အသည်းနှလုံးနဲ့ရေးတဲ့ စာစီစာကုံး
စာရေးခုံပေါ်မှာ ဖရိုဖရဲတင်ထားခဲ့သော ခိုပြာရောင် ဆွယ်တာအကျီင်္က တော်မီကလေး၏ ကစဉ့်ကလျား ထင်ဟပ်နေသည်။ ခုလေးတင်ပင် သူက သူငယ်ချင်းတွေနောက်မှာ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ ခဏကြာလျှင် သူ့မိဘတွေ ကျွန်မ၏ စာသင်ခန်းသို့ ရောက်လာကြတော့မည်။ တော်မီ စာမလိုက်နိုင်တာ စည်းကမ်းပျက်တာတွေအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်၊သူတို့လင်မယားက အတူတကွ မဟုတ်ကြ။ များမကြာမီက စ၍ တစ်ယောက်နှင့် တစ်ယောက် ကင်းကွာ နေခဲ့ကြသည်။ ယခု နှစ်ယောက်လုံးကိုပင် တစ်ပြိုင်နက် ဖိတ်ထားကြောင်း သူတို့မသိကြ။
တော်မီက တစ်ဦးတည်းသောသားဖြစ်သည်။ ဟိုတုန်းက သူအလွန်ပျော်ခဲ့သည်။ အတန်းထဲမှာ စာသိပ်တော်သည်။ ဆရာ့စကားလည်း နားထောင်သည်။ ယခု တော်မီ စာညံ့လာသည် မိမိချစ်မြတ်နိုးသော မိဘနှစ်ပါး တကွဲတပြားဖြစ်ကာ၊ မကြာမီ ကွာရှင်းပြတ်စဲတော့မည့် အနေအထားရောက်နေခြင်းအတွက် ရင်ကွဲပက်လက်ဖြစ်ရရှာသော ကလေးတစ်ယောက်၏ တုံ့ပြန်ချက်တစ်ရပ်သာဖြစ်ကြောင်း မိဘများ သဘောပေါက်အောင် ကျွန်မပြောရတော့မည်။ ဘယ်လို ပြောမည်နည်း။
တော်မီ၏ မိခင်ရောက်လာကာ ကျွန်မစာပွဲအနီး နေရာချထားသည့် ကုလားထိုင်တစ်လုံးမှာ ဝင်ထိုင်သည်။ များမကြာမီပင် ဖခင်ရောက်လာသည်။ ဟုတ်ပြီ။ အနည်းဆုံး အချိန်နောက်မကျပဲ ရောက်လာရလောက်အောင်အထိတော့ သည်ကိစ္စအတွက် သူတို့ပူပူပင်ပင် ရှိကြသည်ပဲ။ နှစ်ယောက်တွေ့လိုက်ရတော့ အံ့အားသင့်သွားကြသည်။ မကျေမနပ်သည့် အကြည့်တွေ အပြန်အလှန် ဖြတ်သန်းသွားသည်။ သည်နောက်တော့ တစ်ယောက်ကိုတစ်ယောက် တမင်တကာ မသိကျိုးကျွန်ပြုနေလိုက်ကြသည်။ကျွန်မ သူတို့ကို တော်မီ၏ ပြောင်းလဲလာသော အပြုအမူများနှင့် ပညာရေးဘက်တွင် ကျဆင်းလာပုံများ အကြောင်း အသေးစိတ်ပြောပြသည်။ သည်အချက်နှစ်ရပ်ကို ဆက်စပ်ပြကာ သူတို့ကြောင့် ကလေးမှာ ဘယ်လောက်အထိ နစ်နာနေရသည်ဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ဖော်ပြပေးနိုင်မည့် ထိမိသော စကားလုံးများ ကျွန်မ အသည်းအသန် အပြေးအလွားစဉ်းစားသည်။ စကားလုံးရှာ၍မရ။ တော်မီကပျစ်ကညစ် ရေးခြစ်ထားသည့် ကျောင်းသင်ခန်းစာ အဖြေလွာ စာရွက်တစ်ခုခုကို ပြကြည့်လျှင်ကောင်းမည်ဟု စိတ်ကူးရသည်။
