အလှူပွဲကပြန်ခဲ့တယ်
အလှူပွဲကပြန်ခဲ့တယ်
“အလှူပွဲက ပြန်ခဲ့တယ်”
မိုးလေးတဖျောက်ဖျောက်နဲ့ မို့စောင်ခြုံပြီးပြန်အိပ်နေပေမယ့်
အောက်ထပ်မှာလုပ်ကြကိုင်ကြနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်တော့
အိပ်မပျော်ပါဘူး။
အဲဒါနဲ့ဘဲအိပ်ယာထ အောက်ထပ်ကိုဆင်းလာတော့ ခြောက်နာရီထိုးပါပြီ။
ကျနော်တို့တည်းတဲ့ခြံရဲ့မြောက်ဘက် က လည်း သူတို့ ရဲ့အမျုးိတွေပါဘဲ။
အဲဒီခြံထဲမှာ ထမင်းဟင်းတွေချက်နေကြပါတယ်။
မနေ့ည ကတည်း က သူတို့တစ်တွေ ဟင်းဘယ်မှာချက်မယ်ဆိုတာငြင်းနေကြတာပါ။
ထမင်းချက်အဖွဲ့ခေါင်းဆောင် လုပ်တဲ့ အလှူ့ရှင်ရဲ့ဦးလေးက အိမ်မှာတင်ချက်မယ်။
တစ်ချို့က ချက်ပြီးသယ်ရတာ ခက်မှာစိုးတော့ ကျောင်းမှာသွားချက်စေချင်တယ်။
ထမင်းချက်အဖွဲ့ကလဲ ဒီမှာချက်တော့ ဆားလို ငပိလို ဆိုရင်လွယ်တယ်။
လိုချင်တာရှိလို့အိမ်ပြန်လာရတာ အချိန်ကြာတယ်။
ကားလဲရှိနေတော့ ချက်ပြီးသားကို အိုးတွေနဲ့ထည့်သည်မယ်လို့ပြောတော့
နောက်ဆုံးအိမ်မှာတင်ချက်မယ်ဆိုတာက အတည်ဖြစ်သွားပါတယ်။
ကျနော်မနက်အိပ်ယာထတော့ သူတို့ နားကိုယောင်ပေပေနဲ့သွားပြီး
ဓါတ်ပုံရိုက်ပါတယ်။
အဲဒီမှာတစ်ယောက်က “မင်းတို့ လာရင် ဓါတ်ပုံတွေသာရိုက်ရိုက်သွားတာ
ကျုပ်တို့ ပုံတစ်ခါမှ မမြင်ရဘူး” လို့ပြောပါတယ်။
ကျနော်က” အင်တာနက် မှာတင်လိုက်မယ်လေ” လို့စတော့
“ရတယ် တင်လိုက် ရွှေဂူကျောင်းက နေ တက်ကြည့် မယ်”လို့ပြန်ပြောပါတယ်။
ဒါပေမယ့် သူပြန်ပြောတဲ့ ရွှေဂူကျောင်းက တက်ကြည့်မယ်ဆိုတာကို
ကျနော်ကလုံးစေ့ပါတ်စေ့နားမလည်။
သေချာပြန်မေးကြည့်တော့ မှ ဒီရွာထဲမှာဆိုရင်ဖုန်းလိုင်းမမိ။
ဖုန်းပြောချင်ရင် ဒီရွာကအမြင့်ဆုံးနေရာဖြစ်တဲ့တောင်ပေါ်ကျောင်းပေါ်တက်ပြီး
ဖုန်းပြောကြရပါတယ်။
အင်တာနက်ကြည့်ချင်ရင်လဲအဲဒီကျောင်းပေါ်မှာဘဲသွားပြီး
မမိတစ်ချက်မိတစ်ချက်နဲ့ ကြည့်ရတယ်လို့ပြောမှကျနော်လဲသဘောတွေပေါက်သွားပါတယ်။
မိုးအေးအေးပေမယ့် ထမင်းချက်အဖွဲ့မှာတော့ချွေးတစ်လုံးလုံး။
ဘုန်းကြီးတွေရယ် ရပ်ရွာကလူကြီးတွေရယ် ဧည့်သည်တွေရယ်ကိုတော့
ထမင်းဟင်းနဲ့ဧည့်ခံမယ်။
လာသမျှ လူကြီးလူငယ်ပရိသတ်အားလုံးကိုတော့ ခေါက်ဆွဲနဲ့ဧည့်ခံမယ်လို့ပြောပါတယ်။
ဟင်းတွေကလဲအစုံ။
ကြက်၊ဝက်၊ငါး၊ ခရမ်းချဉ်သီးငပိချက်နဲ့အတို့အမြုပ်
အစိမ်းကြော်၊ကုလားပဲချက်နဲ့ဟင်းချိုတွေ ပါ ပါတယ်။
ဟင်းချက်တဲ့အဖွဲ့က အစိမ်းရောင် အရိုးလေးတွေကို တင်းပုတ်လေးနဲ့
ထုနေတာမြင်တဲ့အခါဘာလဲလို့မေးကြည့်တော့ “ တဇောင်းခါး “လို့ဖြေပါတယ်။
အခါးဓါတ်တွေထွက်သွားအောင်ထုပြီးမှကြော်မယ်လို့ပြောပါတယ်။
သူတို့နားကိုစပ်စုလို့ဝတော့ ကျနော်လဲဘိုက်ဆာနေပါပြီ။
ကျနော် ခြံထဲဝင်လာတော့ “လာပြီလာပြီ” ဆိုဝိုင်းပြောကြပါတယ်။
မနက်စာမုန့်စားဘို့ကျနော်ကိုရှာနေကြတာပါ။
သူများတွေကတော့ စားလို့တောင်ပြီးခါနီးနေပါပြီ။
ကျနော်ရောက်လာတော့ ခေါက်ဆွဲပေါ်မှာ ကြက်သားဟင်းထည့်
ထားတဲ့ပုဂံကိုကျနော့်ရှေ့ ချပေးပါတယ်။
စားပွဲအလည်ခေါင်မှာတော့ အငွေ့တထောင်းထောင်းထနေတဲ့
ဟင်းရည်ပုဂံကြီး ရှိနေပါတယ်။
