မောင်ပေါက်ကျိုင်း ဒဏ္ဍာရီ
ပညာသင်ကြားခြင်း
မောင်ပေါက်ကျိုင်းသည် ဒိသာပါမောက္ခ ဆရာကြီးထံတွင် ပညာသင်ကြားနေသော တပည့်များတွင် အညံ့ဆုံးတပည့်ဖြစ်ပြီး မည်သည့်ပညာရပ်ကိုမှ ဖြစ်မြောက်အောင်သင်ကြား၍ မရပေ။ သို့သော် အလုပ်ကို အလွန်ကြိုးစားပမ်းစား လုပ်တတ်သူဖြစ်သဖြင့် ဆရာကြီး၏ အချစ်ဆုံးတပည့်တစ်ဦးလည်းဖြစ်သည်။

နှစ်စေ့၍ ဌာနေသို့ ပြန်ရန် အချိန်ကျသောအခါတွင် မောင်ပေါက်ကျိုင်းမှာ မည်သည့် ပညာရပ်ကိုမှ တတ်မြောက်ခြင်းမရှိသည့်အတွက် ဆရာကြီးမှာ စိတ်မကောင်းဖြစ်မိသည်။ ထို့အတွက် သူ၏တပည့်အား အရေးကြီးသော စကားကြီးသုံးခွန်းကို မှတ်သားလိုက်နာရန် သင်ကြားပေးပြီး နေရပ်သို့ပြန်စေခဲ့သည်။

စကားကြီးသုံးခွန်း
မောင်ပေါက်ကျိုင်း သင်ကြားရရှိခဲ့သော စကားကြီး (၃) ခွန်းမှာ
မေးပါများစကားရ
သွားပါများခရီးရောက်
မအိပ်မနေ အသက်ရှည် ဟူ၍ ဖြစ်သည်။

သွားပါများခရီးရောက်
မောင်ပေါက်ကျိုင်းသည် ပညာသင်ကြားရာမှ ပြန်လာခဲ့ပြီးနောက် လမ်းတွင် “သွားပါများခရီးရောက်” ဆိုသော စကားအတိုင်း မိမိနေရပ်သို့ မပြန်ပဲ ခရီးနှင်ခဲ့သဖြင့် တိုင်းပြည်တစ်ပြည်သို့ ရောက်ရှိခဲ့သည်။ ထိုတိုင်းပြည်မှာ နန်းတက်လာသော ဘုရင်ဟူသမျှ ချက်ချင်းသေဆုံးလေ့ ရှိသဖြင့် ဘုရင်လုပ်ဝံ့သူမရှိဘဲ မင်းလောင်းကို ရှာဖွေနေသော တိုင်းပြည်ဖြစ်သည်။ မောင်ပေါက်ကျိုင်းသည် တရစပ်ခရီးနှင်လာခဲ့သဖြင့် ထိုတိုင်းပြည်သို့ အရောက်တွင် မောပန်းကာ အိပ်ပျော်သွားခဲ့သည်။

ထိုအချိန်တွင် မင်းလောင်းရှာဖွေရန် လွှတ်လိုက်သော ဖုသ်သွင်းရထားမှာ မောင်ပေါက်ကျိုင်း အိပ်နေရာနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသဖြင့် မောင်ပေါက်ကျိုင်းကို မှူးမတ်တို့က ဘုရင်အဖြစ်လက်ခံရန် ပန်ကြားခဲ့သည်။ မောင်ပေါက်ကျိုင်းမှာ ထိုတိုင်းပြည်၏ အကြောင်းကို ရေရေရာရာ မသိသဖြင့် ဘုရင်အဖြစ်ကို ဝမ်းမြောက်ဝမ်းသာပင် လက်ခံခဲ့သည်။

မေးပါများစကားရ
မောင်ပေါက်ကျိုင်းသည် ဘုရင်ဖြစ်လာပြီးနောက် စကားကြီးသုံးခွန်းထဲမှ မေးပါများစကားရ ဆိုသော စကားကို အမှတ်ရခဲ့သည်။ ထို့ကြောင့် ဘုရင်ဖြစ်ဖြစ်ချင်းပင် တိုင်းသူပြည်သားတို့နှင့် စကားစမြည်ပြောဆိုပြီး မင်းလောင်းရှာဖွရေသည့် အကြောင်းကို မေးမြန်းမိသည်။ ထိုအခါ ဤတိုင်းပြည်ရှိ ဘုရင်အားလုံး နန်းတက်ပြီးလျှင် နောက်တစ်နေ့၌ နတ်ရွာစံ ကံတော်ကုန် လေ့ရှိကြောင်း စုံစမ်းသိရှိခဲ့သည်။

