အလွမ်းဆိုတာ

ဆုျမတ္မိုးFebruary 11, 20151min2718

ငါတို့မြို့က ဘယ်လောက် မိုးဘယ်လောက်များလဲနင်အသိပဲ ။ မိုးတွင်းစာ ဆိုပြီး သိမ်းဆည်းရတာ ငါတို့ရယ် ပုရွက်ဆိတ်ရယ်ပဲရှိတယ်လို့
အဘွားက ခဏခဏနောက်ပြီး ပြောတယ် ။ ဒီဘက်ခေတ်မှာတော့ မိုးတွင်းစာဆိုတာဘာကြီးလဲဆိုပြီး ပြန်မေးရမလိုဖြစ်နေပြီ။ တစ်လတစ်လ တိုးလာတဲ့ လူနေမှုစရိတ်တွေနဲ့ တစ်လစာတောင် အလျဉ်မမှီဘူးလေ ။ တို့ အဘွားမှာဆို မိုးတွင်းစားဖို့ ငပိ၊ ဆား ၊ ဆီ ၊ ငရုတ်သီးခြောက် ၊ ငါးခြောက် ၊ ချဉ်ဖတ် ၊ အသီးအရွက်ခြောက် ၊ အာလူး တွေကို သေသေချာချာသိမ်းထားတာဟ ။ မိုးတွင်းမှာ အရမ်းမိုးကြီးတော့ လေမုန်တိုင်းတွေဘာတွေတိုက်ရင် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြတယ်လေ ။ ဒီတော့ မိုးတွင်းစာဆိုပြီး တခုတ်တရသိမ်းထားရတယ်ဟ ။

လေမုန်တိုင်းလား နင်သိတဲ့အတိုင်းပဲ မိုးရာသီလေးလမှာအနည်းဆုံး မုန်တိုင်းလေးကြိမ်တော့အသာလေးတိုက်တာပဲ ။ ဒုက္ခတော့များတာပေါ့ဟာ ။ ငါတို့မြို့က ပျဉ်ထောင်အိမ်လေးတွေပဲဆိုတော့ မိုးဦးမကျခင် အိမ်ခေါင်မိုးပြင်ရတာနဲ့ အိမ်ရှေ့က
မြောင်းကိုရေစီးရေလာကောင်းအောင်ပြင်ရတာနဲ့ မိုးအတွက် ထီး ၊ မိုးကာ ၊ မိုးတွင်းစီးဖိနပ် ဝယ်ရတာနဲ့ အလုပ်ရှုပ် ငွေကုန်တာပေါ့ ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ ကာလဒေသနဲ့လိုက်အောင်နေရတာဆိုတော့လည်း ငါတို့အတွက်ကျင့်သားရပြီးသားပေါ့ ။

ငါတို့မြို့ကိုရစ်ပတ်စီးဆင်းနေတဲ့ ချောင်းလေးတစ်ချောင်းရှိတယ် ။ အဲဒီချောင်းရဲ့ တစ်ဖက်ကမ်းက တောင်ပေါ်မှာ ဘုရားတစ်ဆူရှိတယ် ။ ငါတို့
ငယ်ငယ်တုန်းက အဲဒီဘက်ကမ်းက ဘုရားပွဲကိုသွားရင် လှေစီးပြီးသွားရတယ် ။ စက်လှေမဟုတ်ဘူးဟ ။ လက်နဲ့လှော်တဲ့လှေလေ ။
လှေလေးစီးပြီးတစ်ဖက်ကမ်းကိုသွားပြီး အရင်ဆုံးတောင်ပေါ်တက်ကြတယ် ။ လှေကားအဆင့်ဆင့်ဖြတ်ပြီး တောင်ပေါ်ကိုတက် ၊ တောင်ပေါ်မှာ ဘုရားရှိခိုး ၊ အလှူငွေထည့် ပြီး တောင်အောက်ကိုပြန်ဆင်းပြီးပွဲဈေးသွားလည်ကြတယ် ။ အဖေအမေ လက်ဆွဲပြီး ပျော်ပျော်ပါးပါးသွားကြတာပဲ ။ ဖုန်လား ထူတာပေါ့ ။ ဖုန်ထူပေမယ့် ဖျားဟယ်နာဟယ်မရှိပါဘူး ။ အခုလိုမျိူးသိပ်နုတဲ့သူမဟုတ်ခဲ့ဘူးပေါ့ဟာ ။