မုန့်ဟင်းခါးဟင်းရည်နဲ့ဆင်ပေမယ့် သူက ခပ်ပျစ်ပျစ်ပါ။
ကုလားပဲနဲ့ချက်ထားတယ်လို့ပြောပါတယ်။
ခေါက်ဆွဲထဲကို အဲဒီဟင်းရည်ခပ်ပျစ်ပျစ်ထဲ့ပြီးအသုတ်လိုမွှေပြီးစားရတာပါ။
ဒီလိုခေါက်ဆွဲသုတ်ကိုပထမဆုံးအကြိမ်စားရတာပါ။
စားရတာအတော်လေးအရသာရှိတော့ နှစ်ပန်းကန်ဆက်ဆွဲလိုက်ပါတယ်။
ဒီနေ့ အလှူကိုလာတဲ့ ဧည့်သည်တွေကို ဒီခေါက်ဆွဲသုတ်နဲ့ဧည့်ခံမယ်လို့ပြောပါတယ်။
မနက်ကိုးနာရီလောက်ရောက်တော့ အလှူမှာကူမယ့် အမျိုးသမီးအုပ်စုလိုက်ကြီးက
အချိုပွဲမုန့်ဗန်းတွေ ကို ခေါင်းပေါ်ရွက်ပြီး ဘုန်းကြီးကျောင်းကို သွားနှင့်ကြပါတယ်။
ကျနော်တို့မန်းလေးက သယ်လာတဲ့ ပန်းသီး၊လိမ္မော်သီး၊စပျစ်သီး၊
ချောကလက်ဝေဖာ၊ကိတ်မုန့်နဲ့ထိုးမုန့်အပြင်
အိမ်မှာတင်လုပ်တဲ့အုန်းနို့ကျောက်ကျောတွေလဲ
ပါတယ်ဆိုတော့ အတော်လေးစုံတယ်ပြောလို့ရပါတယ်။
ခဏနေတော့အလှူရှင်က ကျောင်းကိုအရင်သွားနှင့်ပါတယ်။
ကျနော်ကတော့ မန်းလေးကအဖွဲ့နဲ့အတူ လမ်းလျောက်ပြီးလိုက်သွားကြပါတယ်။
ကျနော်ရောက်တဲ့အခါ သိမ်ဇရပ်ရှေ့က သစ်ပင်ရိပ်မှာကလေးတွေထိုင်နေကြတာ
ကိုတွေ့ရပါတယ်။
ကျနော်ကိုမြင်တော့”ဓါတ်ဆရာနောက်ကျနေပြီ” လို့တစ်ယောက်ကလှမ်းအော်ပါတယ်။
ဟုတ်ပါရဲ့ ဇရပ်နားလေးမှာ ရွာကလူတွေကိုခေါက်ဆွဲကျွေးနေတာ အုန်းအုန်းထနေပါပေါ့။
ဒါပေမယ့် အားလုံးကစည်းနဲ့ကမ်းနဲ့ပါဘဲ။
လူကြီးတွေက စားပွဲနဲ့ကုလားထိုင်နဲ့ စတိုင်ကျကျစား။
ကလေးတွေက တော့ မြေကြီးပေါ်မှာဖျာခင်းထားတဲ့ခုံပေါ်မှာအကျအန
အားပါးတရအဝစား။
ဒီခေါက်ဆွဲကျွေးနေတဲ့နားရောက်မှ သစ်ပင်အောက်မှာကလေးတွေထိုင်နေတာကို
သဘောပေါက်မိပါတယ်။
ရောက်လာတဲ့ကလေးတွေကို အလှည့်ကျကျွေးနေတာပါ၊
ကျွေးတာမွေးတာအတော်လေးကိုစနစ်ကျတယ်လိုု့ဆိုနိုင်ပါတယ်။
စားနေတဲ့ကလေးတွေကိုတကယ့်ကိုအဝကျွေးတာပါ။
သူတို့စားနေတဲ့ခုံပေါ်မှာလည်းခေါက်ဆွဲလိုက်ပွဲပန်းကန်ရောဟင်းရည်ပါချပေးထားတဲ့အပြင်
ကလေးတွေတဝစားနိုင်အောင် သံချောင်တွေနဲ့လိုက်ဖြည့်ပေးနေသူတွေကလဲ
မုန့်မပြတ်ဟင်းမပြတ်စေရအောင်တာဝန်ကျေကြပါတယ်။
စားနေတဲ့ကလေးတစ်သုတ်ပြီး ပြီဆိုမှ နောက်တစ်သုတ်က
တန်းစီဝင်လာပြီး အဝစား။
ကလေးသုံးရာကျော်လောက်ရော ရွာထဲကလူတွေပါ
စားသောက်နေကြပေမယ့် သူ့အစုလေးနဲ့သူ အိန္ဒြေရရစားနေကြတာ
မြင်ရတော့ စိတ်ချမ်းသာပါတယ်။
တောင်ဘက်ကသိမ်ဇရပ်ထဲမှာတော့ ကျနော်တို့မန်းလေးကလာတဲ့
အဖွဲ့က တရားပွဲပြီးရင်ကြဲဘို့ အတွက် ပိုက်ဆံတွေကိုခေါက်နေကြပါတယ်။
ငွေဖလားထဲမှာ ပေါက်ပေါက် ၊ ချိုချဉ် ၊ခေါင်းလျော်ရည်ထုပ်နဲ့ပိုက်ဆံတွေ
ကို အချိုးကျထည့်လိုက်ကြပါတယ်။
ကူညီနေတဲ့အဖွဲ့ကလဲ ဆရာတော်တွေအတွက်အချိုပွဲတွေကိုပြင်ဆင်
နေကြတာ တစ်စက်ကလေးမှ မအားနိုင်အောင်ပါဘဲ။
အဲဒီသိမ်ဇရပ်ထဲမှာတော့ဆရာတော်တွေကို နံနက်ဆွမ်းကပ်ပါတယ်။
ဆရာတော်တွေကလဲတရားပွဲမစခင် ဒီသိမ်ထဲမှာဘဲသီတင်းသုံးနေကြပါတယ်။
ဆယ်နာရီကျော်ကျော်လောက်မှာ တရားပွဲစမယ်ဆိုပြီး အသံချဲ့စက်ကကြေငြာတဲ့အချိန်မှာ
ကျွေးတာမွေးတာလက်စသပ်ပြီး ဓမ္မာရုံရှေ့ကခုံတွေကိုသိမ်းပြီး ဖျာတွေခင်းလို်က်ပါတယ်။