မအိပ်မနေအသက်ရှည်
ဘုရင်ဖြစ်လာသော မောင်ပေါက်ကျိုင်းသည် ညဖက်တွင် အလွန်ငိုက်မျဉ်းလာသော်လည်း မအိပ်ပဲ မိဖုရားကိုသာ အိပ်စေကာ သူ၏ စက်ရာတွင် ငှက်ပျောတုံးတစ်တုံးကို ချထားသည်။ သူ၏ စိတ်ထဲ၌ မအိပ်မနေ အသက်ရှည် ဟူသော စကားကိုသာ အမှတ်ရနေသည်။

ညသန်းခေါင်သို့ ရောက်သောအခါမိဖုရား၏ ချစ်သူ နဂါးက အိပ်ခန်း အတွင်းသို့ ဝင်လာပြီး ငှက်ပျောတုံးကို မောင်ပေါက်ကျိုင်းအမှတ် နှင့် ပေါက်သတ်သည်။ ထိုအခါ သူ၏ အစွယ်မှာ ငှက်ပျောတုံးတွင် ကပ်ငြိပြီး ခွာမရ ဖြစ်နေလေသည်။ မောင်ပေါက်ကျိုင်းက ထိုအချိန်ကို အခွင့်ကောင်းယူပြီး နဂါးကို ဓားနှင့်ပိုင်း၍ သတ်လိုက်လေသည်။

မိဖုရား၏ စကားထာ

သူမ၏ ချစ်သူနဂါးကို မောင်ပေါက်ကျိုင်းက သတ်ပစ်သည့်အတွက် မိဖုရားမှာ မကျေနပ်ပဲ မောင်ပေါက်ကျိုင်းကို အလောင်းအစား တစ်ခုလုပ်ရန် စိန်ခေါ်သည်။ မောင်ပေါက်ကျိုင်းက လက်ခံသော အခါတွင် မိဖုရားက သူမ မေးသော စကားထာကို ဖြေနိုင်ပါက ဘုရင်အဖြစ်ဆက်လက်စိုးစံနိုင်ပြီး မဖြေနိုင်ပါက အသတ်ခံရမည်ဟု ဆိုသည်။

ထို့နောက်မိဖုရားက မောင်ပေါက်ကျိုင်းအား “ရာပေးလို့ဆုတ် ထောင်ပေးလို့ချုပ် ချစ်တဲ့သူအရိုး ဆံထိုးလုပ်” ဟူသော စကားထာကိုဝှက်သည်။ မောင်ပေါက်ကျိုင်းသည် ထိုစကားထာကို ကြားပြီးသော အခါ အဖြေကို စဉ်းစားမရနိုင်သဖြင့် ရရက်စောင့်ဆိုင်းရန် အချိန်တောင်းယူပြီး စိတ်ပျက်လက်ပျက်ဖြင့် ဥယျာဉ်တော်အတွင်းသို့ ထွက်လာခဲ့ပြီး မည်သို့လုပ်ရမည်မသိဖြစ်နေခဲ့သည်။

သို့ရာတွင် သတင်းကြားဖြင့်လိုက်လာသော မောင်ပေါက်ကျိုင်း၏မိဘနှစ်ပါးက အစာကြွင်းစွန့်သည်ကိုလာစားသည့် သစ်ပင်ပေါ်မှ ကျီးဖို၊ ကျီးမ နှစ်ကောင် စကားပြောနေသည်ကို (မဂဓဘာသာစကားနားလည်ကြသဖြင့်) နားစွင့်ကြည့်မိကြသည်။

ကျီးဖိုက ကျီးမအား လတ်တလော လူအများစိတ်ပါဝင်စားနေကြသည့် မိဖုရားကြီး၏ စကားထာအကြောင်းပြောပြသည်၊ ကျီးမက ဆက်လက်မေးမြန်းရာ ဤတိုင်းပြည်ရှိ မိဖုရားက မောင်ပေါက်ကျိုင်းအား စကားထာဝှက်သည်ကို မဖြေနိုင်သဖြင့် အသတ်ခံရတော့မည်ဖြစ်ကြောင်း ပြောသည်။

