၁၉၇၆ က ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲခဲ့သည်…. ဆိုခြင်း…
အောက်က ဆောင်းပါးကို ခေတ်ြိပိုင်က ကူးယူပါတယ်။ သူ့ရဲ့လင့်ခ်က ( http://khitpyaing.org/articles/2010/March/23310.php) ဖြစ်ပါတယ်။
ဗမာတွေဖတ်စေချင်လို ့ပါ။ အထူးသဖြင့် မြန်မာပြည်ပြင်ပရောက်ပြီး ဒီမိုကရေစီနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ဗမာတွေကို ဖတ်စေချင်လို့ပါ။ ပိုပြီး အထူးပြုပြီး ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ဗမာတွေဖတ်စေချင်တာပါ။ ခုတလောက အင်တာနက်သူရဲကောင်းတွေ လေလှိုင်းတွေစီးပြီးသူများအယူဝါဒတွေကို အကြီးအကျယ် ပုတ်ခတ်ရှုံချနေကြတာတွေများတော့ အဲဒီ သူရဲကောင်းတွေကိုလည်း သိစေချင်မိတာပါ။
ကိုယ်ကိုးကွယ်တဲ့ ဘာသာမှအမှန်၊ ကိုယ့်ဂိုဏ်းကအမှန်။ ကိုယ့်နည်းကအမှန် ဆိုတဲ့သူတွေကိုလည်း ရေးချင်တာ ပြောချင်တာတွေအများကြီးပါပဲ..။
ငယ်ငယ်က ကြားဖူးခဲ့တဲ့ “လူသားစားတဲ့ ဦးလာဘ” ဆိုတာကို အခုဆောင်းပါးမှာ ဦးအောင်ခင်ဖွင့်ချတော့ “လုပ်ကြံစွပ်စွဲလိုက်တာ” ဆိုပါတယ်။ အလွန်အံ ့ဩမိတာပါပဲ။
အဲဒီဆောင်းပါးတခုလုံးမှာ…စိတ်ကိုထိထိခိုက်ခိုက်ဖြစ်စေတာ အဲဒီစာကြောင်းလေးမို ့ခေါင်းစဉ်အဖြစ်တင်ပေးလိုက်ပါတယ်။ ထပ်ပြီးမှတ်မိနေသေးတာက တိရိစ္ဆာန်ရုံမှာ “ဦးလာဘ ကိုကျားစာကျွေးတယ်ဆိုပါတယ်” တကယ်မဖြစ်နိုင်ပေမဲ့ …သံဃာတပါးကို အဲဒီလိုပြစ်မှားစေသွားလောက်အောင် စံနစ်တကျနဲ့ ဖန်တီးခဲ့တဲ့ဖြစ်ရပ်ဖြစ်နိုင်တာမို ့အမှတ်တရ အခုလိုခေါင်းစဉ်တပ်ပေးရင်းနဲ့ ပိုသိသူများရှိရင်လည်း မှတ်ချက်ရေးပေးစေလိုပါတယ် လို့ပါ..ခင်ဗျား။
ဒီလိုနဲ့ မြန်မာပြည်ထဲ မှန်ကန်မွန်မြတ်တဲ့ သံဃာတော်တွေ ဘယ်လောက်များ သိက္ခာကျ လွှင့်ပါးခဲ့ရသလဲ လည်းတွေးနေမိပါတယ်။
——————-
ဘာသာရေးအလွဲသုံးစားလုပ်မှု
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ ဩဝါဒရဲ့ တဝက်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။
နောက်တော့မှ ၁၉၈ဝ ပြည့်နှစ်မတိုင်မီက ထေရဝါဒဗုဒ္ဓသာသနာမှာ အယူဝါဒကွဲပြားတဲ့ ဂိုဏ်းဂဏတွေ ပေါ်ပေါက်ခဲ့ကြောင်း၊ အဲဒီအယူဝါဒတွေကို နိုင်ငံတော်သံဃာ့ဝိနည်းအဖွဲ့က မှန် (ဓမ္မ)၊ မမှန် (အဓမ္မ) စိစစ်သုံးသပ်ဆုံးဖြတ်ပြီး မမှန် (အဓမ္မ) လို့ သတ်မှတ်တဲ့ အယူအဆတွေကို သံဃာ (ဓမ္မစက်) နဲ့ အစိုးရ (အာဏာစက်) တွဲဖက်ပြီး ပိတ်ပင်ဖယ်ရှားတားမြစ်တာ အလွန်အောင်မြင်ကြောင်း ဟောကြားတယ်။ ဒါပေမယ့် ဗိုလ်နေဝင်းအမိန့်နဲ့ ၁၉၈ဝ မှာ သာသနာသန့်ရှင်းရေးလုပ်တာကို ဦးကုမာရက ထည့်မပြောဘူး။ အတိအကျ မပြောပေမယ့် ထေရဝါဒဗုဒ္ဓဘာသာနဲ့ မညီညွတ်တာတွေ လုပ်နေတဲ့ သံဃာတွေကို စစ်အစိုးရနဲ့ သံဃာက ပြည်သူနဲ့လက်တွဲပြီး ဖယ်ရှားသွားရမယ်လို့ ဦးကုမာရက နိဂုံးချုပ်လိုက်တယ်။ ပြည်သူ့အကျိုးဆောင်တဲ့ သံဃာတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ သံဃာတွေကို ဖယ်ရှားဖို့ လမ်းခင်းနေတဲ့ပုံပဲ။
မတ်လ (၁၇) ရက်နေ့မှာ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတော့လည်း အခန်း (၃) ပုဒ်မ-၁၅ (င) မှာ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်တဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့် ငြင်းပယ်နိုင်တယ် (ဒါမှမဟုတ်လို့) မှတ်ပုံတင်ထားပြီးရင်လည်း မှတ်ပုံတင်ကို ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြထားတယ်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားခြင်းဆိုတဲ့ လျှောက်လွှာပုံစံ (င) မှာလည်း ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုသော အဖွဲ့အစည်း မဟုတ်ပါဆိုပြီး ဝန်ခံထားပါတယ်။ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးမပြုပါဘူးဆိုတဲ့ နိုင်ငံရေးပါတီက အာဏာရသွားလို့ အာဏာရအစိုးရအနေနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ်ရင် ဘာဖြစ်သွားမယ်ဆိုတဲ့အထိ မှတ်ပုံတင်နည်းဥပဒေက ကြိုတင်မြင်တာမဟုတ်ပါဘူး။
အာဏာရမြန်မာအစိုးရတိုင်း ဗုဒ္ဓဘာသာကို စိတ်ကြိုက်အလွဲသုံးစားလုပ်လာတာ ကြာပါပြီး။ ပထမဆုံးသော မြန်မာဝန်ကြီးချုပ် ဦးနုကို နိုင်ငံရေးအတွက် ဘာသာရေးကို အလွဲသုံးစားလုပ်တယ်လို့ ဝေဖန်ကြတယ်။ ဦးနုကို ဖြုတ်ချတဲ့ စစ်ဗိုလ်တွေအားလုံး ဦးနုတပည့်ဖြစ်နေတာကိုတော့ မပြောကြတော့ဘူးလား။ သံဃာ့နာယကဆိုတာ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးပြုဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်းဖြစ်တယ်။ တနည်းဆိုရင်တော့ သံဃာလောကကို ဝင်ရောက်စွက်ဖက်ဖို့ တမင်လုပ်ထားတဲ့ အစိုးရလက်ကိုင်တုတ်ကြီးဖြစ်တယ်။
