၁ဝ ။ ထမင်းတစ်နပ်……………… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀)

၁ဝ ။ ထမင်းတစ်နပ်………………

” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀)

 

ကျနော်တို့နေ့စဉ် အလုပ်လုပ် လုပ်နိုင်ဘို့ အားရှိအောင် ထမင်းစားရတာပေါ့။

ထမင်းစားကြတဲ့အခါ လျှာ ပေါက်စနလေးကို နာမယ်ခံပြီး

ကျနော်တို့ရဲ့  စိတ်အရသာပြေအောင်

ဟိုဟာ ဒီဟာ ရွေးချယ်စားကြပြန်ပါတယ်။

ဝမ်းတစ်ထွာဆိုတာလေးကိုလည်းပြည့်အောင်ဖြည့်ရင်းပေါ့။

ကြာတော့လည်း ဒီဝမ်းတစ်ထွာလေးဖြည့်ဘို့ ကို က အလုပ်တစ်ခုလိုဖြစ်လာပါတယ်။

တစ်နေ့တစ်နေ့ ထမင်းတစ်နပ်စားဘို့ ရှာရဖွေရတာ ထားလိုက်အုံး

ဘာနဲ့စားမလဲဆိုတာကလည်း အလုပ်ကြီးတစ်ခုပါဘဲ။

 

