ငယ်ငယ်က မှတ်မှတ်ရရ ဆရာတစ်ယောက်အကြောင်း
“ဘာရယ်မဟုတ် စိတ်ထဲမှတ်မှတ်ရရနဲ့ မတွေ့တာလည်းနှစ်နဲ့ချီပြီဖြစ်တဲ့ ဆရာတစ်ယောက်အကြောင်း သတိရ အောင့်မေ့စွာနဲ့ ရေးမိရေးရာရေးလိုက်တဲ့ သဘောပါ။”
စာတွေရေးရတာကို ဘယ်အချိန်ကစပြီး ပျော်ခဲ့တာပါလိမ့်?…။ ခုလို internet မသုံးတတ်သေးခင်တုန်းက ကိုယ့်ဘာသာ ဝတ္ထုတွေ၊ ကဗျာတွေ ပေါက်တတ်ကရတွေပေါ့ လျှောက်ရေး၊ ညီမလေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်း တစ်ချို့ကို ဖတ်ချင်ချင်၊ မဖတ်ချင်ချင် အတင်းပေးဖတ်ခဲ့ဖူးတယ်။ အစတုန်းကတော့ အဖေအမေက ဟုတ်တာလည်းမဟုတ်ဘဲ စာရွက်ဖြုန်းတီးတယ်ဆိုပြီး မျက်စိစပါးမွှေးစူးခဲ့တာပေါ့။ နောက်တော့လည်း “အရူး”လို့ သတ်မှတ်ပြီး ဘာမှမပြောတော့ပါဘူး။ ကျောင်းတစ်ဖက်၊ တစ်ခြားသင်တန်းတွေတစ်ဖက် ကျောင်းပြီးတော့ အလုပ်ထဲ တန်းဝင်ခဲ့တာမို့ ကဗျာတွေကို နည်းနည်းပါးပါးရေးဖြစ်ခဲ့ဖူးပေမယ့် ဝတ္ထုတွေကတော့ အပြီးသတ်နိုင်ခဲ့တာတော်တော်ရှားပါတယ်။ မကောင်းတာတွေက များလွန်းလို့ ကိုယ့်ဘာသာစိတ်ပျက်ရတာလည်း တော်တော်များပါတယ်။ အင်း… ပြောရင်းနဲ့ လိုရင်း အံချော်နေပြန်ပါပြီနော်။ ပြောပြချင်တာက… ဒီလို စာတွေ (ဟုတ်တိပတ်တိလည်းမဟုတ်ဘဲနဲ့) ရေးချင်စိတ်ပေါက်အောင်၊ သူများရေးထားတဲ့စာတွေကို ခံစားဖတ်ရှုတတ်အောင် လမ်းညွှန်မှုပေးခဲ့တာကတော့ အထက်တန်းကျောင်းမှာ မြန်မာစာပြပေးခဲ့တဲ့ ဆရာ ဦးလှဝင်း ဖြစ်ပါတယ်။
ဆရာနဲ့ စဆုံခဲ့တာကတော့ ၅တန်းကျောင်းသူဘဝမှာပါ။ ဆရာက တပည့်တွေကို စာသိပ်တတ်စေချင်၊ တော်စေချင်သူမို့ သူ့အတန်းချိန်တိုင်း စာမေးလေ့ရှိသလို မရရင်လည်း ကြိမ်လုံးကြီးနဲ့ ရိုက်တတ်သူပါ။ အရိုက်ခံရမှာကြောက်တာရော၊ ရှက်တာရောကြောင့် ရပြီးသားစာကိုတောင် အထပ်ထပ်ဖတ်ခဲ့ရပါတယ်။ လူစေ့တက်စေ့မမေးနိုင်တော့ roll အလိုက် ဆရာက စာမေးတတ်တယ်။ အဲ… သူ့စိတ်ထဲ စာသိပ်မရဘူးလို့ ထင်တဲ့သူကိုတော့ တစ်ယောက်ချင်း မေးရောပဲ။ တစ်နေ့မှာ ကိုယ်ဈေးဦးပေါက်တယ်ဆိုပါတော့။ စာရပေမယ့် ဆရာ့ရှေ့ဆိုတော့ ကြောက်ကြောက်လန့်လန့် ထစ်ထစ်ငေါ့ငေါ့နဲ့ပေါ့။ ဆိုလို့ပြီးသည့်တိုင် ဆရာက ထိုင်ခွင့်မပေးသေးဘဲ ကြိမ်လုံးကြီး ကိုင်ပြီး ပြုံးကြည့်နေခဲ့တာ အကြာကြီးပါပဲ။ အဲ့ဒီမှာ ကလေးပီပီပဲ ဟီး..