၁၉၈ဝ မှာ စတင်ဖွဲ့စည်းတဲ့ သံဃာ့မဟာနာယကအဖွဲ့ဟာ အစိုးရအသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းတွေကို ကြီးကြပ်ရတဲ့အပြင် သံဃာမှတ်ပုံတင်ရေး၊ သံဃာ့ပညာရေး၊ ကျောင်းထိုင်ဆရာတော် လေ့ကျင့်ရေး စတဲ့ စီမံကိန်းတွေကို တာဝန်ယူရတယ်။ အစိုးရအမှုထမ်း အပြောင်းအရွှေ့လုပ်သလို ဗဟိုနာယကအဖွဲ့ဝင် သံဃာတွေကို ပုံမှန်ပြောင်းရွှေ့နေတာကြောင့် ဘယ်ဆရာတော်မှ ကြာကြာနေရာမရဘဲ သာသနာရေးဝန်ကြီးဌာနက ခြယ်လှယ်တာကို ခံနေကြရတယ်။ သံဃာငယ်တွေ နိုင်ငံရေးမလုပ်နိုင်အောင် ထိန်းထားနိုင်တဲ့ ဝါရင့်သံဃာကို စစ်အစိုးရက ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပြီး အဖိုးတန်ပစ္စည်း လှူဒါန်းတယ်။
အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေမှာ သာသနာရေးဝန်ကြီးဌာန မရှိဘူး။ သာသနာရေးဆိုတာ ဘုန်းကြီးနဲ့သာဆိုင်ပြီး အစိုးရနဲ့ မဆိုင်ဘူးလို့ ယူဆတဲ့အတွက် သာသနာရေးဝန်ကြီးဆိုတာမျိုး မရှိတာဘဲ။ မြန်မာပြည်မှာတော့ သာသနာရေးဝန်ကြီးက လူသတ်ကောင်စစ်ဗိုလ်ဖြစ်ပြီး ဒီလူသတ်ကောင်က ပေးတဲ့ဘွဲ့ထူး ဂုဏ်ထူးတွေကိုပဲ သံဃာတွေက လက်ခံနေကြတယ်။ သံဃာထဲမှာလည်း ဘာသာရေးကို အလွဲသုံးစားလုပ်သူတွေ ရှိတာပဲ။ ဘာသာရေးလုပ်ငန်းနဲ့ စီးပွားရှာသူ၊ ဘာသာရေးလုပ်ငန်းနဲ့ ဩဇာအာဏာရှိအောင် လုပ်ဆောင်သူတွေဟာ ဘာသာရေးကို အလွဲသုံးစားလုပ်တာပဲ။
ဘုရင့်အာဏာအားကိုးပြီး သံဃာ့လောကကို လွှမ်းမိုးဖို့ ကြံစည်တဲ့ သံဃာတွေ မြန်မာ့သမိုင်းမှာရှိသည်။ ဘုရင်ကလည်း ဘာသာရေးမှာ စွက်ဖက်လေ့ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ရိုသေလေးစားတဲ့ မင်းတုန်းမင်းဟာ သံဃာ့အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်လေ့ရှိပြီး သံဃာကလည်း ရှင်ဘုရင်လှူဒါန်းတာကို စားသောက်နေရတော့ စွက်ဖက်ခွင့် ပေးထားတယ်။ ဘုရင်စွက်ဖက်တာကို လက်မခံဘဲ ဝေဖန်တဲ့ သုဓမ္မာ ရဟန်းဆိုလို့ အဲဒီခေတ်က ဗန်းမော်ဆရာတော် ဦးပဏ္ဍိတ တပါးပဲ ရှိတယ်။ ဘုရင်က ကျွေးမွေးလှူဒါန်းတာကို ငြိမ်စားနေပြီး ဘုရင်လုပ်သမျှခံနေတဲ့ သုဓမ္မာသံဃာတွေကို ဗန်းမော်ဆရာတော်က ဝေဖန်ရှုတ်ချတယ်။ ဒီသတင်းကို မင်းတုန်းမင်း ကြားသွားတော့ စိတ်ဆိုးပေမယ့် ဗန်းမော်ဆရာတော်ကို ပြောရမှာကလည်း မဝံ့မရဲဖြစ်နေတာကြောင့် ဆရာတော်အနေနဲ့ ဝေဖန်ရင် သတိထားဝေဖန်ဖို့ ယဉ်ကျေးစွာ ရာဇသံပေးတယ်။ မိန်းမအများအပြား ယူထားတဲ့ ဘုရင်က ဘုန်းကြီးကို ဆုံးမလို့ ဗန်းမော်ဆရာတော်က ဒေါသထွက်ပြီး တောင် (၂) လုံးကြားမှာ တရားကျင့်နေတဲ့ လူကို ပေါင် (၂) လုံးကြားက လူက အကြံဉာဏ်ပေးစရာ မလိုဘူးလို့ ပြောချလိုက်တယ်။ သံဃာကိစ္စမှာ ဘုရင်စွက်ဖက်စရာ မလိုဘူးလို့ ဗန်းမော်ဆရာတော်က ယူဆတယ်။
