ ကြော်ငြာ ပိုစတာ ဒီဇိုင်းတွေ ကြောင့် အမြဲလူစည်ကားလေ ့ရှိတဲ့ နေရာပါ။ တစ်နှစ် ကို နိုင်ငံခြားဧည့်ခရီးသွားပေါင်း သန်း ၅ဝ ကျော် လာလေ့ရှိတဲ့ မြို ့ကလေးရဲ ့ စွဲဆောင်မှုရှိတဲ့ နေရာ တစ်ခုလဲ ဖြစ်တယ်။
လွတ်နေတဲ့ လှေခါးထစ် တစ်ခုမှာ အသာ ဝင်ထိုင်ရင်း မြို ့လေးရဲ ့ ညအလှ ကို ကျွန်မ ငေးမော ကြည့်နေမိတယ်။ မြင်းလှည်းတွေ၊ ဆိုက်ကားတွေနဲ ့ဓာတ်ပုံရိုက်သူရိုက်..ကြော်ငြာပိုစတာကြီးတွေ မှာ ကိုယ့်ရုပ်ပုံပေါ်လာတာ ကို ကြည့်ပြီး လက်ခုပ် တီးသူတီး၊ Mickey Mouse လို (ဒါမှမဟုတ်) ဒီမြို ့လေးရဲ ့ သင်္ကေတ တစ်ခုဖြစ်တဲ့ လွတ်လပ်ရေးမိခင်ရုပ်တု (Statue of Liberty) လို ဝတ်စားထားသူတွေ နားမှာ ဓာတ်ပုံ ရိုက်ဖို ့တန်းစီသူတွေ က စီနဲ ့။ ကင်မရာမီး တဖျပ်ဖျပ်၊ ရေမွှေးနံ ့ပေါင်းစုံ ကြား…တနေ ့တာ အမောတွေ ကို ခနတော့ ကျွန်မ မေ့သွားမိတယ်။
ခပ်လှမ်းလှမ်းမှာ Naked Cowboy လို ့ခေါ်တဲ့ ကောင်းဘွိုင်ဦးထုပ် တစ်လုံး ကို ဆောင်း၊ ဝတ်လစ် စလစ် နဲ ့ ဂီတာတီးပြီး သီချင်းဆိုနေတဲ့ ကောင်းဘွိုင် နားမှာ လူတွေ ဝိုင်းပြီး အားပေးနေတာကို လဲ လှမ်းမြင်နေရတယ်။ နှင်းတွေ ကျပြီး ချမ်းအေးလှတဲ့ ဆောင်းတွင်း မှာတောင် အဲဒီ ကောင်းဘွိုင် က အဝတ်မပါတဲ့ အတွက် သူ ့ ပရိသတ်တွေကလဲ မနည်းပါဘူး။
ကျွန်မလို ပဲ လှေကားထစ်ပေါ် ထိုင်နေသူတွေ ဆီက စကားပြောသံတွေ ကို အာရုံစိုက်လိုက်မိတော့၊ တရုတ်၊ စပိန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ အိန္ဒိယ စသဖြင့် ဘာသာစကား မျိုးစုံလှတာကို သတိထားမိတယ်။ တလောက လုပ်ထားတဲ့ သုတေသနတစ်ခု မှာ ဖတ်လို်က်ရတာ..လူဦးရေ ၈ သန်းခွဲ လောက်ရှိတဲ့ ကျွန်မတို ့မြို ့ကလေးမှာ ၊ ဘာသာ စကားပေါင်း ၈၀ဝခန် ့ပြောဆိုကြတဲ့ အကြောင်း မှတ်သားရဖူးတယ်။
***************************************************************************************************************
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တာ ကို က မြို ့ကလေးကို ပိုပြီးထူးခြားစေတယ် လို ့ထင်ပါတယ်။ အာဖရိကန်လူမျိုးတွေ အနေများတဲ့ ရပ်ကွက်၊ စပိန်လူမျိုးတွေ နေတဲ့ ရပ်ကွက်၊ ဂျူးလူမျိုးတွေ အနေများတဲ့ ရပ်ကွက် စသဖြင့် စုံစုံလင်လင်ရှိလှတယ်။
