“ကျနော်ဓါတ်ဖမ်းသမား” (၄) (ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ)
“ကျနော်ဓါတ်ဖမ်းသမား” (၄)
(ကြုံရဆုံရ ဓါတ်ဖမ်းသမားဘဝ)
တကယ်တော့ ဓါတ်ဖမ်းသူတစ်ယောက်က ပေါင်းသင်းဆက်ဆံရေးနပ်ဘို့လိုပါတယ်။
ပြုံးပြတတ်ဘို့လိုပါတယ်။
အဲလိုမှမဟုတ်ဘဲ ခပ်တည်တည်ကြီးလုပ်ရင်တော့ အဆော်ခံထိဘို့များပါတယ်။
နောက် ကိုယ်ဓါတ်ပုံသွားရိုက်တဲ့အခါမှာ ကိုယ့် အနားပါတ်ဝန်းကျင်ကလူတွေရဲ့
အရိပ်အကဲအလုပ်အကိုင်ကိုလဲသိဘို့လိုပါတယ်။
တစ်ခါက ရန်ကုန်ကလာတဲ့ဓါတ်ဆရာက နေဝင်ချိန်လေးမှာဧရာဝတီမြစ်နံဘေးက
ဖောင်တွေကိုရိုက်ချင်တယ်ဆိုတာနဲ့
ကျောက်သပိတ်ဘက်ကိုသွားကြပါတယ်။
အဲနားရောက်တော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေတဲ့တစ်ယောက်က
“ဆရာကြီးသွားမှာလား” လို့ လှမ်းမေးတဲ့အခါ ကျနော်ကပြုံးပြီး
“ဟိုရက်ကမှ သွားထားတာ”လို့ခပ်တည်တည်နဲ့ ပြောလိုက်ပါတယ်။
ရန်ကုန်သားကတော့ ကျနော်တို့အထာကိုနားမလည်ပါဘူး။
ပြီးမှ “ဖောင်တွေ ကို ဓါတ်ပုံရိုက်မလို့ ဆိုင်ကယ်ခဏထားခဲ့မယ်နော်”လို့
ပြောပြီး အောက်ဖက်ကိုဆင်းခဲ့ကြပါတယ်။
အဲဒီကနေဖောင်ပေါ်ရောက်တော့ ဓါတ်ပုံတွေရိုက်ကြပါတယ်။
ကျနော်တို့ရိုက်နေတုန်းအသိတစ်ယောက်ကထပ်ရောက်လာပြီး ကျနော်တို့နဲ့အတူ
ဝင်ပြီးဓါတ်ဖမ်းတဲ့အချိန် ဖောင်တစ်ခုပေါ်မှာ ဟော့နေအောင်ပြင်ဆင်ဖီးလိမ်းထားတဲ့
ကောင်မလေး တွေ လှေပေါ်တက်နေတာကို မြင်တော့သူကလှမ်းရိုက်လိုက်ပါတယ်။
အဲလိုလဲလှမ်းရိုက်ရော
ဟိုဘက်ဖောင်က လူတစ်ယောက်က “ဟေ့လူတွေ ဘာလုပ်တာလဲ”လို့အော်ရင်း
ကျနော်တို့ဖောင်ဘက် ကိုကူးလာပါတယ်။
အဲဒီလူ ကျနော့်တို့နားရောက်မှ ကျနော်တို့ က အပျော်တမ်းဓါတ်ပုံ ဆရာတွေပါ။
ညနေ နေဝင်ချိန်ကိုလေ့ကျင့်တာပါလို့ မျက်နှာချိုသွေးလိုက်မှ
အဲလူက သူလာတဲ့ဖောင်ဘက်ကို လက်ညှိုးထိုးပြီး အဲဘက်ကိုလှည့်မရိုက်နဲ့လို့ပြောပါတယ်။
