” နန်းကျူတို့တိုင်းပြည် “

“နန်းကျူ တို့ တိုင်းပြည် ” တပေါင်းလပြည့်အလုပ်ပိတ်ရက်က ကျယ်ခေါင်ရွှေလီက နေမူဆယ်ဘက်ကိုထွက်တဲ့သူတွေများပါတယ်။ အခါကြီးရက်ကြီးဖြစ်တော့ တရုပ်ပြည်ဘက်က လုပ်ငန်းရှင်တွေကလဲ အလုပ်ပိတ်ပေးပုံရပါတယ်။ ဒီတော့ မနက်အစောကြီးကတည်းက ရွှေလီတံတားပေါ်မှာ လမ်းလျှောက်သွားသူရော ဆိုင်ကယ်နဲ့ရော ထော်လာဂျီနဲ့ရော ကျွန်တော်တို့ရွှေမြန်မာတွေအပြည့်ပါဘဲ။ အပြည့်ဆို ရွှေလီ ကျယ်ခေါင်ထဲက အဝတ်အထည်ဆိုင် ထမင်းဆိုင် စားသောက်ဆိုင် အိမ်တွင်းမူ့အသေးစား စက်ရုံလေးတွေမှာ အလုပ်လုပ်နေတဲ့ရွှေမြန်မာတွေအများကြီးကိုး။ ရွှေလီကနေ မူဆယ်ဘက်ကို ထွက်တဲ့လူ ဘယ်လောက်များလဲဆိုရင် ညနေဘက်မှာရွှေလီထဲကို ပြန်ဝင်ဘို့ တရုတ်ပြည်အဝင်ပေါက်မှာ လူတန်းရှည်ကြီး သုံးတန်းတောင်မှဖြစ်နေပါတယ်။ တရုပ်ပြည်ဘက်က လူဝင်မူ့ကြီးကြပ်ရေးဝန်ထမ်းတွေက တော့ အဝင်ကို စံနစ်ကျအောင် တန်းစီပြီး ဝင်ခိုင်းနေပါတယ်။ အားလုံးတန်းစီနေကြတဲ့အချိန်မှာ ကောင်လေးသုံးလေးယောက်က နောက်မှရောက်လာပြီး ရှေ့နားမှာရှိတဲ့ သူငယ်ချင်းကို စကားရောဖောရောလုပ်ပြီး ခပ်တည်တည်နဲ့ ဝင်လိုက်ပါတယ်။ သူတို့နောက်ရောက်နေတဲ့လူတွေက စောင့်ရတာ နာရီဝက်ကျော်ကျော်လောက်ရှိနေတော့ ဒီလို ကြားဖြတ်ဝင်တာကို မကျေနပ်ပေမယ့် ပြောလိုက်လို့ စကားများရင် အားလုံး ဒုက္ခရောက်မှာကိုသိနေတော့ ဘာမှမပြောဘဲ ကြည့်နေကြပါတယ်။ ဒီလိုနဲ့တိုးရင်းတိုးရင်း ရှေ့ကို တရွေ့ရွေ့ပေါ့။ အစောက အချောင်ကြားဖြတ်ဝင်တဲ့ကောင်လေးတွေ တံဆိပ်ထုတဲ့ကောင်တာရှေ့လဲရောက်ရော တာဝန်ကျ ဝန်ထမ်းက သူတို့ ကို တံဆိပ်တုံးထုမပေးပါဘူး။ နောက်ဆုံးကနေ ပြန်တန်းစီဘို့ ပြန်လွှတ်တဲ့အခါ ကောင်လေးတွေကလည်း ပြန်တော့ပြောနေပါတယ်။ ကျနော်တို့ နဲ့သူတို့နည်းနည်းလှမ်းတော့ ဘာပြောနေတယ်ဆိုတာတော့ မကြားနိုင်ပါဘူး။ တာဝန်ကျ ဝန်ထမ်းကတော့ သူတို့ကို ပါးစပ်ကလဲပြောရင်းခြေဟန်လက်ဟန်နဲ့နောက်ဆုံးကနေပြန်တန်းစီခိုင်းနေပါတယ်။ နောက်ဆုံးတော့ ကြားဖြတ်ဝင်တဲ့ကောင်လေးရောသူ့ သူငယ်ချင်းတွေပါ နောက်ဆုံးကနေပြန်တန်းစီဘို့ ထွက်လိုက်ရပါတော့တယ်။ သူတို့အဲ့လိုပြန် ထွက်လာတဲ့အခါ တန်းစီနေသူအားလုံးရဲ့ မျက်နှာတွေအပေါ်ကို ကျေနပ်မူ့ အရိပ်တစ်ခုဖြတ်စီးသွားသလိုပါဘဲ။ ဟိုးပြီးခဲ့တဲ့ရက်တွေက လေယာဉ်နဲ့ ခရီးထွက်ဘို့ ဖြစ်လာပါတယ်။ ကွင်းချိန်းခေါ်ထားတာ နေ့လည်တစ်နာရီ။ လေယာဉ်ထွက်ချိန်က ညနေသုံးနာရီ။ ဖြစ်ချင်တော့ အဲ့ဒီနေ့က လေယာဉ်ထွက်ချိန်က လေးနာရီကိုပြောင်းသွားတယ်။ မြူဆိုင်းနေလို့ လေယာဉ် အတက်နောက်ကျတယ်ပြောပါတယ်။ အဲတော့ နားနေခန်းထဲမှာ ခရီးသည်တွေအများကြီးဖြစ်လာတာပေါ့။ ကျနော်တို့ သွားမယ့် ကလေးခရီးစဉ်ကတော့ နိုင်ငံခြားသားတွေလဲပါ ပါတယ်။ ကျနော်တို့ လေယာဉ်ထွက်မယ့်အလှည့်ရောက်လို့ ကြေငြာလိုက်တဲ့အခါ စောင့်နေသူတွေအားလုံးက အလုအယက်အပြေးအလွှား အပေါက်ဝကိုပြေးသွားကြပါတော့တယ်။ လှမ်းခေါ်နေတဲ့ဝင်ပေါက်နဲ့နီးတဲ့နိုင်ငံခြားသားတွေက ရှေ့ ကိုရောက်ပေမယ့် ဝိုင်းအုံတိုးလာတဲ့ လူတွေကြောင့် ဘေးရောက်သွားပါတယ်။ လက်မှတ်သိမ်းတဲ့ မိန်းကလေးဝန်ထမ်းလက်ထဲကို အလုအယက် လက်မှတ်တွေ ထိုးပေးကြတော့ ရှုပ်ယှက်တွေခပ်နေတာပါဘဲ။ ဘေးရောက်သွားတဲ့ နိုင်ငံခြားသားစုံတွဲကတော့ သူ့တို့်ခုံမှာသူတို့ ပြန်ထိုင်နေကြပါတယ်။ အချိန်တန်ရင် လေယာဉ်ပေါ်ကိုရောက်သွားမှာဆိုတာကို သိနေသလိုပါဘဲ။ ကျနော်တို့ရွှေမြန်မာတွေက တော့ ကျန်နေခဲ့မှာစိုးလို့ ဝိုင်းအုံ တိုးနေကြပါတယ်။ အဲဒီခရီးစဉ်က အပြန် ရန်ကုန်ကိုကျနော်ဆက်သွားဖြစ်ပါတယ်။ ကျနော်အလုပ်နဲ့သွားလာလို့လွယ်ကူတဲ့ယုဇန ဟိုတယ်မှတည်းပါတယ်။ ကျနော်တစ်ရက်အလုပ်ကိစ္စပြီးလို ့ ဟိုတယ်ကို ပြန်ရောက်တဲ့အချိန် ဟိုတယ် ဧည့်ခန်းမှာ လူတွေအများကြီး။ ဧည့်ကြိုကောင်တာမှာလည်း လူတွေအပြည့် ဝိုင်းအုံနေပါတယ်။ ကောင်တာက ဝန်ထမ်းသုံးယောက်မှာလည်း လက်မလည်နိုင်အောင်ပါဘဲ။ ဝိုင်းအုံပြီး ထိုးပေးနေကြတဲ့ မှတ်ပုံတင်တွေကိုယူလိုက် အချက်အလက်တွေရေးမှတ်လိုက် အခန်းသော့တွေပေးလိုက်။ ကျနော်အရင်ရောက်တာ ကျမအရင်ရောက်တာ ကြာပြီ လုပ်ပေးပါအုံးဆိုတဲ့ အသံတွေကလည်း ပွက်ပွက်ညံရဲ့။ ဧည့်ကြိုကောင်တာက ကလေးမလေးတွေလဲ အတော်ကိုစိတ်ညစ်နေပုံပေါက်ပါတယ်။ ကျနော်တို့ လိုအပြင်က ပြန်လာ တဲ့သူ တွေကလဲ ကိုယ့်အခန်းကိုယ်သွားချင်ပေမယ့် ဒီလူအုပ်ကြီးကိုမကျော်နိုင်လို့ မတ်တပ်ရပ်ပြီးစောင့်နေရပါတယ်။ ဘယ်ကလူတွေလဲလို့ မေးကြည့်လိုက်တော့ သင်တန်းလာတက်ရင်း ဒီဟိုတယ်မှာတည်းကြမယ့် ကုမ္မဏီက ဝန်ထမ်းတွေဆိုတာသိလိုက်ရပါတယ်။ ကျနော့် ခေါင်းထဲရောက်လာတဲ့ အတွေးကတော့ “ကျနော်တို့ တန်းမစီတတ်ကြတော့ဘူးလား”ဆိုတာပါဘဲ။ ဟိုအရင် ကျနော်တို့ ငယ်ငယ်က ပပက