ဦးဖိုးဝင်း၏ ဖိုလ်ဝင်တောင်ဆီသို့ ….
ဖိုလ်ဝင်တောင်ဆီကို မရောက်ဖြစ်တာကြာခဲ့ပါပြီ။ မေ့သလောက်တောင် ရှိနေပြီမို့ ဒီတစ်ခေါက် မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။ တောင်တန်းတွေ၊ တောင်ကတုံးတွေ၊ အဲဒီတော့မှ သတိရမိတာက လက်ပန်းတောင်းတောင်ဆိုတာ ဘယ်ဟာများပါလိမ့်ပေါ့။ ဘယ်တောင်ဖြစ်မလဲလို့ လျှောက်ပြီးမှန်းကြည့်ခဲ့ကြတယ်။ တောင်ကြီးတစ်ခုထိပ်မှာ ယန္တရားနဲ့ အလုပ်လုပ်နေကြတာတွေ့ခဲ့ရသေးတယ်။ ကားပေါ်ကနေမို့လို့ ဓါတ်ပုံသေချာမရိုက်ခဲ့ရဘူး။ ကားသွားရင်း ဒီအတိုင်းရိုက်လိုက်တာမို့လို့ သိပ်တော့ မထင်ရှားဘူး။
ထူးထူးခြားခြား သတိထားမိခဲ့တာက တွင်းသေးသေးလေးတွေ၊ လမ်းတစ်လျှောက် တွေ့ရတယ်။ ကြေးနီတွေကို တစ်နိုင်တစ်ပိုင်များတူးနေကြတာလားလို့ တွေးကြည့်မိသေးတယ်။ ဟုတ်မဟုတ်တော့မသိ။
ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ ခရီးသွားနဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။
အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း ငါးရာ မှစခဲ့သည်ဟုရေးသားထားပြီး သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းက အနှစ်ပေါင်း သုံးရာ ဟုမှတ်ချက်ပြုခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်းသုတေသနဌာန မှ နှစ်ပေါင်း ခွန်နှစ်ရာ ဟူ၍ အမျိုးမျိုးကွဲပြားကြသော်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေထဲတွင် ထည့်သွင်းခံထားရသည်ဟု သိရှိခဲ့ရပါတယ်။
ဖိုးဝင်းတောင်ကို ယခုတော့၊ဖိုလ်ဝင်တောင်ဟုသာဆိုင်ဘုတ်တပ်ထားပြီး တစ်ကယ်က ဇော်ဂျီ ဦးဖိုးဝင်း နေခဲ့တဲ့တောင် ဖြစ်ပါသည်။ ဦးဖိုးဝင်းသည် ဖိုးဝင်းတောင်နဲ့မနီးမဝေးမှ စဖိုတောင်မှာ ဂူနန်းနဲ့ အနေများကာ၊ အဲသည်တောင်မှ ထွက်တဲ့ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ကိုသာ စားသောက်ကာ၊ ကျင့်ကြံအားထုတ် ဖိုလ်ဉာဏ်ရခဲ့ပါသတဲ့၊၊ ဖိုလ်လမ်းစခန်း၊သွားရင်း ရေကန်ထဲမှ ကြာဖူးကြီးထဲမယ် သန္ဓေတည်၊ ဖွားတဲ့ မိန်ကလေးငယ်ကိုမွေးစားခဲ့ပြီး သမီးကညာအရွယ်ရောက် တော့ ယောက်ျားပေးစားဘို့အရေး၊ ဘုရင်နှစ်ပါးအကြားဗျာများခဲ့ရပါသည်တဲ့။ ရာဇဝင်တွေအရတော့ ဦးဖိုးဝင်းကြီးခေတ်ပြိုင် ပုဂံမင်း