မင်းတုန်းမင်းက ဘုရား၊ တရား၊ သံဃာကို အင်မတန်ရိုသေကိုင်းရှိုင်းသူဖြစ်တဲ့အတွက် သံဃာ့ကိစ္စမှာ ကောင်းစေချင်တဲ့ ရည်ရွယ်ချက် ရှိမှာဖြစ်ပေမယ့် သံဃာ့ကိစ္စမှာ လူက စွက်ဖက်တာကို ဗန်းမော်ဆရာတော်က လက်မခံနိုင်တာပါ။ နောက်ဆုံးတော့ မင်းတုန်းမင်းက ဗန်းမော်ဆရာတော်ကို တောင်းပန်တယ်။ နအဖအုပ်စုကတော့ သူတို့မကြိုက်တဲ့လူတွေကို မစ္ဆေရစိတ်အပြည့်နဲ့ နှိမ်နင်းရာမှာ သံဃာကို အသုံးပြုတယ်။ နောက်ပြီး ဘာသာရေးအလွဲသုံးစားမလုပ်ဖို့ သူခိုးက လူလူဟစ်လိုက်သေးတယ်။ မင်းတုန်းမင်းရဲ့ ဘာသာရေးကောင်စီဟာ သုဓမ္မာဂိုဏ်းပါပဲ။ အခုခေတ်မှာ နအဖသာသနာဖြစ်နေသလို ရှေးခေတ်က မင်းတုန်းသာသနာဖြစ်နေတာကို ဒွာရနဲ့ ရွှေကျင်ဂိုဏ်းက လက်မခံလို့ ပဉ္စမသံဂါယနာ တင်ပွဲမှာ မပါဝင်ခဲ့ဘူး။ မင်းတုန်း သီပေါ သုဓမ္မာရဲ့ ဓမ္မစက်နဲ့အာဏာစက်ကို လက်မခံနိုင်တဲ့ သံဃာဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ တရားအားထုတ် ကြရတယ်။
ဗုဒ္ဓဩဝါဒကို အနီးစပ်ဆုံးလိုက်နာတဲ့နေရာမှာ ငှက်တွင်းဂိုဏ်းဟာ နာမည်ကြီးတယ်။ ဒါပေမယ့် ဘာသာရေးအလွဲသုံးစားလုပ်တဲ့ မြန်မာမင်းအောက်မှာ ဗုဒ္ဓတရားတော်အတိုင်း ကျင့်ကြံဖို့ ခက်ခဲတာကြောင့် ငှက်တွင်းဆရာတော်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ အောက်မြန်မာပြည်မှာ သတင်းသုံးရင်း သက်တော် (၈၀) သထုံမှာ ပျံလွန်သွားတယ်။ အဲဒီအချိန်မှာ ငှက်တွင်းဂိုဏ်းဝင် သံဃာအပါး (၅၀၀) လောက်ရှိနေပြီ။ ဘုရင့်သုဓမ္မာဂိုဏ်းကို ငှက်တွင်းဂိုဏ်းက စိန်ခေါ်ထားတဲ့အချက် (၅) ချက်ရှိတယ်။ ပထမအချက်က ဘုရားရုပ်ထုကို ဆွမ်းမကပ်ဖို့နဲ့ မီးမပူဇော်ဖို့ ဖြစ်တယ်။ လူကိုသာ ထမင်းကျွေးဖို့ လိုအပ်ပြီး ရုပ်ထုကို ကျွေးစရာမလိုဟု ငှက်တွင်းဂိုဏ်းက ယူဆတယ်။ ရုပ်ထုအစား ဗုဒ္ဓတရားတော်ကို နှလုံးသွင်းရမယ်။ ဒုတိယအချက်က ဗုဒ္ဓဘာသာဆိုရင် အနည်းဆုံး ငါးပါးသီလမြဲရမှာမို့ ငါးပါးသီလကို ဘုန်းကြီးက ပေးစရာမလိုပါ။ ငါးပါးသီလမရှိရင် ဗုဒ္ဓဘာသာမဟုတ်ပါ။ တတိယအချက်က တရားအားထုတ်တတ်သူကိုသာ ရဟန်းဝတ်ခွင့်ပေးရပါလိမ့်မယ်။ စတုတ္ထအချက်က သံဃာတဦးချင်းကို မလှူဘဲ သံဃိကပစ္စည်းအဖြစ် လှူဒါန်းဖို့ဖြစ်တယ်။ ပဉ္စမအချက်က တနေရာမှာ (၂) နှစ်ထက်ပိုပြီး မနေရဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။
လွတ်လပ်ရေးရချိန်မှာ ငှက်တွင်းကျောင်း (၂၀၀) လောက်နဲ့ သံဃာ (၁,၄၀၀) ကျော်ရှိပြီး ကိုးကွယ်တဲ့ ဒကာဒကာမ (၁) သိန်း လောက်ရှိတယ်လို့ ခန့်မှန်းတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ဘုန်းကြီးအချင်းချင်း ထိန်းသိမ်းတာမျိုး အရေးယူတာမျိုးပဲရှိတယ်။ ဘာသာရေးမှာ အာဏာပြတာဟာ အာဏာရူးမြန်မာပြည်ပဲရှိတယ်။ တကယ်တော့ သံဃာတော်တွေကို စော်ကားမော်ကားလုပ်ပြီး အနိုင်ကျင့်ဖို့ စစ်ဗိုလ်တွေကို လက်ထပ်သင်ပေးခဲ့သူဟာ ဗိုလ်နေဝင်းပါ။ သံဃာတွေရဲ့ နိုင်ငံရေးအစဉ်အလာနဲ့ ဒီမိုကရေစီကျတဲ့ ဗုဒ္ဓဘာသာဓလေ့ဟာ အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်လို့ ဗိုလ်နေဝင်းက မြင်တယ်။ ဗိုလ်နေဝင်းက သံဃာတွေ သူ့အမိန့်နာခံအောင် သံဃာ့အဖွဲ့ဥပဒေကို ရေးဆွဲဖို့ ၁၉၆၅ ခုနှစ်မှာ ကြိုးစားတဲ့အခါ နာမည်ကြီး ဘုန်းကြီးကျောင်းတွေက မပါဘူး။ သံဃာတော်တပါးချင်းအနေနဲ့ ဗိုလ်နေဝင်းရဲ့ မှော်ဘီသံဃာ့ညီလာခံက ချမှတ်တာတွေ တရားမဝင်ကြောင်း ကြေညာတဲ့အတွက် ဗိုလ်နေဝင်း အကြံမအောင်ဘဲ ဖြစ်သွားတယ်။ အဲဒီအခါမှာ သံဃာတွေကို နိုင်ငံရေးလုပ်မှု၊ ဘာသာရေးအလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးပါတယ်။
၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားတဲ့ ဦးသန့်ဈာပနအရေးအခင်းမှာလည်း သံဃာတွေ အသတ်ခံရပြန်ပြီး အပါး (၆၀၀) ကျော် အဖမ်းခံလိုက်ရတယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဝေဖန်ရှုတ်ချတဲ့ သံဃာတွေကို ထောက်လှမ်းရေးက စောင့်ကြည့်ပြီး အခွင့်သာတာနဲ့ နာမည်ပျက်အောင် လုပ်တော့တာပါပဲ။ ၁၉၇၆ ခုနှစ်က ဆရာတော် ဦးလာဘကို လူသတ်မှု၊ လူသားစားမှုနဲ့ လုပ်ကြံစွပ်စွဲလိုက်တာဟာ သံဃာတွေကို နှိမ်နင်းမယ့် ရှေ့ပြေးလက္ခဏာ ပါပဲ။ သံဃာ့လောကမှာ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေလို့ စစ်တပ်က ဝင်ထိန်းရပါတယ်ဆိုတဲ့ ပုံစံမျိုးရောက်သွားအောင် ထောက်လှမ်းရေးက အကွက်ဆင်တာပဲ။ ပြည်သူလူထုလည်း လန့်ဖြန့်သွားအောင် သံဃာလောကလည်း သိက္ခာကျသွားအောင် ထောက်လှမ်းရေးက အကွက်ဆင်လိုက်တာပါပဲ။ သိက္ခာတက်နေတဲ့ သံဃာကို နှိမ်ရခက်တာကြောင့် မနှိမ်ခင်မှာ သိက္ခာကျအောင် လုပ်တာပါ။