ဆိုတဲ့ပြည့်သူ့ဆိုင်ခေတ် သမဝါယမခေတ် ဆိုရှယ်လစ်ခေတ်တလျောက်လုံးမှာဘာဖြစ်ဖြစ်တန်းစီရပါတယ်။ ဆန်ပေးလဲ တန်းစီ သကြားပေးလဲ တန်းစီ ရေနံဆီပေးလဲ တန်းစီ ရုပ်ရှင်လက်မှတ်ဝယ်ရင်လဲတန်းစီ မီးရထားလက်မှတ်ဝယ်ရင်လဲ တန်းစီ ဘာဖြစ်ဖြစ်တန်းစီပါဘဲ။ အများစုက တန်းစီနေချိန်မှာ တန်းစီစရာမလိုတဲ့ အထူးလူလို့ဆိုနိုင်တဲ့ လူတန်းစားတစ်ရပ်နဲ့အတူ တန်းမစီနိုင်အချိန်မပေးနိုင်သူများအတွက် အခကြေးငွေယူပြီး ကိုယ်စား တန်းစီပေးတဲ့ လူတန်းစားတစ်ရပ်ပေါ်ပေါက်လာခဲ့ပါတယ်။ အခွင့်ထူးခံလူတန်းစားဖြစ်တဲ့ (VIP) ကတော့ အများအားကျစရာအဖြစ်ရပ်တည်ခဲ့ပြီး “တန်းစီတိုးစား”တဲ့လူတန်းစားကတော့ မှောင်ခို အမည်တတ်ပြီးအများမေးငေါ့စရာလူတန်းစားဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မီးရထားလက်မှတ် ရုပ်ရှင်လက်မှတ်တန်းစီတဲ့အခါမှာ ကြားဖြတ်ဝင်ကြတဲ့ အလေ့အထက ပိုပြီးခေတ်စားလာပါတယ်။ အများတန်းစီနေတဲ့ကြားတဲ့မှာ ကိုယ့် အသိရှိမလား လိုက်ရှာ စကားရောဖောရောလုပ်ပြီး ကြားဖြတ်ဝင်တန်းစီ၊ ခပ်တည်တည် ဘယ်သူ့မှ ဂရုမစိုက်ဘဲ လူမိုက်ဂိုက်နဲ့ဇွတ်ဝင်ပြီးတန်းစီ၊ အသိမရှိပေမယ့် လဲ သူများတန်းစီနေတဲ့ဘေးမှာဝင်ရပ်နေပြီး ကုလားအုပ်တဲထဲ ဝင်သလို နည်းနည်းခြင်းဝင်ပြီးတန်းစီ၊ အစရှိတဲ့ ကျော်နည်း ခွနည်းမျိုးစုံသုံးပြီး အခွင့်အရေးယူခဲ့ကြပါတယ်။ တနည်းပြောရင်တော့ သူများကိုအားမနာနိုင် ကိုယ်ချင်းမစာနိုင်ဘဲ အတ္တကြီးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်လိုချင်တာတစ်ခုအတွက် အများနည်းတူ စည်းကမ်းရှိရှိ နည်းလမ်းကျကျ တန်းစီပြီး ကိုယ့်အလှည့်ရောက်အောင်ကိုယ်စောင့်မယ်ဆိုတဲ့ မျှတ တဲ့ စိတ်ထားတွေပျောက်ဆုံးကုန်တာပါ။ အလုအယက် ဝိုင်းအုံပြီး တိုးတဲ့ အကျင့်ဆိုးတွေ စွဲကုန်ကြတာပါ။ တကယ်တမ်းသေချာစဥ်းစားကြမယ်ဆိုရင် ကိုယ့်အလှည့် ရောက်အောင်ကိုယ်စောင့်လိုက်တာက လူလဲမပင်ပန်း စိတ်လဲမမော အချိန်ကုန်လည်းသက်သာ အိန္ဒြေလည်းရမှာအမှန်ပါဘဲ။ ဒါမှလဲကိုယ့်အတွက်ဝန်ဆောင်ပေးရတဲ့ဝန်ထမ်းများလည်း စိတ်အေးချမ်းသာအလုပ်လုပ်နိုင်မှာပါ။ သူများနိုင်ငံတွေမှာ ဘယ်နဲ့ ညာ နဲ့ လို့ နိူင်းယှဉ် ပြီး မပြောချင်ပါဘူး။ ကျနော်တို့တတွေအားလုံး အကျင့်ဆိုး စွန့်လွှတ်ပြီး နန်းကျူ( Non Que) တို့ တိုင်းပြည်ဘဝက လွတ်အောင်ကြိုးစားကြရအောင်ပါ။ ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး 22616

