လျှပ်တစ်ပြတ် ….ရန်ကုန်
မနေ့က အိမ်ကအပြန်ပေါ့။ ရုံးမှာ အဲကွန်းနဲ့ လူမပင်ပန်း စိတ်သာပင်ပန်း
ပေမယ့် အိမ်အပြန်တော့ ဘတ်စ်ကားစီးရတာ တော်တော့်ကိုပင်ပန်းပါတယ်။ သည်လိုနဲ့ ဘဝကြီးကို ဖြတ်သန်းလာတာ နှစ်အတော်ကြာတော့ ငြီးငွေ့လာပါ တယ်။ တစ်ခါ တစ်ခါ စိတ်ဓာတ်ကလည်း ကျလာပြန်တယ်။ ခုတလောလည်း ကျတော်စိတ်ဓာတ်ကျနေတာ ကိုယ့်ကိုယ်ကိုပဲသိပါတယ်။ နံနက်ဆို အစောကြီးထ ထမင်းချ ို င့်ထည့် ရုံးတက် ရုံးအပြန် အိမ်ကို ဘတ်စ်ကားစီးရ တစ်နာရီကျော်ကြာ တယ်။ အမှန်တော့ ကားပိတ်နေတာပါ။ အိမ်နဲ့ မြို့ထဲက အလွန်ဆုံး နာရီဝက် လောက်သာမောင်းရတဲ့ အကွာအဝေးပါ။
အိမ်ရောက်တာနဲ့ ဘာဟင်းချက်ထားလဲကြည့်။ ဟင်းသိပ်မရှိရင် လမ်းထိပ် အရွက်ကလေးနည်းနည်းပါပါးဝယ် ရေဆေးပြီး လှီးထား။ လေ့ကျင့်ခန်းနည်းနည်း လုပ်၊ ရေချိုးပြီးရင် ဟင်းရွက်သင်ထားတာကို ကြော်လှော် ထမင်းစားပြီးလို့ နာရီကြည့်လိုက်ရင် (၈)နာရီကျော်နေပြီ။ အသားသေနေတဲ့ လုပ်ကိုင်ခြင်းကနေ ငြီးငွေ့တာလည်းပါသလို ဘယ်ကနေဘယ်လိုမှန်းမသိ စိတ်ဓာတ်ကျခြင်းပါ
ရောထွေးကူးစက်လာတော့တယ်။
သည်လိုနဲ့ မနေ့ညက လုပ်နေကျအတိုင်း အိမ်ပြန်ရောက် ဆူးပုတ်ရွက်လေးဝယ်၊ ဘဲဥလေးနဲ့ခလောက် ကြော်ထား။ ရေချိုးပြီး အိမ်မှာရှိတဲ့ ကြာရိုးဟင်းခါးကိုနွှေး။ ငါးကြော်နှပ်လက်ကျန်လေးကိုခပ်ပြီး စားပွဲခုံနဲ့အိမ်ရှေ့ ထွက်လာခဲ့တယ်။ အမှတ်မထင် ရုပ်သံကစစလာတဲ့အစီအစဉ်က Snapshot Yangon တဲ့။ သည်လိုနဲ့ ထမင်းစားရင် အစီအစဉ်လေးကို ကြည့်မိတယ်။
“Snapshot Yangon” ဆိုတဲ့အစီအစဉ်လေးက ရန်ကုန်မှာရှိတဲ့ ကျပန်း ဈေးသည်တွေကို လျှပ်တစ်ပြတ် သူတို့အကြောင်းမေးမြန်းတဲ့ အစီအစဉ်ပါ။ အဲ့လိုနဲ့ ကျတော်ကြည့်မိတဲ့နေ့မှာတော့ မြေနီကုန်းက အချဉ်ပေါင်းရောင်းတဲ့ အစ်မကြီးတစ်ယောက်အကြောင်းကို ပြနေပါတယ်။
သူ့မိသားစုမှာ သူကအကြီးဆုံးဖြစ်ပြီး သူ့လက်အောက်မှာ အငယ်တွေရှိပါသတဲ့။ အစကတော့ စက်ရုံမှာအလုပ်လုပ်ပြီး အခြေအနေမဟန်တဲ့ အခါ ဒီလိုဈေးရောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အမေကလည်း ကျန်းမာရေးမကောင်းတဲ့ အတွက် သူကသာကြည့်နေရတဲ့အကြောင်း။ အချဉ်ပေါင်းမှာ သရက်သီး ၊ မရမ်းသီး၊ မက်မန်းသီး အပြင် ရေသန့်ဘူးတွေပါ တွဲရောင်းတဲ့အကြောင်း။ စစချင်းမှာ သိပ်မရောင်းရပေမယ့် အခုတော့ ဈေးရောင်းရတာ မဆိုးတဲ့အကြောင်း။ ရုံးပိတ်ရက်တွေမှာ ပိုရောင်းရတဲ့အကြောင်း။ နေတာကတော့ လှိုင်သာယာမှာ နေပြီး။ နံနက်စောစောထွက်လာမှ အချိန်မီရောက်ကြောင်း။ တစ်ခါတစ်လေ နံနက်(၇)နာရီလောက်ထွက်မိပြီဆို ရောင်းတဲ့နေရာကို (၁၀)နာရီလောက်မှ ရောက်တဲ့အကြောင်း စီကာပတ်ကုံးပြောပြသွားတယ်။ သူ့ရဲ့ မောင်တွေညီမတွေကိုတော့ သူ့လိုလိမ္မာစေချင်ကြောင်း။ ပြောပြသွားတယ်။
ကျတော်အချဉ်ပေါင်းသည်အစ်မကြီး ပြောနေချိန်မှာတော့ သာမာန်လောက် သာ ခံစားမှုဖြစ်ခဲ့ပြီး။ နောက်တစ်ယောက်ကို ထပ်ပြချိန်မှာတော့။ ပိုစိတ်ဝင်တစား ရှိလာတယ်။ နောက်တစ်ယောက်ကတော့ တံမြက်စည်းအစုံအလင်ကို အထမ်းနဲ့ မြို့နယ်အနှံ့လိုက်ရောင်းတဲ့ သူတစ်ဦးအကြောင်းပါ။ သူကတော့ မြောက်ဒဂုံက လာရောင်းရတဲ့အကြောင်း။ နံနက်ဆို တိုးကြောင်ကလေးဘူတာကနေ မလွှကုန်းထိစီးပြီး စမ်းချောင်း ၊ ရန်ကင်း ၊ ကြည့်မြင့်တိုင်တို့ကို တစ်ရက်စီလိုက်ရောင်းပြီး တောင်ဥက္ကလာကို ခြေလျင်ပြန်ကြောင်းပြောပါတယ်။
နေပူတော့လည်း နားနားပြီးရောင်းကြောင်း နေ့လည်ဆိုရင်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ လက်ဖက်ရည်နဲ့အဆာပြေတစ်ခုခု ဝင်စားကြောင်း။ ဈေးရောင်းကောင်းတဲ့နေ့တွေမှသာ နေ့လည်စာထမင်းစားပြီး ကျန်တဲ့နေ့တွေမှာ အဆာပြေတစ်ခုခုသာစားပြီး ညစာကျမှထမင်းစားကြောင်း။
မောင်နှမနှစ်ယောက်ရှိပြီး အစ်မကော သူကော ဈေးရောင်းတယ်။
ဈေးဦးမပေါက်တဲ့နေ့တွေလည်းရှိတယ်။ သူငယ်ချင်းတွေ အကူအညီလာတောင်းရင်လည်း ကူညီလို့ရရင် ကူညီပြီး မကူညီနိုင်ရင်တော့ မကူညီနိုင်ကြောင်းပြောတယ်ဆိုတဲ့အကြောင်း။ မိဘတွေက ငယ်ငယ်ကတည်းက ဆုံးသွားပေမယ့် မိဘတွေထားခဲ့အိမ်လေးရှိလို့သာ စားဖို့ပဲပူရကြောင်း။ သူများတွေ လို လကုန်ရင် အိမ်ငှားခပေးရတဲ့ဘဝကို ကိုယ်ချင်းစာမိတယ်လို့လည်းပြောပါ တယ်။ ဒီလိုဈေးရောင်းနေရတာကိုလည်း ဘယ်တော့မှ စိတ်ဓာတ်မကျတဲ့ အကြောင်း။ ဒီလို ကောက်ကျစ်တဲ့ခေတ်ကြီးထဲ မျက်နှာမှာအပြုံးတွေတပ်ထားပြီး အတွင်းကောက် ကောက်နေတဲ့ခေတ်မှာ ရိုးရုးိသားသားနဲ့ ဒီလိုနေရတာကို ဘယ်တော့မှ စိတ်မပျက်မိကြောင်း။ သူတစ်ပါးအပေါ်လည်း ဘယ်တော့မှ စိတ်ပုတ် စိတ်ယုတ်မမွေးဘဲ သူ့စိတ်ကို အမြဲတမ်းအမြင့်ဆုံးထားကြောင်း ပြောသွားတယ်။
