” မယုံစကောင်း ယုံစကောင်း”
ကျနော်ရယ် ကိုအောင်မောင်းရယ်က အခုတလော မနက်တိုင်း မနက်တို်င်း တက်သေးအင်းကန်တော်ကြီးပါတ်လမ်းမှာလမ်းလျှောက်ဖြစ်ကြပါတယ်။
ကျနော်တို့ နှစ်ယောက်က မနက် ငါးနာရီခွဲလောက်ဆိုရင် ကန်ပါတ်လမ်းအဝင်နားမှာရှိတဲ့ရေပေါ်စင်ကြီးနားကိုရောက်ပါတယ်။
အရင်ကတော့ ဒီစင်ကြီးက လာတဲ့ဧည့်သည်တွေနားဘို့လေညင်းခံဘို့လုပ်ထားတာပါ။
တစ်ခါတစ်ရံ စနေနေ့ညတနင်္ဂနွေနေ့ညတွေ မှာဆိုရင် တီးဝိုင်းအဖွဲ့တွေက သီချင်းတွေနဲ့ဧည့်ခံတတ်ပါတယ်။
ဒါပေမယ့် စည်းကမ်းမဲ့တဲ့လူတစ်ချို့ စင်ပေါ်မှာလူထိုင်ဘို့ထားတဲ့ကွပ်ပျစ်တွေကိုတောင် ရိုက်ချိုးကြ စင်ပေါ်မှာ မီးဖိုကြလုပ်တော့ပျက်စီးမှာစိုးတဲ့အတွက်စားသောက်ဆိုင်
တစ်ဆိုင်ကို ငှားလိုက်ပါတယ်။
ကျနော်တို့က ပါလာတဲ့ဆိုင်ကယ်ကို အဲဒီစားသောက်ဆိုင်မှာ အစောင့်တာဝန်ယူတဲ့ဝန်ထမ်းကိုပြောလို့ ထားခဲ့တတ်ကြပါတယ်။
ပြီးတော့ စကားတပြောပြောနဲ့ခပ်သွက်သွက်လေးချွေးကလေးစို့အောင် တောင်ဖက်အဖျားက ကရိဝိက်ဖောင်တော်ကြီးနားရောက်အောင်လျှောက်တတ်ကြပါတယ်။
ကရဝိက်အနားရောက်တော့ သူ့ဘေးကပ်ရက်မှာရှိတဲ့ ရွိုင်ရယ်လိပ်ဗျူးဆိုတဲ့စားသောက်ဆိုင်က ဆောက်ပေးထားတဲ့ ရေပေါ်တံတားလေးပေါ်မှာ
တစ်ခါတစ်လေကျတော့လဲ မမြလေးဘုရားနားက ကုက္ကိုပင်အောက်မှာ နှစ်ယောက်သား အမောဖြေရင်း ရောက်တတ်ရာရာ လေပေါတတ်ကြပါတယ်။
အခုရက်က တောင်ပြုန်းပွဲရက်ဖြစ်တော့ စစ်ကိုင်းဘက်ကနေ တောင်ပြုန်းပွဲတော်ကို သွားတဲ့ကားတွေကလဲ လူအပြည့် တက်တက်ကြွကြွ အော်လို့ဟစ်လို့ ပါလာတဲ့သူအချင်းချင်းစကားတွေပြောလို့ပေါ့။
တစ်ချို့တောင်ပြုန်းမှာညအိပ်ပြီး မနက်မှထပြန်လာကြတဲ့ကားတွေလဲရှိပါတယ်။
သူတို့ကတော့ အသွားကားတွေနဲ့ဆန့်ကျင်ဘက်ပေါ့။အိပ်ငိုက်တဲ့လူကအိပ်ငိုက် ငေးမိငေးရာ ငေးလာသူကငေးလို့ပေါ့။
အားလုံးတူညီကြတာတော့ ကားခေါင်းမှာလဲ ပန်တော်ပန်းတွေချည်လို့ တစ်ချို့ကလဲ လက်မှာ အမြတ်တစ်နိုးကိုင်ထားလို့ မိန်းမသားတွေကတော့ တောင်ပြုန်းပြန်မှန်းသိအောင် ပွဲဈေးတန်းက ဝယ်လာတဲ့ ရွှေရောင်ဆွဲကြိုးကြီးဆွဲလို့ပေါ့။
ပြန်လာသူအားလုံးရဲ့စိတ်ထဲဝင်ကြည့်လို်က်မယ်ဆိုရင် ကိုယ်တော်ကြီးး ကိုယ်တော်လေးတို့ကို တိုင်တည်လို့ဆုတောင်းခဲ့တာတွေများပြည့်ခဲ့အောင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကတော့ အတွေးထဲ ရင်ထဲမှာ ဝဲလှည့်နေမယ်ထင်ပါတယ်။
