မလေးရှားရောက် နီနီတစ်ယောက်အကြောင်း
နီနီ့ အကြောင်းဆိုပါစို့။ တကယ်တော့ နီနီတင်မက ဖြူဖြူတို့ကော ဝါဝါတို့ပါတွေ့ကြုံနေရတဲ့ ဒုက္ခပါ။ မလေးရှားပုံပြင်များ ဆိုပါတော့။ တကယ်တော့ မလေးရှားတင်မက နေရာအနှံ့မှာ ဖြစ်နေတာပါပဲ။ မြန်မာပြည်ထဲမှာတင်တောင် ဖြစ်တတ်သေးတာပါပဲ။ ဖတ်ကြည့်ပြီး ဆင်ခြင်ကြဖို့ လက်ဆင့်ကမ်းအသိလေးတွေ ပေးနိုင်ကြဖို့ တင်လိုက်ပါတယ်။
နီနီ က မြန်မာပြည် အရှေ့တောင်ပိုင်း မြို့ကလေးမှာနေတဲ့သူပါ။ အိမ်ထောင်ကျတယ်။ ကလေးနှစ်ယောက်မွေးတယ်။ ဇာတ်သိပ်မနာအောင် ယောကျာ်းလေး နှစ်ယောက်မွေးတယ် ဆိုပါစို့။ ယောကျာင်္းက သူတို့မြို့လေးမှာ တွေ့ရာအလုပ်ကလေး လုပ်ရတယ်။ နည်းနည်းအဆင်ပြေရင် ကုန်လေးဘာလေးကူးတယ်။ တစ်နိုင်ပေါ့လေ။ တစ်ခါတစ်လေတော့ ပိုက်ဆံကလေး လောက်လောက်ငှငှ ရှိပါရဲ့။ များသောအားဖြင့်ကတော့ တိုရေရှားရေနဲ့ ဖြစ်နေတာပါပဲ။ မြန်မာယောကျာင်္းတို့ထုံးစံ နီနီ့ယောကျာင်္း က အရက်လေးဘာလေးသောက်တယ်။ ပိုက်ဆံမတတ်နိုင်တော့ တွေ့တာသောက်ရတာပေါ့။ ဆေးလိပ်လည်းသောက်တယ်။ ဟိုဟိုဒီဒီ ကဲတာလေးလဲ ရှိတတ်တာပေါ့။ အဲသလိုနဲ့ ဘာရောဂါမှန်းမသိ ဖျားနာ မောပန်းလို့ သေသွားပါတယ်။ ကလေးတွေ အသက် ခုနှစ် နှစ် ၊ အကြီးလေးက ကိုးနှစ်မှာ။ နီနီ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ သူ့မိဘတွေကလည်းအိုနေပြီ။ ကလေးတွေကလည်းနည်းနည်းငယ်သေးတယ်။ သူ့အသက်ကလည်း သုံးဆယ့်သုံးနှစ်ပဲ ရှိသေးတာ။ ယောင်တောင်တောင်နဲ့ အမှောင်ထဲမှာ မျှော်လင့်ချက်မဲ့စွာ နေ့စဉ် စားသောက်ရေး ဒုက္ခတွေကို အံတုရင် ကျပန်းလေးတွေလုပ်နေမိတယ်။ ပင်ပန်းတယ်။ လုပ်ငန်းခွင်ကလည်း စုတ်ပြတ်သတ်တယ်။ လုပ်ခကလဲ ဘာမှ မဟုတ်ဘူး။ အလုပ်အာမခံကလည်း ရှိတာမဟုတ်တော့ မျှော်လင့်ချက်ကမဲ့နေဆဲပေါ့လေ။ ဒီလိုနေတုန်း သူတို့မြို့မှာ လာနေသွားဖူးတဲ့သူ၊ သူ့မိဘတွေဘာတွေနဲ့လည်း နည်းနည်းသိတဲ့သူတစ်ယောက် မြို့ကိုရောက်လာပြီး ဟိုလားလား ဒီလားလားလုပ်ရင်း သူတို့အိမ်ကို လာလည်တယ်။ နောက်တော့ သူ့အတွေ့အကြုံများကိုပြောပြလို့ မလေးရှားဆိုတဲ့တိုင်းပြည်အကြောင်းပြောတာပေါ့လေ။ မြန်မာ ပြည်မှာတော့ နိုင်ငံခြားဆိုရင် စိတ်ဝင်စားစရာအကောင်းဆုံး။ နိုင်ငံခြားရောက်လိုက်တာနဲ့ အကောင်းစားတွေအကုန်လုံးတွေ့ရမယ် ကြုံရမယ် ခံစားရမယ် မှတ်နေကြတာကိုး။ ပိုဆိုးတာကတော့ ဒုက္ခတွေဝိုင်းနေတဲ့သူတစ်ယောက်အတွက်တော့ နိုင်ငံခြားဆိုတာ ထွက်ပေါက်အနေနဲ့ ပြေးချင်စရာနေရာလေးလို့ခံစားမိလာစေတာပေါ့။ ဒီလိုနဲ့ နီနီ့ကို မလေးရှားမှာ အလုပ်တွေကောင်းတဲ့အကြောင်း လခ လုပ်ခ ကောင်းကောင်းရလို့ စုမိရင် ခြံလေးဘာလေး ဝယ်ပြီး လုပ်ကိုင်စားနိုင်ကြောင်း၊ ကုန်ကူးဖို့ ဆိုင်ဖွင့်ဖို့ အရင်းရမယ့်အကြောင်းလေးတွေ ပြောတော့ နီနီ့အတွက် တကယ့်ကို ကယ်တင်ရှင် အကြံကောင်းပေး