ဘုရားပွဲတိုင်း ၊ ဝါကျွတ် တန်ဆောင်တိုင်ပွဲတိုင်းမှာ တန်ပူလာဖောက်ကြတယ်ဟ ။ တန်ပူလာဆိုတာ ငါတို့ christmas တုန်းက ရုံးမှာ ဆော့တဲ့ bingo လိုဟာမျိူးလေးလေ ။ ငါတောင် ချောကလက် တစ်တောင့်ပေါက်သေးတာမှတ်မိတယ်မလား ။ တန်ပူလာလည်းအဲလိုပဲ..ပလက်စတစ်ဘောလုံးလေးပေါ်က နံပါတ်တွေကို ဒိုင်ကအော်ပြော ၊ ကိုယ့်စာရွက်ပေါ်က နံပါတ်လေးတွေနဲ့တိုက်ရတာလေ ။ တန်ပူလာ ပေါက်ရင်လား ။ ပစ္စည်းအစုံရှိတယ်ဟ ။ ရန်ပုံငွေနဲ့ဝယ်ထားတဲ့ ပစ္စည်းတွေအများကြီးလေ ။ စတီးဂျိုင့် ၊ ခြင်းတောင်းက အစ ရေခွက်အထိ ပါတယ်ဟ ။ ကံကောင်းရင် မီးပူတို့ ၊ စတီးဂျိုင့်တို့ရတာပေါ့ ။ ပြီးရင် စတိတ်ရှိုးလည်းရှိသေးတယ်ဟ ။ မိုက်ခဲတွေတက်ဆိုကြတာ ပျော်စရာပေါ့ဟာ ။

မှတ်မိသလောက် ငါ ဒုတိယတန်းလောက်မှာ မြို့ရဲ့ကိုယ်ထူကိုယ်ထ အလှူငွေတွေနဲ့ တောင်ပေါ်ကဘုရားဖက်ကမ်းနဲ့ မြို့ဖက်က ကမ်းနှစ်ခုကြားမှာ ကြိုးတံထားလေးတစ်စင်းထိုးတယ်ဟ ။ ရန်ပုံငွေတွေ ၊ ကိုယ်ထူကိုယ်ထအစီစဉ်ဆိုတော့ နှစ်ရှည်လများ အလှူတွေခံပြီး
ပစ္စည်းတွေဖြည်းဖြည်းချင်းစုပြီး ကြိုးတံထားထိုးကြတာဟ ။ ကြည်နူးစရာကောင်းတာပေါ့ ။ တံတားလား ခုထိရှိတုန်းပဲ ။ မြို့ခံလူတွေက
တစ်ဖက်ကမ်းကိုဘုရားဖူးတဲ့သူတွေ ကောင်းကောင်းမွန်မွန်သွားလို့ရစေချင်တဲ့စေတနာပေါ့ဟာ ။ နှစ်တွေကြာပေမယ့်
ခုထက်ထိထိန်းသိမ်းထားကြတုန်းပဲ ။