အဲဒီအချိန်မှာကိုအောင်မောင်းက ” နတ်ကိုးကွယ်တာတွေ ရိုးရာ အစွဲအလမ်းတွေကို ကိုပေါက်ဘယ်လိုမြင်လဲ”လို့မေးခွန်းထုတ်ပါတယ်။
တော်တော်လေး ဖြေရခက်ပြီး ဆူးတွေအပြည့်နဲ့မေးခွန်းပါ။
” ကိုအောင်မောင်း ကဘယ်လိုအမြင်နဲ့ကြည့်ပြီးဖြေစေချင်လဲ”လု့ိလူလယ်ကျပြီးအမေးကိုအမေးနဲ့တုန့်ပြန်လိုက်ပါတယ်။
ကျနော်တို့စကားပြောနေတုန်းမှာ ဘဲ တောင်ပြုန်းအပြန်သင်္ကေတဖြစ်တဲ့ရွှေဆွဲကြိုးတွေဆွဲထားတဲ့ ရှင်မီးအကျီအမဲ ဘောင်းဘီပေါင်တိုအမဲမလုံမလဲ ဝတ်ထားတဲ့ကောင်မလေးနှစ်ယောက်စီကိုတင်ထားတဲ့ ဒီတီဆိုင်ကယ်နဲ့ကောင်လေးတွေအုပ်စုလိုက်ကြီးတဟေးဟေးတဟားဟားနဲ့အော်ဟစ်သွားတာကိုမြင်လိုက်ရတော့
သူူတို့ကိုလိုက်ကြည့်ရင်းက စိတ်တွေမောသွားပါတယ်။
ကိုယ်ကသာသူတို့ကိုကြည့်ပြီးမောနေလိုက်တာ သူတို့က ကိုယ်ကြည့်နေမှန်းတောင် သိမယ်မထင်ပါဘူး။
ကိုအောင်မောင်းက “ဖြေလေဗျာ”ဆိုတော့မှ” ကျနော့်အမြင်ကတော့ ဒါတွေက တိုက်ဆိုင်မူ့ကစလာတယ်ထင်တာဘဲ “လို့ဖြေလိုက်တော့သူက ” ဘာဆိုင်လို့လဲ”
ဆိုတဲ့မျက်နှာပေးနဲ့ကြည့်လိုက်ပါတယ်။
“တစ်ခါတစ်လေလူဆိုတာ အဆင်မပြေတာတွေ့ရင်ဘာကြောင့်ညာကြောင့်ဆိုတာတွေနဲ့ချိန်ထိုးကြည့်ကြ အဖြေရှာကြတာကိုးဗျ ၊ဒုက္ခနဲ့တွေ့ကြတဲ့အခါပိုဆိုးတာပေါ့
ဒီအခါမျုးိမှာ ဘာမလုပ်လို့ ညာမလုပ်လို့ ဘယ်သူ့တောင်းပန်လိုက်ရင်ရတယ် ဘာညာနဲ့ ဝိုင်းပြောကြတဲ့အခါ ဟုတ်တာမဟုတ်တာအပထား လုပ်လိုက်လို့ အဆင်ပြေသွားတဲ့အခါ ဒါကြီးက ဓလေ့ထုံးစံလို ကိုးကွယ်စရာလို ဖြစ်လာတော့တာပေါ့”
“တကယ်တမ်းသေသေချာချာစဥ်းစားကြည့်ရင် ကိုးကွယ်တယ်ဆိုတာ ကြောက်ရွံ့မူ့ကစတာဘဲ၊ကြောက်တော့အားကိုးစရာရှာတယ်။အဲဒီအခါမှာကိုယ့်ထက်သာတယ်အားကိုးလို့ရမယ်ထင်တာကို အားကိုးတကြီးနဲ့ကိုးကွယ်တော့ပါဘဲ
အဲဒီအခါမှာ လူအမျုးိမျုးိစိတ်အထွေထွေဆိုသလို ကိုယ်သန်ရာသန်ရာကို ကိုးကွယ်ကြတော့ ကိုးကွယ်စရာတွေအများကြီး ဖြစ်ကုန်တော့တာပေါ့။
တစ်ချို့ ကျောက်တုံးအကြီးကြီး သစ်ပင်အကြီးကြီး အဲဒီကစလို့ အဲဒီကျောက်တုံး တို့သစ်ပင်တို့ကိုစောင့်တဲ့ အစောင့်တို့နတ်တို့ကို တစ်ဆင့်မြင့်ပြီးကိုးကွယ်တော့တာပေါ့
အဓိကအချက်ကတော့ ဒါတွေက စိတ်လုံခြုံ့မူ့သက်သက်အတွက် အကာအကွယ်ယူကြတာပါ”