၁၉၇၈ ခုနှစ်မှာလည်း ကိုယ်ရင်တွေ ရဟန်းတွေကို ဖမ်းဆီး လူဝတ်လဲခိုင်းပြီး ထောင်ချပါတယ်။ တချို့သံဃာတွေကို အဲဒီအချိန်ကတည်းက စစ်တပ်ပေါ်တာအဖြစ် အသုံးပြုနေတာပဲ။ ဘုန်းကြီးကျောင်းတွေကို ပိတ်ပစ်ပြီး ကျောင်းပိုင်ပစ္စည်းကို စစ်တပ်ကသိမ်းတယ်။ အဲဒီနှစ်မှာပဲ ဝါရင့်ဆရာတော်ကြီး ဦးနာယကဟာ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ပျံလွန်တော်မူသွားတယ်။ ဗိုလ်နေဝင်း မဆလခေတ်တလျှောက်လုံး စစ်တပ်ကိုသာ တောက်လျှောက် အမွန်းတင်လာခဲ့ပြီး သံဃာကိုတော့ အလုပ်မလုပ်တဲ့ တိုင်းပြည်တာဝန်မထမ်းဆောင်တဲ့ အရာမရောက်တဲ့ လူတန်းစားသဖွယ် သဘောထားခဲ့တယ်။ ဗိုလ်နေဝင်းနဲ့ နောက်လိုက်စစ်ဝါဒီတွေ စိတ်ထဲမှာတော့ သံဃာဟာ စစ်ဗိုလ်လောက် အရေးမကြီးဘူး။ ဒါကြောင့် သံဃာအားလုံး စစ်ဗိုလ်အမိန့်နာခံရမယ်လို့ အခုထက်ထိ ယူဆနေတာဖြစ်တယ်။
၁၉၈၈ ပြည်သူ့အရေးတော်ပုံ ချေမှုန်းခံရပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံအားပေးတဲ့ အစိုးရအကျိုးပြုဗုဒ္ဓဘာသာနဲ့ ပြည်သူ့ဘဝသာယာရေးဦးစားပေးတဲ့ ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဆိုပြီး ဘာသာရေးလှုပ်ရှားမှု နှစ်ရပ်ပေါ်ပေါက်လာပုံကို အမေရိကန်နိုင်ငံ Arizona ပြည်နယ်တက္ကသိုလ် ဘာသာရေးဌာနက အမျိုးသမီးပါမောက္ခ Juliane Schober က သုတေသန စာတမ်း ရေးထားတာရှိတယ်။ ငွေကုန်ကြေးကျခံပြီး ဘာသာရေးအခမ်းအနားတွေကျင်းပပြီး စစ်အစိုးရလုပ်တာ မှန်ကန်ကြောင်း၊ တရားဝင်ကြောင်း ဆီလျော်ကြောင်း ဦးကုမာရလို ပြောတာမျိုးဟာ အစိုးရအကျိုးပြုဗုဒ္ဓဘာသာဖြစ်တယ်။ လူသားချင်းစာနာမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ တရားအားထုတ်မှု၊ မိမိကိုယ်မိမိအားကိုးမှု စတာတွေကို အဓိကထားတာဟာ ပြည်သူ့အကျိုးပြု ဗုဒ္ဓဘာသာဖြစ်တယ်။ ငှက်တွင်းဂိုဏ်းနဲ့ ဦးတည်ချက်ချင်းတူနေတယ်။
ပြည်သူ့အကျိုးပြုဗုဒ္ဓဘာသာဟာ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိကို အခြေခံပြီး ပြည်သူကို နှိပ်စက်တဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ အဲဒါကို ထေရဝါဒမစစ်ဘူးလို့ အကြောင်းပြပြီး ဓမ္မစက်၊ အာဏာစက်တွေသုံး၊ ဘာသာရေးအလွဲသုံးစား လုပ်တယ်ဆိုပြီး နှိမ်နင်းဦးမလား မသိဘူး။