ပထမဆုံးတံထားဖြတ်ဖူးတုန်းကဆို တော်တော်ရယ်ရတယ် ။ ရေအောက်ကိုလည်းငုံမကြည့်ရဲဘူး သစ်သားတံထားက ခိုင်ပါ့မလားဆိုပြီး
ကြောက်ကြောက်လန့်လန့်နဲ့ တစ်ယောက်ပြီးမှ တစ်ယောက်ရှေ့ဆင့်နောက်ဆင့်သွားကြတာ ။ ယှဉ်ပြီးမသွားရဲကြဘူး။ တံတားပေါ်မှာ
စက်ဘီးမစီးကြဘူး ။ ခုန်ပေါက်တာမျိူးမလုပ်ကြဘူး ။ ဘယ်သူမှ ထူးပြီးတားတာမျိူးမရှိပေမယ့် ကိုယ်ပိုင်အသိစိတ်ဓာတ်ပေါ့ဟာ ။
ရပ်မိရပ်ဖတွေရဲ့ စေတနာနဲ့ လုပ်ထားတဲ့ တံထားကို အစဉ်အဆက်ထိန်းသိမ်းခဲ့ကြတာ။ တစ်ဖက်ကမ်းမှာနေတဲ့ မိသားစုတွေ တို့ဖက်ကိုကျောင်းလာတက်ကြရင် တံထားမရှိခင်က တဝေးတလံ ပတ်ပြီးသွားကြရတယ် ။ ကုန်းမြေဆက်တဲ့နေရာရှိပေမယ့် အလှမ်းဝေးတယ်လေ။ တံတားလေးရှိတော့ သွားရေးလာရေးပိုအဆင်ပြေတာပေါ့။

နောက်ပိုင်းငါတို့ ဆယ်ကျော်သက်အရွယ်မှာ တောင်ပေါ်ကိုတက်တဲ့ ကားလမ်းလေးတစ်ခုရှိလာတယ် ။ ကားနဲ့ တောင်ပေါ်ကို
တိုက်ရိုက်တက်လို့ရတာပေါ့ ။ ခုတော့ တံတား ၊ ကားလမ်းကနေ တစ်ဆင့်တက်ပြီးတော့ တောင်ပေါ်ကိုဓာတ်လှေကားလုပ်ဖို့
ရပ်မိရပ်ဖတွေစီစဉ်နေကြတယ်လေ။ မတည်ငွေ သိန်းတစ်ရာကျော်တောင်ရှိနေပြီတဲ့ ။ မြို့ကလေးနဲ့ မြို့ခံသားတွေရဲ့ ရိုးသားတဲ့ စေတနာ အလှတရားပေါ့ဟာ ။ နွေမှာဆိုရေရှားလွန်းလို့ သုံးစရာသောက်စရာရေချွေတာရတဲ့အခြေအနေကနေ ပိုက်တွေနဲ့သွယ်ပြီး ရေပေါတဲ့အဆင့်ထိရောက်အောင်ကိုယ်ထူကိုယ်ထ ကြိုးစားခဲ့ကြတယ် ။ သုံးစရာလျှပ်စစ်မီးမရှိပေမယ့် မြို့ဘုရားတွေမှာ နေ့ရောညပါ လျှပ်စစ်မီးပူဇော်ကြတယ် ။ အစစအရာရာကို ကိုယ်ထူကိုယ်ထ ကြိုးစားရတဲ့ မြို့လေးပေါ့ ။ အခုတော့ ပိုပြီးတိုးတက်လာပြီ။

မရောက်တာလား ၁၃ နှစ်ရှိပြီဟ ။ ရှစ်တန်းတည်းက ပြောင်းသွားတာ ခုထိ တစ်ခေါက်မှ ပြန်မရောက်ဖြစ်တော့ဘူးလေ ။ စိတ်ထဲမှာမှတ်မိနေတဲ့ မြို့ကလေးနဲ့ ခု တူတောင်တူပါဦးမလားလို့တွေးနေမိတာ ။ ခုဆို  မြို့ကလေးရဲ့ ခေတ်မှီနေပြီးဟ ။ မြို့ရဲ့သာရေးနာရေးကိစ္စတွေကို ငါတို့လိုအဝေးရောက်တွေသိနိုင်ဖို့ facebook page လေးတစ်ခုတောင်ရှိတယ် ။ ဒါကြောင့် ဒီလောက်အဆက်ပြတ်နေတာတောင် ခု ဓာတ်လှေကားလုပ်မယ့်ကိစ္စကိုသိနေတာပေါ့ ။ အဝေးရောက်နေတဲ့အချိန်မှာ လိုအပ်တာတွေဖြည့်စည်း ၊ လိုအပ်ချက်တွေကိုဖြည့်စည်းရင်းနဲ့ တခါတခါစိတ်ထဲမှာ မြို့ကလေးဆိုတာကို မေ့ချင်ချင်ပဲ ။ ငါ့စိတ်ထဲမှာ ရှေ့အနာဂတ်ဆိုတာကိုတွေးရင်းနဲ့ စိမ်းလန်းတဲ့ အတိတ်လေးတစ်ခုရှိခဲ့တာ အမှတ်ရတချက်မရတချက်ပဲ။