” ကျနော်က သာမန်ရိုးရိုးအမြင်နဲ့ပြောကြည့်တာပါ ဘာမှသိပ်မစဉ်းစားတတ်တဲ့အမြင်နဲ့တွေးကြည့်တာပါ ဖြန့်တွေးမယ်ဆိုရင် မတူသောအမြင်တွေအများကြီးထွက်လာမှာပါ။သေချာတာတစ်ခုကတော့ တိုက်ဆိုင်မူ့တစ်ခုက ယုံကြည်မူ့ကို ပိုခိုင်မာစေတယ်ဆိုတာပါဘဲ။
ဒီအကြောင်းနောက်ကြုံမှပြောပြမယ် ပြန်ကြစို့နေမြင့်ပြီ”ဆိုပြီးစကားလက်စသတ်လို့ လမ်းလျှောက်ရင်းပြန်ခဲ့ကြပါတယ်။
ကိုအောင်မောင်းက ဘာမှထပ်မပြောတော့ပေမယ့် သိပ်သဘောတွေ့ပုံတော့မရပါဘူး။
ကျနော်လဲလမ်းလျှောက်ရာကနေကိုအောင်မောင်းနဲ့လမ်းခွဲပြီးပြန်လာရင်း ကျနော်ငယ်ငယ်က ကျနော်တို့ဆွေမျုးိစုတွေကြားဖြစ်ခဲ့တာလေးကိုသတိရမိပါတယ်။
ဒါကလဲ ကျနော်က မျက်မြင်ကိုယ်တွေ့တော့မဟုတ်ပါဘူး။
ဒါပေမယ့်ဒီအဖြစ်အပျက်က ကျနော်တို့အမျိုးစုထဲမှာမေ့ဖျောက်မရနိုင်သောအဖြစ်အပျက်ပါ။
ကျနော်အဖေရဲ့အမေရဲ့အမေဆိုတော့ကျနော့်အဘေးလို့ပြောရမှာပေါ့၊(ကျနော်ကတော့ဓါတ်ပုံကိုသာမြင်ဘူးပါတယ်။)တို့ မုံရွာနယ်ဘက်ကပါ။
အမေ့ဘက်ကလဲ မုံရွာနယ်ဘက်ကပါဘဲ။ရွာတော့ မတူဘူးပေါ့။တူတာကတော့ အလုံဘိုးဘိုးကြီးကို ကိုးကွယ်ကြတာပါ။
အလုံဘိုးဘိုးကြီးပွဲက နှစ်စဉ်နှစ်တိုင်းမတ်လထဲမှာ ပွဲကျင်းပလေ့ရှိပါတယ်။
ကျနော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ပြီဆိုရင် အလုံပွဲကို သွားဘို့အတွက် လူကြီးတွေက ပြင် ကျနော်တို့ ညီအကိုဝမ်းကွဲမောင်နှမဝမ်းကွဲတစ်စုကလဲပျော်လို့ပါ။
ကျနော်တို့ငယ်ငယ်က အဲဒီပွဲကိုသွားရင် မီးရထားနဲ့ဘဲသွားပါတယ် ကားလမ်းပေါက်ပေမယ့်ဘယ်တော့မှကားနဲ့မသွားပါဘူး။ဘာလို့လဲဆိုတာနောက်ကျရင်သိလာမှာပါ။
မီးရထားနဲ့သွားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်စကြ ဆော့ကြ ရန်ဖြစ်ကြ ဆူညံပွက်လောရိုက်လို့ လမ်းရပ်သမျှဘူတာတွေမှာမုန့်ဝယ်စားကြနဲ့ပျော်စရာကောင်းလှပါတယ်။ပြန်တွေးရင်လွမ်းပါတယ်။
အမှတ်အရဆုံးကတော့ အာလကကပ္ပဘူတာရောက်ရင် စားရတဲ့ဇီးသီးကိုယိုထိုးထားတဲ့အထဲကိုသကြားတွေဖြူးလို့ညောင်ရွက်နဲ့ထည့်ထားပေးတဲ့ ဇီးယိုပါဘဲ။
အလုံကိုရောက်ပြီဆိုတာနဲ့လူကြီးတွေက အထုပ်တွေတစ်ဖက် ကျနော်တို့ကလေးတွေတစ်ဖက်နဲ့ ဘိုးဘိုးကြီးနန်းကို အရင်ဆုံးပြေးလို့ ကျနော်တို့အဘွား
နန်းဦးတိုက်ရပါတယ်။ကျန်တဲ့သူတွေကတော့ နန်းအောက်မှာနေခဲ့ရပါတယ်။ပြီးပြီဆိုမှ ကျနော်တို့တည်းတဲ့ဘုန်းဘုန်းကျောင်းကိုသွားရပါတယ်။