နရပတိစည်သူမင်းကလည် ဝါးလုံးထဲသန္ဓေပါလာပြီးမွေး တဲ့ ဝေလုဝတီ မင်းသမီးကိုမွေးပြီး အရွယ်ရောက်တော့ မိဘုရားမြှောက်စားသတဲ့။ ဦးဖိုးဝင်းကြီးရဲ့သမီးကိုနန်းတော်အသားဆက်ရတဲ့ မုဆိုးက တောလည်ရင်းမြင်တွေ့ သတဲ့၊ အသားကမရတော့ အပြစ်ခံရမှာဆိုးတာနဲ့ ဘုရင်ကို မိန်းကလေးလှကြောင်းပြောပြ ၊ ဘုရင်ကလည်း သည် ကလေးမဟာ ကြာဖူးထဲ မှဖွားသောသူဆိုတော့ သူ့အဖေ နရပတိစည်သူ တုန်းက( ဝါးလုံး/မင်းသမီး) ကိုယူသလို၊ သူလည်း ထူးထူး ဆန်း ဆန်း လေး ကိုနားကြားရရုံမျှနှင့် အာသာငမ်းမိပါသည်တဲ့။ အဲသည်ဘုရင်ကတော့ ပုဂံဘုရင် နရပတိ စည်သူရဲ့သား သီရိဇေ ယျနား တောင်းမင်းဖြစ်ပါသတဲ့။ နောက်ဆုံး မုဆိုးကပဲ ဦးဖိုးဝင်းမွေးစားသမီးကို ဖေဇော်ဂျီ အလစ်မှာခေါ်ယူကာ နားတောင်းမင်း ထံဆက်သ ဘုရင်ကလည်းအလွန်နှစ်ချိုက်သ မို့ချက်ချင်း မိဘုရားမြှောက်သတဲ့။ ဖေဇော်ဂျီကြီးပြန်အလာ သမီးတော်မတွေ့ ကျောက်တုံးမှ အမှာစာကိုသာတွေ့ပြီ ၊ဒေါပွကာ ချင်းတွင်းမြစ်တစ်ဘက်ကမ်းမှ ဟလင်္ဂပူရပြည့်ရှင်ဘုရင် ပြူလဝမင်းထံ သွားပြီး သူထံဆက်မည့်သမီးကို ဘုဂံဘုရင်၏၊မုဆိုးမှ ဖျားယောင်ခေါ်ကာ သူတို့ ဘုရင်ထံ ဆက်သကြောင်းလျှောက်တော့ နောက်ဆုံးဘုရင်နှစ်ပါးစစ်ဖြစ်မလိုဖြစ်ခဲ့ပါတယ်။ အဲဒါ၊ပုဂံပြည်မှသမီးကိုဖေဇော်ဂျီကြီးမှ ပြူလဝမင်း၏၊တပ်ကိုဦးဆောင်ပြီး ညအချိန်မှာပုဂံတစ်မြို့လုံးကို သူ့ပြဒါးအစွမ်းနဲ့ အိပ်မွှေ့ချပြီး ပုဂံဘုရင်နားတောင်းမင်းနဲ့အတူရွှေလည်တွဲအိပပျော် နေရှာတဲ့ ကြာဖူးမယ်ကလေးကိုပွေ့ချီကာ သူ့ စဖိုတောင်ပေါ်ပြန်ခေါ်ခဲ့တာပေါ့၊ ပြီးတော့ ပြူလဝမင်း နဲ့ဇွတ်ပေးစားမယ် အလုပ် သမီးကလေး ခဗျာ ပုဂံမင်းကလေးနဲ့သည်ဘဝသည်မျှသာဖြစ်ပေရော့မယ် ဆိုပြီး- ရွှေရင်ထဲ မယ် အတွင်းကျေဖြစ်ပြီး ဘုံးဘုံး ပစ်လဲကာ သေပွဲဝင်သတဲ့။ အဲသည်လိုအဖြစ်မှာပဲ ဦးဖိုးဝင်းကြီးခဗျာ သမီးသေကိုကြည့် ပူပါဗျာဗွေလို့ နေတုန်းဗြုန်းကနဲဆို သမီးလေးကကိုယ်ထင်ပြ ဝင်းဝင်းဝါဝါနဲ့ အယူတိမ်းကာအဲသည်တောင်တော် သခင်မဖြစ် သွား ကြောင်း သိလိုက်ရသမို့ ဦးဖိုးဝင်းကြီး လည်းသတိ အမြန် ဝင်ကာ တောင်တော်ရှင်သမီးကလေး လည်း စောင့် ရှောက်ရာရောက်စေ ရန်သူ့ကျောက်ဂူ ထဲပြန်ဝင်နေပြီး ဖိုကူးမှတော်ရော့မည်ဆို ဖိုဝင်ပြီးဈန်ကူး လိုက်ရာ တစ်ခါတည်း သိဒ္ဒိဝိဇ္ဇာကြီးဘဝဖြစ်ပြီးသွားလေရော့သတည်းတဲ့ဗျား။