ကျီးမက ကျီးဖိုအား စကားထာ၏ အဖြေအကြောင်းကို မေးသောအခါ ကျီးဖိုက သေသွားသောနဂါးမှာ မိဖုရားကြီး၏ ချစ်သူမှာဖြစ်ပြီး သူမ၏ချစ်သူ နဂါးသေသွားသောအခါ အသပြာတစ်ရာပေး၍ အရေကိုဆုတ်စေသည်။ ထို့နောက် ထိုအရေခွံကို အသပြာတစ်ထောင်ပေး၍ အိပ်ရာချုပ်စေပြီး နဂါး၏ အရိုးကိုမူ ဆံထိုးလုပ်၍ ပန်ဆင်ထားသည့်အကြောင်းများကိုဝှက်ကြောင်းရှင်းပြသည်ဟုဆိုသည်။

မိဘများထံမှတဆင့် စကားထာ၏ အဖြေကိုသိရသော မောင်ပေါက်ကျိုင်းသည် အဖို့ မိဖုရားအား စကားထာ၏ အဖြေကိုပေးနိုင်သွားလေတော့သည်။ ထို့နောက်တွင် မောင်ပေါက်ကျိုင်းအတွက် ရန်ရှင်းသွားပြီ ဖြစ်သဖြင့် ဘုရင်အဖြစ်နှင့် ဆက်လက်စိုးစံလေတော့သည်။
မျက်မမြင်သားတော် ၂ပါး
မောင်ပေါက်ကျိုင်း၏ မိဖုရားကြီးမှ နောင်အခါတွင် အမြွှာ သားတော် ၂ ပါးကို ဖွားမြင်သည်။ ထိုသားတော် ၂ ပါးစလုံးမှာ မျက်စိမမြင်ပဲ မဟာသမာ္ဘဝနှင့် စူဠာသမာ္ဘဝဟုတွင်သည်။

ဘုရင်သည် သားတော် နှစ်ပါးကို သမားတော်အမျိုးမျိုးနှင့် ကုသသော်လည်း အရွယ်ရောက်သည်အထိ မည်သို့မျှကုသ၍ မရပေ။ ထို့ကြောင့် ရှက်ခြင်းဖြစ်၍ သားတော် နှစ်ပါး ကို ဖောင်ပေါ်တွင် တင်၍ ဧရာဝတီမြစ်အတွင်းသို့ မျှောစေသည်။ *(မဟာသမာ္ဘဝနှင့် စူဠာသမာ္ဘဝသည် သရေခေတ္တရာမင်းများ ဖြစ်လာသည်။)

ဧရာဝတီမြစ်အတွင်းမျှောခြင်း
မဟာသမာ္ဘဝနှင့် စူဠာသမာ္ဘဝညီနောင်အား ဖခမည်းတော်က ဧရာဝတီမြစ်အတွင်းသို့ မျှောလိုက်စေရာတွင် မသိုးထမင်းမသိုးဟင်းရိက္ခာများကိုထည့်ပေးလိုက်သည်။

စစ်ပင်ကြီးကိုင်းကျနေရာ (ယခုအခါ စစ်ကိုင်း) အရောက်တွင်ညီနောင်နှစ်ဦးလုံး အမြင်အာရုံမရှိသည်ကိုအခွင့်ကောင်းယူ၍ သူတို့အစာစားစဉ် စန္ဒမုခိ ဘီလူးမက အသံတိတ်ဝင်ရောက်ခိုးစားသည်။ ဤသည်ကိုလက်ဦး၌မသိသော်လည်း အစားအစာများ လျှင်မြန်စွာလျော့နည်းလာသည်ကိုရိပ်မိပြီး ထက်မြက်သော မင်းသား နှစ်ပါးက ဘီလူးမ၏ လက်ကိုဖမ်းဆီးနိုင်ခဲ့သည်။