ကျနော်တို့လဲမသိလို့ပါပြောပြီး ကျနော်တို့ပါလာတဲ့ ကျွဲရိုင်းတစ်ဘူး “သောက်ပါအုံး” ဆိုပြီး
မိတ်ဖွဲ့လိုက်မှ ပြုံးတော်မူပြီး
“အေးဆေးရိုက် ကိစ္စရှိရင်ကျုပ်လှမ်းခေါ်လိုက်”ဆိုပြီး ပြန်သွားမှ သက်ပြင်းချနိုင်ပါတယ်။
တကယ်တော့ အဲဒီနေရာက ငွေကြေးနဲ့အသွေးအသားကို ဖလှယ်ကြတဲ့ ရပ်ကွက်လေးပါ။
ဆရာကြီးသွားမလားဆိုတာ ကောင်မလေးတွေနဲ့ပျော်ပါးအုံးမလားလို့မေးတာပါ။
ဒါကတော့ဓါတ်ဖမ်းရင်းတွေ့ခဲ့ရတဲ့ ရီစရာလေးတွေပေါ့။
၂၀၁၂ ရောက်တဲ့အခါမှာ တော့ A2200 ကင်နွန်အသေးလေးတစ်လုံးထပ်ဝယ်ဖြစ်ပါတယ်။
တစ်သိန်းကျော်လောက်ဘဲပေးရတာပါ။
အဲဒီကင်မရာလေးကအရင်ကိုင်တဲ့ကင်မရာထက်စာရင် လုပ်ကွက် ပိုစုံပါတယ်။
ကာလာကို ပိုစိုအောင်ပြောင်းလို့ရတာလဲပါ ပါတယ်။
ဝိုက်လဲပါ၊ငါးမျက်လုံးလဲပါ ဆိုတော့ ကျနော်စိတ်တိုင်းကျ လက်ဆော့လို့ရပါတယ်။
အဲဒီအချိန်တွေက မနက်ငါးနာရီဆိုရင်လမ်းလျောက်ထွက်ပါတယ်။
ကျနော်နေတဲ့ တက်သိမ်းအင်း (မန္တလေး ကန်တော်ကြီး)အစကနေ မမြလေးဘုရား
နားမှာရှိတဲ့ ပြည်ကြီးမွန်ကရဝိက်ဖောင်နားအထိနေ့တိုင်းလျောက်တာပါ။
အဲတော့လမ်းလျောက်ရင်းတွေ့သမျှ အကုန်ရိုက်ပါတယ်။
(အဲနားမှာတာဝန်ကျနေတဲ့ စည်ပင် အမိူက်သိမ်းအဖွဲ့က အစက
ကျနော်လာရင် ခပ်တည်တည်နဲ့နေပါတယ်။
နောက်တော့ လဲ ခင်သွားတော့ သူတို့ကတောင်
ဒီနေ့တိမ်တွေ လှတယ်နော်တွေဘာတွေဖြစ်လာပါတယ်။)
ပြီးရင် မန်းဂေဇက်မှာ ဖေစ်ဘုတ်ဝေါပေါ်မှာ ကျနော်ရိုက်သမျျ အကုန်တင်ပါတယ်။
ကျနော့်ဆီမှာတက်သိမ်းအင်းမနက်ခင်းပုံတွေက ရာသီအလိုက်ကိုရှိနေပါတယ်။
ကျနော်နဲ့လမ်းလျောက်ဖော်တွေက တော့ ကျနော်ဓါတ်ဖမ်းနေရင် မစောင့်တော့ဘဲ
သွားနှင့်ကြတာများပါတယ်။
တစ်ရက်မှာတော့ ဖေ့စ်ဘုတ်မှာခင်နေတဲ့ “ရွှေအိမ်စည်” ဆိုတဲ့ မမြင်ဘူးတဲ့မိတ်ဆွေက ကျနော်ကို
“ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ” ဆိုတဲ့အမည်နဲ့ဖေစ်ဘုတ်မှာ ဂရုတစ်ခုထောင်ပေးပါတယ်။
(အခုထိ ရွှေအိမ်စည်နဲ့ ဖုန်းတောင်စကားမပြောဘူးသေးတာအမှန်ပါဘဲ၊