အဲသည်နောက်၊မိန်းမပျောက်လို့လိုက်လာတဲ့ ပုဂံပြည့်ရှင် နားတောင်းမင်းနဲ့ မြင်သာမြင်မကြင်လိုက်ရရှာသောပြူလဝ မင်းတို့လည်းသတိသံဝေဂရကြကာ၊ စစ်မပြုကြတော့ပဲ၊အဲသည် မင်းနှစ်ပါ စေတီဘုရားတွေ တည်ကြ မင်းသမီးလွမ်းစေတီတည်ကြနဲ့ ကျောက်ဆစ်ပန်းပုဆရာကြီး ဦးရွှေဘ၏ အခန်းကဏသမိုင်း ထူဘို့ဖြစ် လာပါတယ်။
ဖိုလ်ဝင်တောင်မှာ ပုဂံအနုလက်ရာတွေ ပြုံးမင်း ပြူလဝခေတ်ရဲ့အနုလက်ရာတွေအပြင် ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အနုလက်ရာများသာမက အင်္ဂလိပ်မင်းလက်ထက်ပြရုပ်ဆေးရေး အနု ပညာလက်ရာများစွာကို မြင်တွေ့နိုင်သောသမိုင်းအမွေအနှစ်၊အထောက်ထားများစွာနှင့်ပြည့်စုံသောသာမောဖွယ်ရာတောတောင်သာသောနေရာ တစ်ခုဖြစ်ပါကြောင် ၊နိုင်ငံခြားသားခရီး သွားတွေရဲ့လေ့လာစရာ သဘာဝအရင်းအမြစ်တွေနှင့် ရှုမငြီးဘွယ်ရာ မြန်မာ့ဂုဏ်ဆောင် ဒေသကြီးဖြစ်ပါသည်။ မြေအောက်သယံဇာတတွေလည်း ဂမ္ဘီယ ဆန်ဆန် တည်ရှိနေကြောင်း သမိုင်ဆရာ များ၏၊အာဘော် အရ သိရပါသည်။
(အရှင်ဉာဏဝံသ ဆရာတော်ကြီးမှရေးသားထားသော သမိုင်းကြောင်း ကောက်နှုတ်ချက်များမှ)
ဇာတ်လမ်းထဲက တောင်ဆီကို ရောက်တဲ့အချိန်မှာ နေ့လည် ၁ နာရီမို့လို့ နေပူပူနဲ့ ဘုရားဖူးလဲ ရှင်းပါတယ်။ မျောက်တွေက ပူလို့မဆင်းကြဘူးတဲ့။ မျောက်အနဲငယ်ပဲ တွေ့ခဲ့ရပါတယ်။ ဖိုလ်ဝင်တောင်မှာ ထူးထူးခြားခြား ပန်းဦးထုပ်လေးတွေရောင်းတာတွေ့ခဲ့ရပါတယ်။ မော်ဒယ်မရှိလို့ ဓါတ်ပုံမရခဲ့ဘူး။
ဖိုလ်ဝင်တောင်ကို နှံ့အောင်သွားကြည့်မယ်ဆိုရင် အချိန် တစ်နာရီလောက်ယူရမှာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းများနဲ့ ချစ်စရာမျောက်လေးများကြောင့် သွားရကျိုးနပ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဖိုလ်ဝင်တောင်ကနေ ရွှေဘတောင်ဆီကို ၁ ဖါလုံသာသာပဲရှိပါတယ်။ ရောက်တုန်းရောက်ခိုက် ရွှေဘတောင်ဆီကိုလဲ သွားခဲ့ပါတယ်။
သမိုင်းကြောင်းကို ဘကြီး ရေးသားထားသောပို့စ်တစ်ခုမှ ကူးယူထားခြင်းဖြစ်ပြီး လင့်ပြန်ရှာဖို့ခက်ခဲသောကြောင့် credit အတွက် လင့်မပေးနိုင်တာကို နားလည်ပေးကြပါလို့ ….
