မယုံရင် ကျွန်တော့်ကို မေးကြည့်

ခါတိုင်းနှစ်တွင် ကျွန်တော်က အလုပ်ရှိ၏။ အလုပ်ရှိသဖြင့် အလုပ်ရှိရာနေရာ၌ အိပ်ရသည်။ အဘယ့်ကြောင့် အလုပ်ရှိရာ၌ ဆိုသော် ကျွန်တော့်အလုပ်မှာ ကွန်ပျူတာနှင့် ဆက်နွယ်သော လုပ်ငန်းဖြစ်၏။ ကွန်ပျူတာနှင့် ဆက်နွယ်နေရာ ယခင်မြန်မာနိုင်ငံ၏ ထုံးစံအတိုင်း လျှပ်စစ်မီးအား မပြည့်မီသောကြောင့် အချိန်မှန် မဝေငှနိုင်။ ညအချိန် လူခြေတိတ်ချိန်မှ မီးလွတ်လေ့ရှိ၏။ တကယ့်အလုပ်လုပ်သည့်သူတို့သည် ထိုအချိန်တွင် လုံ့လဝီရိယစိုက်ကာ လုပ်ရ၏။ စာရိုက်စရာများ၊ ပရင့်စရာများ၊ ကော်ပီယာများ၊ ရွှေဖိ ဖောင်းကြွစာလုံးများ စသည့်အလုပ်ကို တက်သုတ်ရိုက်လုပ်ရ၏။ ထိုသို့ မီးလာချိန်ကို စောင့်ရင်းက အလုပ်ထဲတွင် အိပ်လိုက်ရသဖြင့် အိပ်စရာ သီးသန့်ရှာရန် မလိုတော့ဘဲ အလုပ်လုပ်သည့် နေရာ၌သာ အိပ်လိုက်ရာ နေစရာ ဆိုသော ကဏ္ဍပြီးစီးသွား၏။ သို့နှင့် သင်္ခါရ သဘောအရ အလုပ်မှာ ထာဝစဉ် ဖျက်သိမ်းခြင်း ခံလိုက်ရသဖြင့် အလုပ်လက်မဲ့ ချက်ချင်းလက်ငင်းဖြစ်သွား၏။ နေစရာလည်း မရှိ ဖြစ်သွား၏။ ထို့ကြောင့် နေစရာရှာရသည်။ နေစရာရှာတော့ အိမ်ခန်းငှါးသော အိမ်တစ်အိမ်ကို ရသည်။ နေရာက လမ်း ၃၁ လမ်း ၇၅ လမ်းဝန်းကျင်ဆိုတော့ အတော်လေး အဆင်ပြေသည်။ ကျွန်တော် လက်ရှိ နည်းပြလုပ်နေသော သင်တန်းနှင့် နီးသဖြင့် ငှါးလိုက်ရသော အိမ်ခန်းလေးဖြစ်သည်။