9 comments

  • မြစပဲရိုး

    June 25, 2016 at 8:03 pm

    ဟုတ်တယ်နော်။ ကပေါက်ကြီး ပြောမှ သတိရတာ။
    သမဝါယမမှာ တန်းစီခဲ့ရတာ။
    ရုပ်ရှင်ရုံ မှာလဲ တန်းစီ ဝင်ခဲ့ ဘူးတာပါဘဲ။

    ကျွန်မတို့ အမှိုက်ကိုလဲ အမှိုက်ပုံဟမှာ စနစ်တကျပစ်ဘူးပါတယ်။
    အမှိုက်ကား အလာကိုလဲ စောင့်ပြီးပစ်ပါတယ်။
    ကျွန်မတို့ စည်းကမ်းတွေ နဲ့ အသားကျခဲ့ဘူးပါတယ် ကပေါက်ကြီးရာ။

    အဲဒီနောက်ပိုင်း ဝမ်းမဝ တဲ့လူတွေ ကလဲ ဝမ်းမဝလို့ သိက္ခာမဲ့လာချင် ဝမ်းအဝလွန်တဲ့ လူကလဲ ဝမ်းဝ လွန်းပေမဲ့ မတင်းတိမ် ဘဲ မဝ သူ ကို မညှာတာ တတ်တော့ လူတွေရဲ့ အတ္တ တွေ ပိုပိုများလာတာလို့ ထင်မိတာပါဘဲ။
    ဒီမှာဆို အလုပ်မလုပ်ဘဲ ထိုင်စားတဲ့ သူ တွေ ကိုတောင် ချမ်းသာသူ တွေ ဆီက တိုးယူ ထားတဲ့ အခွန် တွေ နဲ့ ကျွေးထားတာ။

    • အလုပ်လုပ်နိုင်ရဲ့သားနဲ့မလုပ်ဘဲ
      ထိုင်စားသူကို
      ချမ်းသာသူက မျှကျွေးရတာတော့
      နည်းလမ်းမကျပါ။