သူ့ဘဝမျာ သူ့အစ်မသာ အရေးကြီးဆုံးနဲ့ သူ့အစ်မဟာ သူ့အမေလိုပါပဲဆိုတာ ရယ်။ ဒီလိုဘဝရောက်နေပေမယ့် ဘယ်တော့မှအရှုံးမပေးဘူးဆိုတာရယ်။ ရတာလေးနဲ့စားပြီး စုသင့်တာစုထားတယ်ဆိုတာရယ်။ စိတ်ဓာတ်ကျစရာမတွေးဘဲ ပျော်ပျော်နေတယ်ဆိုတာရယ်။ စိတ်မဆင်းရဲရဘူးဆိုတာရယ်။
ကျတော့်မှာ သူပြောသွားတာတွေကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ရသလို။ သူ့မျက်နှာကြည့်တဲ့အခါ အားတစ်ခုကို ရမိတယ်။ ပြီးတော့ သူ့ကြည့်တာ လုံးဝစိတ်ဓာတ်ကျတဲ့ပုံမပေါ်သလို ကျတော့်ရဲ့ ကျနေတဲ့စိတ်တွေဟာ သူ့စကားတွေကြားလိုက်ရတဲ့အခါ ပြန်လည်အားရှိလာသလိုပါပဲ။ သူ့ကိုကြည် သူ့စကားနားထောင်ပြီး အားတစ်ခုပြန်ရလိုက်ပါတယ်။
သူပြောသွားတာကိုကြည့်ပြီး တင်းတိမ်ရောင့်ရဲ့ခြင်းကို မမေ့မလျော့ဘဲ ဘဝကို သေသေချာချာ အကုသိုလ်ကင်းပြီး အတတ်နီုင်ဆုံး ပျော်အောင်နေမယ်လို့ စိတ်ကူးမိလိုက်တယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
21 comments
ခင်ဇော်
April 30, 2015 at 11:58 am
မျှဝေတဲ့ အတွက်ကျေးဇူးပါ။
.
တစ်ချို့ ဒီ လို အတွေးတောင် မရှိပဲ ထမင်း ဝဖို့ မပူရရင် သူများ ပြသနာရှာဖို့ စဉ်းစားနေတဲ့သူတွေ ရှိတယ်။
နားမလည်ဘူးးးး
လူဖြစ်ရတဲ့ အချိန်မှာ သူတို့ က အဲလို တိုက်ခိုက်စောင်းမြောင်းဖို့လောက် အားထုတ်နေကြတယ်။
ဒီလို လူကြီးတွေကို တံမြက်စည်းနဲ့လှည်းထုတ်ပစ်ရမယ်။
🙁
Alinsett @ Maung Thura
April 30, 2015 at 12:10 pm
ရန်ကုန်မှာ အိမ်ပိုင်လေးတစ်လုံး ရှိရင်တော်သေးတယ်… ။
အိမ်ငှားနေရတဲ့သူတွေရဲ့ ဘဝက ….အမောတွေပါဗျာ…
ဟူးးးး
အောင် မိုးသူ
April 30, 2015 at 2:10 pm
သူဘယ်လိုဖြစ်ဖြစ်စိတ်ဓာတ်မကျပဲပျောပျော်နေတယ်တဲ့။ သူ့စကားကြားရတဲ့အခါ ကိုယ်တွေပိုအားတက်သွားတယ်။
naywoon ni
April 30, 2015 at 6:18 pm
ဟိုလူဂျီးမပြောလည်း ထမင်းတစ်နပ် လျော့စားပီးသား ဆိုတဲ့ သဘောလား ဟင်!