ခဏနေတော့ တရားနာပရိတ်သတ်က ဓမ္မာရုံထဲမှာရောအပြင်ဘက်က မဏ္ဍပ်ထဲမှာရောအပြည့်
ဖြစ်ပြီး တရားနာဘို့အသင့်ဖြစ်နေပါတယ်။
ခဏနေတော့ ဆရာတော်တွေလဲ ဇရပ်ထဲကိုကြွတော်မူကြပါတယ်။
ဆရာတွေတွေရောက် တရားနာပရိတ်သတ်လဲအထဲအရောက်
မိုးတွေလဲ တဖြိုက်ဖြိုက်နဲ့ရွာပါတော့တယ်။
မိုးက တစ်စထက်တစသဲလာတော့ မဏ္ဍပ်က မိုးတွေစိမ့်ပြီးယိုလာပါတော့တယ်။
မိုးရေတွေကျလာတော့ မဏ္ဍပ်ထဲကတရားနာပရိသတ်လဲ မျက်နှာခြင်းဆိုင်ကကျောင်း
ထဲကိုဝင်သူကဝင် ဓမ္မာရုံထဲမှာတိုးကပ်ပြီးထိုင်သူကထိုင်ဆိုတော့လဲအဆင်ပြေသွားပါတယ်။
ဆရာတော်ဘုရားကတရားဟောတာ လေးဆယ်ငါးမိနစ်လောက်တော့ရှိမယ်ထင်ပါတယ်။
တရားလဲဟောပြီးလို့ရေစက်ချဆရာတော်တွေပြန်အကြွမှာ အလှူရှင်တွေက
ပိုက်ဆံကျဲပါတော့တယ်။
ကလေးတွေမပါ လူကြီးတွေဆိုတော့ အိန္ဒြေရရ ကိုယ့်နားကျတာဘဲကောက်ကြပါတယ်။
ပိုက်ဆံကြဲတာကိုဓါတ်ပုံရို်က်ချင်ပေမယ့် မုးိတဖျောက်ဖျောက်နဲ့ဆိုတော့မရိုက်ဖြစ်ပါဘူး။
ဒါနဲ့ဘဲအလှူပွဲကြီးကအောင်မြင်စွာပြီးဆုံးလို့သွားပြီဆိုတော့
ဆရာတွေကိုဆွမ်းကပ်ဘို့ ဆက်ပြီးပြင်ကြရပါတော့တယ်။
ဆရာတော်တွေဆွမ်းကပ်ပြီးလို့အချိုပွဲကပ်ချိန်မှာ တစ်ယောက်က
လက်ဖက်ကျုပ်တွေယူခဲ့လို့ပြောသံကြားတော့ ကျနော်နားထဲမှာ အဆန်းကြီးဖြစ်နေပြန်ပါတယ်။
နောက်မှ လက်ဖက်အုပ်တွေကိုင်လာတာမြင်မှ သူပြောတာဘာဆိုတာရိပ်မိပါတယ်။
မနက်တုံးကထမင်းချက်တဲ့အဖွဲ့နားကိုရောက်နေတုန်းကလဲဒီအတိုင်းပါဘဲ။
“ထမင်းအိုးတွေလှပ်ပြီးချွေးခါ လိုက်”လို့ ပြောတာ ကျနော်နားမလည်။
တစ်ယောက်က ထပြီး ထမင်းအိုးအဖုံးတွေကို ဖွင့်ပြီးချွေးတွေခါချမှ
လှပ်တယ်ဆိုတာ ဖွင့် တယ်လို့ ဆိုတာကိုသိရပြန်ပါတယ်။
ဆရာတော်တွေဆွမ်းကပ်ပြီးတဲ့အခါ မယ်သီလရှင်တွေရယ်
ဥပုဒ်နေ့မှာတရားနာလာကြတဲ့ သက်ကြီးရွယ်အိုတွေကိုကျွေးမွေးပါတယ်။
“အာဂန္တု ကျောင်းသားတွေခေါ်လိုက်ဟေ့ “ လို့ပြောပြီးထမင်းပွဲတွေပြင်ပါတော့တယ်။
အဲဒီမှာအသက်ခပ်လတ်လတ်လူတွေဝင်လာပါတယ်။
အနားရှိတဲ့လူကရှင်းပြတော့မှာ အာဂန္တု ဆိုတာဧည့်သည်
ကျောင်းသားဆိုတာ ဘုန်းကြီးရဲ့ကပ္ပိယ ဆိုတာကို သိလိုက်ရပြန်ပါတယ်။
ကျောင်းသားတွေပြီးပြီဆိုတော့မှ ကျနော်တို့အလှည့်ကျပါတယ်။
ဟင်းခွက်တွေများတော့ဘာနိုက်ရမှန်းတောင်မသိနိုင်အောင်ပါဘဲ။
ထမင်းစားပြီးတော့ ကျောက်ကျော ၊ ထိုးမုန့် ၊ကော်ဖီ
အသီးအနှံတွေနဲ့အချိုပွဲစားကြပါတယ်။
************************************************
ကျနော်တို့ထမင်းစားပြီးတဲ့အခါ ရွှေဂူကျောင်းပေါ်ကိုတက်ကြဘို့အစောကြီးကတည်းက
စီစဉ်ထားကြပါတယ်။
တောင်ပေါ်ရောက်ရင် ယောချောင်း ကို မြင်ရတယ် ရွာကိုလဲအပေါ်စီးကကြည့်လို့
ရတယ်ဆိုတော့ ကျနော်က စိတ်ဝင်စားပါတယ်။
ဒါပေမဲ့မိုးကရွာလိုက်တိတ်လိုက်ဆိုတော့ သွားဘို့ မသွားဘို့ အတော်လေးစဉ်းစားရပါတယ်။
နောက်တော့ ဘုန်းကြီးကျောင်းကနေထီးတွေငှားပြီးတက်ကြပါတော့တယ်။
တောင်အတက်လမ်းက အတော်လေးမြင့်တဲ့နေရာရောက်တော့ ကျနော်က
မြင်ကွင်းကောင်းတော့ဓါတ်ပုံရိုက်ကျန်ခဲ့ပါတယ်။
မဒမ်ပေါက်နဲ့မိန်းခလေးတွေက သွားနှင့်မယ်ဆိုထွက်သွားပါတယ်။