ထူးခြားတာကတော့ ဒီအလုံဘိုးဘိုးကြီးပွဲတော်မှာ ဘယ်ဇာတ်ဘယ်ပွဲလမ်းသဘင်မှာ မပါတာပါ။
ပွဲတော်ရက်မတိုင်ခင် လူကြီးတွေက လှူကြတန်းကြ ကျနော်တို့အဘေးကိုရည်စူးလို့ ဆွမ်းကပ်ကောင်းမူ့ကုသို်လ်တွေလုပ်ကြ နဲ့အလုပ်တွေရှုပ်နေချိန်ကျနော်တို့တတွေက
ကျောင်းအနောက်ဘက်က ရေစပ်စပ်လေးသာ ရှိတဲ့ချင်းတွင်းမြစ်ကသဲသောင်တွေပေါ်မှာ အရပ်ခံကိုရင်လေးတွေနဲ့ဆော့ကြ ကုလားပဲပင်တွေကိုနုတ်မီးဖုတ်လို့စားကြရပါတယ်။
အလုံဘိုးဘိုးကြီးကြွလာတဲ့နေ့ရောက်ရင် လူကြီးတွေက ကျနော်တို့ကလေးတွေကိုဆောင်ရန်ရှောင်ရန်တွေတတွတ်တွတ်မှာပါတော့တယ်။
အထူးသဖြင့်မြေးထဲမှာ အကြီးဆုံးဖြစ်တဲ့ကျနော်ကို အဘွားက ” ကိုပေါက်နော် ကိုပေါက်နော်”ဆိုပြီးတတွတ်တွတ်မှာပါတယ်။
ဘာလို့လဲဆိုတော့အဘွားပြောလို့ ဒီသတ်မှတ်ချက်တွေကိုသိလာရပါတယ်။
အလုံဆက်တွေက မိသားစု ကြီးတစ်စုလုံးရဲ့ပထမဆုံးသောသားဦးသမီးဦး တွေက ကိုယ်ကျထားတဲ့ လုပ်ဆောင်မယ့်တာဝန်ကိုဆက်လက်အမွေခံရပါတယ်။
ကျနော်အဘေး (အဖွားရဲ့အမေ)က မွေးချင်းထဲမှာ အကြီးဆုံးဒီတော့အလုံဘိုးဘိုးကြီးနဲ့ပါတ်သက်တဲ့တာဝန်ကို ယူရ ပါတယ်။
အဘေးကမွေးလာတဲ့သားစဉ်မြေးဆက်ထဲက အကြီးဆုံးသားဦးသမီးဦးတွေက လက်ဆင့်ကမ်းလို့ တာဝန်ဆက်ယူရပါတယ်။
ဒီတော့ ကျနော့်အဖွား အဖွားပြီးရင် အဖေ အဖေပြီးရင်ကျနော်ပေါ့၊
အလွယ်ဆုံးပြောရရင် အားလုံးသိတဲ့ အင်္ဂလန်နန်းစဉ်နန်းဆက် ဘုရင်ဆက်ခံရသလိုပါဘဲ။
ကျနော့်အမေဘက်ကြတော့အဖေ့ဘက်လောက်တာဝန်မကြီးပါဘူး။
အမေတို့က မုန့်ဆီကြော် ကြော်ပြီးဝေလိုက်ရင်တာဝန်ကျေပါပြီ။
ဒီအလုံဘိုးဘိုးကြီးက နွားနဲ့ပါတ်သက်ရင်ဘာမှ အသုံးမပြုရပါဘူး။
ကျွဲလှည်းတွေကို သာအသုံးပြုလို့လှည့်ပါတယ်။
ကျွဲလှည်းနဲ့လိုက်ပါပို့ဆောင်ရတဲ့တာဝန်ယူရရှိတယ်၊
လှည့်လာတဲ့အချိန်မှာလှည်းတွေကိုလက်ဖက်ထုပ်နဲ့ပေါက်ရတဲ့တာဝန်ကိုယူရတဲ့သူရှိတယ်။
အောက်ကျသွားတဲ့လက်ဖက်ထုပ်ကိုကောက်ရတဲ့တာဝန်ရှိတယ်။
အဲလိုလုပ်နေတာကို မေးထောက်လို့စောင့်ကြည့်ရတဲ့တာဝန်ယူရတာရှိတယ်။
ကျနော်ဆက်ခံရမယ့်တာဝန်ကိုပြောရရင် ကျနော်တို့ အမျိုးက”နန်းဦးတိုက်” တာဝန်ပါ။
ပွဲတော်ကိုလာရာလမ်းမှာ ဘယ်မှာမှမနားရ မဝင်ရပါဘူး။ဘိုးဘိုးကြီးကို အရင်ဆုံးဦးတိုက်ပြီးမှသာ ကျန်တဲ့ဆီကိုသွားရပါတယ်။
တကယ်လိုများမလာနိုင်ရင် ရေစင်ဘိုးဆက်လို့တောင်းပန်ရပါသတဲ့။