မြစပဲရိုး
May 1, 2015 at 2:30 am
“လျှပ်တစ်ပြတ် ….ရန်ကုန်” ဆိုတာ ကို မျက်စိရှမ်းပြီး “လျှပ်စစ်ပြတ် ….ရန်ကုန်” လို့ မှား ဖတ်မိလို့။
အမှန် က အဲဒီ အစီအစဉ် ထဲ အင်မတန်ချမ်းသာ တဲ့ သူ တွေ ကိုလဲ ဗျူးဖို့ ကောင်းတယ်။
မောင်အောင် ပြော တဲ့ တံမြက်စည်းသည် ပြောသလိုပါဘဲ။
စိတ်ပျော်ဖို့က အဓိကပါ။
ဒီ တန်မြက်စည်းသည်ကတော့ မိသားစုမရှိ၊ကလေးမရှိ မို့ ပိုပြီ လွတ်လပ်မှု ရှိပြီး ပျော်နိုင်ဖို့ အခွင့်များပါတယ်။
အိမ်မှာ ကလေး တွေ ဗိုက်ဆာလို့ ငို နေရင်တော့ ရှိတာလေးနဲ့ ပျော်မနေသင့်ပေါ့။
စိတ်ပျော်ဖို့ ဆိုတာကလဲ ဝမ်းအမြဲဟာ နေလို့ ခေါင်မိုးပျက် နေလို့ မရ။
ပိုက်ဆံကလဲ မရှိလို့ မရ။
ပိုက်ဆံ များများ ရှိတော့ လိုချင်တာ တွေ လုပ်ရရင်လဲ ပို စိတ်ပျော်မယ်ထင် တဲ့သူ တွေ ကလဲ ဘဝ ကို တစ်ဆင့် တက်ဖို့ လုပ် ကြ။
အဲဒီမှာ ရလေ လိုလေ ဖြစ်ပြီး အတောမသတ် ငွေနောက်လိုက်ရင်း စိတ် ဘဲပို ပျော် လာလား၊ စိတ်မပျော်နိုင်တော့လား။ မပြောတတ်။
ကိုယ်မှ မဟုတ်တော့လဲ သူများစိတ် ကို ဖတ်ဖို့ ခက်သား ကို။ :-)))
အောင် မိုးသူ
May 1, 2015 at 10:09 am
ရလေ လိုလေ အိုတစ္ဆေပေါ့ ကျတော်ကတော့ ရောင့်ရဲတင်းတိမ်စိတ်လေး မွေးထားတယ်။ 🙂
ဝင့်ပြုံးမြင့်
May 3, 2015 at 7:21 pm
.အစ်မ တီဗီ လုံးဝမကြည့်တော့ အဲဒါတွေ မသိဘူး။ ဒါပေမယ့် ဒီပို့စ်ကို ဖတ်ပြီးတော့ ဒီ snapshot ကို လုံးဝရှုတ်ချတယ်။ ဒါ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချနေတာ။ ဒီလိုလိမ္မာကြစမ်းပါလို့ သူတော်ကောင်း တရားဟောပြီး ဘရိန်းဝပ် လုပ်နေတာ။ ဒီလို လိမ္မာရေးခြား ရှိကြစမ်းပါ ဆိုတဲ့ အစီအစဉ်ကို မထောက်ခံပါဘူး။
Ma Ma
May 6, 2015 at 7:51 am
ဒီနေရာမှာ ပြုံးနဲ့ သဘောချင်းတူပြီး ထောက်ခံတယ်။
ပညာတတ်ဖို့ တိုးတက်ဖို့ဆိုတာတွေ ဘေးဖယ်ပြီး
ရတာလေးနဲ့ ဝအောင်စား
ရှိတာလေးနဲ့ လှအောင်ဝတ် လို့ ပြောထားတာ။