သူ့စာရေးခုံထဲ လိုက်ရှာတော့ နောက်ဘက်ပိုင်းမှာ ထိုးထည့်ထားသည့် စာရွက်တစ်ရွက် သွားတွေ့သည်။ အင်္ဂလိပ်စာ အဖြေလွာ။ လုံးချေထားသည့် စာရွက်ကို ဖြန့်ကြည့်တော့ မျက်ရည်စတွေ စွန်းပေနေတာ တွေ့ရသည်။ စာနှစ်မျက်နှာလုံး ရေးခြစ်ထားသော်လည်း အဖြေတွေမဟုတ်။ ဝါကျတစ်ခုတည်းကိုပဲ အထပ်ထပ် အပြန်ပြန် ရေးထားခြင်းဖြစ်သည်။
စာရွက်ကို ပိုစန့်သွားအောင် အသာအယာပွတ်သပ်၍ ဖြန့်ပြီးနောက် တော်မီ၏ မိခင်ထံ ကျွန်မ ကမ်းပေးလိုက်သည်။ သူဖတ်ကြည့်ပြီးနောက် စကားတစ်ခွန်းမျှမဆိုဘဲ ခင်ပွင်းသည်သို့ ပေးသည်။ ဖခင် မျက်မှောင်ကြုတ်သွားသည်။ သည့်နောက် သူ့မျက်နှာပျော့ပျောင်းလာပြီး အသော့ခြစ်ထားသော စာလုံးတွေကို တမေ့တမောကြီး ငေးစိုက်ကြည့်နေသည်။
နောက်ဆုံးတွင်မှ စာရွက်ကို သေသေချာချာ ခေါက်ကာ သူ့ အိတ်ထဲ ထည့်သည်။ ပြီးလျှင် ၊ ဇနီးသည် ဆန့်တန်းပေးထားသော လက်ကို လှမ်းကိုင်သည်။ အမျိုးသမီးက မျက်ရည်စတွေကို သုတ်ကာ သူ့အားအပြုံးနှင့်ကြည့်သည်။ကျွန်မမျက်လုံးများမှာလည်း မျက်ရည်တွေ အိုင်၍နေပါပြီ။ သို့သော် သူတို့နှစ်ဦးလုံး သတိပြုမိကြပုံမပေါ်ပါ။ ဇနီးသည် ကုတ်အကျင်္ီဝတ်တော့ ခင်ပွန်းသည်က ကူညီပေးပြီး နှစ်ဦးအတူတကွ ထွက်ခွာသွားကြသည်။ဝါတာတာ ဗလာစာရွက်ပေါ်မှာ ရေးခြစ်ထားသည့် ဝေါဟာရစကားလုံးများက မိသားစုဘဝ ပြန်၍သာယာလှပအောင် စုစည်းနှောင်ဖွဲ့ပေးခဲ့ပေပြီ။ ကြေကွဲနေသော ကလေးငယ်တစ်ဦး၏ ပူပန်ဆင်းရဲသော နှလုံးသားမှ ပွင့်အန်ကျလာသည့် လှိုက်လှဲပြင်းပြသော စကားလုံးများ……။
“ဖေဖေ…မေမေ…ဖေဖေ့ကို ချစ်တယ်…မေမေ့ကို ချစ်တယ်…ဖေဖေ့ကို ချစ်တယ်…မေမေ့ကို ချစ်တယ်…”
[မူရင်း။ ။ Jane Lindstrom ၏ Tommy’s Essay]
One comment
ကြေးမလောင်
November 28, 2011 at 3:21 pm
ဖေဖေကြီး ဖေဖေကြီး… ဖေဖေကြီးကို ချစ်စ်စ်……….တယ်………
မေမေကြီး မေမေကြီး… မေမေကြီးကို ချစ်စ်စ်……….တယ်………