ကျွန်မ နေတဲ့ Queens အရပ်မှာတော့ အာရှနိုင်ငံသားတွေ နေတဲ့ နေရာပဲ ခေါ်ရမယ် ထင်ပါတယ်။ မြန်မာ ဘုန်းကြီးကျောင်းတွေ ကလဲ ဒုနဲ ့ဒေးပါပဲ။ ကုလားတန်း၊ တရုတ်တန်း စတဲ့ နေရာတွေ မှာ ပဲပြုပ်က အစ ဓညင်းသီးက အဆုံး ဝယ်လို ့ရတယ်။
ဘယ်လောက်တောင် အာရှဆန်သလဲ ဆိုရင်…တရုတ်တန်းသွားလို ့ စားစရာမှာတဲ့ အခါဖြစ်ဖြစ်၊ အပေါ ့အငံ လိုလို ့တခုခု ထပ်တောင်းတဲ့ အခါ ဖြစ်ဖြစ် စားပွဲထိုးတွေ က “NO English” လို ့ပြန်ပြောတတ်တဲ့ အထိပါပဲ။ အမေရိက ကို ရောက်တာ နှစ်ပေါင်းကြာပေမယ့် အခုထက်ထိ အင်္ဂလိပ်လို မပြောတဲ့ မြန်မာတွေ၊ တရုတ်တွေ အများကြီးပါ။ လေ့လာမှုအားနည်းတယ် ပြောရမလား၊ ရိုးရာကို ထိန်းတယ်လို ့ပဲ ဂုဏ်ယူသင့်သလား မပြောတတ်ပါဘူး။
မြို ့ကလေးရဲ ့အားသာချက်တွေ ထဲမှာ နိုင်ငံပေါင်းစုံ က အစားအစာ ပေါင်းစုံ ကို အလွယ်တကူ ဝယ်လို ့ ရတာလဲပါတယ်။ လမ်းဘေးတွေမှာ တွန်းလှည်းတွေနဲ ့တရုတ်၊ မက်စီကန်၊ အနိ္ဒယ စတဲ့ အစားအစာ မျိုးစုံ ကို ဈေးနှုန်းသက်သက် သာသာနဲ ့ရနိုင်တယ်။ ဟော့ဒေါ ့တစ်ခု ကို ၂ ဒေါ်လာ ကနေ၊ ထမင်းနဲ ့ အသားကင် ၆ဒေါ်လာ လောက် ပဲ ကျတာမို ့၊ စားသောက်ဆိုင်ကြီး တွေ မှာ ဝင်စားတာထက် စာရင် အတော်လေး ဈေး သက်သာပါတယ်။
နယူးဂျာစီမှာ နေတုန်းက တော့ တွန်းလှည်းနဲ ့ဆိုင်ဆိုတာ မမြင် ရ သလောက်ပဲ၊ ဆိုင်တွေ ကလဲ ဝေးတော့ ကားရှိမှ သွားလို ့ရမှာမို ့..အစားမက်တဲ့ ကျွန်မ ဒုက္ခရောက်ခဲ့ဖူးပါတယ်။
အမေရိက ရဲ ့မြို ့တွေ တော်တော် များများ ကို လျှောက်သွားကြည့်တော့ မှ ကျွန်မတို ့မြို ့ကလေး ရဲ ့ထူးခြားမှု တွေ ကို ပိုပြီး သတိထားမိလာတယ်။
နယူးယောက် မှာနေပြီး ၂ နှစ်လောက်မှာ ကယ်ရီဖိုးနီးယား ကို ကျွန်မ အလည်သွားတော့၊ မြို ့ ခံ တယောက်က “ဟေး..ဟောင်းအာယူ” ဆိုပြီး လှိုက်လှိုက်လှဲလှဲ လာ နှုတ်ဆက် တယ်။ “ငါနဲ ့လဲ မသိပဲနဲ ့လာ စကားပြောတယ်။ စိတ်မနှံ ့တာပဲ နေမှာပါ” လို ့ထင်ပြီး ကျွန်မ ဘာမှ ပြန်မပြောလိုက်မိဘူး။