သူတို့က ဂူတွေရှိတဲ့ဘက်သွားမယ်ပြောပါတယ်။
ကျနော်က ဓါတ်ပုံရိုက်လို့ ဝတော့မှ တောင်ပေါ်ကိုဆက်လိုက်ပါတယ်.။
တောင်ပေါ်ကျောင်းမတက်ခင်လေးမှာသူတို့ဖိနပ်တွေကိုတွေ့တော့ကျနော်လဲအဲဒီ
နားမှာဘဲဖိနပ်ချွတ်ပြီးတောင်ပေါ်ကိုဆက်တက်ပါတယ်။
မြေပြန့်နေရာမှာ ဘုန်းကြီးကျောင်းအကြီးကြီးကိုတွေ့ရပါတယ်။
တောင်ပေါ်ကိုဘယ်ကတက်လဲမေးတော့ ဒီအတိုင်းသွားဆိုပြီးပြောတော့
ဆက်သွားတဲ့အခါ လမ်းအပိတ်ကြီးဖြစ်သွားပါတယ်။
အဲဒါနဲ့ကျောင်းဘက်ပြန်လာတော့ ကလေးလေးတစ်ယောက်ကိုတွေ့ရပါတယ်။
တောင်ပေါ်ဘုရားကိုသွားလို့ရလားလို့မေးတော့ ရတယ်လို့ဖြေပါတယ်။
အဲဒီဘုရားကိုလွမ်းစေတီလို့ခေါ်တယ် အဲဘုရားရှိတဲ့နေရာကအမြင့်ဆုံးဘဲ
ဒီနားပါတ်ဝင်ကျင်ကိုအကုန်မြင်ရတယ်လို့ပြောတော့စိတ်ဝင်စားသွားပါတယ်။
သူကလမ်းပြမယ်လို့ ဆိုပါတယ်။
ကျောင်းနားရောက်တော့ အဲဒီအထဲမှာ လိပ်အကြီးကြိးရှိတယ်ပြောပေမယ့်
ကျနော်ကစိတ်မဝင်စားတော့။
တောင်ပေါ်ဘက်ရောက်ဘို့အားသန်ပါတယ်။
ဒါနဲ့ကျောင်းထဲကနေဖြတ်ပြီးတောင်ပေါ်တက်မယ့်လမ်းကိုအတူသွားကြပါတယ်။
အဲဒီကျောင်းရဲ့အခန်းဖွဲ့တည်ပုံကထူးခြားပါတယ်။
ဂူလေးတွေလိုလုပ်ပြီးအခန်းဖွဲ့ထားတာဖြစ်ပါတယ်။
ကျောင်းကိုဖြတ်ပြီးတဲ့အခါ တောင်အောက်ဆင်းတဲ့တန်ဆောင်းတစ်ခုကိုရောက်သွားပါတယ်။
တန်ဆောင်းဘေးရောက်တော့ လှေခါးအသေးလေးကနေဖြတ်ပြီး တက်တော့တောင်စောင်း
တစ်ခုကိုရောက်သွားပါတယ်။
အဲဒီတောင်စောင်းဘေးရောက်တော့ လမ်းပြကောင်လေးက ဦးကြီး ဒီနားကတက်ရမယ်
လို့ပြောပါတယ်။
လှေခါးမရှိ တောင်စောင်းကိုတွယ်တက်ရမှာဖြစ်ပါတယ်။
မော့ကြည့်လိုက်တော့ အတော်လေးမတ်ပါတယ်။
အောက်ငုံ့ကြည့်လိုက်ပြန်တော့ ခြုံနွယ်ပင်လေးတွေသာရှိတဲ့တောင်ခါးပန်းပါ။
ဘုရားကိုလှမ်းမြင်နေရပေမယ့် ကျနော်မတက်ရဲပါဘူး။
မတော်လို့ခြေချော်လက်ချော်ပြုတ်ကျရင်တောင်အောက်ထိလျှောဆင်းသွားမှာဖြစ်ပါတယ်။
ကောင်လေးက ဒီဘက်က မတက်ချင်ရင်ဟိုဘက်ကတက်ရင်ရတယ်လို့ပြောပါတယ်။
အဲဒါနဲ့သူနဲ့ကျနော် စောင်းတန်းအတိုင်းဆင်းပြီးသွားပါတယ်။
လမ်းတစ်ဝက်မှာ အသံမစဲပဌာန်းရွတ်ပွဲကျင်းပနေတဲ့ မယ်သီလရင်ကျောင်းလေးကို
တွေ့ပါတယ်။
အဲဒီကျောင်းကိုလွန်တော့ တောင်တက်လမ်းစပါတယ်။
လမ်းဆိုပေမယ့် လူဖြတ်သွားလို့လမ်းဖြစ်နေတာပါ။
ခြုံပုတ်ကလေးတွေကိုဖြတ်သွားရပါတယ်။
မိုးနဲနဲရွာထားတော့မြေက နည်းနည်းအိနေပါတယ်။
တောင်တက်လမ်းက မတ်ပါတယ်။
ဆူးပင်လေးတွေရှိနေတော့ ပြီးဖိနပ်လဲမပါတော့ ဆူးကိုသတိထားပေးမယ့်လဲ
အနည်းအပါးတော့စူးတာပါဘဲ။
အတော်လေးတက်ပြီးတော့လမ်းခုလတ်မှာ သစ်ပင်တစ်ပင်တွေတော့နားပြီး
ဓါတ်ပုံရိုက်ပါတယ်။
ယောချောင်း ရစ်ခွေစီးနေတာကို လှပါစွာမြင်ရပါတယ်။
အဝေးမှာတော့ မုးိတွေအုံ့မိူင်းလို့ပါဘဲ။
တောင်တက်ရတာနည်းနည်းလေးတော့မောပါတယ်။
ခဏအမောဖြေပြီးဆက်တက်ကြပါတယ်။
ရောက်ခါနီးပြီလားလို့မေးတော့
အခုအတက်ပြီးရင်တောင်ပေါ်ရောက်ပြီပြောပါတယ်။
ဒီတစ်ခါတက်ရတဲ့အတက်ကတော့ အတော်လေးမတ်ပါတယ်။
တက်နေရင်းမိုးဖွဲဖွဲ ကျလို့ လာပါတယ်။
နားစရာလဲမရှိ ခိုစရာလဲမရှိ။