ဘီလူးမက သူ့အားမသတ်ရန် တောင်းပန်၍ မင်းသားတို့အား လိုအပ်သမျှကူညီမည်ဟု ပြောသည်။ မင်းသား နှစ်ပါးက ဘီလူးမအား သူတို့၏ မျက်စိကို ဆေးကုပေးရန် တောင်းဆိုသည်။ ဘီလူးမက မင်းသား နှစ်ပါး၏ မျက်စိကို ဆေးစ၍ ကုသော နေရာကို ယခုအခါ ‘စကု’ ဟုတွင်၍ မင်းသား နှစ်ပါး မျက်စိစတင်အလင်းရသော နေရာကို ယခုအခါ ‘စလင်း’ ဟုတွင်သည် ဟု ပြောစမှတ်ပြုကြသည်။

သရေခေတ်တရာသို့ ရောက်ရှိခြင်း
မင်းသား နှစ်ပါးသည် ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်မျှောလာခဲ့ပြီးနောက် ယခုပြည်မြို့တည်ရှိရာ သရေခေတ္တရာမြို့အနားသို့ ဆိုက်ရောက်သည်။

ထိုနေရာတွင် ရသေ့ကြီးတစ်ပါး၏ တောထွက်တရားအားထုတ်ရာအနီး စွန့်မြဲဖြစ်သော ကျင်ငယ်ရေကို အစဉ်လာသောက်သည့် သမင်မမှ ဗေဒါရီ ဆိုသော လူသားသမီးငယ် ဖွားမြင်ခဲ့သည်ဟု ဒဏ္ဍာရီတွင် ဆိုသည်။ ရသေ့ကြီးသည် သမီးငယ်အား အဓိဌာန်ဖြင့် လက်ညှိုးမှ နို့ချိုထွက်စေကာ ကျွေးမွေးပြုစုခဲ့သော်လည်း ဗေဒါရီ အရွယ်ရောက်လာပြီးနောက် ကျောင်းသင်္ခန်းနှင့်မအပ်စပ်သော သူ့ကို အလိမ္မာသုံး၍ ဘူးသီးတစ်လုံးတွင် အပ်ပေါက်ထက်အနည်းငယ်မျှကြီးသော အပေါက်တစ်ခု ဖောက်ကာ နေ့စဉ် မြစ်အတွင်းသို့
ရေခပ်တာဝန်ပေးစေလွှတ်ထားသည်။ ထိုရေထည့်သည့် အပေါက်မှာ အလွန်သေးငယ်သည့်အတွက် ရေပြည့်ရန် အလွန်ပင်ကြာမြင့်သည်။

ထို့ကြောင့် ရသေ့သည် ဗေဒါရီ မရှိသောအချိန်တွင် စိတ်ဖြောင့်လက်ဖြောင့် တရားအားထုတ်နိုင်သည်။
သရေခေတ္တရာသို့ ဆိုက်ရောက်လာသော အခါ မင်းသားနှစ်ပါးသည် ဗေဒါရီ နှင့် မြစ်ကမ်းတွင် ဆုံမိကြသည်။ ဗေဒါရီ ရေခပ်နေသည်ကို မြင်သောအခါ စူဠာသမာ္ဘဝ က ဗူးသီးမှ အပေါက်ကို သံလျက်နှင့် ချဲ့ပေးသဖြင့် ရေကို အလွယ်တကူ ခပ်၍ ရသွားသည်။

ကျောင်းသို့ အလျင်အမြန်ပြန်ရောက်လာသောအခါတွင် ရသေ့က အကျိုးအကြောင်းမေး၍ မင်းသား နှစ်ပါးနှင့် တွေ့ခဲ့ကြောင် ပြောသောအခါတွင်
ကျောင်းသင်ခန်းသို့ ခေါ်လာစေသည်။

နောက်တွင် သရေခေတ္တရာတွင် မင်းဆက်ပြတ်သွားသောအခါ၌ စူဠာသမာ္ဘဝသည် သရေခေတ္တရာကို သိမ်းပိုက်အုပ်ချုပ်သည်ဟု အဆိုရှိကြသည်။ မဟာသမ္ဘဝ မှာမူ စန္ဒမုခိဘီလူးမနှင့် ချစ်ကြိုးသွယ်မိပြီး ဗိဿနိုးမြို့ကို ထူထောင်ကာ နေထိုင်သည် ဟု ဆိုကြသည်။ မဟာသမ္ဘဝ နှင့် စန္ဒမုခိတို့မှ သမီးတော် ပန်ထွာဘုရင်မ ကို ဖွားမြင်သည်။

About kai

Kai has written 1040 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.