ဟိုအရင်အကြိမ်တွေကျယ်ခေါင်ကို လာတုံးက ခဏလေးဆိုတော့စားရသောက်ရတာ

သိပ်ပြဿနာမရှိခဲ့။

ထမင်းတစ်နပ်အတွက် ဦးနှောက်မစားခဲ့ရပါဘူး။

ဒီတစ်ခါကြာကြာနေတော့ အိမ်မှာလဲချက်ပြုတ်မစားချင်တော့

ဆိုင်ကဘဲဝယ်စားမယ်ဆိုပြီးတွေးထားလိုက်ပါတယ်။

ပထမဆုံးရောက်တဲ့နေ့မှာအရင်ကစားနေကျ ကျောက်ဝိုင်းနားကဆိုင်ကိုသွားလိုက်တာပေါ့။

ခုံပေါ်မှာဟင်းကသုံးလေးခွက်လောက်ဘဲရှိပါတယ်။

ထမင်းစားချိန်လွန်သွားပြီဆိုတော့ဟင်းကသိပ်မကျန်တော့ပါဘူး။

ထုံးစံအတိုင်း ထမင်းစားမယ်လုပ်တော့ တစ်ပွဲဘယ်လောက်လဲအရင်မေးလိုက်ပါတယ်။

တစ်ခါပြင်စားမှာဆိုတော့ ဟင်းထည့်ြုပီးမှဈေးပြောမယ်ဆိုပါတယ်။

သူပြင်ပေးတဲ့ထမင်းထဲကို ကြက်ကုန်းဘောင်လိုကြော်ထားတဲ့ဟင်းနည်းနည်း

ထည့်လိုက်ပါတယ်။

မဒမ်ပေါက်ကတော့ ထမင်းဆီဆမ်းနဲ့ကြက်ဥကြော်။

ဘယ်လောက်လဲမေးတော့ ကြက်ဥနဲ့က ရှစ်ကျပ် ၊

အသားနဲ့က ဆယ်နှစ်ကျပ်လို့ပြောပါတယ်။

အဲတုံးက တစ်ယွမ်ကိုမြန်မာငွေ ၁၇၅ကျပ်ဈေးရှိပါတယ်။

“ဟင်းနည်းနည်းလေးထည့်ထားတာကြည့်ကျက်ယူ”လို့ပြောမှ

ကြက်ဥနဲ့ခွန်ှနှစ်ကျပ် အသားနဲ့တစ်ဆယ်ဖြစ်သွားပါတယ်။

အရင်လာတုံးကစားနေကျဆိုင်လေးဖြစ်လို့သာလာစားလိုက်တယ်

စိတ်ထဲမှာ ကိုယ့်ကို ရိုက်တယ်လို့ထင်မိတော့စားရတာမျိုမကျသလိုပါဘဲ။

ဒါနဲ့ညနေရောက်တော့ ပေါလော့အိမ်ယာစခန်းနားလေးက ရှမ်းထမင်းဆိုင်လေး

ကို သွားစားလိုက်ပါတယ်။

ထမင်းဆိုင်က အမျိုးသမီးက မြန်မာလိုတစ်လုံးစနှစ်လုံးစတတ်ပါတယ်။

ဟင်းတွေကတော့ စုံပါတယ်။

ကြက် -ဝက် အသားကြော်၊အသားချက်၊

ဟင်းသီးဟင်းရွက်၊ပဲသီး သူ့ဇလုံနဲ့သူထည့်ထားပါတယ်။

ထမင်းကတော့ ကြွေပုဂံပြားနဲ့အမောက်ကြီးထည့်ပေးတော့ပြန်လျှော့ခိုင်းရပါတယ်။

ဟင်းကတော့ အသား နှစ်မျိုးလောက်နဲ့အသီးအရွက်ဟင်းသုံးမျိုးလောက်ထည့်လိုက်ပါတယ်။

ဟင်းထည့်ပြီးဈေးမေးလိုက်တော့ ရှစ်ကျပ်လို့ပြောပါတယ်။

သူတို့ကစွမ်တန်ဟင်းရည်လာချပေးပါတယ်။

မနက်က ကောင်းကောင်းမစားခဲ့ရတော့ အတော်လေးစားလို့ကောင်းပါတယ်။

ဒီဆိုင်မှာလာစားလိုက်တော့ မှ မနက်ကမြန်မာဆိုင်က အချင်းချင်းရိုက်လွှတ်လိုက်တာသေချာသွားပါတယ်။