တစ်နှစ်မှာကျနော့်အဘေးကြီးက ပွဲတော်ကိုသွားမယ်ဆိုတော့ အိမ်နားကလူတွေလဲမရောက်ဘူးလို့လိုက်ချင်ပါသတဲ့။
ဒါနဲ့ဘဲအဲဒီခေတ်က ဘိုက်ပူဘတ်စ်ကားကြီးကိုငှား ထိုင်ခုံတွေဖြုတ် အလယ်မှာဖျာတွေ ကော်ဇော်တွေခင်းလို့သွားကြပါသတဲ့။
ဖြစ်ချင်တော့အဲဒီတုန်းကအဘေး ရယ်သူညီမအငယ်ဆုံးရယ် သာလိုက်ပြီး ကျန်တာကအိမ်နီးနားခြင်းတွေနဲ့သူတို့ရဲ့မိတ်ဆွေမိသားစုလဲပါလာပါသတဲ့။
အဘေးက မသွားခင်ကတည်းက အမဲသားဝက်သားနဲ့ပါတ်သက်တာမထည့်ဘို့အတန်တန်မှာပါသတဲ့။
ဖြစ်ချင်တော့လမ်းမှာပါလာတဲ့ ပါလာတဲ့တဆင့်ခံမိတ်ဆွေက လမ်းမှာ ဆိတ်သားခြောက်ကြော်အစည်းတွေဝယ်မယ်လုပ်တော့ အဘေးက မသန့်ဘူးထင်တော့မဝယ်ဘို့ တားပေမယ့် သူတို့က ဝယ်လိုစားကြပါသတဲ့။
ဖြစ်ချင်တော့ မုံရွာမြို့မရောက်ခင်ညနေစောင်းမှာ ကားပျက်ပါသတဲ့။
အဘေးကတော့ကားပြင်ပြီးဆက်သွားမယ် မနားချင်ဘူးလို့ပြောပါတယ်။
ဒါပေမယ့်ကားမောင်းတဲ့လူကရော အားလုံးကရော လမ်းခရီးမှာ အဲဒီတုန်းကအခုလိုမသာယာသေးမလုံခြုံသေးတော့ ဓါးပြတိုက်ခံရမှာကြောက်တော့ဆက်မသွားချင်ကြပါဘူး။
ဒါနဲ့ဘဲ အဘွားရဲ့မောင်တဝမ်းကွဲတော်တဲ့အိမ်မှာစုလို့ဝင်တည်းကြပါသတဲ့။
ဖြစ်ချင်တော့နောက်နေ့မနက်လေးနာရီလောက်မှာ အဘေးက သူအိပ်တဲ့အပေါ်ထပ်ကနေ အိမ်သာသွားဘို့အဆင်းမှာ ခြေချော်ပြီးလှေကားကပြုတ်ကျပါတော့တယ်။
လှေကားကအပိတ်မဟုတ်တဲ့အပြင် ကျဲလဲကျဲ မြင့်လဲမြင့်တော့လှေကားခြားထဲကနေမြေပြင်ပေါ်ကိုတိုက်ရိုက်ကျသွားပါတယ်။
အဘေးက ပိန်ပိန်သေးသေးလေးကိုးဗျ။
အဲဒီမှာလည်ပင်းရိုးကျုးိပြီး ကွယ်လွန်သွားပါတယ်။
ဒီအဖြစ်အပျက်က ကျနော်တို့ဆွေမျုးိစုမှာမေ့ပျောက်မရနိုင်သောဆုံ့းရှုံးမူ့ကြီးတစ်ခုပါ သားစဉ်မြေးဆက်လက်ဆင့်ကမ်းလာတဲ့ဖြစ်ရပ်မှန်ပါ။
အဲဒီမှာအရင်ကတည်းက အလုံပွဲတော်ကို လာရင်လမ်းဘယ်မှမဝင်ရဘူူးဆိုတာကို ဒီတိုက်ဆိုင်မူ့က ပိုခိုင်မာအောင်လုပ်ပေးလိုက်ပါတယ်။
အဲဒီအချိန်ကစလို့ ကျနော်တို့အဖွားဟာသူမကွယ်လွန်မှီအချိန်ထိနှစ်တိုင်းမှန်မှန်သွားပါတယ်။
ကားနဲ့ဘယ်တော့မှမသွားပါဘူးရထားနဲ့ဘဲသွားတယ် သွားပြန်ရင်လဲ အလုံမရောက်မခြင်း ရထားအောက်ကမြေကြီးပေါ်ကိုတောင်မဆင်းပါဘူူး။
ဒါကိုကြည့်ပြီးအဘွားကို အစွဲအလမ်းကြီးတာမှားတယ်လို့သွားပြောလို့မရပါဘူး။
တစ်ခုခုဖြစ်ရင်မင်းတာဝန်ယူမလားလို့ပြန်မေးလိုက်ရင် ဘယ်လိုပြန်ဖြေရမယ်ဆိုတာမသိပါဘူး။