13 comments
susunosuki
April 18, 2010 at 3:32 pm
အခုမှ ပဲဇတ်ကြောင်းစုံ သိရတယ်
မှားယွင်းပြီး စွပ်စွဲကြတာ တော်တော် အထိနာမှာပဲ
ကျွန်တော်တို့ ကလေး တုန်းက အမေက လည်းငိုရင် ဦးလာဘ လာမယ်ဆိုပြီးခြောက်တတ်တယ်
ခုလိုရှင်းရှင်းသိရတော့လဲ စိတ်မကောင်းဖြစ်ရုံအပြင် ဘာမှ မ တတ်နိုင်တော့ဘူး
mickylay
April 19, 2010 at 7:06 am
သေချာတာကတော့ လောလောဆယ် မင်းက အင်တာနက်ကို အသုံးချပြီး နိုင်ငံရေးလုပ်နေတာပဲ
poeaung6
May 25, 2010 at 11:51 am
ဘာတွေဘဲပြောပြော ဘာတွေဘဲ ဘယ်လောက် ကောင်းအောင်လုပ်လုပ် ဝိပသနာ အလုပ်အားမထုပ်သရွေ အကုသိုလ် အလုပ်ကြီးပဲလေ ဘုရားရှင်၏ဟောကြားချက်ပါ
BaKo
May 25, 2010 at 9:16 pm
ဟကောင်၇။ ဘုရားလက်ထက် ဝိပသနာ အလုပ်လုပ်ကြတယ် မကြားဘူးပါဘူး
ဘုရားလည်း ဝိပသနာအလုပ်အကြောင်း တခါမှမဟောပါဘူး
ဒါတွေက ဘုရားသာသနာ၂၅၀ဝ ကျော်မှ အလိုလိုပေါ်လာတာ။
ဆရာတော်ကြီးတပါးကမိန့်တယ် ဒီခေတ်က သိကြားသာသနာမို ့သာသနာမပျက်ခင် ဝိပသနာသာသနာပေါ်လာတာတဲ့
ဒီခေတ်လူတွေ ကံကောင်းတယ်
bigcat
May 26, 2010 at 2:12 am
My senior burmese friend said the cannibalism case on U Larba is a make-up story. I don’t know he was a real buddhist monk but was said to be an anti-government monk who tried to keep his place away from strangers and kids. I guess there might be some coincidences that some people went missing when this rumor came out. My friend, who was a close friend of police officer, went to see U Larba in custody and he was kind of broken into pieces and his face looked as small as a plum leaf because of brutal investigation. Police officer rejected the rumor and confirmed the political motives behind the case.
shwenyarmaung
May 29, 2010 at 3:10 pm
ဘယ်ဟာကိုယုံရမလဲတောင်မသိတော.ပါဘူး
အပေါ်ကဆောင်းပါးရှင်ကိုကော ဦးနေဝင်းအစိုးရကိုကော
thihayarzar
June 4, 2010 at 7:08 am
ဗန်းမော်ဆရာတော်ပြောတဲ့စကား မှန်လိုက်တာ ကောင်းလိုက်တာ တောင်နှစ်လုံးကြားနေတဲ့သူကို ပေါင်နှစ်လုံးကြားနေတဲ့သူက ဆရာမလုပ်ရဘူးတဲ့ ခင်ဗျားတို့ကော ဘယ်မှာနေမလဲ
ကျွန်တော်ကတော့ တောင်ကြားမှာပျင်းတယ် ….