၃၁ လမ်း နှင့် ၇၅ ဝန်းကျင်သည် တရုတ်သူဌေး၊ ကုလားသူဌေးများက လမ်းဘေး နှစ်ထပ်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်ကြီးများ ပိုင်ဆိုင်ပြီး ရွှေမြန်မာများက ထိုရပ်ကွက်အတွင်းရှိ လမ်းကြိုလမ်းကြား ကြွက်သိုက်များ ဆောက်ထားသလို ဆောက်ထားသော အိမ်မျိုးတွင် ဖြစ်သလို အကာ ဖြစ်သလို အမိုး ဖြစ်သလို ကြမ်းခင်းနဲ့ ကြယ်လမြင် အိမ်များပိုင်ဆိုင်ကြ၏။ ကျွန်တော်ကလည်း ထိုထဲမှ အိမ်ခန်းငှါးသော အိမ်တစ်အိမ်တွင် ငှါးနေလိုက်သည်။ အိမ်က ဟိုတယ်၏ နောက်ဖေးနှင့် နှစ်ထပ်တိုက်၊ သုံးထပ်တိုက်အိမ်ကြီးတို့၏ နောက်ဖေးတွင်ရှိသည်။ ကျွန်တော် ငှါးနေသော အိမ်တွင် အိမ်ရှင်က မရှိ။ အောက်ထပ်တွင် (ကျွန်တော် ကဗျာစပ်ဖူးသော) ပန်းသည် မိသားစုနှင့် (နတ်နန်းကျ) နတ်ကတော် မိသားစု လေးယောက် နေထိုင်သည်။ (နတ်နန်းကျမှန်း ကျွန်တော်လည်း ယခု တောင်ပြုံးပွဲသို့ ထိုနတ်ကတော် မသွားမှ အကြောင်းစုံ မေးကြည့်ရာ နတ်နန်းကျ နတ်ကတော် ဖြစ်ကြောင်း ပြောပြ၏။ ဘယ်လို ဘယ်ကြောင့် နတ်နန်းကျ ဖြစ်ရသည်ကိုတော့ ကျွန်တော်လည်း မသိ။ နတ်နန်းကျ နတ်ကတော်ဟူ၍ ကျွန်တော်လည်း ခုမှပင် ကြားဖူးခြင်းကြောင့် ဖြစ်သည်။) အပေါ်ထပ်ရှိ ကျွန်တော့်အခန်း၏ တစ်ဖက်ခန်းတွင် ဆေးရုံမှ ကြပ်သိပ်မပြည့်သော လူပျိုကြီး ဝန်ထမ်းတစ်ဦးငှါးနေ၏။ သို့သော် ဤအိမ်တွင်းမှ ဖြစ်ပွားနေသော ပြဿနာကို လူပျိုကြီးက သိဟန်ရှိ၏။ ထို့ကြောင့် ဆေးရုံကြီးတွင် အလုပ်ရှိရှိ မရှိရှိ သိပ်ပြန်လာလေ့ မရှိ။ သူက အိမ်ကို ဂိုဒေါင်သဖွယ်သာ သဘောထား၏။ ပြန်လာ၏။ ပစ္စည်းများ ထားစရာရှိ ထား၏။ ယူသွားစရာရှိ ယူသွား၏။ ယခု ကျွန်တော်နေလာသည်မှာ သုံးလပင်ပြည့်နေပြီ။ ထိုလူပျိုကြီး ပြန်အိပ်သည်ကို တစ်ခါမှ မတွေ့ဖူး။ သွားစရာ လာစရာ နေစရာ မရှိ၍ တစ်နှစ်စာ လစာကြိုပေးထားမိသော ကျွန်တော့်မှာသာ ထိုအိမ်တွင်းရှိ ပြဿနာကို ကြုံတွေ့နေရလေသည်။

ပန်းသည်တွင် ကြောင်ကလေးတစ်ကောင်မွေးထား၏။ ကြောင်၏ အမည်မှာ ချစ်ချစ်လင်းဟူ၍ ဖြစ်၏။ နတ်ကတော်အိမ်တွင် ခွေးနှစ်ကောင်မွေးထား၏။ ခွေးနှစ်ကောင်မှာ တစ်ကောင်က တယ်ရီမွေးပွခွေးလေးဖြစ်ပြီး တစ်ကောင်မှာ ဒေါင်းမြီးလို အမြီးရှိသော အယ်ဇေးရှင်းနဲ့ မျိုးစပ်ထားသည့် ချင်းခွေးဖြစ်၏။ မွေးပွလေး၏ အမည်မှာ အထီးဖြစ်သော်လည်း အမနာမည်ဖြစ်နေ၏။ ခွေးအမည်နဲ့လည်း မတူ။ လူနာမည်နဲ့တူ၏။ အမည်မှာ ကေသီ ဟူ၍ ဖြစ်၏။ ချင်းခွေးမှာ အမဖြစ်၏။ အမည်မှာ ညိုညိုဟူ၍ ဖြစ်လေသည်။ သူတို့ခွေးနှင့် သူတို့ကြောင်ကို ဘာကြောင့် ထိုကဲ့သို့ နာမည်ပေးကြရသည်ကို အနေကြာမှ ကျွန်တော် သဘောပေါက်၏။ ပန်းသည်၏ အမည်မှာ ညိုညိုစိမ့်ဖြစ်၏။ ပန်းသည်၏ သမီးအမည်မှာ ကေသီဖြစ်၏။ နတ်ကတောင်၏ အမည်မှာ လင်းလင်းချစ် ဖြစ်၏။

တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်သောအခါ “ဟဲ့ ခွေးမ ညိုညို၊ နင့်ကို ငါခပ်ထားတဲ့ ရေ မသုံးနဲ့ လို့ ဘယ်နှစ်ခါ ပြောရမလဲ” ဟု ခွေးကို စတင် ငေါက်ငမ်း၏။ တစ်ယောက်က အားကျမခံ ပြန်ဟောက်၏။ “ဟဲ့ ကြောင်မ၊ လင်းလင်းချစ်၊ နင်ဟာလေ တိရစ္ဆာန်ပီပီ ဘာမှကို မသိဘူး၊ နင်က ရေဘယ်နှစ်ခါ ခပ်ထည့်ထားလို့ ငါက ဘယ်မှာသုံးရမလဲ၊ တိရစ္ဆာန်မရဲ့”
စသဖြင့် မနက်လင်းလျှင် လင်းချင်း မင်္ဂလာတေးသံသာ သီချင်းစဖွင့်၏
“ဟေ့ ဒီမှာ ငါက ငါ့ခွေးကို ပြောနေတာ”
“အေး ငါလည်း ငါ့တိရစ္ဆာန်ကို ငါပြောနေတာ”
“ဟဲ့ ကောင်မ၊ နင် ငါ့ကို ဘာမှ လိုက်တု ပြောစရာ မလိုဘူး”
“ဟေ့ ဒီမှာ ဘယ်သူက စတာလဲ တရစ္ဆာန်မရဲ့”
ဟုဆိုကာ မမြင်သင့် မမြင်အပ်သည်များကို ဖော်ပြသည့်အထိ ရန်ဖြစ်ကြလေတော့သည်။ ကျွန်တော့်မှာ အစကတည်းက အိပ်ရာဝင်နောက်ကျ ကျင့်ရှိပြီး မနက် ကိုးနာရီ ဆယ်နာရီမှ အိပ်ရာက ထတတ်ခဲ့သော အကျင့်သည် သူတို့နှင့် တွေ့မှ “စောစောထတာ ကျန်းမာရေးနဲ့ ညီညွတ်တယ်” ဟု ဖြေသိမ့်ကာ ၎င်းတို့၏ ကျက်သရေရှိသော အသံများကို ဆက်လက် နားမထောင်လိုသဖြင့် “အချစ်ရွာ” နဲ့ “လမ်းဆုံ” ဆိုင် နှစ်ဆိုင်ထဲက ဘယ်ဆိုင်မှာ ကောင်မလေး ချောချောပိုလာမလဲ အမ် ဘယ်ဆိုင် လူပိုနည်းမလဲရှာကာ လက်ဘက်ရည်ဆိုင်ဘက် ထွက်လာခဲ့၏။ ထိုအခါမှ မနက် ရှစ်နာရီလောက်ထိ အချစ်ရွာ ကဖေးသည် လူမကျမှန်း သိခဲ့လေသည်။ သို့မဟုတ်လျှင် လင်းမှ ချင်းမှ လာဖူးသော အချစ်ရွာ ကဖေးမှာ လူစည်လှချည်တကားဟုသာ တွေးထင်နေခဲ့မည် ဖြစ်သည်။