သူ့ဆိုင်ကိုနေု့တိုင်းလိုလိုသွားစားဖြစ်တော့ သူကလည်းဈေးလျော့ပေးပါတယ်။

ကျနော်ဟင်းများများထည့်ရင် 7ယွမ်8ယွမ်

ထမင်းနည်းနည်းဟင်းနည်းဆည်းဆိုရင် 5ယွမ်6ယွမ်။

ဒီတော့လည်း သူ့ဆိုင်မှာ မနက်ရောညရောစားဖြစ်သွားသပေါ့။

တစ်လလောက်မနက်ပြန်ညပြန်စားရပြန်တော့ လည်း ဒီဆိုင်မှာစားရတာငြီးငွေ့လာပါတယ်။

ဒီထမင်းဒီဟင်းတွေကို  မစားချင်တော့ပါဘူး။

ဟင်းချက်ထားပုံကမဆိုးပေမယ့် ကိုယ်စားနေကျ မြန်မာထမင်းဟင်းပုံစံ

မဟုတ်လို့လဲ နေ့စဉ်မစားချင်တာပါ။

နောက်သူတို့ဘက်က ဆန် က နည်းနည်းစေးတဲ့အပြင်မာလဲမာတော့ စားရတာအဆင်မပြေပါဘူး။

တစ်ခါတစ်လေတော့လဲမြန်မာလိုချက်တဲ့ထမင်းဟင်း

ချဉ်ရည်ဟင်း၊ငါးပိရည်နဲ့အတို့အမြုပ်လေးစားချင်လာမိပါတယ်။

ဒါနဲ့အားတဲ့အချိန်လေးမှာဆိုင်ကယ်နဲ့ပါတ်ပြီးထမင်းဆိုင်လေးတွေလိုက်ကြည့်တော့မှ

ကျယ်ခေါင်မြို့ကျဉ်းကျဥ်းလေးမှာထမင်းဆိုင်လေးတွေအများကြီးရှိတာကိုသိရပါတော့တယ်။

ကျယ်ခေါင်မြို့ကိုဂိုဒေါင်တွေပါတ်လည်ဝိုင်းထားပါတယ်။

လူနေအိမ်ထက် ဂိုဒေါင်က ပိုများပါတယ်။

ဒီတော့လဲ ကုန်တင်ကုန်ချလုပ်သူတွေများသလို စားစရာထမင်းဆိုင်တွေလဲပေါပါတယ်။

အဲဒီဆိုင်လေးတွေမှာက ကြက်သား ဝက်သား၊ ငါးဟင်း ၊ငါးခြောက်ချက်၊ဘဲဥချက်၊

ငါးသေတ္တာကြိုက်ရာဟင်းတစ်ခွက်နဲ့တစ်ခါပြင် မြန်မာငွေထောင့်နှစ်ရာ

ထမင်းလိုက်ပွဲတစ်ပွဲတစ်ပွဲကျပ်နှစ်ရာ။

ဘေးလိုက်ဟင်းက အသီးအရွက်ကြော်၊ချဉ်ရေဟင်း၊အသုတ်၊

အတို့အမြုတ်သုံးလေးမျိုးပါသေးတော့ လူတစ်ယောက်ဝ ဝလင်လင် စားနိုင်ပါတယ်။

ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်က ဈေးတူဘဲရောင်းကြပါတယ်။

ဒါနဲ့ဘဲမြန်မာဆိုင်လေးတွေကိုဟိုဆိုင်စားဒီဆိုင်စားနဲ့လှည့်စားဖြစ်နေပါတယ်။

ကျနော်တို့အလုပ်က ကောင်မလေးတစ်ယောက်ကတော့

အပြင်မှာသူ့ညီမတစ်ယောက်နဲ့အတူနေကြပါတယ်။

သူကထမင်းစားချိန်ဆိုရင် ဟင်းထုပ်ကလေးတွေဆွဲ ဆွဲလာပါတယ်။

ဘယ်ကဝယ်လာတာလဲလို့မေးကြည့်တော့သူကရွှေလီဘက်အောက်ဈေးကနေ

ဝယ်လာတာလို့ပြောပါတယ်။

အဲဒီဈေးဘက်မှာက နေ့လည်ပိုင်းဆိုရင် ရှမ်းသည်လေးတွေကဟင်းရောင်းပါတယ်။

ထမင်းတစ်ယွမ်(မြန်မာငွေ ၂၀ဝဘိုး)ဆိုရင်အများကြီးရပါသတဲ့။

ဟင်းတွေကတော့ အသားဟင်းဆိုရင် သုံးယွမ်ဘိုးဆိုရင်နှစ်ယောက်စားလောက်ပါသတဲ့။

အသီးအရွက်ဟင်းတွေက တစ်ကျပ်ဘိုးဆို အများကြီးရတယ်ပြောပါတယ်။

အဲဒီဆိုင်လေးတွေက ရှမ်းလူမျိုးတွေချက်ရောင်းတဲ့ဆိုင်လေးတွေ။

ဟင်းမျုးိစုံရတယ်လို့လဲပြောပါတယ်။

သူကတော့အဲလိုဘဲနေ့တိုင်းဝယ်စားတယ်လို့ဆိုပြန်ပါတယ်။

၅ယွမ်ဆိုရင် တစ်နပ်စာဖူလုံတယ်လို့ပြောပါတယ်။

သူ့လိုဝယ်စားကြည့်တော့လဲစားရတာ အဆင်ပြေပါတယ်။

ဒါပေမယ့်လည်းလူ့စိတ်သဘောအရ အပြောင်းအလဲကို အမြဲလိုအပ်နေတော့

အဲလိုလဲကြာကြာဝယ်မစားဖြစ်ပါဘူး။

ဒီတော့ ဟိုဆိုင်စားလိုက် ဒီဆိုင်စားလိုက်နဲ့ဘဲ သံသရာလည်ပါတော့တယ်။

ကျယ်ခေါင်ထဲမှာတရုပ်ထမင်းဆိုင်တွေလဲအများကြီးပါ။

သူ့ဒေသနာမယ်နဲ့ဆိုင်လေးတွေဖွင့်ထားတာ

ကျနော်တို့မြန်မာပြည်ကအတိုင်းပါဘဲ။

“ဟူစကို မြီးရှည်”တို့ဘာတို့နာမယ်လေးတွေတတ်ထားတာပါ။

ဒီလိုဆိုင်တွေက ကျနော်တို့အတွက်ဈေးကြီးပါတယ်။

ဟင်းတစ်ပွဲကို ယွမ်၂ဝ ယွမ်၂၅ယွမ်ဆိုတော့ နေ့စဉ်စားမယ်ဆိုအဆင်မပြေပါဘူး။

ဒီတော့လဲ ဈေးသက်သာတာလေးကို ရွေးစားဖြစ်တာပေါ့။

နေ့စဉ် ကိုးဗျ။

 