မနက်ကfacebook ဖွင့်ကြည့်ရင်းနဲ့ မြို့ကလေးရဲ့ ဓာတ်လှေကားအလှူခံပိုစ့်လေးတွေ့တယ်ဟ ။ကိုယ့်မြို့လေးအတွက်နိုင်သလောက်လှူမယ်ဆိုပြီး ငါ post ကိုသေသေချာချာဆက်ဖတ်ဖြစ်တယ်..။ အကြောင်းအရာကတော့ အထူးအထွေမဟုတ်ဘူး တောင်ပေါ်ကိုတက်မယ့်လှေကားအစား နဲ့အတူ ဓာတ်လှေကားတစ်ခုလုပ်မယ် ။ အောက်ပါလိပ်စာတွေကိုဆက်သွယ်လှူဒါန်းနိုင်ပါသည်ပေါ့ ။ ဆက်သွယ်ရမယ့်လိပ်စာတွေကတော့အများကြီးပဲ ဒီထဲမှာ ဦးလှစိန်- ပြန်ကြားရေးဦးစီးမှူး ဖုန်း ——- က ထိပ်ဆုံးမှာနေရာယူလို့ ။ ဦးလှစိန်က အသားခပ်လတ်လတ် ပိန်ပိန်နဲ့ အဖေ့သူငယ်ချင်း ။ သူ့မိန်းမကလည်းအမေ့သူငယ်ချင်း ငါတို့ငယ်ငယ်က စားအိမ်သောက်အိမ်ပေါ့ ။သူ့စာကြည့်တိုက်ကိုတံခါးမရှိဓါးမရှိဝင်ခွင့်ပေးပြီး ငါတို့ ကလေးတွေကိုစာအုပ်တွေဖတ်ခွင့်ပေးတဲ့သူပေါ့ ။ အသားဖြူဖြူ အရပ်ခပ်ပြတ်ပြတ်နဲ့ ငါတို့အဖွားဖက်က ဘကြီးတစ်ယောက်ကတော့ ဘုရားဂေါပကတဲ့ ။ ဆောက်လုပ်ရေးက ကန်ထရိုက်တာ ဦးအောင်သာဖြူ နဲ့ ဇနီး ဆိုတာလည်း ဆွေမျိူးမကင်းတဲ့သူ ။ဒေါ်ယဉ်ယဉ်အေး ဆိုတာလည်း ငါ့တို့ဆရာမလေ ။ ရပ်မိရပ်ဖနာမည်တွေ၊ အမေအဖေတို့ပြောရင်းနဲ့ ရင်းနှီးနေတဲ့နာမည်တွေ ၊ ဆရာသမားတွေရဲ့ နည်မည်တွေအများကြီးပဲ ။ ငါလေ…အလှူခံပုဂိုလ်တွေရဲ့ နာမည်တွေကို ရင်ထဲမှာဆို့ဆို့နင့်နင့်နဲ့ ငါခပ်ကြာကြာငေးကြည့်နေမိတယ် ..။