သူထောင်ပေးတဲ့ ဂရုလေးက အခုထိအသက်ဝင်လှုပ်ယှားနေဆဲပါဘဲ။
ကျေးဇူးတင်ပါတယ် ရွှေအိမ်စည်)
အဲဒီဂရုထောင်ပြီးတဲ့အခါ ကျနော်ရဲ့နောက်ထပ်မိတ်ဆွေ တစ်ယောက်က ဒီဂရုကို ဓါတ်ပုံသက်သက်ထား။
စာရေးဘို့အတွက်က “ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး” ဆိုပြီး လုပ်ပေးမယ်လို့ပြောတာနဲ့
နောက်ထပ်ဂရုတစ်ခုထပ်ရသွားပါတယ်။
ကျေးဇူးတင်ပါတယ် Ma Noe ခင်ဗျား၊
မြန်မာပြည်က အလှတရားများက ဓါတ်ပုံဂရုသက်သက်ဖြစ်ပါတယ်။
ကျနော်ရေးတဲ့ဆောင်းပါး တွေကိုတော့ ကိုပေါက်လက်ဆောင်အတွေးပါးပါးလေးမှာတင်ပါတယ်။
ကျနော်ဝေါပေါ်မှာတော့ နှစ်ခုစလုံးကိုတင်ပေးပါတယ်။
လူမတတ်ပေမယ့် ကူညီမိူင်းမမယ့်သူတွေရှိတော့ လူတစ်ယောက် ဂရု (၂)ခုနဲ့
အလုပ်တွေရှုပ်နေပါတော့တယ်။
ကျနော်က စတော်ဘယ်ရီသီးပုံလေးကို ပရိုဖိုင်လိုဂို အဖြစ်သုံးခဲ့ပါတယ်။
အစောပိုင်းကတော့ ဝက်ဆိုဒ်ထဲက နေဒေါင်းထားတဲ့ ပုံကလေးကိုသုံးပါတယ်။
နောက်ပိုင်းမှာတော့ သိပ်မလှပေမယ့် ကိုယ်တိုင်ကြိုးစားပမ်းစားရိုက်ထားတဲ့
စတော်ဘယ်ရီသီးလေးကို သုံးပါတယ်။
အဲဒါကြောင့် ကျနော်ကို စတော်ဘယ်ရီ ကိုပေါက်အဖြစ်သိသူများပါတယ်။
ဖေစ်ဘုတ်မှာက” ကိုပေါက်”နာမယ်တူတွေက အတော်လေးများပါတယ်။
နောက်ပိုင်းမှာ ကျနော်တင်တဲ့ပုံတွေကို
“ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့” ဆိုတဲ့
ဟာသဆန်ဆန် Tag လေးပေးလိုက်ပါတယ်။
ဘယ်လိုဘဲပြောပြော အဲဒီနာမယ်လေးက ပေါ့ပေါ့ ပါးပါး ရှိပြီး
ကျနော်ကိုလူသိများစေခဲ့တာအမှန်ပါဘဲ။
နောက်တော့ ဓါတ်ပုံရိုက်သူတွေကြားထဲမှာ
“စနက်ရှေ့ာမဟုတ်တဲ့ လက်ဆော့တဲ့ ကိုပေါက်” ဆိုပြီး သိသူများလာပါတယ်။
အဲဒီအချိန်က ဓါတ်ပုံသီးသန့် ဂရုကနည်းသလို
ဆရာ့ဆရာကြီးများကလဲ သူတို့ဓါတ်ပုံတွေကို မတင်ကြတာများပါတယ်။
ဖေစ်ဘုတ်ဆိုတာက လည်း လမ်းဘေးလှမ်းထားတဲ့ဇီးသီးဗန်းလိုပါဘဲ။