ဆိုပြီး ငိုချလိုက်တော့… ဆရာက ရယ်ရယ်မောမောနဲ့ “ဟ…ငါ့တပည့် တယ်သတိ္တကောင်းပါလား၊ ဆရာ ဘာမှမလုပ်ပါဘူး၊ ထိုင်…ထိုင်…ဆရာက စတာပါ” လို့ ဆိုပြီးထိုင်ခိုင်းခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဆရာ တစ်ခါမှ ကိုယ့်ကို တစ်ယောက်တည်း စာမမေးတော့ပါဘူး။ ဆရာ စာမမေးတော့တာကို အခွင့်ကောင်းယူပြီး စာသေသေချာချာ မကျက်ခဲ့ဖူးတာတွေ ရှိခဲ့ဖူးတယ်။ ဟီး…စာမရတရမှာ roll အလိုက် စာဆိုရတော့ ဝါးဝါးချခဲ့တာ မှတ်မိသေးတယ်။ (ဆရာနဲ့ ပတ်သက်ပြီး နောက်ထပ်အမှတ်ရစရာတွေ ရှိခဲ့ပေမယ့် ရေးသားမဖော်ပြတော့ပါဘူး)
ဒီလိုနဲ့ ရတန်းကျောင်းသူဘဝမှာ ဆရာနဲ့ ထပ်ဆုံကြပြန်ပါတယ်။ ဒီတစ်ခါတော့ အတန်းကြီးလာတဲ့ ကိုယ်တို့ကို ဆရာက ကြိမ်လုံးကြီးကိုင်တတ်ပေမယ့် ရိုက်လေ့မရှိတော့ပါဘူး။ အဲဒီရတန်းဆိုတဲ့ ကျောင်းသားကျောင်းသူဘဝမှာ “စာစီစာကုံး”ဆိုတာကို တွင်တွင်ကျယ်ကျယ် ရေးနေရပြီလေ။ ဆရာက ရေးပြီးတင်တဲ့ စာစီစာကုံးတွေကို အမှတ်ပေးလေ့ရှိတော့ သူ့ထက်ငါ ကောင်းအောင် ရောင်းတန်းစာစီစာကုံးစာအုပ်တွေထဲက အကောင်းတကာ့ အကောင်းဆုံး စာသားတွေကို ကူးရေးခဲ့ကြတာ tတစ်တန်းလုံးပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ဆရာက စာစီစာကုံးခေါင်းစဉ်တစ်ခုကို ချပေးပြီး တစ်ပတ်အချိန်ပေးလိုက်တယ်။ ခေါင်းစဉ်ကို ကျောက်သင်ပုန်းပေါ် ရေးလိုက်တာနဲ့ ကျောင်းသားကျောင်းသူ အားလုံးအော်ကုန်ကြပါတော့တယ်။ ခေါင်းစဉ်က အင်မတန်မှ ရိုးစင်းပါတယ်။ “လူ” ပါတဲ့… ဘယ်ရောင်းတန်းစာစီစာကုံးစာအုပ်မှာမှ ရှာမတွေ့နိုင်တဲ့ ခေါင်းစဉ်ပါ။ ကျောင်းသားကျောင်းသူတိုင်းရဲ့ နေ့တိုင်း topic က “စာစီစာကုံးရေးပြီးပြီလား” ဆိုတာပါပဲ။ ဘယ်ကဘယ်လို စရေးရမှန်းမသိလို့ အမေ့ဆီက အကြံဉာဏ်ကိုလည်းတောင်းခဲ့ရပါသေးတယ်။ ရှိရှိသမျှ “လူ”နဲ့ဆိုင်မယ့် စာအုပ်တွေ (ဘုရားစာအုပ်ပါမကျန်)ကို ဖတ်ပြီး စိတ်ကူးပေါက်သလို စာစီစာကုံးကို ရေးလိုက် ဖတ်လိုက် ပြင်လိုက်နဲ့ပေါ့။ စာအုပ်ထပ်ရမယ့်မနက် ကျောင်းသွားခါနီးမှ အချောပြန်ရေးနိုင်ခဲ့တာ။ စာအုပ်တွေထပ်ပြီးလို့ တစ်ပတ်အကြာ တစ်ခန်းလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူတိုင်း