ထိုမိန်းမ နှစ်ဦး ဘာကြောင့် မတည့်ပါဘဲလျှက် တစ်အိမ်တည်း ငှါးနေသနည်းဟု စုံစမ်းလိုက်သောအခါမှ ထိုအိမ်ကို ငှါးဖို့အတွက် ကျွန်တော့်မှာ အစက မစုံစမ်းမိခဲ့လေခြင်းဟု နောင်တကြီးစွာ ရလေသည်။ တကယ်တော့ ထိုအိမ်မှာ အခန်းငှါးသော အိမ်မဟုတ်။ ဟုတ်သည်ဟု ပြောလျှင်လည်း ရသော အိမ်ဖြစ်လေသည်။ အောက်ထပ်မှ မိသားစု နှစ်စုသည် အိမ်ပိုင်ရှင်သား၏ အိမ်ရှင်မများ ဖြစ်နေသည်။ အိမ်ပိုင်ရှင်မှ အသုံးမကျဘဲ အိမ်ထောင်ပြုခဲ့ကြသော သားနှစ်ယောက်ကို အောက်ထပ်တွင် ထားကာ အပေါ်ထပ်ကို ငှါးစားခဲ့သည်။ ငှါး၍ ရသော အခကြေးငွေကိုလည်း ထိုမိသားစုနှစ်စု အတွက်သာ ဖြစ်သည်။ အိမ်ပိုင်ရှင်ဖြစ်သူသည် ငွေကြေး အတန်အသင့် ရှိသူဖြစ်သည်။ ဘယ်ဘဝက ဝဋ်ကြွေးလည်း မသိ။ မွေးထားသော သားသမီးများ တစ်ယောက်မှ ကောင်းကျိုး မပေးဟု သိရ၏။ ကျွန်တော်နဲ့ တစ်အိမ်တည်း နေမိသော သူများကိုပင် ကြည့်နိုင်၏။ နတ်နန်းကျ နတ်ကတော်နှင့် ရသော ယောက်ျားမှာ သူမသာ နတ်နန်းကျသည် မဟုတ်။ ယောကျာ်းဖြစ်သူမှာလည်း ထောင်နန်းကျ နေသူဖြစ်၏။ လေဖြတ်နေသော သူမ ဖခင်အိုနှင့် ဥပဒေကျောင်းတက်နေသော ကျောင်းသား၊ ၁ဝ တန်း ဆက်မတက်နိုင်သေး သဖြင့် ဈေးချိုတွင် အလုပ်လုပ်နေသော သမီးနှင့် အတူနေ၏။ ပန်းသည်နှင့် ရသော ယောကျာ်းမှာ ပန်းသည်ရှာသမျှ ပိုက်ဆံကို ကျောင်းတက်နေသော သားနှင့် သမီးစရိတ်ဟု ငိုယိုကာ တောင်းပန်မှ မစို့မပို့ တောင်းမှ မစို့မပို့လေး ပြန်ပေးကာ အပေါင်းအသင်းများနှင့် အမိန့်ရ အရက်ဖြူဆိုင်တွင် အခုပဲ သိန်းငါးထောင်လောက် ချမ်းသာနေသည့် အလား ဇိမ်ခံနေပြီး မူးပြန်လာလျှင် မယားကို ရိုက်နှက်ကာ ပတ်ဝန်းကျင်ကို မအေကိုင်တုတ်၏။ မိန်းမနှစ်ယောက်မှာ ယောက္ခမက စိတ်ကူးပေါက်၍ ရောက်ချလာလျှင် ဘုန်းကြီးပျံက ငိုချင်းသည်လို ငိုယိုတတ်၏။ ကုလသမဂ္ဂ နိုင်ငံတကာ ခုံရုံးဟု သဘောထားကာ သူတို့ တစ်ယောက်နှင့် တစ်ယောက် ပြစ်မှုများကို ပုဒ်မမျိုးစုံတပ်ကာ တိုင်တန်း၏။ ပြီးနောက် အကြောင်းအမျိုးမျိုးပြကာ ယောက္ခမတွင် ပါလာသမျှ အကုန်ရအောင် ခြူတော့သည်။ ယောက္ခမ ဖြစ်သူ ပြန်သွားလျှင် “နင်နဲ့ ဘာတော်လို့ နင်က အဲဒါကို တောင်းသတုန်း၊ ငါက အဲဒါကို တောင်းသတုန်း” နဲ့ ရန်ဖြစ်ကြပြန်၏။