လိုချင်တဲ့လူက ဘယ်သူ့မှ ခွင့်တောင်းစရာ မလိုဘဲ အလွယ်တကူယူလို့ရတဲ့နေရာဖြစ်နေလို့ပါ။
ဖေစ်ဘုတ် ရဲ့ သတ်မှတ်ချက်လေး တစ်ခုကလည်း အလွယ်ယူချင်သူအတွက်
အဆင်ပြေသလိုဖြစ်နေပါတယ်။
ဖေစ်ဘုတ်မှာ တင်ထားတဲ့ပုံဖြစ်စေ စာဖြစ်စေ ကို စီးပွားရေး အရ အသုံးမပြုဘူးဆိုရင်
ရှယ်လို့ရ ပါတယ်။
(ဒါပေမယ့် မူရင်းကို ဖြတ်တောက် ပယ်ဖျက်ခွင့်မရှိသလို
မပါတာကို လဲ ထပ်မံဖြည့်စွက်ခွင့်မရှိပါဘူး။)
ဒီတော့ကိုယ့် ပုံ ကိုယ့် စာ ကို ရှယ်ယာလုပ်တာကို ကန့်ကွက်လို့ မရ သလို
ရှယ်ယာလုပ်သူကလဲ ထပ်မံဖြည့်စွက်ခွင့်ပြင်ဆင်ခွင့်မရှိပါဘူး။
ဒါကို မသိကြတော့ ဖေစ်ဘုတ်မှာ ရှယ်တဲ့ကိစ္စပြဿနာက မကြာခဏဖြစ်ကြပါတယ်။
ဒီလိုနဲ့ဓါတ်ပုံတွေရိုက်လာရင်းကနေ မိတ်ဆွေတွေလဲတိုးလာပါတယ်။
နောက်ပိုင်းတော့ ဖေစ်ဘုတ်မှာဓါတ်ပုံ ဂရုလေးတွေများများလာသလို
ဓါတ်ပုံတင်သူတွေလဲများလာပါတယ်။
အရင်က ဓါတ်ပုံတင်တယ်ဆိုတာ ကင်မရာအကောင်းစားကြီးနဲ့ရိုက်တင်မှရမယ်
လို့ထင်နေတဲ့အတွေးအခေါ်တွေလဲပြောင်းလာပါတယ်။
ကိုယ့်မှာရှိတဲ့ အိမ်သုံးကင်မရာလေးတွေနဲ့ ရိုက်တယ်။
လက်ကိုင်ဖုန်း တွေနဲ့ရိုက်တယ်။
အခုခေတ်မှာ လက်ကိုင်ဖုန်း က လူတိုင်းလောက်ကိုင်နိုင်ပါတယ်။
နောက်ပြိး လက်ကိုင်ဖုန်း မှာပါတဲ့ကင်မရာတွေကလဲ အဆင့်မြင့်လာပြီး
ကင်မရာလောက်နီးနီး ပုံထွက်ကောင်းလာပါတယ်။
ဒီတော့ဓါတ်ပိုးရှိသူူမှန်သမျျ ဓါတ်ပုံရိုက်ပြီးတင်ကြပါတယ်။
နောက် ခရီးသွားတဲ့အခါ ကိုယ်ရောက်တဲ့နေရာလေးတွေကနေ
ရိုက်တင်ပေးတော့ မရောက်ဘူးသူ မမြင်ဘူးသူတွေအတွက်
အဆင်ပြေပါတယ်။
အဲတော့ ကြည့်ရသူအပေါင်းက Like တွေ ကော်မင့်တွေ
ပေးကြဆိုတော့ ဓါတ်ပုံတင်ရသူအဖို့ ဝမ်းသာစရာ
ကျေနပ်စရာပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
11 comments
Alinsett @ Maung Thura
May 31, 2015 at 4:50 pm
ဦးပိန်တံတားနဲ့ တိမ် ပုံလေးက လှလိုက်တာ…
ဒါနဲ့
အခုရော… တောင်သမန်အင်းက… ငါးတွေ သေနေတုန်းပဲလား လေးပေါက်
