ခရီးသွား .. ခရီးနား .. ( ကဗျာဆရာနေဝန်းနီသို့ နှုတ်ဆက်ခြင်း)
~~ ခရီးသွား …… ခရီးနား .. ~~
နွေနေပူပြင်း ၊
နေ့လည်ခင်းတွင် ၊
အပြင်းလျောက်လှမ်း ၊
ခရီးကြမ်းနှင် ၊
အသင်လူသားခရီးသွား
ဘယ်သို့ သွားမည်နည်း … ။
နေကား ပူပူ
သွေးလည်းဆူ၏
ကိလေသာအပူ
ကိုယ်တွင်းမူကား
အပူခြင်းပြိုင်
ဘယ်သူနိုင်ပါ့
ပြင်ပအပူ
ငါ .. သူတပါး
ယောက်ကျား မိန်းမ
ခံစားကြလည်း
အတ္တစွဲဖက်
ထုံးနှောင်လျှက်တည့်
ငါ၏ကိုယ်မှာ
ဘယ်ခါမမြဲ
ရှောင်လွှဲမရ
အနိစ္စ …
ငါကား ဘယ်ကိုသွားပါအံ့ … ။
ခရီးကြမ်းဝယ်
ထီးထမ်းလမ်းလျောက်
လွယ်အိပ်ပေါက်လွယ်
အိုဘယ် .. လူသားခရီးသွား
သင်ကားဘယ်တော့နားမည်နည်း .. ။
နားခိုစရာ
ပျော်စရာတို့
မည်သို့ကြုံစေ
နေခွင့်မရ
ဘဝထိုထို
မမြဲလိုတည့်
ငါ၏ခန္ဓာ
ဖောက်ပြန်လာသော်
ပျော်ရာမနေ
တော်ရာနေရ
ဘဝများစွာ
ကြုံရပါမူ
ငါကား .. ဘယ်လိုနားပါအံ့ … ။
တချို့လူကား
ခရီးသွား၏
တချို့လူကား
ခရီးနား၏
သင်ကား .. ဘယ်သို့ရွေးမည်နည်း .. ။
ရှေးကအလို
ဤသို့ဆို၏
မစဲခန္ဓာ
ဖြစ်မြဲစွာမို့
သွားလိုပါလည်း
ရောက်ရာဘဝ
ရွေးမရတည့်
ရုပ် နမ် ဓမ္မ
သခါင်္ရမို့
အနတ္တမြင်
အတ္တစင်သား
ငါကား နားချင်ပါလေအံ့ … ။ ။
20 comments
Thint Aye Yeik
April 18, 2016 at 10:39 pm
😥
😥
htet way
April 18, 2016 at 10:47 pm
သူရေးတဲ့ အက်ဆေး
“လွမ်းပြီးကျန်ရစ်တာကိုကျတော့ ဘယ်သူလာပြီး အားနာပေးမှာလဲ”..တဲ့။
ဟုတ်ပါတယ်ဆရာ.. ကျနော်တို့လွမ်းပြီးကျန်ရစ်ခဲ့ပါပြီ။
နုတ်မဆက်ဘဲ သူကရုတ်တရက်ထွက်သွားပြီ။
Ma Ma
April 18, 2016 at 11:00 pm
စိတ်မကောင်းလိုက်တာ။
သင်္ကြန်မကျခင်က သူ့ဆေးစစ်စာတွေပြပြီး ရွာထဲမှာ မေးနေတာတွေ့ပေမယ့် ကိုယ်လည်း နားမလည်တော့ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။
အဘနီဆိုတာ ကျမတို့ထက် အများကြီးစောပြီး ရွာကိုရောက်နေတဲ့ ရွာ့ဘိုးအေကြီးတစ်ပါးပေ့ါ။ 🙂
hmee
April 18, 2016 at 11:32 pm
BHS ဆိုတာကိုအမဒုံ ဘာသာပြန်မပြဘူး။ အမ ဒုံတော့ သိလောက်မယ်ထင်တယ်။ ကိုယ်ကတော့ ဘာမှန်းမသိဘူး။ မေးတဲ့ အချိန်နဲ့ ထွက်သွားတဲ့ အချိန် တလလောက်ပဲကွာတာမို့ မြန်လွန်း နေသလို ထင်မိတာ
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
April 18, 2016 at 11:24 pm
ဘယ်သူမှ ရှောင်လွှဲလိုု့ မရတဲ့လမ်းပါ ဦးနီရေ
အရင်သွားတာနဲ့ နောက်မှသွားတာပဲ ကွာတာပါ
သဘောတရားတွေ
သိနေပေမဲ့လည်း
ရင်ထဲ မကောင်းတာ ဖျောက်မရပါဘူး
ကောင်းရာဘဝ လားပါစေလို့
မြစပဲရိုး
April 19, 2016 at 3:56 am
အဘနီရေ
နံရံ ရဲ့ တစ်ခြားတစ်ဖက် မှာ လဲ ကဗျာတွေစီ စာတွေသီပြီး ပျော်ရွှင်နိုင်ပါစေ။
ခင်မင်လေးစားစွာဖြင့်
kai
April 19, 2016 at 4:59 am
မယုံနိုင်ဘူးဖြစ်နေတယ်….