15 comments
တညင်သား
October 17, 2014 at 1:49 am
ပုံတွေအများကြီးကို ကြည့်ရှု့ခံစားသွားပါတယ် . သမိုင်းအကြောင်းလေးအကျဉ်းရေးပြီး ရှင်းပြနေပုံက စိတ်ဝင်စား ဖို့ကောင်း..
weiwei
October 17, 2014 at 9:01 am
ပုံတွေအများကြီးထဲကမှ ရွေးထုတ်ရတာ အချိန်တော်တော်ယူရပါတယ် …
ပြချင်တာက အများကြီးပါ။ ရာဇဝင်ကတော့ သူများဆီက ကူးထားတာ … အဲဒီတောင်မှာလဲ ကလေးမလေးတွေက မျောက်စာရောင်းရင်း လိုက်ရှင်းပြပါတယ် ..
မျောက်ဆိုသည်မှာ ပို့စ်နဲ့ တွဲကြည့်ရင် ပိုပြည့်စုံပါလိမ့်မယ်။
ကေဇီ
October 17, 2014 at 5:06 am
အင်းးးးးး
ဆွေပြ မျိုးးပြ မသွားးးခဲ့ ရတဲ့ ဒီနေရာတွေ…..
:k:
ရာဇွင်ကို ခုမှ ကြားးဖူးးးတယ်တော့….
ပန်းးး ဦးးထုတ်လေးးက လှ လိုက်တာနော်။
:chit:
weiwei
October 17, 2014 at 9:05 am
ပန်းဦးထုပ်အတွက် မော်ဒယ်လိုနေတာ .. အတူတူသွားပြီး ဓါတ်ပုံသွားရိုက်ကြမလား …
မုံရွာကို မရောက်ဖြစ်ခဲ့တာ နှစ် ၂ဝ လောက်တောင်ရှိသွားပါပြီ ..
အရင်တုန်းက သင်္ကြန်တွင်းပဲ ရောက်ဖြစ်တာမို့လို့ မုံရွာဆိုတာနဲ့ အရမ်းပူတာပဲဆိုတာ တွဲခံစားပစ်လိုက်တာ ..
နောက်ပိုင်း စစ်ကိုင်းအထိရောက်ဖြစ်ပေမယ့် မုံရွာဆိုတာနဲ့ ဆက်မသွားပဲပြန်လိုက်တာများတယ် ..
ဒီတစ်ခေါက်ကတော့ နွေရာသီမဟုတ်လို့ သွားဖြစ်သွားတယ် .. ထင်ထားတာနဲ့တခြားစီပါပဲ လမ်းတွေအရမ်းကောင်း အရိပ်လဲကောင်းပြီး သိပ်မပူတော့ဘူး ..
ကေဇီ
October 17, 2014 at 9:11 am
ဟုတ်တယ်။
ဝေရဲ့။
မုံရွေး ကြေးမုံ နောက်ပိုင်း တောက်လျှောက် ထနောင်းပင်တွေ နဲ့ လမ်းသာတယ်။
ကျနော်က ချင်းတွင်း ဟိုဘက်ကမ်း ပုလဲ မှာ နေဖူးတော့ မုံရွာက ဖြတ်သွားရတာ၊
အခေါက်ခေါက် ရောက်တယ်။
မရောက်တာ ….