ကိုပေါက်(မန္တလေး)
May 31, 2015 at 5:15 pm
မသေတော့ဘူးဗျ ကောင်းသွားပြီ
kotun winlatt
May 31, 2015 at 11:24 pm
ဆက်လာမဲ့ အပိုင်းတွေကို မျှော်လင့်နေပါတယ် လေးပေါက်ရေ
မြစပဲရိုး
June 1, 2015 at 2:32 am
ဒီတစ်ခါတော့ ဦးပိန်တံတားရှုခင်းက မိုက်သဗျာ။
ဒုတိယကတော့ အောင်ပန်းက တိမ်တွေပေါ့။
ဒါထက် ဟိုကလေးမ တွေ နဲ့ အဲဒီ လှေပေါ်မှာ နှစ်ပါးသွားကြတာလား။
. ရေထဲ ပြုတ်ကျကုန်မှဖြင့်။ 🙄
ကိုပေါက်(မန္တလေး)
June 2, 2015 at 9:19 am
ကိုလတ်ကြီးရေ
လှေပေါ်မှာဟုတ်ဘူး လှေနဲ့ဖောင်ပေါ်ကိုလိုက်ပို့ပေးတာလေ
တောင်ပေါ်သား
June 1, 2015 at 10:00 am
ကိုုပေါက်
ဖောင်စီးချင်တယ်
ဟီး ဟီး 🙂
ဒါနဲ့ အောင်ပန်းပုံ လှတယ်ဗျ
ကိုပေါက်(မန္တလေး)
June 2, 2015 at 9:20 am
ကမျိုး
ဖောင်စီးချင်ရင် မန်းလေးလာခဲ့
အောင်ပန်းတိမ်ရိုက်ခဲ့တဲ့နေ့တိမ်တွေ အတော်လှတာဗျ
Ma Ma
June 1, 2015 at 6:58 pm
ပိတ်ချင်းမြှောင်က တိမ် ကို ကြိုက်တယ်။
ရွာထဲက စီနီယာကြီးတွေရဲ့ပုံတွေကြည့်ပြီး ကိုယ်လည်းသွားလေရာ ဓာတ်ဖမ်းဖြစ်တာ။ 🙂
ကိုပေါက်(မန္တလေး)
June 2, 2015 at 9:25 am
မမရေ
ပိတ်ချင်းမြောင်က တိမ်လေးက ပထမဆုံးရခဲ့တဲ့ တိမ်အလင်းတန်းလေးပါ။
ကျနော်အရင်က ပုံတင်လိုက်ရင် မမ တို့ ဆရာမကြီး DTTN တို့ ကအမြဲအားပေးနေကျလေ။
ဒီလိုအားပေးသူရှိလို့ ဓါတ်ဖမ်းဖြစ်တာလေ။
ကျေးဇူးတင်ပါ၏။
weiwei
June 4, 2015 at 1:52 pm
ကျွန်မကတော့ ၂၀၀၈ ကစပြီး အိမ်သုံးကင်မရာလေးနဲ့ ခရီးတွေသွားရာကနေ ဓါတ်ပုံကို စိတ်ဝင်စားခဲ့ပါတယ် .. ယနေ့အထိ ရိုက်ဖြစ်နေတုန်းပါပဲ ..
အပြန်အလှန် ဝေဖန်ကြတဲ့အချိန်တွေ အားကျအတူယူခဲ့ရတဲ့ အချိန်တွေကို သတိရမိပါတယ် ..
ကိုပေါက်(မန္တလေး)
June 4, 2015 at 2:20 pm
မဝေ ရေ
တစ်ဆင့်တစ်ဆင့်အားကျ ရင်း ဓါတ်ပုံတွေ ပိုရိုက်ဖြစ်ခဲ့တာတော့ မှန်ပါဘဲ
ကျနော်ကတော့ ဆက်လျောက်နေဆဲပါ