မိုးရွာတော့ နည်းနည်းချောတဲ့အပြင် ကျောက်စရစ်ခဲလေးတွေရှိတော့ပိုဆိုးပါတယ်။
နောက်ဆုံးအတက်ရောက်တော့ အတော်လေးမတ်ပါတယ်။
ကျနော်ကတော့ လေးဘက်ကုန်းပြီးတက်ရပါတယ်။
ကောင်လေးက တော့ အပေါ်ရောက်သွားပါတယ်။
သူက ကျုပ်လက်ကိုဆွဲလိုက်လို့ပြောတော့ ခေါင်းယမ်းပြလိုက်ပါတယ်။
ကျနော်ကသူထက်အများကြီး ဝ ပါတယ်။
မတော်လို့အားလွန်သွားရင်နှစ်ယောက်လုံးပြုတ်ကျသွားမှာစိုးလို့ပါ။
ကျနော်နောက်တစ်ဆင့် အထက် လက်က အပေါ်ကိုလှမ်းဆွဲလိုက်ချိန်
ကျောက်စရစ်ခဲကြောင့်ချောပြီးဟန်ချက်ပျက်သွားပါတယ်။
အဲဒီမှာကျနော်ချောကျလို့အသွားမှာ ခန္ဓာကိုယ်ကို
တစ်ပါတ်လှည့်ပြီးမြေကြီးကိုကျောပေးပြီးလှဲချလိုက်ပါတယ်။
အဲဒီအခါ တောင်စောင်းအတိုင်းလျောပြီး တအိအိနဲ့ကျသွားပါတယ်။
ကောင်လေးက အမြန်ပြန်ဆင်းလာပြီးကျနော်ကိုဆွဲမယ်လုပ်တော့ မဆွဲနဲ့လို့
ပြောပြီး ကျနော်ကို သူခြေထောက်နဲ့လှမ်းလှမ်းကန်ခိုင်းပါတယ်။
ဆင်းနေတဲ့အရှိန်လျော့သွားအောင်ပါ။
အဲဒီအချိန်ကင်မရာကိုရှေ့ ပို့ထားပြီး လက်နှစ်ဖက်က မြေကြီးကိုရသလောက်ကုတ်
ခြေထောက်ကလဲ မြေကြီးကိုတတ်နိုင်သလောက်ကန်ထားပါတယ်။
အဲ့ဒီအချိန်ကျနော်စိတ်ထဲအတော်တုန်လှူပ်သွားပါတယ်။
အောက်ထိတောက်လျောက်ကျမယ်ဆိုရင်ပေသုံးဆယ်လောက်ထိဆင်းသွားနိုင်ပါတယ်။
ကုန်းဆင်းကြီးဖြစ်နေလို့ပါ။
ဒါပေမယ့် အခုနေရာနဲ့ဆယ့်ငါးပေလောက်အကွာမှာ
ကျနော်မှာအားကိုးရာသစ်ပင်တစ်ပင်တော့ရှိပါတယ်။
ကျနော်ဓါတ်ပုံရပ်ပြီးရိုက်ခဲ့တဲ့အပင်နဲ့တည့်တည့်ရောက်အောင်ကြိုးစားပြီးရွှေ့ရပါတယ်။
မိုးကလဲတဖွဲဖွဲရွာနေတော့ မြေအိနေတာကျနော်အတွက်ကံကောင်းတယ်ဆိုနိုင်ပါတယ်။
ကျနော်ကလဲတအိအိကျကောင်လေးကလဲအရှိန်လျော့အောင်ကျနော်ခြေထောက်ကိုလှမ်းလှမ်းတို့ပါတယ်။
အဲလိုကျနေရင်းက သစ်ပင်ကို ကျနော်ခြေထောက်နဲ့ထိမိတဲ့အခါမှာတော့
အောက်လျောကျနေတာရပ်သွားပါတယ်။
ကောင်လေးမျက်နှာမှာလဲ စိတ်ပူပန်မူ့အပြည့် ရှိနေရာကနေပြုံးနိုင်ပါတော့တယ်။
ဦးကြီး ရ လား လို့ မေးတော့ ကျနော် သူ့ ကိုပြုံးပြနိုင်ပါပြီ.။
လျောကျနေတဲ့အချိန်ကတော့ အတော်ကြောက်မိတာအမှန်ပါဘဲ။
နောက်တော့ ကြောက်စိတ်ရောမောနေတဲ့စိတ်ရောဖြေဘို့အတွက်ခဏနားရပါတယ်။
မိုးကတော့ တဖွဲဖွဲကျနေတုန်းပါ။
အမောပြေတော့မှ အောက်ကိုပြန်ဆင်းဘို့လုပ်ရပါတယ်။
ကောင်လေးက ပြန်မတက်တော့ဘူးလားပြောတော့ ခေါင်းဘဲယမ်းပြနိုင်ပါတယ်။
အဲဒါနဲ့ပြန်ဆင်းမယ်လုပ်တော့ မှ ကျနော်တက်လာတဲ့လမ်းက အတော်မတ်တာကို မြင်ပါတော့တယ်။
တက်နေစဉ်အချိန်တုန်းကတော့ အပေါ်ကိုမော့မကြည့်ဘဲ တက်လာခဲ့တော့ မတ်စောက်တာကိုသတိမထားမိ။
မိုးရွာထားတော့မြေကြီးကလဲချောနေပါတယ်။
ဒီတော့ ကျနော်မတ်တတ်ရပ်ပြီးမဆင်းရဲတော့တာအမှန်ပါဘဲ။
ဒါကြောင့်ဘေးနားလေးက ခြုံပုတ်တွေမြက်ပင်တွေကို လက်နှစ်ဖက်က ကိုင်ပြီး
ဖင်လျောတိုက်ဆင်းရပါတော့တယ်။
အောက်ရောက်တဲ့အခါ မှာတော့ မိုးမိလို့တစ်ကိုယ်လုံးရွှဲနေတဲ့အပြင်
လုံချည်နောက်ပိုင်းကလဲ ရွံ့တွေနဲ့ပေပွ။
လက်မှာလဲရွှံ့တွေပွနေပါတယ်။
အဲဒါနဲ့ အသံမစဲရွတ်နေတဲ့ကျောင်းထဲဝင်ပြီး ခြေလက်ဆေးဘို့ ရေတောင်းရပါတော့တယ်။