မိုးညှင်းသံဗုဒ္ဓေ တို့
ဖိုးဝင်တောင်တို့
အလောင်းတော် ကသပ ဘက် တို့ မရောက်ဖူးတာ။
ကိုယ် ချစ်လိုက်မှဖြင့် ချင်းတွင်းတစ်ကြောက မလွတ်။
ကိုယ့် အဖေ အပါအဝင် ။
ခိခိ
:mrgreenn:
kai
October 17, 2014 at 5:49 am
အဲလိုကျောက်ဂူတွေ.. အိနိ္ဒယမှာလည်းရှိတယ်..။ အာဂျန်တာလှိုင်ဂူတွေ..။
ကျောက်တောင်တွေကိုဖောက်ထွင်းပြီး ဆောက်တာပဲ..။
နှစ်တော့ကွာတယ်ပေါ့..။ ဟိုက.. ဂေါတမဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ် ၄၀ဝလောက်ဆိုတော့… နှစ် ၂၀၀ဝကျော်လောက်ပြတ်တယ်ပေါ့..။
အဲဒီအာဂျန်တာလှိုင်ဂူတွေကိုကြည့်ရင်.. ဗုဒ္ဓလွန်ပြီးနောက်.. အဲဒီခေတ်မှာ ဗုဒ္ဓဘာသာနဲ့..ဟိန္ဒူဘာသာ.. ဂျိန်းဘာသာရောသမမွှေသွားတာကို တွေ့နိုင်တယ်..။ ဂူတွေထဲ.. ဗုဒ္ဓဘာသာသမားနဲ့.. ဟိန္ဒူဘာသာသမား.. ဂျိန်းသမားတွေရောဆောက်ထားကြတယ်လေ..။
အဲဒီခရီးသွားမှတ်တမ်း ဆောင်းပါးအနေနဲ့ပုံနှိပ်ဖေါ်ပြဖူးတယ်..။
The caves are located in the Indian state of Maharashtra, near Jalgaon and just outside the village of Ajinṭhā 20°31′56″N 75°44′44″E), about 59 kilometres (37 miles) from Jalgaon railway station on the Delhi – Mumbai line and Howrah-Nagpur-Mumbai line of the Central Railway zone, and 104 kilometres (65 miles) from the city of Aurangabad. They are 100 kilometres (62 miles) from the Ellora Caves, which contain Hindu and Jain temples as well as Buddhist caves, the last dating from a period similar to Ajanta
ထားပါတော့..။
ရှေးဟောင်းပန်းချီတွေ ဒီအတိုင်းကြီးနမျောစရာ..။ :i:
weiwei
October 17, 2014 at 9:08 am
မြန်မာပြည်ထဲမှာတော့ ထိန်းသိမ်းမှုအားနဲလို့ မပျက်စီးသင့်တာတွေ ပျက်စီးနေတာ စိတ်မကောင်းစရာပါ ..
ပြန်ပြင်ရင်လဲ အသစ်အတိုင်းဖြစ်သွားတော့ ခံစားလို့မကောင်းတော့ပြန်ဘူး ..
ဖြစ်သင့်တာကတော့ ဒီအတိုင်း ပိုမပျက်စီးအောင် ထိန်းသိမ်းပြီး ခရီးသွားတွေကို စွဲဆောင်ရမှာ ..
kyeemite
October 17, 2014 at 9:20 am
.ရှေးဟောင်းအမွေလက်ရာတွေကို စံနစ်တကျထိန်းသိမ်းဖို့ကောင်းတယ်နော်…
.မရောက်ဖူးသေးတဲ့ဒေသကပုံတွေကို ငေးမောကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်
မြစပဲရိုး
October 17, 2014 at 7:32 pm
အဖေ အမေ တွေ ကတော့ ရောက်ဖူးတယ်။
ကိုယ်ကသာ ပျင်းလို့ မလိုက်သွားတာ။
အဲဒီ ဖိုးဝင်းတောင် ဇာတ်လမ်း က ပြဇာတ်တွေ ဘာတွေ တောင် က ကြလား မသိ။
ပုံ(၁) က ပန်းလေးတွေ ခွေထားတာ လှလိုက်တာ ဝေ ရယ်။
ကွ ကို ဘဲ မော်ဒလယ် လုပ် ရိုက်လိုက်ပြီးရော။
ဝေ့ မျက်နှာလေးနဲ့ လိုက်မှာ။
ပုံ(၇) က ကျောက်တောင်ကြီး ကို ပတ်ပြီး လှေခါး လုပ်ထားတာလား။
လက်ရာမြောက်လိုက်တာ။
သစ်ပင်သစ်တော တွေ တော့ နဲနဲ ကျန်နေသေး ထင်ရဲ့။
အောက်ဆုံး ပုံ(၁၆) အညာရှူခင်းက လှလိုက်တာ။
အတော်လဲ ပူ မဲ့ ပုံဘဲ။
မရောက်လဲ မရောက်ဖူး၊ ပုံတွေလဲ မမြင်ဖူး သမို့ ဒီလို မျှပေးတာ ကျေးဇူးပါဝေ။
ကိုယ်တိုင် ရောက်သလိုခံစားရပါတယ်။
weiwei
October 19, 2014 at 7:31 pm
တောင်တက်ရတဲ့ပုံစံက တစ်ခါထဲတက်ပြီး တစ်ခါထဲဆင်းတာမျိုးမဟုတ်ပဲ … ကွေ့ပါတ်တက်နေရသလိုမျိုး လှေကားထစ်တွေကို လုပ်ထားပါတယ် ..