ရှေးတုန်းကဆိုလျှင်တော့ ဤကဲ့သို့ လင်ညီအစ်မဆိုလျှင် ဆွေမျိုးတော်သည်ဟု ဆိုကာ ဆွေမျိုးစပ်၍ နေကြမည်ထင်သည်။ သားသမီးများလည်း ဝမ်းကွဲ မောင်နှမတော်စပ်ကြမည် ဖြစ်၏။ အခုမူကား ထိုသို့မဟုတ်။ အမေရိကန်နဲ့ အီရတ်အလား တစ်နေကုန် တစ်နေခမ်း မပြီးနိုင် မစီးနိုင် ရန်ဖြစ်နေခြင်းဖြင့် နေ့များကို အကျိုးရှိစွာ သုံးစွဲနေကြလေသည်။ တကယ်တမ်းတော့ ပြဿနာ အစမှာ ထိုအိမ်တွင် မီးဖိုဆောင် တစ်ဆောင်တည်းသာ ရှိခြင်း၊ ရေကန် တစ်ကန်တည်းသာ ရှိခြင်း၊ အိမ်သာ တစ်လုံးတည်းသာ ရှိခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။ သူတို့ ပြဿနာ တက်တိုင်း မီးဖိုဆောင်၊ ရေကန်နှင့် အိမ်သာကြောင့်သာ ဖြစ်နေကြသည်။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မည်။ ထို မီးဖိုဆောင်၊ ရေကန်၊ အိမ်သာတို့ကို သီးခြားသုံးနိုင်လည်း ၎င်းတို့ ကြည့်ရသည်မှာ ကမ္ဘာ့ရန်ဖြစ်နေဦးမည် ထင်၏။ သူတို့ ဘာဖြစ်ဖြစ် ဘာလုပ်လုပ် ကျွန်တော်နဲ့ မဆိုင်သော်လည်း ပြဿနာဖြစ်တိုင်း ကျွန်တော် ဆွဲထည့်ခံရ၏။ ဆွဲထည့် ခံရပုံကိုလည်း ကြည့်ပါဦး။ “မယုံရင် ကျွန်တော့်ကို မေးကြည့်” ဟူ၍ ချည်းဖြစ်နေ၏။