      • မြစပဲရိုး

        June 26, 2016 at 2:40 pm

        စနစ် ကို လုပ်စား တဲ့ လူတွေပေါ့ ကပေါက်ကြီးရာ။
        အများစု က အိမ်ထောင်မရှိ ကလေးတွေ မွေးပြီး အလုပ်မလုပ်နိုင်တာမို့ အစိုးရ က ထောက်ပံ့ထားရတာပါ။
        တစ်ချို့ ဆို ရတဲ့ ထောက်ပံ့ကြေး တွေ က ပုံမှန် အလုပ်လုပ်သူတွေ ထက်တောင် ပိုရတယ်။
        အိမ်ကလဲ ရတော့ ထောက်ပံ့ကြေးက အသားတင်ပေါ့။

        ဒီမှာ က လစာ အရမ်းများလာပြီး ပုံမှန် သတ်မှတ် ဘောင်ကျော်သွားရင်ကျော်လာတဲ့ အပေါ်မှာ ၄၀% အခွန်ဆောင်ရတာပါ။
        ဒါကြောင့် အရမ်းချမ်းသာ သူတစ်ချို့ ကတော့ အခွန်ရှောင်ဖို့ နည်းတွေ သုံးပါတယ်။
        အများစု က တော့ ဥပဒေ အတိုင်း ပေးကြပါတယ်။
        လေဘာ က အောက်ခြေလူတန်းစား တွေ အတွက် အခွင့်အရေး တွေ ဖွင့်ပေးပြီး ကွန်ဆာဗေးတစ် ကတော့ အဲဒီ အခွင့်အရေး တွေ ကို ဖြတ်ဖို့ လုပ်ပါတယ်။

        တကယ်တော့ အစိုးရလုပ်ရတာလဲ သိပ်တော့လွယ်တာမဟုတ်ဘူး။
        စိတ်ဓာတ်အမျိုးမျိုး (ပျင်းသူ၊ ဖျင်းသူ၊ ဇွဲရှိသူ၊ ကြိုးစားသူ၊ ရေသာခိုလိုက်ချင်သူ၊ ကိုယ့်ဒူး ကိုယ်ချွန်သူ၊ သူတစ်ပါး ကို ခိုလိုက်ချင်သူ၊ ကိုယ့်အားကိုယ် ကိုးချင်သူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ အများအကျိုးကြည့်သူ၊ ကိုယ့်ထိမှ နာသူ၊ ကိုယ်နဲ့ မဆိုင်လဲ ပါချင်သူ၊ အများစု လုပ်တာ ကို ရော ပြီး လိုက်လုပ်သူ) ရောပြွန်း နေတဲ့ လူအများကြီး ကို ညီအောင် ညှိ ရတာမို့ အတော်ကြီး ကို အားထုတ်နိုင်မှ ရမှာ။
        စနစ်ကျ ပြီး နိုင်ငံ တွေ မှာတော့ စနစ်နောက် ကို အသာလိုက်သွားနေနိုင်ပေမဲ့ ကျွန်မတို့ လို ပျက်စီး ထိခိုက်ပြီး နိုင်ငံ မှာ စနစ် ကောင်း တစ်ခု ကို ရဖို့ တောင် အတော် လုပ်ယူရဦးမှာပါ။
        ဒါတောင် ဘက်စုံ ပါဝါကြီး တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ရှိနေလို့သာ။
        မဟုတ်ရင် ဒီလို လူ ဒီလို စိတ်ဓာတ် တွေ နဲ့ ဘယ်လို က နေ စရ မယ်တောင် သိလို့ ရမှာ မဟုတ်ဘူး။
        မျှော်လင့်ချက် ထားဖို့ ခေါင်းဆောင် ကောင်း မရှိလို့ ကတော့ တွန်းချင်ရင်တောင် ရှောင်သွားမဲ့ သူတွေ များမယ်။
        ဒါကို တန်ဖိုး မသိသူ တွေ ရှိနေတုန်းပါဘဲ။
        ခြေဖျား ကိုတောင် မမှီနိုင်ဘဲ တန်းညှိချင်သူတွေ ရှိနေတုန်းပါဘဲ။
        ဒီတော့ စနစ် ကို မကောင်းဖြစ်အောင် ဖန်တီးချင်သူများ အကြိုက်ပေါ့။