စာအုပ်တွေမှာ အမှတ်ကိုယ်စီနဲ့ ပြန်ရကြပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ နောက်ကျောင်းသူတစ်ယောက်ကတော့ စာအုပ်ပြန်မရခဲ့ပါဘူး။ ဘာလို့ဆို ကိုယ်တို့နှစ်ယောက်က ၁၆မှတ်နဲ့ အမှတ်အများဆုံးရကြလို့ ဆရာက တစ်ခြားသူသင်ရတဲ့ အတန်းကြီး၊ အတန်းတူတွေကို ပေးဖတ်ခိုင်းထားတာဖြစ်ကြာင်း နောက်မှ ပြောပြပါတယ်။ (အဲဒီ “လူ” ဆိုတဲ့ စာစီစာကုံးကို ဆရာသင်ရတဲ့ အတန်းကြီး အတန်းငယ်တိုင်းမှာ တစ်ချိန်တည်း ရေးခိုင်းခဲ့တာပါ)။ နောက်ပိုင်းမှာလည်း အလားတူ ရောင်းတန်းစာစီစာကုံးစာအုပ်တွေမှာ သိပ်မရှိနိုင်တဲ့ (သို့သော် ရောင်းတန်းစာစီစာကုံးစာအုပ်တွေကနေ ကိုးကားနိုင်တဲ့) စာစီစာကုံးမျိုးတွေရေးခိုင်းခဲ့ပါတယ်.။ တစ်ခါအမှတ်အများဆုံးရခဲ့ဖူးထားတော့ နောက်စာစီစာကုံးတွေမှာလည်း အမှတ်အများဆုံးမဟုတ်သည့်တိုင် ကိုယ့်အမှတ်ကိုတော့ ဆိုးဆိုးရွားရွားကြီးဖြစ်မသွားရအောင် ကြိုးစားပြီး ထိန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဆရာက တစ်ခြားဆရာတွေရှေ့မှာဖြစ်ဖြစ်၊ တစ်ခြားတပည့်တွေရှေ့မှာဖြစ်ဖြစ် ကိုယ့်ကို “ဒါ ကျွန်တော့်တပည့်” လို့ ဆရာ ဂုဏ်ယူစွာနဲ့ ပြောတတ်ခဲ့ဖူးပါတယ်။ ဆရာ အဲ့လို ဂုဏ်ယူစွာ ပြောတတ်လို့လည်း ကိုယ့်ကိုကိုယ် ပိုယုံကြည်မှုတွေ ရှိလာပြီး စာစီစာကုံးတွေကိုလည်း ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးလာနိုင်ပါတယ်။ မှတ်မှတ်ရရ ဂုဏ်ထူးပေးတဲ့ ၈တန်းစာမေးပွဲကြီးမှာ စာစီစာကုံးကို ၁၄မျက်နှာ လက်တန်းရေးပြီး မြန်မာစာ ဂုဏ်ထူးရခဲ့ဖူးသလို ၁ဝတန်းမှာ အချိန်မမီလို့ စာစီစာကုံးရေးဖို့ မိနစ်၃ဝပဲ ရခဲ့တာကို စာမျက်နှာ ၈မျက်နှာကျော်ရအောင် လက်တန်းရေးနိုင်ခဲ့တာဟာ ဆရာ့ ကျေးဇူးပါ။ (ကြွားခြင်းမဟုတ်ရပါ Practice make Perfect – စာစီစာကုံး အမြဲရေးကျင့်ရှိခဲ့လို့လို့ ဆိုလိုပါတယ်) ဒီ့အပြင် တက္ကသိုလ်မှာ ကိုယ်တက်ခဲ့ရတဲ့ ဘာသာက တစ်ယောက်ချင်းစီ Term Paper တင်ခဲ့ရတော့ကလည်း ကိုယ်ရေးမယ့် လုပ်ငန်း၊အကြောင်းအရာတွေကို ကျောင်း library မှာ ရှာမတွေ့ခဲ့လို့ ကိုယ့်ဘာသာ တစ်ပွေတည်း ကျဲခဲ့နိုင်တာဟာလည်း ဆရာ့ကျေးဇူးကြောင့်ပါပဲ။