တစ်ရက်တော့ ဒန်ပေါက်စားချင်စိတ်ပေါ်လာတာနဲ့ ကျယ်ခေါင်ထဲမှာဆိုက်တွဲနဲ့

လှည့်ရောင်းနေတဲ့သူဆီကဝယ်စားပါတယ်။

တစ်ပွဲမြန်မာငွေတစ်ထောင်။

ဒန်ပေါက်အရသာကမဆိုးပေမယ့် ကြက်သားကကြော်ထားတဲ့အသားဖြစ်နေတော့စားရတာ

အာသာမပြေ။

ကျယ်ခေါင်မှာအနေကြာတဲ့မိတ်ဆွေကိုမေးကြည့်တော့ရွှေလီကျောက်ဝိုင်းနားကိုသွား

အဲဒီမှာရှိတယ်ပြောတာနဲ့ ဆိုင်လိုက်ရှာတော့ တွေ့ပါတယ်။

ဒါပေမယ့် သောကြာနေ့တစ်ရက်ဘဲရောင်းပါတဲ့။

ဒီတော့လဲသောကြာနေ့မှာဒန်ပေါက်သွားစားသပေါ့။

ကြက်သားအစိမ်းဒန်ပေါက် တစ်ပွဲ (၂၅ယွမ်) လိုက်ပွဲတစ်ပွဲ(၁ဝယွမ်)ဆိုတော့

ဈေးနည်းနည်းများတယ်ဆိုပေမယ့် စားချင်စိတ်ရှိတော့လဲဝယ်စားတာပါဘဲ။

အဲ့ဒီဆိုင်လေးက ထမင်းဟင်းချက်တာလဲကောင်းပါတယ်။

ထမင်းအဝစား ၁၆ယွမ်။

ပါဆယ်ဆွဲရင် ၁၈ယွမ်။

ဆန်ကလဲမြန်မာဆန် ဆိုတော့စားရတာအဆင်ပြေပါတယ်။

တစ်ခါတစ်လေတော့လဲ အဲဆိုင်လေးကိုသွားစားဖြစ်ပါတယ်။

 

ဝမ်းတစ်ထွာအတွက် လျှာရင်းမျက်အောင် စဉ်းစားရတာလဲ

မလွယ်ဘူးဘဲနော်။

 

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လမ်းသလားနေသည်

1-11-2015

 

 

 

 

 

 

 

 

2 comments

  • မြစပဲရိုး

    November 2, 2015 at 3:37 pm

    ကပေါက်ကြီး ရေး တဲ့ “နေ့စဉ် ကိုးဗျ။” ဆိုတာ လေး ကို သဘောကျမိတယ်။
    အဲဒီ နေ့စဉ် မှာ ပြီးရင်ပြီး သွား မဲ့ အစား တွေ အတွက် ကျွန်မတို့ လောဘတွေ တက်၊ မာန တွေ တက် နဲ့ မအေးချမ်းကြတာ။
    တစ်ချို့ နေတော့ အစုတ်၊ စားတော့ အကောင်း မှ။
    တစ်ချို့ နေတော့ အကောင်း၊ စားတော့ အစုတ် ကျန်းမာရေး နဲ့တောင် မညီ။
    ဒါကြောင့် ဗုဒ္ဓရဲ့ အလယ်အလတ် မှာ နေနိုင်ဖို့ ကြိုးစားခိုင်းတဲ့ စကားက အလွယ်လိုပေမဲ့ balance ယူနိုင် ဖို့ ခက်သား။

  • အခုခေတ်မှာ သူများအကြွေးမတင်အောင် ကိုယ့် ဘာသာ ကိုယ် ချိန်ဆ နေနိုင်ဘို့ လိုအပ်ပါကြောင်း

Leave a Reply