“ဟေ့ ဒီမှာ အိမ်သာတက်ပြီး ကိုယ့်ဟာကိုယ် ရှင်းခဲ့ကြပါလား၊ ဘာတုန်းအေ ညည်းတို့က ပြန်စားချင်လို့ ချန်ထားတာလား”
“မနက်စောစော စီးစီး ကျက်သရေကို ယုတ်ရော၊ ဘယ်သူမှ အိမ်သာ မတက်သေးဘူး၊ စားချင်ရင် ကိုယ့်ဘာသာကိုယ် တိတ်တိတ်စား”
“ကောင်မ၊ ညည်းက ငါတို့ကိုများ ညည်းတို့လို ချီးစားတဲ့ အစားထဲက မှတ်နေလား”
“အော်မာ၊ ရှင့်ဟာရှင် တိတ်တိတ်စားစမ်းပါ”
“စားတာ မစားတာ နောက်ထား၊ ညည်းသွားထားတော့ ညည်းလာရှင်း”
“ဟေ့ ဒီမနက်လုံး တို့ဘက်က ဘယ်သူမှ အိမသာ မတက်သေးဘူး၊ မယုံရင် အပေါ်ထပ်က ကောင်လေးကို မေးကြည့်”
စပြီ။ ကျွန်တော့်ကို စတင်ဆွဲထည့်ပြီ။ ဘယ့်နှယ်ဟု ကျွန်တော် ခေါင်းကို ဖွကာ နားပိတ်၍ ကိုယ်ကို မှောက်အိပ်၏။ သို့သော် အသံများက အပေါ်ထပ်သို့ တက်တက်လာကြ၏။ ကျွန်တော် ရှောင်မရ။ အသံညစ်ညမ်းမှုသည် ဤမိန်းမနှစ်ယောက်ကြောင့် စသည်ဟု ထင်၏။ နားများ ခံနိုင်ရည် ရှိသော ဒက်စီမယ်ထက် ကျော်လွန်လေ့ရှိသော ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အသံဖြင့် ဖွင့်လေပြီ။ တကယ်တမ်းမှာ မယုံရင် ကျွန်တော့်ကို မေးကြည့်ဆိုသော မိန်းမက ကျူးလွန်ထားသော အမှုဖြစ်မှန်း သိ၏။ သို့သော် သူမက ဗြောင်ငြင်းနေသည့် အပြင် ကျွန်တော့်ကိုပါ ထိုပြစ်မှုကို သူမ မကျူးလွန်ကြောင်း သက်သေခံခိုင်းနေရာ ကျွန်တော့်မှာ ဘာပြောရမှန်းမသိ။ ကျွန်တော် မထချင်ဘဲ ထရပြီ။ အိပ်ချင် မူးတူးဖြင့် ရေကန်လေး ရှိရာသို့ ထွက်လာခဲ့၏။

“ဟဲ့ ကမျဉ်းမ၊ ရေပြည့်နေတာ မမြင်ဘူးလား၊ ပိတ်ပါလား”
“အောင်မာ၊ နင့်လို အဆင့်အတန်းမရှိတဲ့ ………..မ ခိုင်းတာကို လုပ်တဲ့ အစားထဲများ မှတ်နေလား”
သားသမီးတို့မှ မိဘစကား နားမထောင်လျှင် မိဘဖြစ်သူတို့ များစွာ စိတ်ဆင်းရဲရ၏။ ပန်းသည်သမီးနှင့် နတ်ကတော်သမီးတို့မှာ မိဘကို လုံးဝ စိတ်ဆင်းရဲစေသူများ မဟုတ်။ မိဘက ရန်သူဟု သတ်မှတ်ခိုင်းသူအပေါ် မှန်မှန် မမှန်မှန် ရန်သူဟု သတ်မှတ်ကြ၏။ ကျေးဇူးကြီးလှ မိနှင့်ဖ တို့၏ ကျေးဇူးတော်များကို ထောက်ထားသဖြင့် ပန်းသည်မ သမီးမှ ဖွင့်လိုက်သော ဇာတ်ကို နတ်ကတော် သမီးက ဆက်ကလေပြီ။ ကျွန်တော့်မှာသာ မျက်နှာ မြန်မြန်သစ်နိုင်ဖို့ လုပ်ရင်း ရေခလုတ်ကို ပိတ်လိုက်၏။ ပန်းသည်သမီးက ရေကို ခပ်ရာတွင် တစ်ဖက်ကို စင်ထွက်အောင် “ဖြန်း” ခနဲ ခပ်လိုက်ရာ ရေစက်ရေမှုန်တို့မှာ နတ်ကတော်သမီးကို အနည်းငယ်လေး စိုသွား၏။
“ဟင် နင် ငါ့ကို ရေနဲ့ ပက်တယ် ဟုတ်လား ………. မ”
“…………..မ ရေကန်မှာနေရင် ရေစင်နိုင်တယ်ဆိုတာ မသိဘူးလား”
ဝူးးးးးးးး ကျွန်တော် သက်ပြင်းရှည်ကို မြန်မြန်ချလိုက်၏။ မျက်နှာကိုလည်း မြန်မြန်သစ်လိုက်၏။ ၎င်းတို့ ပြောကြ ဆဲဆိုကြသော စကားများမှာ အဘိဓာန်ပြုစုလျှင် လူရိုက်၍ ရလောက်သော အဘိဓာန်လောက် ရမည်ထင်၏။ ဆဲနည်း အသစ်များ၊ နောက်ဆုံးပေါ် Up to date ဆဲနည်းများ စုံလင်စွာ ဆဲနိုင်ကြ၏။ သမီးချင်း ရန်ဖြစ်နေရာသို့ မိခင်ကောင်းများ ရောက်လာကြ၏။ အပြိုင်အဆိုင် ကလော်တုတ်ကြပြန်သည်။ သူတို့ ကလော်တုတ်ရင်း ရေစင်အောင် သက်သက်မဲ့လုပ်လိုက်သူက