သူတို့က ဘာဖြစ်တာလဲမေးတော့ တောင်ပေါ်တက်တာ ချောကျလာလို့ ဆိုပြီးပြန်ဖြေတော့
အဲဒီတောင်ပေါ်တက်ဘို့ လမ်းမရှိဘူး။
ကျောင်းသားတွေကလေးတွေသာတက်တာ ဘယ်သူမှ မတက်ဘူးလို့ပြောပြတော့
စိတ်ထဲမှာရှက်မိတာအမှန်ပါဘဲ။
လူကြီးတန်မဲ့ဆတ်ဆော့ပြီးတက်သလိုဖြစ်နေမိတာကိုး။
ခြေလက်ဆေးပြီးသူတို့ကိုနုတ်ဆက်ပြီးစောင်းတန်းကိုပြန်အတက်မှာ
အိတ်ထဲထည့်ထားတဲ့ဖုန်းကမြည်လာလို့ကိုင်လိုက်တော့ မဒမ်ပေါက်တို့ကလှမ်းဆက်တာဖြစ်နေပါတယ်။
သူတို့ကစောင်းတန်းအတိုင်းဆင်းလာကြတာကိုမြင်တော့ရပ်စောင့်လိုက်ပါတယ်။
သူတို့ကလဲ ကျနော်ဖိနပ်တွေ့ပြီး လူမမြင်တော့လို်က်ရှာနေကြတာပါ။
သူတို့ဖိနပ်ချွတ်တဲ့နေရာမှာ သူတို့က တောင်အောက်ဆင်းပြီးယောချောင်းကိုသွားကြည့်နေတာကို
ကျနော်က အပေါ်တက်သွားပြီထင်ပြီးလိုက်သွားတာကြောင့်တလွဲတွေဖြစ်သွားကြတာပါ။
သူတို့နဲ့ ဆုံတော့မှ တောင်အောက်ကိုဆင်းပြီးအိမ်ပြန်ဘို့လုပ်ကြပါတယ်။
ဦးကြီးတောင်ပေါ်က လျောကျတာလို့ ပြောတော့ မဒမ်ပေါက် က အတော်ကို ဓါတ်ပုံ ရိုက်ချင်အုံးလို့
အမည်တတ်နိုင်တဲ့ မျက်စောင်းကို ကျနော့် ဆီ ပစ်လွှတ်လိုက်ပါတယ်။
ကလေးတွေကတော့ တော်သေးတာပေါ့ လေးလေးရယ် လို့ ဝိုင်းပြီး ဖြန်ဖြေပေးကြပါတယ်။
ဒါနဲ့ဘဲ လမ်းပြကလေးလေး ကိုနုတ်ဆက်ရင်း မုန့်ဘိုးပေးပြီး အိမ်ကိုပြန်ခဲ့ကြပါတယ်။
အိမ်ပြန်ရောက်တော့မှ ရေအပြေးအလွှားချိုးအဝတ်အစားလဲပြီး
ကော်ဖီပူပူတစ်ခွက်သောက်လိုက်တော့မှနွေးသွားပါတယ်။
ကျနော်တို့ပြန်မရောက်ခင်မှာ အားလုံးက အိမ်ပြန်ရောက်နေပါပြီ။
နာရီကြည့်လိုက်တော့ နေ့လည်တစ်နာရီ။
ညနေသုံးနာရီပြန်ကြမယ်လို့ ဆိုပါတယ်။.
အပြန်မှာတော့ ကျနော်က အလာတုန်းက ကားနဲ့မလိုက်တော့ပါဘူး။
စစ်ကိုင်းကနေ ချိုက် အထိပုတ်ပြတ်ငှားလာတဲ့ကား ကလူချောင်ပါတယ်။
အဲတော့ ကျနော်က သူတို့ကားနဲ့ပြန်လိုက်သွားဘို့ စီစဉ်ပါတယ်။
အလှူ့အမရဲ့မိသားစုကို စစ်ကိုင်းဝင်ပို့ပြီးရင် ကျနော်တို့ကို မန်းလေးအထိလိုက်ပို့မှာပါ။
အဲံဒါနဲ့အဝတ်အစားတွေပစ္စည်းတွေသိမ်း ပြီး အညောင်းပြေခဏ လှဲပြီး အနားယူလိုက်ပါတယ်။
နှစ်နာရီခွဲလောက်မှာ တော့ လာကြိုတဲ့ကားရောက်လာတော့အားလုံးကိုနုတ်ဆက်ပြီး
ကားပေါ်တက်လို့ထွက်ခဲ့ပါတယ်။
ကျနော်အလာတုန်းကလိုက်လာတဲ့ကလေးတွေကတော့ ညနေသုံးနာရီလောက်မှထွက်
ချောက်ကနေ မြစ်ကမ်းနံဘေးကဖောက်ထားတဲ့လမ်းကနေ
ပုဂံဘက်ကပါတ်ပြန်မယ်ပြောပါတယ်။
ကျနော်တို့ကတော့ ဂွေးချုို လမ်းအတိုင်းပြန်ကြမှာပါ။
အပြန်လမ်းမှာတော့အသွားတုံးကမမြင်ခဲ့ရတဲလမ်းတွေကိုသေချာမြင်ရပါတော့တယ်။
တောင်ကုန်းတွေကိုကွေ့ပါတ်ပြီးဖောက်ထားတဲ့ကျောက်စရစ်လမ်းပါ။
ဒါကြောင့်လဲဖုန်တွေထတာပါ။
အပြန်လမ်းကတော့မိုးရွာထားတာရယ်အလုံပိတ်ကားရယ်ကြောင့်ဖုန်ဒဏ်ကနေဝေးခဲ့ပါတယ်။
ကျနော်ဓါတ်ပုံရိုက်တာဝါသနာပါတာကိုသိတဲ့ကားသမားကအားလုံးကိုစီးမြင်နေရတဲ့နေရာမှာ
ကားရပ်ပေးပါတယ်။
အဲတော့ကျနော်တို့တစ်ဖွဲ့လုံးဆင်းပြီးဓါတ်ပုံတွေရိုက်
ကားဆရာကလဲရို်က်နဲ့အဆင်တွေကိုပြေလို့ပါဘဲ။
နောက်တော့အိမ်အရောက်နောက်ကျနေမှာစိုးတာနဲ့ခရီးဆက်ခဲ့ကြပါတယ်။