အပွင့်လင်းဆုံးပြောရရင် ကျနော်တို့ကစာတွေအစုံဖတ်တော့ ဒီရိုးရာအစွဲအလမ်းကိုုငယ်ငယ်ကသိပ်မယုံကြည်သလိုအလေးလဲမထားခဲ့ပါဘူး။
တစ်ခါတစ်လေ ကန့်လန့်တိုက်ပြီးပြောတာတွေတောင် ရှိခဲ့ဘူးပါတယ်။
ကိုယ့်ကိုယ်ရဲရင့်တယ်ပြတ်သားတယ် ဆိုပြီး ဒီလိုယုံကြည်သူတွေကိုစကားလုံးအမြင့်ကြီးတွေသုံးလို့ ပက်ပက်စက်စက် နှိပ်ကွပ်ခဲ့ဘူးတာတောင်ရှိပါတယ်။
ဒါကိုနောင်တရသွားစေတာ ကျနော်အတွေးတွေပြောင်းသွားစေတာက လွန်ခဲ့တဲ့ငါးနှစ်လောက် ကပြင်ဦးလွင်ကိုအလည်သွားကြတုံးကပါ။
တစ်ခါက ရန်ကုန်မှာနေတဲ့မိတ်ဆွေမိသားစုက အထက်မြန်မာပြည်ကိုနွေကျောင်းပိတ်ရက် မှာ တစ်မိသားစုလုံးဘုရားဖူးထွက်ပါတယ်။
ကျနော်အိမ်မှာမတည်းပေမယ့် ကျနော်က တစ်ရက်ပြင်ဦးလွင်ကိုလိုက်ပို့ဘို့တာဝန်ယူပါတယ်။
ဒါနဲ့ကျနော်က ဟိုင်းလတ်တစ်စီးငှားလိုက်ပါတယ်။
မနက်သူတို့တည်းတဲ့တည်းခိုခန်းကိုသွားခေါ် မနက်စာမုန့်စားပြီး ထွက်လာကြပါတယ်။
ရှေ့ခန်းမှာ ကျနော်ရယ် မိတ်ဆွေရယ် ကားဆရာရယ်သုံးယောက် နောက်ကတော့ ကလေးတွေနဲ့မိသားစုတွေပေါ့။
မန်းလေးအထွက်ဘိုးဘိုးကြီးနန်းရောက်တော့ ကားဆရာကပန်တော်ပန်းဝယ်မယ်လုပ်တော့ ကျနော်က မဝယ်နဲ့အပိုတွေဆိုတားတော့ ကားဆရာမျက်နှာပျက်သွားပါတယ်။
သွားနေရင်း ကကားဆရာက တစ်ခုခုကိုသတိရသလိုနဲ့ ကားကိုလမ်းဘေးချရပ်လိုက်ပါတယ်။နောက်ကားနောက်ခန်းကိုဆင်းကြည့်ပြီး လမ်းဘေးမှာရှိတဲ့ခဲလုံးတစ်လုံးကိုကောက်လို့ “မောင်ကျောက်ခဲရေအလည်လိုက်ခဲ့ဟေ့”လို့ခေါ်ပြီးကားခေါင်းခန်းက ဒက်ရှဘုတ်ပေါ်မှာတင်လို်က်ပါတယ်။
ကျနော်က သိရဲ့သားနဲ့ ” ဘာဖြစ်တာလဲ”လို့မေးလိုက်တော့ “ဆရာ ကိုးယောက်ကွက်တိဖြစ်နေလို့ ဆယ်ယောက်ဖြစ်အောင် မောင်ကျောက်ခဲကိုပါခေါ်လာတာပါ”
လို့ရိုရိုသေသေပြန်ဖြေတာကို ကျနော်က “အပိုတွေပါကွာ “လို့ပြောလိုက်ပါတယ်။
ပြင်ဦးလွင်တို့ ကျောက်ဆယ်နဲ့တို့က ကိုးခရိုင်အယူရှိကြတော့ ကိုးဂဏန်းကိုရှောင်ကြတဲ့အယူရှိပါတယ်။
နာမယ်ကျော်ရူ့ခင်းသာဗျူးပွိုင့်ကိုရောက်တော့အားလုံးက ဆင်းပြီး သာယာတဲ့ရူ့ခင်းတွေကိုကြည့်ကြ ဓါတ်ပုံတွေရိုက်ကြလုပ်နေတဲ့အချိန်မှာ ကျနော်ကကားဆရာယူလာတဲ့မောင်ကျောက်ခဲကိုချောက်ထဲပစ်ချလိုက်ပါတယ်။