ရောင့်ရဲစေချင်တာထက် စိတ်ဓာတ်ကို နိမ့်ချပစ်လိုက်သလားလို့။
Snapshot Yangon ကို သိပ်မကြည့်ဖြစ်လို့ မသိပေမယ့်
Channel 7 က လာတဲ့ The Guys View ကိုတော့ ကြည့်ဖြစ်တယ်။
ကိုရီးယားဇာတ်လမ်းတွဲစောင့်ရင်းနဲ့ ကြည့်ဖြစ်သွားရာက ကြိုက်သွားတာ။
သူတို့ကို ဆွေးနွေးချင်တာ မေးမြန်းချင်တာရှိရင် သူတို့ရဲ့ ဖေ့စ်ဘုတ်မှာ သွားမေး/ပြောလို့ရတယ်။
သူတို့ရဲ့ အတွေးအခေါ်အယူအဆတွေကို ကြိုက်တယ်။
လူငယ်တွေအတွက် လမ်းကြောင်းမှန်ကို သူငယ်ချင်းကောင်းတွေလို ညွှန်ပြပေးနိုင်ကြတယ်လို့ ထင်လို့။ 🙂
Mike
May 4, 2015 at 1:39 pm
.စာရေးတတ်သူကျတော့လည်း စာတစ်ပုဒ်ရဖို့လွယ်သားနော :))
မြစပဲရိုး
May 4, 2015 at 1:45 pm
ဟေ့ လူကြီး ငါးထောင် လောက်ဘဲ လိုတော့တာနော်။ မှီ တော့မယ်။
ဒီလိုဘဲ အကျော်ခံ တော့မယ်လား။ 😉
kai
May 4, 2015 at 2:06 pm
ဆိုတော့… အဲလိုစကားမျိုးတွေကို.. ဆင်းရဲသူတွေသာအပြောများတာ.. သတိထားမိတယ်….
နောက်ပြီး.. တကယ်ပြောတာ.. မဟုတ်ဖူးဆိုတာ.. ဟုတ်..။
:k:
မြစပဲရိုး
May 4, 2015 at 2:15 pm
ဒါကြောင့် တစ်ခြား လူတန်းစား တစ်ရပ် ကိုပါ ထည့် ဗျူး သင့်တာလို့ ပြောတာပါ။
သူတို့ ဘာပြောမယ် ဆိုတာလဲ သိချင်လို့။
မဟာရာဇာ အံစာတုံး
May 4, 2015 at 4:20 pm
.. ဘာဖြစ်ဖြစ် ..
.. ပြီးတော့လည်း ပြီးသွားတာပါပဲ ..
.. ဒီနေ့ ဆရာကြီး လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
.. ဒီနေ့ တပည့် လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ မန်းနေးဂျင် ဒါရိုက်တာ လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ လုံခြုံရေး လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ သူကြီး လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ ရွာသူား လုပ်နေသူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ ဝ နေတဲ့သူလည်း တစ်နေ့ သေမှာဘဲ ..