နောက်တော့ … လမ်းမှာ ဆုံတဲ့ လူတိုင်း လိုလို၊ သိသိ မသိသိ တယောက်နဲ ့ တယောက် ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက် ကြတာမြင်တော့ မှ “ အော်.. ငါ့မြို ့လေးက လူတွေ က မပြုံးနိုင်ကြပါလား၊ သိပ်ပြီး မဖော်ရွှေကြပါလား” ဆိုတာ သွားသတိထားမိတယ်။
လူတွေက သွားသုတ်သုတ်၊ လာသုတ်သုတ်နဲ ့ ဇောကပ်နေကြတော့ တယ်ပြီး မဖော်ရွှေ နိုင်ကြဘူးနဲ ့တူပါရဲ ့။ အင်းလေ..ကျွန်မတောင် လှိုက်လှိုက်လှဲလှဲ မပြုံးတတ်တာ ကြာပါရောလား…။
***************************************************************************************************************
Times Square မှာ ဆက်ပြီး ထိုင်နေချင်ပေမယ့် လဲ ည ၁၁ နာရီ ခွဲ ပြီမို ့ အိမ်ပြန်ဖို ့ဆုံးဖြတ်ရတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ ဒီလောက် ညဉ့်နက်တဲ့ အချိန်ထိ မိန်းကလေး တယောက်တည်း အပြင်မှာ နေနေရသလား ဆိုပြီး မယုံသင်္ကာ မျက်လုံးတွေ နဲ ့ကြည့်ချင်သူတွေ ရှိပါလိမ့်မယ်။
နယူးယောက် မှာ တော့ ညနက်သန်းခေါင် ကနေ ၊ မိုး အလင်းပေါက်ခါနီး အထိ မိန်းကလေးတွေ တစ်ယောက်တည်း သွားလာတာ ကို အထူးအဆန်း တစ်ခု လို ဖြစ်မနေပါဘူး။ ကျောင်းချိန်၊ အလုပ်ချိန်တွေ မတူကြတော့ အဖော်ပါမှ ဆိုပြီး စောင့်နေဖို ့ လဲ မဖြစ်နိုင်ဘူးလေ။
ရထားပေါ်ရောက်တော့ .. နေ ့ခင်းပိုင်းမှာလို ထိုင်ခုံတွေ လုနေစရာမလိုဘူး။ ချောင်ချောင် ချိချိပါပဲ။ မြို ့ ပတ် ရထားတွေ ကလဲ မြေအောက်မှာ တောင် မက၊ ရေအောက်မှာပါ သွားလို ့ရအောင် ဖောက်ထားပါတယ်။ တချို ့ မှတ်တိုင်ကြီးတွေ မှာဆို.. မြေအောက်မှာ တောင် သုံးဆင့်လောက် ထပ်ခွဲထားသေးတယ်။ တချို ့ နေရာမှာ ရထားမှတ်တိုင်တွေ က မသန် ့ရှင်းလှပေမယ့်၊ ကျွန်မတို ့လို ဖွံ ့ဖြိုးစ နိုင်ငံကနေ လာတဲ့ သူတွေ အတွက် တော့ သန် ့နေပါသေးတယ်။
ကျွန်မစီးတဲ့ ရထားတွဲ ရဲ ့ ဘယ်ဘက် ဒေါင့် မှာ အိမ်ခြေရာမဲ့ လို ့ထင်ရတဲ့ အဖိုးအိုတစ်ယောက် က စောင်လေး တစ်ထည် ခြုံပြီး ခပ်ခွေခွေ အိပ်လို ့(နှင်းတွေ ထူထူထပ်ထပ်ကြတဲ့ ဆောင်းတွင်းမှာ မြို ့ပတ်ရထားထဲ ဝင်အိပ်ရတာ သူတို ့ အတွက် ပိုပြီးနွေးလို ့နဲ ့ တူပါတယ်။ ဆောင်းတွင်းမှာ ရထားတွဲတွေထဲ သူတို ့တွေ ကို မြင်တွေ ့ရတတ်ပါတယ်)