“မယုံရင် ဟိုအကို မေးကြည့် သူမြင်တယ်”
ဟု ဆိုလိုက်သည်။ ကျွန်တော် မည်သူ့ကို မည်သို့ ပြောရမည်နည်း။ မသိမသာလေး ထွက်လာခဲ့ရ၏။ ကိုယ်က သွားပြောလိုက်လျှင် တစ်ဖက်ဖက်မှ စိတ်ညစ်ညူးဖွယ်ကောင်းလောက်သော မကြားဝံ့ မနာသာ ဆဲသံဖြင့် ကျွန်တော့်ကိုပါ အဆဲခံရမည်ကို သေချာ သိနေသောကြောင့် ဖြစ်သည်။ မယုံလျှင် ကျွန်တော့်ကို မေးကြည့် ဆိုသည့် စကားမှာ နေ့စဉ်လိုလို ကြားရ၏။ မီးဖိုချောင်၌ အမှိုက်များဖွပြီး မဖွခဲ့ကြောင်း ကျွန်တော့်ကို သက်သေယူ၏။ လှန်းထားသော အဝတ်များကို ရေဖြင့် ပက်ကာ မပက်ကြောင်း မယုံလျှင် ကျွန်တော့်ကို မေးကြည့်ဆို၏။ ပန်းအိုးထဲ ထမင်းရည်ပူ လောင်းထည့်ခဲ့ပြီး မလောင်းခဲ့ကြောင်း ကျွန်တော့်ကို မေးကြည့် ဆို၏။

ကျွန်တော် နေ၍သုံးလကျော် လေးလစွန်းလာပြီးနောက် “မယုံရင် ကျွန်တော့်ကို မေးကြည့်” ဆိုသော ခေါင်းစဉ်မှာ တော်တော်လေး တွင်ကျယ်လာ၏။ ပြစ်မှု ကျူးလွန်သူက မကျူးလွန်သည့်ဟန်ဖြင့် မယုံရင် ကျွန်တော့်ကိုချည်း မေးခိုင်းနေ၏။ ကျွန်တော် ဘာပြောရမည်နည်း။ သူတို့အတ္တက တစ်ယောက်ယောက်မှ သူတို့ ပြစ်မှု ကျူးလွန်သည်ကို သိသွားမည်ကို အတော်လေး စိုးရိမ်၏။ အမျိုးမျိုး ဖုံးကွယ်၏။ သက်သေ သာဓက ပြ၏။ သူတို့ ကျူးလွန်ပြီးနောက် နာမည်ပျက်မည့်ကိစ္စ၊ ဂုဏ်သိက္ခာထိခိုက်မည့် ကိစ္စ၊ လူအထင်သေးခံရမည့် ကိစ္စ၊ ပြက်ရယ်ပြုခံရမည့်ကိစ္စများတို့၌ သူတို့က မယုံလျှင် ကျွန်တော့်ကို မေးကြည့်ချည်း လုပ်နေကြ၏။ လူတို့သည် ဘာကိစ္စ ကိုယ်ကျူးလွန်ထားသော အမှုကို ကိုယ် မကျူးလွန်ထားဟန် ဆောင်ရဲကြသနည်း။ ပိုက်ဆံလည်း မရှိသဖြင့် နောက်ထပ် အိမ်ပြောင်းငှါးဖို့ရာ မဖြစ်နိုင်။ ထိုကဲ့သို့ ကိုယ်ကျူးလွန်းထားပြီး အမှုကို မကျူးလွန်ကြောင်း သက်သေအဖြစ် မယုံရင် ကျွန်တော့်ကို မေးကြည့် လူတွေကြားမှာ ဆက်နေရဦးမည်ဆိုသည်မှာ တကယ် ကြောက်မက်ဖွယ် ကောင်းပေစွတကား။