အသက် ၄၈နှစ်တဲ့..။
သူရွာထဲ ၆နှစ်ကြာရှိခဲ့တာ..။
koyinmaung
April 19, 2016 at 7:30 am
ရွာထဲမှာနေ
ကဗျာတွေနဲ့သူပျော်ပါး
သူလိုလူရွာမှာရှားတယ်
ခုတော့
နှုတ်မဆက်ဘဲထွက်ခွာသွားတော့
လွမ်းရစ်ပေါ့တို့ရွာသားအများ …
…..ကိုနေဝင်းနီတယောက် ကောင်းရာဘုံဘဝရောက်ပါစေ ဗျာ…..
ကထူးဆန်း
April 19, 2016 at 9:14 am
R.I.P
nozomi
April 19, 2016 at 9:40 am
လူတိုင်းလျှောက်ရမဲ့လမ်းကို ကြိုသွားနှင့်ပြီပေါ့
စိတ်မကောင်းဖြစ်မိပေမဲ့ ပြန်မရှင်နိုင်တော့တာမို့ ဇတ်သမားတွေပြောသလို
စောစောသေ စောစောအိပ်ရတာပေါ့ လို့ ဖြေတွေး တွေးလိုက်ပါတယ်
R I P
ဝင့်ပြုံးမြင့်
April 19, 2016 at 10:43 am
အသက် ၄၈ ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ မဆုံးခင် ရက်ပိုင်းလေးမှာ ကျမနဲ့ ဘနီ ဖဘပေါ်မှာ စကြနောက်ကြ သေးတယ်။ သူက ၄၆ လို့ပြောတာ။ မြန်မာအယူက ၄၅ ကျော်ရင် ၄၆ လို့ပြောကြတယ်။ တရုတ်အယူကတော့ လူတစ်ယောက် ဆုံးသွားရင် ၃ နှစ်ထပ်ပေါင်းပေးလိုက်တယ်။ ဒါကြောင့် ၄၅ ကို ၃နဲ့ပေါင်းပြီး ၄၈ လို့ ရေးတာလား မသိဘူး။
—
ငယ်ငယ်လေးနဲ့ ဆုံးသွားတာ ယုံတောင်မယုံနိုင်ဘူး။ သူတော်ကောင်းတွေ အကြွေစောတယ်။ ဘနီ ဆုံးသွားတာ သိရတော့ တစ်ညလုံး လူက စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး။ ဘာမှလည်း မလုပ်နိုင်ဘူး။ မဆုံးခင်လေးတင် ဘနီနဲ့ ပြောခဲ့ကြတဲ့စကားက သေမှာကြောက်လားဆိုတဲ့ ကိစ္စအပေါ် သူ့အမြင် ကိုယ့်အမြင် ပြောကြတာပါ။ ဘနီပြောခဲ့တဲ့စကားကတော့ သေတယ်ဆိုတာ လေယာဉ်ပျံ ပြောင်းစီးတာတဲ့။
လုံမလေးမွန်မွန်
April 19, 2016 at 12:00 pm
Virtual World တစ်ခုထဲမှာ လူတစ်ယောက်ပေါ်လာပြီး ပျောက်သွားတယ်…
အိပ်မက်လိုပဲ…
Real World ကပါ ကွယ်ပျောက်သွားတယ်ဆိုတာ လက်ခံဖို့ ခက်နေတယ်..