ကျွန်မရဲ ့အရှေ ့တည့်တည့် မှာတော့ လိင်တူချစ်သူ အမျိုးသားနှစ်ယောက်၊ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းတွေ နဲ ့ တယောက် ကို တယောက် လက်ကလေး ကိုင်လိုက်ကြ၊ နမ်းလိုက်ကြ နဲ ့လုပ်နေကြတယ်။ မြို ့ကလေးမှာ လိင်တူ ချစ်သူများ တရားဝင် လက်ထပ်ပိုင်ခွင့် ကို ၂၀၁၁ ဇူလိုင်လ တုန်းက မှ တရားဝင် ဥပဒေ ပြဌာန်း ထားတာပါ။ သူတို ့တွေ လွတ်လွတ်လပ်လပ် ချစ်ကြပါစေဆိုပြီး မျက်လုံးတွေ ကို အသာမိတ်၊ ဖုန်းနားကြပ် ကို နားထဲထည့် ပြီး တင်ဇာမော်ရဲ ့ “စွဲလမ်းမှုပြသနာ” သီချင်း ကို နားထောင်ရင်း… ရထားပေါ်က အချိန်တွေ ကို ဖြိုနေလိုက်တယ်။
ရေအောက်မှာ ဖောက်ထားတဲ့ Tunnel ကို ဖြတ်ပြီးတဲ့ အခါ၊ ရထားက မြေပေါ် ပြန်ရောက်လာတော့ ကုလသမဂ အဆောက်အဦး ကို လှမ်းမြင်ရတယ်။ ကုလသမဂ ဌာနချုပ်ရှိ နေတဲ့ အတွက် မြို ့ကလေး က နိုင်ငံတကာ သံတမန်ဆက်သွယ်ရေး အတွက် အရေးပါတဲ့ နေရာလဲဖြစ်ပါတယ်။ မမြင်ရတဲ့ ဦးသန် ့ကျွန်းကို စိတ်ကူးနဲ ့မှန်းကြည့်ရင်း ဂုဏ်ယူမိလိုက်သေးတယ်။
အိမ်ပြန် ရောက်တော့ ည ၁ နာရီ ထိုးခါနီးပြီ။ မြန်မာတွေ နေတဲ့ ရပ်ကွက် ဆိုတော့ ဘယ်အိမ်က မှန်းမသိ ဖွင့်ထားတဲ့ ခင်မောင်တိုး သီချင်းသံ ကို ခပ်သဲ့သဲ့ ကြားနေရတယ်။ ရေမိုးချိုးပြီးတော့ .. မျက်လုံးတွေ ကျယ်နေသေးတာနဲ ့ …Facebook ပေါ်တက်ပြီး သူငယ်ချင်းတွေနဲ ့ချက်တင် လုပ်ဖို ့ ကြည့်လိုက်တယ်။ ဒီအချိန် မြန်မာပြည်မှာ ဆို နေ ့ခင်းဖြစ်တော့၊ အလုပ်ထဲပဲ ရောက်နေကြသလား(ဒါမှမဟုတ်) အင်တာနက် ကွန်နက်ရှင် မကောင်းလို ့လား မသိဘူး။ တစ်ယောက်မှ ကို မတွေ ့ဘူး။ ဒါနဲ ့ ကွန်ပျူတာ ကို ပြန်ပိတ် ပြီး အိပ်ရာထဲ အသာ ဝင်လှဲ နေလိုက်တယ်။
အင်း..မနက်ဖြန် ဆို သောကြာနေ ့။ လစာထုတ်ရမယ့်နေ ့ပဲ။ အိမ်လခ ၊ ဖုန်းခ နဲ ့ ကျောင်းအကြွေးတွေ ရယ်၊ တခြား အသုံးစားရိတ်တွေရယ် ပေးရဦးမှာပါလား…။
အဲဒါတွေ ပေးပြီးရင်တော့ နောက် ၂ ပတ် လစာ ပြန်ရတဲ့ အထိ ချွေတာပြီး သုံးဦးမှပဲ ။ နေထိုင်မှု စားရိတ်မြင့်လှတဲ့ နယူးယောက်မှာ ရသမျှ ဝင်ငွေ က အိမ်လစာ ပေးတာနဲ ့ကုန်သလောက်ပဲ။ အမေ ့ကို ငွေ မပို ့နိုင်တာ တောင် ကြာလှပြီ။ ဘယ်တော့များမှ ငွေစုနိုင်မလဲ….