ကားဆရာကဓါတ်ပုံရိုက်ချင်တဲ့နေရာပြောနော်ရပ်ပေးမယ်ဆိုတော့
ဂွေးချိုကန်တော့ရိုက်ချင်တယ်ပြောပါတယ်။
ဒီလို့နဲ့ခရီးဆက်ထွက်လာလိုက်ကြတာ
ယောချောင်းတံတား
ချစ်ချောင်း
ဆိပ်ဖြူတံတားကိုအစဉ်အလိုက်ဖြတ်လာလိုက်ကြပါတယ်။
ကျနော်တို့ကကျောက်ပန်းတောင်းရောက်ရင်အာလူးကြော်ဝယ်ချင်တယ်ပြောတော့
အဲမှာမဝယ်နဲ့ဂွေးချိုကပင်ရင်းဆိုပြိးပြောပါတယ်။
ဂွေးချိုအရောက်မှာကားရပ်ပေးတော့ကျနော်တို့ဆင်းပြီးဈေးဝယ်ကြပါတယ်။
နောက်အပေါ့အပါးသွားပြီးကားဆက်ထွက်လာပါတယ်။
ဂွေးချိုကန်အရောက်ကျနော်ဓါတ်ပုံရိုက်ဘို့ကားရပ်ပေးတော့ရေမရှိတဲ့ကန်ထဲမှာ
ထန်းပင်တွေမတ်တပ်ရပ်နေတာကိုဘဲရိုက်ခဲ့ရပါတယ်။
နောက်တော့ကျနော်တို့ကားကဆက်ထွက်လာပါတယ်။
ညနေငါးနာရီလောက်မှာမိတ္ထီလာယာဉ်ရပ်နားစခန်းမှာရောက်ပေမယ့်ကျနော်တို့ မဆင်းတော့ဘဲခရီးဆက်ခဲ့ကြပါတယ်။
နောက်တော့အမြန်လမ်းပေါ်တက်လာတဲ့အခါမှာမိုးကရွာလိုက်တိတ်လို်က်နဲ့ခရီးမတွင်ပါဘူး၊
ဒီအထဲအဲကွန်းပျက်သွားတော့ ရှေ့မှန်ကရေငွေ့ရိုက်လာပါတယ်။
ဘေးကထိုင်လာတဲ့ကျနော်ကမှန်ကိုသုတ်သုတ်ပေးရပါတယ်။
သွားရင်းလာရင်းနဲ့စစ်ကိုင်းမြို့ဝင်တော့ ညရှစ်နာရီထိုးခါနီးနေပါပြီ.။
စစ်ကိုင်းကလူတွေကိုဝင်ပို့။
တစ်ယောက်နဲ့တစ်ယောက်နုတ်ဆက်။
ကျနော်အိမ်ရောက်တော့ ညကိုးနာရီထိုးခါနီးပါပြီ
ပင်ပန်းပေမယ့်ပျော်စရာကောင်းတဲ့ခရီးပါ။
နောက်တစ်ခေါက်ထပ်ရောက်ချင်ပါသေးသည်။
ကိုပေါက်လမ်းသလားနေသည်
25-11-2014
17 comments
surmi
November 26, 2014 at 10:25 am
ဖြစ်ရမယ်ဗျာ …
ကံကောင်းပေလို့ပေါ့ ။
ကျနော်ကတော့ ငယ်ငယ်က ချောင်းရိုးထဲအဆင် ဆင်ခြေလျောမှာ အဲသလိုမျိုး ခြေချော်ပြီး လျောကျဖူးသဗျ ။
အောက်မှာ က သဲပြင်ဆိုတော့ တော်သေးတာပေါ့ ။
ကျနော်ကျတာကသိပ်မမြင့်ပါဘူး
၁ဝ ပေကျော်ကျော်လောက်ကပါ ။
ဒါနဲ့ ချိုက်ရွာ ဆ်ိုတာ ကတ်ကျေးတွေလုပ်တဲ့ပန်းဘဲရွာထင်တယ် ။
မကွေးကတ်ကျေးတွေမှာ ချိုက်တင်အေးတို့ ချ်ိုက်ဝင်းမောင်တို့တွေ့ဖူးနေလို့
ကိုပေါက်(မန္တလေး)
November 26, 2014 at 4:00 pm
မိဘီကွ
ဆာဆာ အခုပိုစ်မှ ဝင်ဖတ်တာ
ရှေ့ က ပိုစ် 2ခု မဖတ်ခဲ့ဘူးနေမှာ
မှန်ပါတယ် ချိုက်က ကပ်ကြေးထုတ်လုပ်တဲ့ရွာပါ။
ရှေ့ မှာ ချုိုက်ရွာလား နဲ့ ပျော်စရာအလှူပွဲလေးပိုစ် 2 ပုစ်တင်ထားပါတယ်
ခင်ဇော်
November 26, 2014 at 10:33 am
အဲဒီ ဘက်က စိမ်းစိမ်းစိုစို ရှိသေးတယ်နော်။
လွမ်းစရာကြီးရယ်။
:k:
အလင်းဆက်@မောင်သူရ
November 26, 2014 at 10:41 am
အတူတူ လိုက်ခဲ့ရတဲ့ ခရီးလိုကို ဖြစ်အောင်
ရေးနိုင် ပြနိုင်ပါပေ့ လေးပေါက်ရာ
😆
Mr. MarGa
November 26, 2014 at 11:38 am
လမ်းသလားချက်က
ကံကောင်းလို့ပေါ့ဗျာ…
ကင်မရာ လေး ကျေးဇူးတင် ဗျ
စကားမစပ် အဲ့ အလှူဟင်းတွေ စားချင်လိုက်ပါဘိ
aye.kk
November 26, 2014 at 12:01 pm
အလှူ ပွဲခရီးက ပျော်ရွှင်ကြည်နှူးးစရာ ကောင်းလိုက်တာ။
kyeemite
November 26, 2014 at 1:13 pm
.ရေမရှိတဲ့ဂွေးချိုကန် နေရာလေးမြင်တော့ အညာကိုလွမ်းမိပြန်တယ်…
.အဲ့နေရာလေးကရုပ်ရှင်တွေထဲလည်းပါဖူးတယ်ဗျ….