အားလုံးကားပေါ်ပြန်တက်ကြပြီးခရီးဆက်သွားကြရင်းကားဆရာက သူတင်လာတဲ့မောင်ကျောက်ခဲ့ရောလို့မေးလဲမေးရောကျနော်ကချောက်ထဲပို့လိုက်ပြီလို့ဖြေလိုက်တဲ့အချိန်ကစလို့ စကားတခွန်းမှမပြောတော့ပါဘူး။
ကျနော်မိတ်ဆွေကလည်းမျက်နှာမသာမယာဖြစ်သွားပါတယ်။
နောက်ဘုရားရောက်ကြတော့ သူ့မိသားစုနဲ့စကားတွေတိုးတိုးတိုးတိုးပြောနေတာကိုတွေ့ရပေမယ့်ကျနော်ကတော့သိပ်ဂရုမထားလိုက်ပါဘူး။
ပြည်ချစ်ဘုရားကိုဝင်ဖူးပြီးတော့ ဘယ်သွားမလဲမေးတော့အားလုံးကအင်တင်တင်နဲ့ဖြစ်ကုန်ပါတယ်။
အတိုချုပ်ပြောရရင် သွားသာသွားနေကြတာ ရင်ထဲကယုံကြည်မူ့အစွဲကရှိနေတော့ တစ်ခုခုဖြစ်များဖြစ်လေမလားဆိုတဲ့အစွဲကသူ့တို့စိတ်ကို အနှောင့်အယှက်ပေးနေတော့
သူတို့မှာသွားသာသွားနေရတာ ပျော်ရွှင်မူ့တွေဆိတ်သုဉ်းပြီးသွားအလကားဖြစ်ကုန်ပါတယ်။
အပြန်လမ်းထိချောချောမွေ့မွေ့အိမ်ပြန်ရောက်ကြပါတယ်။
ဒါပေမယ့်ရောက်လို့သာပြန်လာတယ် ပျော်ရွှင်သောခရီးတစ်ခုမဟုတ်တာကတော့ အသေအချာပါဘဲ။
အဲဒီအခါကျမှ ကျနော်ဇွတ်တရွတ်လုပ်မိတာကိုနောင်တရလို့မဆုံးပါဘူး။
အဲဒီအချိန်ကစလို့ ကျနော့်ဒီလိုစွဲလမ်းယုံကြည်သူတွေကို ကျနော်မတိုက်ခို်က်တော့သလို အပြစ်လဲမတင်တော့ပါဘူး။
ကျနော်ယုံတာမယုံတာ အပထား (အခုထိလဲဒါတွေကိုမယုံကြည်ပါ)သူများယုံကြည်မူ့ကိုမဖျက်ဆီးတော့ပါ။
ဒါလေးတွေက သူ့ရဲ့စိတ်ဓါတ်လုံခြုံမူ့ကိုးဗျ။
တကယ်တမ်းကျနော်တို့လူတွေရဲ့လိုအပ်ချက်မှာစိတ်လုံခြုံမူ့ရှိဘို့လဲ အတော်အရေးကြီးတာကိုးဗျ။
စိတ်လုံခြုံဘို့အတွက် ဘုရားတရားကိုးကွယ်တယ်။
သံဃာတော်ကိုဆည်းကပ်တယ်။
ဂုဏ်တော်တွေရွတ်တယ်၊ဂါထာတွေရွတ်တယ်။
နတ်ကိုးကွယ်တယ် ရိုးရာဓလေ့ကိုလိုက်နာတယ်။
ဗေဒင်မေးတယ်နတ်ကတော်မေးတယ် အကြားအမြင်ဆရာဆီသွားတယ် ယတြာခြေတယ်။
ကိုယ်ယုံကြည်မူ့အလိုက်ကိုယ်သန်ရာအလိုက် စိတ်လုံခြုံအောင်ကြိုးစားလုပ်ကြပါတယ်။
တကယ်စစ်စစ်ပေါက်ပေါက် ဘုရားရဲ့မြတ်သောတရားတော်များနဲ့ ညိနှိုင်းလို့ပြောရင်တော့မှားယွင်းတယ် အယူမှားတယ်လို့ဆိုချင်ဆိုနိုင်ပါတယ်။
ဒါပေမယ့်လူဆိုတာ ကို်ယ်ဉာဏ်မှီသလောက်နဲ့ကိုယ်လုပ်ကို်င်ကြတယ်ဆိုတော့လဲ အပြစ်လုံးလုံးကြီးရယ်လို့တော့ပြောလို့မရဘူးလို့ မျှတစွာတွေးမိပါတယ်။
တစ်ခုတော့ ပြောချင်ပါတယ် ဒါကျနော့်အတွေးဆိုတော့ မှန်ချင်မှလဲမှန်မှာပါ။
မြန်မာပြည်မှာ ကိုယ်ကို ကိုယ်အဆုံးစီရင်သူနည်းပါးပါတယ်။အခြားသောနိုင်ငံတွေမှာတော့ မြန်မာပြည်ထက်များတယ်လို့ ထင်ပါတယ်။