အခုလို အိပ်နေရင်းနဲ ့ ငါသာသေသွားရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်က ကျွန်မ အိမ်ရှေ ့ ခန်းမှာ နေနေတဲ့ ကိုးရီးယား အဘိုးကြီး ဆုံးသွားတာ ကျွန်မတို ့မသိလိုက် သလိုပေါ ့။ အိမ်နီးချင်းပေမယ့်၊ ဘာသိဘာသာ နေတတ်တဲ့ ဒီနိုင်ငံရဲ ့ဓလေ ့ကြောင့် တယောက်နဲ ့ တယောက် ရင်းရင်းနှီးနှီးမရှိကြဘူးလေ။ ငါ့အလောင်း မပုပ်ခင် တွေ ့ကြဖို ့တော့ ကောင်းရဲ ့…အင်း..ငါ ဘာတွေ တွေးနေမိပါလိမ့်။
အတွေးပင်လယ် ထဲ မျောပါရင်း၊ သက်ပြင်းတွေ ကို ရှိုက်ထုတ်ရင်း နဲ ့ အခန်းကျဉ်းထဲမှာ ကျွန်မ လေရှုလို ့ မဝ သလိုတောင် ဖြစ်လာတယ်။
စကန် ့တိုင်းမြည်နေတဲ့ နာရီသံ တချပ်ချပ်က ကျယ်ကျယ်လောင်လောင် မြည်လို ့။ နာရီကို ကြည့်လိုက်တော့ မနက် ၃ နာရီထိုးပြီ၊ မနက်ဖြန် ၉ နာရီမှာ အစည်းအဝေးရှိတယ် နောက်ကျလို ့မဖြစ်ဘူး…ပျော်အောင် အိပ်မှပဲ။
ခင်မောင်တိုးသီချင်းသံလဲ တိတ်သွားပြီ။ လူတွေ လဲ အိပ်ကုန်ကြပြီ။ ငါတယောက်တဲ မအိပ်သေးတာ နေမှာလို ့ တွေး နေတုန်း …အရေးပေါ် လူနာတင် ကားတစ်စီး အသံ ကျယ်ကျယ်လောင်လောင် နဲ ့အိမ်ရှေ ့လမ်းမပေါ်က ဖြတ်သွားတာကြားလိုက်တယ်။
အော်..မြို ့ကလေး လဲ မအိပ်သေးပါလား။
မစုဉာဏ် (နယူးယောက်)
19 comments
ကေဇီ
October 3, 2014 at 12:51 pm
ရေးတာကောင်းလိုက်တာ။
ပို့(စ) တင်တာလည်း သပ်ရပ်တယ်။
မအိပ်တဲ့ မြို့က အမျိုးသမီးလေးကို
အိပ်ချိန်တွေ ခိုးယူတတ်တဲ့ ရွာကလေးကနေ အအိပ်သိပ်မက်တဲ့ ဇီဇီမှ ကြိုဆိုပါကြောင်းး
:chit:
pooch
October 3, 2014 at 1:17 pm
အော်… ဒီက လှမ်းကြည့်တော့လည်း ဟိုဘက်ကမ်းက မီးထိန်ထိန်
ဟိုက လှမ်းကြည့်တော့လည်း ဒီဘက်ကမ်းက မီးထိန်ထိန်
ဘဝဆိုတာက သူ့နေရာနဲ့သူ သူ့အတိုင်းတာနဲ့သူ ရုန်းကန်လှုပ်ရှားနေရတာပါပဲ
ဟာမိုနီကျအောင် ကိုယ့်ဖာသာကိုယ်လည်း မနည်းကြိုးစားနေရတယ်
တခါတခါ လူအိပ်ပေမဲ့စိတ်ကမအိပ်နိုင်လို့ ပလပ်ကျွတ်တာတွေလည်း မနည်း
ကြိုဆိုပါတယ် မစုဉာဏ်
Yae Myae Tha Ninn
October 3, 2014 at 1:38 pm
ဟုတ်ပ .. ရွာလေးနဲ့ မစိမ်းသလိုပဲ… ပို့စ်တင်တာ ကျော့်ထက်တောင် သပ်ရပ်သေး…. အားပေးသွားပါတယ်… 🙂
kyeemite
October 3, 2014 at 1:58 pm