.အညာကျေးလက်ဓလေ့ခေါက်ဆွဲ .ကျုပ်လည်းစားဖူးတယ်..ဖွယ်တယ်တယ်ရှိပေမဲ့သူ့အရသာနဲ့သူတစ်မျိုးကောင်းတာပဲဗျ
.ကိုပေါက်အတွေ့အကြုံထူးတေါရလိုက်တာကျေနပ်စရာပေါ့ :))
မြစပဲရိုး
November 26, 2014 at 6:38 pm
ကပေါက်ကြီး ရဲ့
ခေါက်ဆွဲ ဘဲလားဗျ။
နေ့လည်စာ အဖြစ် တစ်ဝ တီး သွားပါ့။
ကလေးတွေ ကို စားပွဲ လေးတွေ နဲ့ ကျွေးတာမြင်လို့ စိတ်ကြည်နူး သွားပါတယ်။
တစ်ခါတစ်ခါ ဒီ အတိုင်း မြေကြီး ပေါ် ပုဂံ လေးတွေ ချပြီး ကျွေး ထားတာ မြင်ရင် စိတ်ထဲ မကောင်းဘူး။
တော်သေးတာပေါ့။ ကိုပေါက်ကြီး ချော်ကကျ တာ။
တောင်ပေါ်တက်တာတော့ ကျွန်မ လဲ အတော်လေး ဝါသနာပါတယ်။
အမြင့်ပေါ်က အောက် ကို ပြန်ကြည့်ရတဲ့ ရှုခင်း ကို ကြိုက်လွန်းလို့။
ပုံ ၁ဝ မိုးတိမ် တွေ မဲ နေတာ နဲ့ အောက်ဆုံးက ထန်းတောလေး ကို နှစ်သက်ပါတယ်။ :))
ကိုပေါက်(မန္တလေး)
November 27, 2014 at 7:59 am
အဲဒီပုံ10 က ဘုရား မှာ ကျနော်ခြေတွေလက်တွေဝင်ဆေးလာတာပေါ့
weiwei
November 27, 2014 at 11:06 am
ဒီဇင်ဘာလထဲ ခရီးတစ်ခုသွားဖို့ရှိတယ် …
ကင်မရာကြီးဝယ်ထားမိတော့ ဘယ်လိုသယ်ရမှန်းမသိဖြစ်နေတာ … ကိုပေါက်တို့ ဓါတ်ဆရာတွေလို တစ်ကိုယ်လုံး အိတ်တွေသိုင်းထားရမလိုဖြစ်နေပြီ .. တွေးပြီး တော်တော်စိတ်ညစ်နေတယ် ..
ဓါတ်ဆရာတွေနဲ့ အတူတူခရီးထွက်ပြီး ဓါတ်ပုံတွေရိုက်ကြည့်ချင်ပါသေးတယ် ..
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:53 pm
မဝေရေ
ကင်မရာတစ်လုံး မှန်ဘီလူးတစ်ခုဆိုရင် အိတ်ခပ်သေးသေး
ကင်မရာတစ်လုံး မှန်ဘီလူး နှစ်ခု ဆိုရင် အိတ်နဲနဲကြီးတာ
ဒီထက် ပစ္စည်းတွေပိုလာရင်တော့ အများကြီးဆန့် တဲ့ ကျောပိုးအိတ်နဲ့ ခရီးသွားရပါတယ်။
Shwe Ei
November 27, 2014 at 11:37 am
ထန်းတောလေးက ချစ်စရာလေးနော် 🙂
ရွာအလှူတွေနဲ့ ဝေးနေတာ ရွာကထွက်လာကထဲက ဆိုပါတော့..
တစ်ခေါက်လောက် ကြုံချင်သေးတယ်..
အလှူငါးခြောက်ကြောက်ကြိုက်လို့..
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:57 pm
ချွေ အိ ရေ
အညာက အလှူတွေက ထမင်း
မှန်ရောင်ဟင်းချို ငါးခြောက်ထောင်းကြော် နဲ့ ပဲတီချဉ် သို့ မဟုတ် သရက်သီးပိုးတီသုတ်
ကျွေးတတ်ပါတယ်
ကြေးရေတတ်များရဲ့ အလှူမတော့ ဝက်သားအိုးကြီးချက် ပေါ့ အေ
လွမ်းတောင်လာပြီ
Ma Ei
November 27, 2014 at 2:28 pm
ဒီစာလေးဖတ်ပြီး ရောက်ခဲ့ဖူးတဲ့ တောင်သာ၊ ဝဲလောင်၊ ရထားကုန်း ရွာကလေးရဲ့ အလှူကိုတောင်ပြန်သတိရသွားခဲ့တယ်…ရွာသူားတွေရဲ့ ရိုးသားမှုနဲ့အတူ အမျိုးချစ်စိတ်လွန်ကဲတတ်တာလေးတွေကိုလဲ သတိတရပေါ့…
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:53 pm
မအိရေ
တောင်သူတောင်သားအဖို့ လယ်ထဲ ကိုင်းထဲ တကုပ်ကုပ်
အလုပ်နေရရှာတော့ သူတို့ ဘဝလေးက ကျဉ်းပါတယ်။
အဲတော့ ဒီလိုပွဲလမ်းလေးကိုမျော်နေကြတာပါ။
မြို့ကလူက မင်္ဂလာပွဲလမ်းများလွန်းလို့ စိတ်ပျက်နေချိန် ရွေးပြီးသွားချိန်မှာ
တောကလူက ပွဲမျော်နေတာ
ဒါပေမယ့်သူတို့ က ဧည့် ဝတ်မကျေမှာ အလွန်စိုးပြီး ချစ်ခင်စရာအင်မတန်ကောင်းတဲသူတွေပါ
uncle gyi
November 27, 2014 at 10:31 pm
့ မုးိတဖျောက်ဖျောက်နဲ့ဆိုတော့မရိုက်ဖြစ်ပါဘူး။
သိနေတယ်နော်
ကိုပေါက်ဘာဖြစ်လို့မရိုက်ဖြစ်ဖူးဆိုတာ
အမှန်ကပိုက်ဆံကောက်နေလို့ဒါးပုံမရိုက်ဖြစ်လိုက်တာပါ
ကိုပေါက်(မန္တလေး)
November 28, 2014 at 8:53 am
အန်ကယ်ဂျီး မှား ဘီ
ပိုက်ဆံကကောက်စရာမလိုဘူး
မကြဲခင်ကတည်း က ကြိုတောင်းထားပြီးသား