လမ်းမှန်ပြနိုင်သူရယ်လို့ ထင်မှတ်ကာ လိုက်နာမိတော့တာပေါ့။ ဒီလိုနဲ့ ချေးငှားပေါင်နှံပြီး လမ်းစားရိတ်ရှာတော့တာပါပဲ။ ပြီးတော့ သူတို့ကို ခေါ်သွားပေးမယ့်သူနဲ့အတူတူ လိုက်မယ့် မိန်းမ လေးယောက်၊ ယောကျာင်္းသုံးယောက်နဲ့အတူတူ မလေးရှားကို အောက်လမ်းကသွားကြတော့တာပါပဲ။ မလေးရှားရောက်တော့ ကျော်လင်း ဆိုတဲ့ ပွဲစားနဲ့တွေ့တာပါပဲ။ တမင်ပဲ တွေ့အောင်ခေါ်လာတဲ့သူက ရောင်းစားလိုက်တာလား၊ ခေါ်လာတဲ့သူက ခေါ်ခလောက်ပဲယူပြီး ထားခဲ့တာလားတော့ သေသေချာချာမသိပါဘူး။ ကျော်လင်းက သူနေတဲ့နေရာ ခေါ်သွားပြီး နီနီ့ကို အလုပ်သွင်းပေးမယ် ပွဲခ ပေးရမယ်ပြောတယ်။ အင်းပေါ့ ပွဲခ ဆိုတာ မြန်မာပြည်မှာ ရင်းနှီးနေကျဆိုတော့။ အဲသလိုနဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်ရတယ်။ တစ်နေ့ ဆယ်နာရီလောက်လုပ်ရတယ်။ တမင်းစားချိန် ဆယ့်ငါးမီနစ် လောက်ပဲ နားရတယ်။ နောက် နှစ်လလောက်နေတော့ နောက်တစ်ဆိုင်ပြောင်းရတယ်။ ကျော်လင်းကပဲ လာခေါ်ပြီး ပြောင်းလိုက်တာ။ နောက်နည်းနည်းကြာတာနဲ့ထပ်ပြောင်းရပြန်ကော။ ဆိုင်ငါးဆိုင်လောက်ပြောင်းလိုက်ရတယ်။ လုပ်ခကိုတော့ ကျော်လင်းကပဲ ဆိုင်ရှင်တွေဆီက ယူတယ်။ နီနီ က သူ့ကို ပိုက်ဆံရှင်းပေးဖို့ပြောတော့ ပွဲခ မကျေသေးဘူးလို့ပြောပြီး မပေးဘူး။ နီနီက အတင်းအကျပ်ထပ်တောင်းတော့ ဆဲပြီး ရဲကိုတိုင်လိုက်မယ် ဘာမှတ်နေတုန်းလုပ်တယ်။ နီနီ ငြိမ်နေလိုက်ရတာပေါ့။ နောက်တစ်ပတ်လောက်နေတော့ ကျော်လင်းက နီနီ့ကို မုဒိမ်းကျင့်တော့တာပါပဲ။ ဘာပြန်လုပ်ရမယ်မှန်းမသိတော့ ခံနေရတော့တာပဲ။ ပိုက်ဆံလည်းမရ လူလည်းပါနဲ့။ အဲသလိုနဲ့ သုံးလေးလလောက်ကြာတော့ ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်ရှိမှန်းသိတော့ ကျော်လင်းက ကန်တယ်၊နောက်ကျောကို ထုတယ်၊ ဗိုက်ကိုရိုက်တယ်။ အရက်အပြင်းတွေ သောက်ခိုင်းတယ်။ နီနီ အရမ်းကို ထိတ်လန့်တုန်လှုပ်ပြီး ချောက်ချားနေမိတယ်။ ခိုကိုးရာမဲ့ပြီး ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ ရူးတောင် ရူးချင်သလိုဖြစ်သွားတယ်။ နောက်ဆုံးတော့ စားသောက်ဆိုင်မှာ လုပ်နေရင်းကြားဖူးထားတဲ့ လူမှု အဖွဲ့အစည်းရှိရာကို ထွက်ပြေးလာရတော့တယ်။
တကယ့်အဖြစ်အပျက်တွေထဲက တစ်ခုပါ။ စဉ်းစားပြီး ကာကွယ်ပေးကြပါစို့။
3 comments
intro
August 20, 2010 at 10:08 am
သိတ်စိတ်ပျက်စရာကောင်းတာပဲဗျာ… အသိဉာဏ်ရှိတဲ့ လူတွေ ရိုင်းစိုင်းရင်၊ ယုတ်မာရင် ဘယ်တိရစာ္ဆန်မှ မမှီဘူးဆိုတာ အမှန်ပါပဲ… ဒီအဖြစ်အပျက်ကို နမူနာ ယူပြီး လူတိုင်းကို သိတ်အယုံမလွယ်ကြဖို့ အများကြီး လိုအပ်ပါတယ်
sususan
August 20, 2010 at 12:30 pm
အင်းဖတ်လိုက်ရတာရင်နာဖို့ကောင်းပါတယ်…
လူတွေလောဘနောက်မလိုက်မိရင်ကောင်းမယ်..
yuupar
September 20, 2010 at 7:36 am
ဝဋ် ဆိုတာကို ယုံတယ် ဝဋ်လိမ်.မယ်