kopauk mandalay
June 16, 2010 at 2:18 am
လွန်လေပြီးသော ကျန်နေခဲ့ပြီးသော ပြန်ပြုပြင်လို့မရနိုင်သော
ပြောသမျှကို မှန်ကန်ပါတယ်လို့ရော မမှန်ပါဘူးလို့ရောသက်သေအထောက်အထားခိုင်လုံစွာမပြနိုင်သော
အခုမှသိလို့လဲ ဘာမှအကျိုးမဖြစ်ထွန်းနိုင်သော အကြောင်းတွေကို ပြန်ပြောပြီး
ခင်ဗျားတို့ကျနော်တို့အငြင်းပွားတာထက်စာရင်
ရှေ့ဆက်သွားရမယ့်လမ်းကို ဘယ်လိုကောင်းအောင်လုပ်ကြမလဲလို့ စုပေါင်းစဉ်းစား
ဲကြရအောင်ဗျာ။
ကုလားကားလိုဇာတ်မနာနာအောင်ရေးထားတာတွေကိုလဲဖတ်ရတာ စိတ်ကုန်လှပါပြီသူငယ်ချင်းတို့ရေ။
winne
August 31, 2010 at 12:21 pm
အဲဒီခေတ်တွေကိုတော့ မမှီလို့ မသိဘူး ကြားဘူးနားဝဘဲရှိတာ သေချာတာကတော့ မသိတာတွေ ထပ်သိရ တာပါ။ ကျေးဇူးတင်ပါတယ် စာရေးသူရေ။
koyinmaung
September 28, 2011 at 10:20 pm
ဦးလာဘအကြောင်း ငယ်ငယ်ကတော့သတင်းစာမှာဖတ်လိုက်ရပါတယ်
ထောက်လှမ်းရေးကအကွက်ဆင်တယ်ဆိုတာကတော့
ဦးအောင်ခင်ပြောမှသိရတာပါ…….
yokesoe
September 28, 2011 at 11:08 pm
အဖွားက ညဖက်ဆိုရင် ပုံပြင်ပြောတိုင်း ဦးလာဘ အမြဲပါတတ်တာ
ဘာဆိုပါလိမ့် စဉ်းအိုးထဲမှ ချဉ်ရည် စိမ်ထားတယ်ဆိုလား မေ့တောင်နေပါပီ
အဲဒါကြီး ကို အဟုတ်ထင်နေတာ ။
True Answer
September 29, 2011 at 7:51 am
ဦးလာဘအကြောင်းခေါင်းစဉ်တပ်ပြီး ဦးလာဘအကြောင်းလားမှတ်တယ်။ စစ်အစိုးရ ကို မင်းတုန်းမင်းနဲ့ ယှဉ်ပြီး မကောင်းကြောင်းဖော်ပြချက်တွပါကလား။
kopauk mandalay ပြောသလိုပါဘဲ
စစ်အစိုးရ ကို မင်းတုန်းမင်း မှန်-မမှန်ဆိုတာတွေကို ဝေဖန် လေကန်နေတာထက်
မိမိ နဲ့ အနီးစပ်ဆုံး ကူညီနိုင်တဲ့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေ တတ်စွမ်းသမျှ အုတ်တချပ် သဲတစ်ပွင့် ပဲဖြစ်ဖြစ် တတ်စွမ်းသမျှ ကူညီကြပါစို့ ။
အပြောမဟုတ် လက်တွေ့ဖြင့် ဒုက္ခရောက်နေသူ မြန်မာပြည်သူအများအကျိုး ကို ဆောင်ရွက်နေမှု
http://realenlightenment.multiply.com/journal/item/40/40
တညင်သား
September 29, 2011 at 10:30 am
ဦးအောင်ခင်က ဘယ်ကဦးအောင်းခင်လဲ မြောက်ဥက္ကာ ကားပွဲစားတန်းကလား…..