ရှေးဟောင်းလက်ရာတွေကို မြင်တွေ့နိုင်တဲ့ ရှားပါးတဲ့နေရာတစ်ခုမို့လို့ သွားလည်သင့်တဲ့နေရာတစ်ခုပါ ..
အညာရှုခင်းက တော်တော်လေး စိမ်းစိုနေပြီ ..
သစ်ကိုင်းတွေက လမ်းမကြီးကို ယှက်နေတာ နေပြောက်တောင်မထိုးတဲ့နေရာတွေရှိပါတယ် ..
ကားထဲကနေ မျက်စိနဲ့မြင်ရတာက စိမ်းလန်းစိုပြေနေတော့ မပူဘူးလို့ထင်ရပါတယ် .. ဒါပေမယ့် တကယ်အပြင်ထွက်ကြည့်တော့ ပူတယ် ..
Mr. MarGa
October 17, 2014 at 7:47 pm
ငယ်ငယ်က တစ်ခါပဲရောက်ဖူးတယ်
အင်းးးး အလောင်းတောင်ကဿပနဲ့ ဖိုလ်ဝင်တောင်ဘက် ခြေဆန့်ဖို့ လုပ်ပါဦးမယ်ဗျာ
manawphyulay
October 18, 2014 at 12:19 pm
တစ်ခါမှ မရောက်ဖူးသေးဘူး။ သွားချင်လိုက်တာ။ အတော်ကြည်နူး ပျော်ရွှင်ဖို့ကောင်းမယ်နော်… တစ်ခေါက်လောက်တော့ ရောက်ချင်မိတယ်။
မွသဲ ( 17082011 )
October 29, 2014 at 4:18 pm
တခါမှကိုမရောက်ဖူးသလို ဒီရာဇဝင်လဲခုမှစုံစုံစိစိသိတော့တယ်။ မုံရွာလဲမရောက်ဖူးဘူး။ မုံရွာသွားတုန်း အဲ့ဒီ ဖိုးဝင်းတောင်သွားဖို့ဆို ညအိပ်ရမယ်ထင်တယ်နော်
weiwei
October 29, 2014 at 4:30 pm
မုံရွာကနေ ကားနဲ့ဆိုရင် အသွားတစ်နာရီ အပြန်တစ်နာရီ အဲဒီမှာ တစ်နာရီလောက်ဆိုရင် နေ့တစ်ဝက်စာလောက်တော့ အချိန်ပေးမှရလိမ့်မယ် … အလောင်းတော်ကသဖခရီးစဉ်တွေကတော့ အဲဒီဘက်ကနေ လမ်းကြုံလို့ ဝင်ပို့ပေးကြတယ်တဲ့ ..
လုံမလေးမွန်မွန်
October 30, 2014 at 11:51 pm
သွားချင်လိုက်တာ…
ဖိုးဝင်းတောင်ကိုသာ သိပေမယ့် ရာဇဝင်ကို ခုမှသိတာရယ်..
ပုံလေးတွေရော.. ရာဇဝင်ရော ပါတဲ့ပို့စ်မို့ ကျေးဇူးတင်စွာနဲ့ သိမ်းထားလိုက်ပါတယ်လို့.
ခရီးနဲ့ ပတ်သက်တဲ့ တစ်ခုခုဆို ရွာထဲမွှေနေကျ.. 🙂