      • kai

        June 26, 2016 at 4:04 pm

        ဘာသာရေး..။
        နည်းလမ်းမကျတာ.. ကြာခဲ့ပြီ… အနှစ်၁၀၀ဝမက..။

        တန်းစီစရာမလို.. ကတုံးတုံး.. အဝါရောင်ကောက်ခြုံလိုက်ရင်.. ရှေ့မှာသွားစီလို့ရရုံတင်မဟုတ်.. နောက်ကလူကိုတက်နင်းလို့ပါရ..။ :k:

        • ဘယ်ဘာသာမဆို
          ဘာသာရေးခေါင်းဆောင်တိုင်းဟာ
          အခွင့်ထူးခံလူးတန်းစားတွေချည်ပါဘဲ

          ကိုခိုင်

  • Thint Aye Yeik

    June 26, 2016 at 11:57 am

    .ပြည်လမ်း(ခြောက်မိုင်ခွဲဘက်ကနေ) အင်းလျားလမ်းထဲ ဘယ်ကွေ့ချိုးဝင်ဖို့ နေ့စဉ်လုပ်ရတိုင်း တွေ့နေရတာကတော့ တန်းမစီတတ်တဲ့ကားတွေ။ တန်းစီရမှာ ဝန်လေးတဲ့ကားတွေ။ တချို့ဆို ကားအကောင်းစားကြီးတွေ။ စိတ်ဓါတ်ကတော့ အကောင်းစားကြီး မဟုတ်လို့ တစ်စီးစီတန်းပြီး ကွေ့ရမယ့် ဘယ်ကွေ့ကြောထဲကို ဝင် မတန်းစီဘဲ
    ဟိုးးးးထိပ်ဆုံး ပွိုင့်နားထိ သွားပြီး ကြားဖြတ်ဝင်ကြတယ်။ သူတို့ ကြားဖြတ်ဝင်ဖို့ လုပ်နေချိန် ရပ်ထားတဲ့နေရာက လှည်းတန်းခုံးတံတားဘက်ကို တည့်တည့်သွားကြရမယ့် ဖရီးကြော။
    သူတို့က ဖရီးကြော(ဒဲ့ကြော)ပေါ်မှာ ဘယ်ကွေ့ဖို့ ရပ်ထားလိုက်တဲ့အခါ ဒဲ့သွားမယ့်ကားတွေကလည်း အနောက်မှာ လိုက်ရပ်ရ။ ဘယ်ကွေ့ဖို့ အစောကြီးကတည်းက တန်းစီလာတဲ့ ကားတွေကလည်း (အဲ့လိုစည်းကမ်းမဲ့ကားတွေ ကိုယ့်ညာဘက်ကနေ အတင်းဝင်လာတာ) ဖြတ်ကျော်တာတွေ ခံရနဲ့ ပိုကြာကုန်ရော။

    ကျနော်တို့ မြို့ပြတွေမှာတောင် တန်းစီခြင်းနဲ့ တော်တော် ကင်းကွာနေတာကို မြင်နေရတာ နေရာတိုင်းလိုပဲ။ (တောနေ ကျေးလက်သူားတွေဆို ပိုဆိုးမလား)

    စီးတီးမတ်လို နေရာမှာတောင် ခပ်တည်တည်နဲ့ အရှေ့ဆုံးကို ပစ္စည်းတွေ အတင်းထိုးပေးပြီး ငွေရှင်းတတ်တဲ့ တန်းမစီချင်သူတွေ ရှိသေး။
    ဝတ်ကောင်းစားလှတွေနဲ့ ပိုက်ဆံရှိလူချမ်းသာရုပ်တွေဖြစ်နေပေမဲ့ စိတ်ဓါတ်နဲ့စည်းကမ်းကတော့ နိမ့်ကျနေလိုက်ကြတာတွေ. . .

    🙁

  • kai

    June 26, 2016 at 4:02 pm

    ချိုင်းနားပြည်ထဲ.. ဝင်အလုပ်လုပ်နေတဲ့ မြန်မာတွေ … ဘယ်နှသိန်း..သန်းလောက်ရှိမလဲခန့်မှန်းပေးပါလား..။
    ကချင်တို့.. ဝတို့.. ကိုးကန့်တို့အပါအဝင်.. အမြဲတန်းနေထိုင်နေသူတွေအပါအဝင်ပေါ့..။

Leave a Reply