.အင်မတန်ဖတ်ကောင်းတဲ့ပို့စ်လေးပဲဗျ
.မအိပ်တဲ့မြို့တွေအကြောင်းသဂျီးတောင်ပြောဖူးတယ်
.ရွာထဲကို စာရေးကောင်းသူတစ်ယောက်ရောက်လာလို့ကြိုဆိုပါတယ်ဗျာ :))
တောင်ပေါ်သား
October 3, 2014 at 2:27 pm
အိပ်မရသူတစ်ယောက်မို့
အဲဒီမြို့မှာ နေချင်လိုက်တာ ၊
ခင် ခ
October 3, 2014 at 3:54 pm
မအိပ်တဲ့မြို့ တဲ့လား
အတော်သာယာမယ်ထင်တယ်နော့
Crystalline
October 3, 2014 at 4:05 pm
စာရေးကောင်းလိုက်တာ…အတွေ့အကြုံတွေလည်းဖတ်ချင်ပါသေးတယ်.. :-))
ကိုပေါက်(မန္တလေး)
October 3, 2014 at 4:41 pm
မီးအမှောင် ထဲ မှာ နေရ သူက အလင်းကိုမျှော်သလို
အလင်းထဲ နေရသူကလဲ တစ်ခါ တစ်လေ မီးမှိတ်လို့ အိပ်ချင်ပါသတဲ့။
ဘဝ ဆို တာ တစ်ယောက် ဘဝ ကို တစ်ယောက် အားကျရင်း
ကိုယ့် ဘဝ ကိုယ် မကျေ မနပ်ဖြစ်ရင်း နဲ့ ဘဲ အချိန်တွေ ကုန်သွားတတ်ပါသတဲ့
မစုဉာဏ် မတူခြားနားတဲ့ ပိုစ်တွေကိုမျှော်နေပါမယ်
kai
October 3, 2014 at 4:56 pm
မင်္ဂလာပါ..
ကြိုဆိုပါတယ်..။
အင်း..
နယူးယောက်မြို့ကြီးကိုများ.. မအိပ်တဲ့မြို့ကလေးတဲ့..
ဟုတ်ချင်လည်းဟုတ်မှာပေါ့…
မြို့ကို..လမ်းလျှောက်တာ.. ဟိုဖက်ထိပ်ဒီဖက်ထိပ်.. အပ်တောင်း-ဒေါင်းတောင်း.. အပြန်အလှန်…။
လျှောက်လို့ရသဗျ..။ :k:
manawphyulay
October 3, 2014 at 5:01 pm
ဒါနဲ့ ပုံ ရန်အောင်ကလေ နယူးယောက်က မောင်ရန်လားဟင်….
ရန်ကုန်မြို့ကြီးလည်း မအိပ်ပါဘူးနော်…
မစုဉာဏ်
October 4, 2014 at 7:58 pm
ဟုတ်ပါတယ်။ နယူးယောက်က blogger ကိုရန်အောင် ရိုက်ထားတဲ့ ပုံလေးပါ။
Iris
October 3, 2014 at 8:48 pm
နယူးယောက်မှာဦးကြောင်ရှိတယ်တဲ့။ သတိ ကြောင်ကုတ်တတ်သည်။ 😛
မစုဉာဏ်
October 4, 2014 at 7:55 pm
post တင်ဖို ့တောင် စမ်းတဝါးဝါးနဲ ့ ကြိုးစားနေတဲ့ အချိန်မှာ အခုလို အချိန်ပေးပြီး comment တွေ ပေးသွားကြ၊ နွေးနွေးထွေးထွေး ကြိုဆိုကြတာ ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီး ရေးနိုင်အောင် ကြိုးစားသွားပါမယ်။
Ma Ma
October 5, 2014 at 7:46 am
ရေးလက်ကောင်းတစ်ယောက် ပေါ်လာပြန်ပြီကော။ 🙂
ဝမ်းသာအားရကြိုဆိုပါတယ်။