အဓီကအချက်ကတော့ စိတ်အပူတွေကို ကူညီလို့ရော့ပါးအောင်လျှော့ပေးသူတွေမရှိတာကြောင့်လို့ထင်ပါတယ်။
မြန်မာပြည်မှာကတော့ ဟုတ်တာ မဟုတ်တာ အဆုံးထိစစ်စစ်ပေါက်ပေါက်တွေးရင် မှန်တာမမှန်တာ အပထား
စိတ်ညစ်ရင်ဗေဒင်ဆရာဆီပြေးလိုက် ဟိုကယတြာလေးပေးလိုက် သူပြောတဲ့အတိုင်းလုပ်လိုက်ရင်စိတ်အပူတော့ရော့သွားကြတာအမှန်ပါ။
အဆင်မပြေတာလေးရှိရင် ရိုးရာဓလေ့ ကျွမ်းကျင်သူဆီပြေးလိုက် ဟိုကဘာလုပ်လို်က်ညာလုပ်လို်က်ဆိုတဲ့အတိုင်းလုပ်လိုက်ရင်စိတ်ပေါ့သွားတာလဲငြင်းမရပါ။
တစ်ခြားသူတွေကိုတော့ ကျနော်မပြောလိုပါ။
ကျနော်ကတော့ တစ်ခြားသူက သူ့စိတ်လုံခြုံ့ဘို့အတွက်သူ့ဘာသာသူ ယုံကြည်သလောက်လုပ်တာကို ကျနော်မဝေဖန်မနှောင့်ယှက်တော့ဘို့ဆုံးဖြတ်ပြီးဒီအတိုင်းကျင့်သုံးနေတာကတော့တော်တော်ကြာသွားပါပြီ။
တကယ်တမ်းတော့လဲလူဆိုတာ ကိုယ်ယုံကြည်တာကို ကိုယ်နိုင်သလောက်လုပ်နေတာစိတ်အချမ်းသာဆုံးပါဗျာ။
ဒါကတော့သာမန်လူတစ်ယောက်လို ရိုးရိုးလေးတွေးကြည့်မိတာပါနော်။
3 comments
Kaung Thant
August 31, 2010 at 3:09 am
သူ့ယုံကြည်ရာကိုးကွယ်ရာပါပဲ လူငယ်တွေအနေနဲဘာသာရေးကိုခုတုံးလုပ်ပီးပျော်ပါးတာတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။
ဘိုးတော်အတုတွေရှိတာကတော့ဆန်းပါဘူး။ နောက်လဲရှိဦးမှာပဲ။ အကိုလိုတွေးတာကောင်းပါတယ်။
bigcat
August 31, 2010 at 4:03 am
တိုက်ဆိုက်မှုတွေက များတော့လည်း တချို့ကိစ္စတွေက ပြောရခက်တယ်ဗျ။ နေပါစေဆိုပြီး လွှတ်ထား ပေးပြန်တော့လည်း ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်ပြန်ရော။ ကိုယ့်အားကိုယ်ကိုးဖို့ ဆိုတာတော့ မြန်မာပြည်အတွက် မဖြစ်နိုင်ဘူးထင်တာပဲ။ စစ်တပ်အုပ်ချုပ်တဲ့ နှစ်၅ဝ တောက်လျှောက် သူမနှိပ်ကွပ်နိုင်တာ ဆိုလို့ ကုန်ဈေးနှုန်းနဲ့ နတ်၊ဗေဒင်၊ဘိုးတော်ပဲ ရှိတယ်။ သူတို့သာ နိုင်ငံရေးလုပ်ရင် မြန်မာပြည် လွတ်လပ်တာ မြန်မယ်နဲ့တူတယ်။
zawana
August 31, 2010 at 11:09 am
ကျနော့်စိတ်ထင်တော့ ဥပါယ်ဒါန်ကြောင့် ဥပါဒ်ရောက်ရတာလို့ ထင်တယ်ဗျာ …..
ဘာပဲဖြစ်ဖြစ် သူတပါးရဲ့ ယုံကြည်မှုကို ဆန့်ကျင်ဘက် မလုပ်ချင်ပါဘူး …
ဒါပေမဲ့ ကျနော်တို့ရဲ့ မျိုးဆက်တွေကိုတော့ အဲဒါမျိုးတွေကို အယုံအကြည် မရှိစေချင်တာ အမှန်ပါ။