မေတ္တာမွန်ဖြင့်
ဂျေဂျူဝိုင်

5 comments

  • bigcat

    August 22, 2010 at 4:52 pm

    လွယ်ပါတယ်၊ သမီးအပျိုနှစ်ယောက်ကို မသိအောင် တလှည့်စီပိုး၊ ချစ်ရေးဆိုလို့ရရင် အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အိမ်ထောင်ဖက်သာမက ယောက္ခမလုပ်သူပါ နူးညံ့သိမ်မွေ ့ပြီး စိတ်သဘောထားကောင်းဖို့ လိုကြောင်းပြော၊ ခင်ဗျားမိဘတွေကလည်း သူ ့သားနဲ့ပတ်သက်လို့ တသက်လုံးဆက်ဆံသွားရမဲ့ တဖက်လူကို ကြည့်ပြီမှ သိန်း၅၀၀ဝ လောက်တန်တဲ့ အမွေတွေပေးမှာ ဖြစ်တယ်လို့ယုံအောင်ရွှီးပါ။ အဲ စာချုပ်နှစ်စေ့လို့ရှိရင် တိတ်တိတ်လေးလစ်ပေတော့။ ခင်ဗျားကို ဒီလောက်သက်သေတိုင်ထူ နေမှတော့ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်။

  • susunosuki

    May 6, 2011 at 6:43 am

    ဒီလောက်ကောင်းတဲ့ အကြံညဏ်ထွက်မှာတော့ ကိုယ်တွေ့ပဲလားမသိ။

    စာရေးသူရဲ့ အရေးအသားကောင်း မကောင်းတော့မသိဘူး။ ကိုယ်တိုင် အီရတ် စစ်မြေပြင်ရောက်သွားသလားမှတ်ရတယ်။

    ကျွန်တော့် သူငယ်ချင်းပြောတဲ့ အမျိုးသမီးများသည် အမျိုးသားများထက် ပိုပြီး အရှက်မဲ့ကြသည် ဆိုတဲ့ စကားကိုသတိရမိတယ်။ ခုလို့ပြောလို့ ဒီအာဘော်ကို လက်ခံတယ်လို့မဆိုနို်င်ဘူး။ အမှတ်ရခြင်းသက်သက်သာ။

  • hmee

    May 6, 2011 at 9:10 am

    စာရေးကောင်းလိုက်တာ။အစကနေ အဆုံးထိ စာဖတ်သူကို ဆွဲဆောင်နိုင်တယ်။

  • nozomi

    May 6, 2011 at 10:55 am

    ဒီလောက် အရေးကောင်းပြီး MG မှာ ၆ ပုဒ်ပဲတွေ့ရတယ် ဆက်ရေးပါဦး
    အခု အဲဒီအိမ်မှာပဲလား

  • naywoonni

    May 6, 2011 at 12:44 pm

    ကြောက်စရာကောင်းလားမကောင်းလား ကျွန်တော့ကိုမေးကြည့်ပါဦးလား… 😛

Leave a Reply