မြို့နံဘေးက ချောင်း ဘယ်လောက်ကောသွားပြီလဲငါမသိဘူး ။ မြို့ကလေးမှာ ဘောင်းဘီတိုဝတ်တဲ့ကောင်မလေးရှိနေပြီလား ငါ့သူငယ်ချင်းတွေအိမ်ထောင်ကျပြီး သားသမီးကိုယ်စီနဲ့ဖြစ်နေပြီလား ဆေးရုံမှာ ဆေးကုမယ့်ဆရာဝန်ရှိရဲ့လား ငါမသိဘူး ။ ဒါပေမယ့် “အေးစကြာင်္ ဗီဒီယိုရုံ” ဆိုတဲ့နာမည်ကိုတွေးလိုက်ရုံနဲ့ projector နဲ့ပြပြီး သဘောကောင်းတဲ့ ဗီဒီယိုရုံပိုင်ရှင်ကိုသတိရတယ် ။ ဗီဒီယိုရုံရှေ့က မုန့်ဆိုင်ကိုသတိရတယ် ။ ဗီဒီယိုရုံဘေးက မုန့်ပေါင်းရောင်းတဲ့ နတ်ကတော်ကိုသတိရတယ် ၊ ဗီဒီယိုရုံ ဘေးနားက အပ်ချုပ်ဆိုင်ကို သတိရတယ်။ ရေတွင်းနားကဘထ္ထရီဆိုင်ကိုသတိရတယ် ။ ဓာတ်ပုံဆိုင်နားက အဝတ်လျှော်ဆိုင်ကိုသတိရတယ် ။ တကယ်တော့အလွမ်းဆိုတာလေ…… နာမည်လေးတွေကမြင်ရရုံနဲ့ ရှည်လျားလှတဲ့နောက်ဆက်တွဲအတိတ်တွေက ပင့်ကူမျှင်လို ဆက်တိုက်လိုက်လာပြီး ရင်ထဲမှာနင့်နေတာမျိူး ။ ။

8 comments

  • အလင်းဆက်

    February 11, 2015 at 3:04 pm

    ဟွာလေ
    အခုတလော ကျနော်လည်း ဒီလို စကားပြောရေးဟန်လေးက်ု
    သဘောကျနေမိတယ်လို့
    အာ့လာပြောတာ
    ဖတ်ပြီး မြင်ယောင်ကြည့်သွားပါကြောင်းးး

  • ခင်ဇော်

    February 11, 2015 at 3:11 pm

    ဟုတ်တယ်။
    ရေးတာ တော်တော်လေး ကောင်းတယ်။

    ကိုယ်ပါ လိုက်လွမ်းသွားလို့လေ။

  • kai

    February 11, 2015 at 3:51 pm

    “နင်နဲ့ငါ”နဲ့ပြောဟန်က.. ဆွဲခေါ်သွားတယ်ထင်..
    ဆိုတော့…
    အဲလိုနင်နဲ့ငါနဲ့ပြောတာ.. ရေးတာကို.. မြန်မာစာပေဖခင်ကြီးတဦးဖြစ်တဲ့.. ဦးဖေမောင်တင်က.. ကြိုက်တယ်လို့.. သခင်ဗသောင်းကိုပြောဖူးတယ်..။

  • Mr. MarGa

    February 11, 2015 at 3:58 pm

    ဖတ်ပြီးတော့
    ကူ လွမ်းသွားတယ်ဗျို့..
    ဖတ်ရင်း ကိုယ်တိုင်လွမ်းလာလို့

  • မြစပဲရိုး

    February 12, 2015 at 7:57 pm

    လွမ်းချင်သလို လွမ်းကြေး ဆို ဆု ရဲ့ စာ ကို ဖတ်ပြီး အရီး လဲ အဖွား ရဲ့ တောမြို့ လေး ကို လွမ်းသွားပါတယ်။
    စာရေးကောင်းသူလေး ကို ရွာထဲ မကြာမကြာ တွေ့လိုပါတယ်။ :))

Leave a Reply