စိတ်ထဲမှာ ရှိနေတယ် ထင်နေတုန်းပဲ.. 😥
•*¨နန်းတော်ရာသူ •*¨
April 19, 2016 at 12:01 pm
မသွားသင့်သေးတဲ့အရွယ်ဆိုပေမယ့် အဲ့အောက်တဝက်လောက်တွေသွားနေတာ ကြုံခဲ့ရဖူးလို့ သံဝေဂဉာဏ်နဲ့သာ ဆင်ခြင်မိပါတယ်။
မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။
ဘနီတစ်ယောက် သံသရာမှာ ကောင်းမွန်စွာလည်ပတ်နိုင်ပါစေ။
🙁
Wow
April 19, 2016 at 9:31 pm
သူရောဂါအကြောင်းပြောနေတုံးကဘယ်သူမှစိတ်ပူရမှန်းမတွေးမိဘူး ခုတော့ 😥
အရင်ကကျော်စွာဦးကြီးမိုက်
April 20, 2016 at 12:09 pm
လူချင်းမဆုံဖူးပေမဲ့
ညီရင်းအကိုတစ်ယောက်
ဆုံးရှုံးသွားသလိုတကယ့်ကို
ထိခိုက်ခံစားရပါတယ်
စာပေမြတ်နိုးသူတစ်ယောက်မို့လည်း
နှမြောမိတယ်
သူဟာ မန်းဂဇက်ရွာထဲ
အြမြဲရှိနမှောပါ
manawphyulay
April 22, 2016 at 10:59 am
အရင်သွားတဲ့သူနဲ့ နောက်သွားမယ့်သူပဲကွာပေမယ့်
မနောတို့တွေလည်း ဘယ်လိုပုံစံ ဘယ်လိုနေရာ ဘယ်လိုသွားကြရမယ်ဆိုတာ မသိပါဘူး။
စာပေရောင်းရင်းတစ်ဦး ဆုံးရှုံးးသွားတဲ့အတွက် အလွန်တရာမှ နှမြောဝမ်းနည်းမိပါတယ်။
ကဗျာတွေလည်း မဖတ်ရတော့ဘူးပေါ့နော်..
ဦးနီတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ ကဗျာပန်းခင်း စာပေပန်းခင်းများ ဆက်လက်တည်ဆောက်နိုင်ပါစေနော်…
ကိုပေါက်(မန္တလေး)
April 22, 2016 at 8:39 pm
ကျနော်နဲ့ချိန်းတိုင်းလွဲတာသူပေါ့။
ကျနော်တပ်ကုန်းကို အလုပ်နဲ့သွားတယ်။
သူနဲ့တွေ့မယ်ပြောပြီးကျနော်က သူ့ဆီမရောက်။
သူမန်းလေးလာတယ်
အကြာကြီးနေသွားတယ်
ကျနော်က မန်းလေးမပြန်ဖြစ်။
အခုတော့အသက်ရှင်လျက်မတွေ့နိုင်တော့
သူနဲ့ဖဘ မှာမဆုံတာကြာပေါ့
သွားနှင့်ပေတော့
တစ်ချ်န်ချ်န်မှာ
ကျနော် နောက်က
လိုက်ခဲ့မယ်
အ
uncle gyi
April 27, 2016 at 10:29 am
ကောင်းသောဘဝကူးခြင်းဖြစ်ပါစေဗ ျာ
အောင် မိုးသူ
April 27, 2016 at 2:45 pm
ကျတော့်ကို သူပြောတာမှတ်မိသေးတယ်။ တစ်သိန်းရအောင်လုပ်နော်တဲ့။ ကောင်းရာမွန်ရာရောက်မှာပါ ဦးနီ။
Yae Myae Tha Ninn
May 5, 2016 at 4:47 pm
ကျွန်တော်နဲ့ သိပ်မခင်ပါဘူး… ဒါပေမဲ့ တွေ့ရသလောက် အူးကြောင်ပြီးရင် ပျော်ပျော်နေတတ်တဲ့ ရွာအိုးဆားဗစ်တယောက်ပါ… တခါတရံလဲ လာလာမန့်တတ်ပါတယ်… ဆုံးသွားတယ်ဆိုတော့ စိတ်ထဲတော့ တမျိုးပေါ့… ဒီရွာထဲမှာ အဲလို မဖြစ်လောက်ကြသေးတဲ့ အသက်အရွယ်တွေပဲလို့ စိတ်ထဲက ထင်မိထားသလိုမျိုးမှာ… ဒါမျိုးတွေ့ရတော့လဲ ဝမ်းနည်းသလိုလို ပူဆွေးသလိုလိုပဲဗျာ… ကောင်းရာမွန်ရာ ရောက်ပါစေဗျာ… မိသားစုနဲ့ ထပ်တူပါလို့…