နောက်ကျတဲ့ ကြိုဆိုမှုအတွက်လည်း ခွင့်လွှတ်ပါ။
မစုဉာဏ်ဆိုတဲ့ နာမည်လေးက ထူးခြားလှပနေသလို
ပိုစ့်လေးကလည်း နာမည်နဲ့လိုက်ဖက်ညီစွာ ထူးခြားလှပနေတယ်။
မြစပဲရိုး
October 8, 2014 at 10:49 pm
စိတ်ဘဲထင်လို့လား မသိ။
ဒီနေ့ ခေတ် မှာ အဖြူ တွေက ပိုပြီး ဖော်ရွေစိတ်ရှိပြီး လူကို လူလို့ မြင်တတ်ကြသလိုဘဲ။
ကိုယ့်ပြည် ကိုတော့ မပြောတော့ဘူး။
အရှေ့တိုင်း ဝင်လိုက်ပြီ ဆိုတာနဲ့ လူတွေ ကြည့်ရတာ မျက်နှာသေကြီး တွေ နဲ့။
နောက်ပြီး ကျေးဇူးနော် ဆိုတာ ကို လုံးဝ မကြားရသလောက်။
အိမ်ဖော် သုံးနေတာလဲ အရှေ့တိုင်း မှာ ဆိုတော့ လူ ကို လူ လို ဆက်ဆံနိုင်သလား အဲဒီမှာ တွေ့ မှာဘဲ။
lol:-))
အလင်းဆက်
October 9, 2014 at 4:19 pm
စာရေးကောင်းတဲ့အချက်ကိုရော..
ပိုစ့်ဖတ်ရင်း.. ကိုယ်မရောက်ဖူးတဲ့နယ်မြေအကြောင်း ဗဟုသုတရစေတာကိုပါ….
အသိအမှတ်ပြုမိပါကြောင်း….
ပိုစ့်တွေ အဆက်မပြတ် ဖတ်ချင်နေမိပါကြောင်း
ခင်မင်လျက်…
uncle gyi
November 9, 2014 at 10:41 pm
စာကြမ်းပိုးညွွှှန်းလို့ဝင်ဖတ်ကြည့်တာ
ရေးသားမှုအတော်ညက်တာပဲ
ကျွန်တော့ထက်အများကြီးသာပါကြောင်း
အားပေးနေပါမယ်
Yae Myae Tha Ninn
November 10, 2014 at 9:34 am
ရန်ကုန်မှာတော့ မအိပ်တဲ့ မြို့နယ်တွေ ရှိတယ်… ဗဟန်း ရွှေတိဂုံဘုရားရှေ့မုခ်နားက ရပ်ကွက်လေး.. လုံးဝ မအိပ်… ဘုရင့်နောင်က သီရိမင်္ဂလာဈေးသစ်လေး… တကယ်ကို မအိပ်ရဘူး… 🙂
Shwe Ei
November 10, 2014 at 11:52 am
ဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာ ရနေတဲ့ တန်းတူအခွင့်အရေးဆိုတာ ညနက်မှအိမ်ကို တယောက်ထဲပြန်ရင်လဲ အမျိုးသမီး အမျိုုးသားဆိုတာထက် ကို့ကိတ်စနဲ့ကို လမ်းပေါ်သွားနေတဲ့ လူတစ်ယောက်လို့ဘဲ မြင်ကျတာ မျိုးထင်ပါရဲ့။ မြန်မာပြည်မှာတော့ ညဘက်လမ်းထွက်တဲ့ မိန်းမနဲ့ နေ့ဘက်လမ်းထွက်တဲ့ မိန်းမ ခွဲခြားပြီး ကြည့်နေတတ်ကျတုန်းပါဘဲ။ အခန်းငှားပြီး တယောက်ထဲနေရရင်တော့ မျက်စိမှတ် နားပိတ်ပြီးတော့ဘဲ နေရမလို 🙂
ပိုဆိုးတာက မြို့ခံမဟုတ်လို့ ဆွေမရှိမျိုးမရှိ တသီးတသန့်နေပြန်ရင် တမျိုးတွေးကျသေးတာ။
အော်…ဘာဒဲ့..ဘုရားစူးမိုးကြိုးပစ် တန်းတူအခွင့်အရေး..လို့