… ဒီနေ့ ပိန်နေတဲ့သူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ ပျော်နေတဲ့သူလည်း တစ်နေ့ သေမှာဘဲ …
… ဒီနေ့ စိတ်ဆင်းရဲနေတဲ့သူလည်း တစ်နေ့ သေမှာဘဲ …
ဝင့်ပြုံးမြင့်
May 7, 2015 at 5:16 pm
.အူလေး အံစာ။
…. မိန်းမ မယူလည်း သေမှာပဲ။
…. မိန်းမ ယူလည်း သေမှာပဲ။
…. ဒီတော့ မယက အဖြစ်ခံပြီး သေတာထက် လူပျိ ု ကြီး အဖြစ်နဲ့ သေတာ ပိုမမြတ်ဘူးလား။
….coc ဆော့လည်း သေမှာပဲ။
…. coc မဆော့လည်း သေမှာပဲ။
…. တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခဏတာကို ကစားခုန်စားရင်း သေမလား။ တရားသဘော ဆင်ခြင် နှလုံးသွင်းပြီး သေမလား စဉ်းစား။
… အသေမဦးခင် ဉာဏ်ဦးနိုင်ကြပါစေ။
..ပလို့ဂျိ … ဟိဟိ (ခွက်ဒစ်တူ အောင်ရဲလင်း)
uncle gyi
May 4, 2015 at 10:05 pm
ကြိုက်ကြိုက်မကြိုက်ကြိုက်
ကြိုက်တဲ့သူကောင်းပြီး
မကြိုက်တဲ့သူမကောင်း
ကိုယ်ကြိုက်ရာကိုယ်ကောင်း
အကုန်အမြင်တူနေရင်သတ်ကုန်မှာပေါ့
manawphyulay
May 5, 2015 at 10:26 am
ဒါကြောင့် ပြောတာပေါ့။ ဘယ်နေရာရောက်ရောက် ဘယ်လိုနေနေ ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ မနော ကျင့်သုံးနေပါကြောင်း…
အောင် မိုးသူ
May 6, 2015 at 9:02 am
Brain Wash လုပ်တာလားတော့ မပြောတတ်ဖူးပေါ့နော့်။ ဒါပေသိ အံစာတုံးပြောသလို ခုအပေါ်ကလူတွေပြောတော့လည်း အကုန်မှန်နေသားပဲ။ လူဆိုတာကလည်းရလေလိုလေ အိုတစ္ဆေမဟုတ်လား။ ရောင့်ရဲတယ်လို့သာပြောသာ အမှန်တော့ မရောင့်ရဲနိုင်ကြတာများပါတယ်။
ဝင့်ပြုံးမြင့်
May 6, 2015 at 1:35 pm
.ဟုတ်ပါတယ် ။ အားလုံးသေမှာ။ မသေခင် ဘဝကို တန်ဖိုးထားမှုလေး ကွဲသွားတယ်။ ဘဝဆိုတာ ပိုးမွေးသလိုမွေးရတယ်။ အနိစ္စ ဒုက္ခ အနတ္တ တရားဟောလည်း ဘာသာရေးသတ်သတ်၊ တကယ့်ဘဝသတ်သတ်။
အောင် မိုးသူ
May 6, 2015 at 1:55 pm
ဟုတ်တယ်အစ်မရေ။ တကယ်တော့ တစ်ဦးချင်းစီအပေါ်ပဲ မူတည်တယ်လို့ ထင်တာပါပဲ။
စိန်ပလိန်တိန် မုန့်ကြိုးလိမ်
May 8, 2015 at 10:01 am
ဆင်းရဲတာဟာ ရှက်စရာမဟုတ်ဘူး.. ချမ်းသာအောင် မလုပ်တာကသာ ရှက်စလို့မြင်မိလို့…
ပြန်ကျားရေးက.. အာ့အစီအစဉ်တွေက ဒီလိုလေးနေလည်း ဖြစ်တယ် ရုပ်ရုပ် မလုပ်ကြနဲ့..
ထမင်းငတ်သွားမယ်လို့… စစ်အစိုးရခေတ် ဘရိန်း ဝပ်စ်လုပ်ကွက်တွေကို သုံးနေသာလို့ရယ်လို့.. :harr:
ပညာဦးစီးတဲ့ အလုပ်အကိုင်ထက် ပိုတဲ့ ရောင့်ရဲတဲ့အားမာန်မျိုး မတွေ့ဖူးကြောင်း…
အမှန်တရားတိုင်းက ဆင်းရဲခြင်းက မပေါ်ပေါက်လာနိုင်ပါဘူးလို့.. ဝင်ဖောသွားပါတယ်။ :k:
အောင် မိုးသူ
May 8, 2015 at 2:26 pm
လေ့လာမှတ်သားထားပါ့မယ်ဗျ။