တကယ်တော့ ကိုယ်ဟာ စာစီစာကုံးရေးတဲ့ နေရာမှာ အရမ်းကို ညံ့ခဲ့သူပါ။ စာစီစာကုံးကို ဘယ်လိုရေးရတယ်၊ ဘာအကြောင်းအရာကို ဘယ်လိုအဆင်ပြေအောင်ရေးရတယ်ဆိုတာကို မသိတတ်အောင်ကို အသိဉာဏ်ထုံခဲ့သူပါ။ ၄တန်းကျောင်းသူဘဝတုန်းက မှတ်မှတ်ထင်ထင် ပထဆုံး ကျောင်းကိုယ်စားပြု စာစီစာကုံး ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ၃ယောက်ဝင်ပြိုင်တာ ကိုယ်တစ်ယောက်ပဲ ဆုမရခဲ့လို့ အမေ ပထမဆုံးအကြိမ် စာနဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ဆူခဲ့တာ၊ လူတွေကြား ခေါင်းမဖော်ရဲအောင် ရှက်ခဲ့ရတာ ခုထိ အမှတ်ရနေဆဲပါ။ အဒီ့အချိန်ကစလို့ စာစီစာကုံးပြိုင်ပွဲတို့၊ တစ်ခြားပြိုင်ပွဲတို့မှာ (တစ်တန်းလုံးပြိုင်ခိုင်းတာမျိုးကလွဲရင်ပေါ့) ဝင်ပြိုင်တာမျိုးမရှိခဲ့တာ ကျောင်းပြီးတဲ့အထိပါပဲ။ ဒီနေ့အထိလည်း အရှုံးဆိုတာကို ပီပီပြင်ပြင်လက်ခံရဲတဲ့ သတ္တိမရှိသေးလို့ “ပြိုင်”ဆိုတဲ့အသံတောင် မကြားချင်ယောင်ဆောင်နေသူပါ။
ဆရာ့ကျေးဇူးကြောင့်သာ စာစီစာကုံးတွေရေးရတာကို ပျော်လာခဲ့တယ်။ စာစီစာကုံးကို ဘယ်လိုရေးရတယ်၊ ဘာကိုအဓိကထား ရေးရတယ်ဆိုတာကို သိနားလည်လာခဲ့သလို စာရေးနိုင်ဖို့ စာအရေးအသားတွေ လေ့လာရတာကိုလည်း သဘောကျလာခဲ့တယ်။ စာတွေဖတ်ရတာကိုလည်း မြတ်နိုးတတ်လာခဲ့တယ်။ အဲ့ဒီ ရတန်းကျောင်းသူဘဝတုန်းက ရေးခဲ့တဲ့ စာစီစာကုံးစာအုပ်လေးကို ဆရာတောင်းလို့ စာမေးပွဲကြီးပြီးကတည်းက ပေးလိုက်ရတာကြောင့် “လူ” အကြောင်းကို ဘယ်လိုရေးခဲ့၊ ဘာတွေရေးခဲ့လည်းဆိုတာကိုတော့ မမှတ်မိတော့ပါဘူး။ ဆရာကြောင့်သာ “ငါလုပ်နိုင်ပါတယ်”ဆိုတဲ့ ရုံကြည်မှုလေး ရှိလာခဲ့တာပါ။
ဆရာက ကိုယ့်ရဲ့ ထူးထူးခြားခြားနဲ့ ချစ်၊ကြောက်၊ရိုသေခဲ့ရတဲ့ ဆရာတစ်ဦးပါ။ အထက်ကျောင်းတွေမှာ ဆရာဆိုတာ အရမ်းရှားခဲ့သလို ဆရာ၊ဆရာမတွေထဲမှာလည်း ဆရာက အနွမ်းပါးဆုံးဆရာတစ်ယောက်ပါ။ ရတဲ့ကျောင်းဆရာလခနဲ့ ကန်စွန်းရွက်ကို ဆီမပါ ရေနဲ့ပြုတ် ဆားခတ်ပြီးစားခဲ့သူပါ။ ဟိုးအဝေးကြီးကနေ busစီးပြီး ကျောင်းလာ စာသင်ပေးခဲ့သူပါ။ ချို့တဲ့တဲ့ ဆရာ့ကိုမှ ရွေးပြီး ခါးပိုက်နှိုက်ခံရတာတောင် တပည့်တွေကို ရယ်ရယ်မောမောပြောပြပြီး ဘဝအကြောင်း ဥပမာပေး ရှင်းပြပေးခဲ့ဖူးသူပါ။ အမေဆုံးတာတောင် အပြုံးတစ်ချက်မပျက် စာသင်ပေးနိုင်ခဲ့တာလည်းဆရာပါပဲ။ အဲဒီတစ်ခါတုန်းက တစ်ခါဆိုတစ်ခါတည်းပါပဲ အမြဲပြုံးနေတတ်တဲ့ ဆရာ့ကိုမျက်ရည်စတွေနဲ့ တွေ့ခဲ့ဖူးတယ်။ တပည့်တွေကို ဆရာ့အကြောင်းရင်ဖွင့်ခဲ့ဖူးတယ်။ အားလုံး ငြိမ်သက်လို့ ဆရာ့အပေါ် ဂရုဏာသက်၊ နားလည်သွားခဲ့ကြတာ…။ ဆရာ ဆိုတာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့လူမျိုးပါလိမ့်နော်…။
အဲဒီအထက်တန်းကျောင်းအချိန်တုန်းက ကျောင်းသားကျောင်းသူအချင်းချင်း အော်တိုရေးခိုင်းကြ၊ ဆရာဆရာမတွေကိုလည်း အော်တိုရေးခိုင်းခဲ့ကြတာ ခေတ်တစ်ခေတ်ဖြစ်ခဲ့ပါသေးတယ်။ ကိုယ်ခင်တဲ့ သူငယ်ချင်းတွေကို နွေကျောင်းမပိတ်ခင် လက်ဆောင်တွေ အပြန်အလှန်ပေးကြ၊ ဆရာဆရာမတွေကို လက်ဆောင်(ဘောလ်ပန်၊ခဲတံ စသဖြင့်ပေါ့) လက်ဆောင်ပေးကြတာမျိုးတွေပေါ့။ ဆရာ့ကိုတော့ စာမေးပွဲ နောက်ဆုံးရက်မှာမှ ရှာတွေ့ခဲ့ပါတယ်။ ဆရာ့ကို ဘောလ်ပန်တွေလက်ဆောင်ပေးတော့ “ငါ့တပည့်…” အစချီပြီးဆုတွေပေးခဲ့တာ၊ ကိုယ်ပေးတဲ့ ဘောလ်ပန်တွေက သိပ်အဖိုးတန်တာ မဟုတ်ပေမယ့် ဆရာဝမ်းသာစွာနဲ့ ယူခဲ့တယ်။ အဲဒီနေ့… ဆရာ့ မျက်ဝန်းတွေထဲက ပီတိမျက်ရည်တွေကိုလည်း ကိုယ်မြင်ခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဆရာနဲ့ ကိုယ်တို့တွေ ဆရာတပည့် ပြန်တွေ့ဆုံမှုမျိုး မရှိခဲ့တာ ၁ဝတန်းပြီးသွားခဲ့သည့်တိုင်အောင်ပါပဲ။
ဪ… ဒီလောက်အဆင်မပြေမှုတွေကြားက အပြုံးမပျက် အဝေးကြီးကနေ ဘာအကျိုးအမြတ်မှ မရှိတဲ့ ဒီကျောင်းဆရာဘဝကို ဆရာဘာကြောင့်များ မက်မောတွယ်တာနေတာပါလိမ့်…လို့ တွေးမိတော့ ဆရာ့ကိုအင်မတန်မှ လေးစားဂုဏ်ယူ နားလည်မိပါတယ်။ ခုဆို ဆရာ ပင်စင်ယူခဲ့တာလည်း ကြာပြီမို့ ဆရာ ဘာတွေများလုပ်နေမှာပါလိမ့်။ ဆရာနေတဲ့ နေရာကိုလည်းမသိ၊ ပြန်တွေ့ကျဖို့ဆိုတာကလည်း….
(အမှားအယွင်းတစ်စုံတစ်ရာ အဆင်မပြေမှုအရာအထောင်နဲ့ အရေးအသားမပြေပြစ်မှုအသိန်းအသောင်းရှိခဲ့သော် ကိုယ့်ရဲ့သင်ယူမှတ်သား ဆည်းပူးလိုက်နာမူ ညံ့ဖျင်းခြင်းသာဖြစ်ပါကြောင်း)
posted by K2tmaung
One comment
unclegyi1974
August 25, 2010 at 3:30 pm
အဲဒါအဲဒီခေတ်တုန်းကဆရာပါ၊ကျွန်တော်တို့လဲအဲသလိုဆရာတွေမှီလိုက်လို့ကံကောင်းပါတယ်၊
အခုခေတ်ဆရာတွေနဲ့တော့….