အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၁၇
“We’ve seen nationalism distorted into nativism, forgotten the dynamism that immigration has always brought to America,” George W. Bush (October 19, 2017)
ထရမ့်ခေတ် လူဖြူကြီးစိုးရေးဖြစ်လာမှုကို သမ္မတဟောင်းဘုရှ်က အထက်ပါအတိုင်းဖွင့်ပြောလာရသည်။ ကွန်ဆာဗေးတစ်တို့၏အမျိုးသားရေးဟူသည် အစိုးရပေါ်လစီတွင်သွား၍တုတ်စည်းမိသည်ရှိသော် အမေရိကားပြည်တည်ထောင်ထားခြင်း၏ မူလရည်ရွယ်ချက် ကမ္ဘာသစ်နှင့်အမေရိကန်အိပ်မက်တို့ကိုပင် ပျက်ပြယ်ထိခိုက်စေလေသည်။ တကယ်တော့ ရှေးရိုးစွဲတို့၏ အမျိုးသားရေးဟူသည် တံခါးပိတ်ဝါဒဆီသို့သာ ဦးတည်စေ၍ အမေရိကနိုင်ငံကဲ့သို့ ရှေ့မှတွက်လျှင် ၁ဝထဲပါသည့် တိုင်းပြည်မျိုးသည်ပင် ခံနိုင်ခြင်းမရှိရာတည်း။
သို့ဆိုသော် မြန်မာပြည်ကဲ့သို့ နောက်မှတွက်လျှင် ၁ဝထဲဝင်သည့်နိုင်ငံအတွက်ကား ဆိုဖွယ်မရှိ။
ချိုင်းနားသည် ဆိုရှယ်လစ်ဝါဒနှင့် သူ၏ခေတ်သစ်ထောင်ကာ ကမ္ဘာကိုအုပ်စိုးမည်ဟု ယခုအောက်တိုဘာကွန်ဂရက်မှ ကြွေးကြော်နေပြီ၊ ဂျပန်သည် သူ၏ဖက်ဆစ်ဂျပန်စစ်အင်အားနိုင်ငံအဖြစ်ကို စွန့်လွှတ်ခဲ့ရသော စစ်နိုင်အမေရိကား၏ထိန်းချုပ်မှုအောက်မှ အခြေခံဥပဒေကိုပြင်ရန်အသင့် တဆင့်တက်ပေတော့မည်။ တောင်ကိုရီးယားသည်လည်း ကမ္ဘာ့ဖွံ့ဖြိုးနိုင်ငံ၏ကြွယ်ဝခြင်းသို့ရောက်ပါပြီ။ အနုမြူကို”သေ”လာသော မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ဒုံးများကိုလည်း အောင်မြင်စွာစမ်းသပ်နိုင်ခဲ့၏။ ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အားလုံးအတက်ကြီးချည်းပင်။
အာရှသားတို့ နေရာပြန်ယူကြလေပြီ။ ကမ္ဘာ့အကြီးကျယ်ဆုံးအင်ပါယာထူထောင်သွားနိုင်သော မွန်ဂိုတရုတ်ဧက္ကရာဇ် ကူဘလိုင်ခန်ခေတ် (၁၂၇၉) မှတွက်လျှင် နှစ်၇၀ဝကျော်ကြာမှ ကမ္ဘာ ့ရှေ့တန်းပြန်ဝင်လာနိုင်ခဲ့သည်ဖြစ်ပါ၏။
ယူကေသည် ဥရောပသမဂ္ဂမှနှုတ်ထွက် Brexit ကာ ကျဆုံးခြင်းလမ်းပေါ်စတက်မိချေပြီ။ ဥရောပမှာ အကြွေးလည်ပင်းနစ်၊ သက်ကြီးဖြစ်လျှက် နောင်ဆယ်စုနှစ်များတွင် အာရှသို့အလှည့်ပေးရတော့မည့် အခြေအနေ။ အမေရိကားမှာမူ သမ္မတထရမ့်၏ တွစ်တာနှင့် အုပ်ချုပ်မှုအောက်ဝယ် “အမေရိကပထမ”ဆောင်ပုဒ်နှင့် တံခါးပိတ်ဝါဒသို့ ချီတက်နေပါ၏။ စစ်တမ်းများအရ ၂၀၅၅ တွင် အာရှသားတို့သည် ဟစ်စ်ပန်းနစ်တို့ကိုကျော်လျှက် အမေရိကား၏အများဆုံးပြောင်းခိုလူထုအဖြစ်ရောက်ရှိလာမည်ဖြစ်ရာ အမေရိကား၏ အကောင်းယူပေါ်လစီမပြင်မူကား နိုင်ငံသည်လည်း ထိပ်တန်းအဆင့်မှ ကျမည့်ပုံမပေါ်သေး။
ယခုခေတ်အခြေအနေတွင် မြန်မာတို့သည်ကား လှည့်ပါတ်ရင်ဆိုင်နေရသော ပြည်တွင်းစစ်အသီးသီးအပြင် ပွင့်ပေါက်ထွက်သွားသော ဘာသာရေးအခြေခံ တိုက်ပွဲကြီးတခုကို အနောက်တံခါးတွင်လည်းရင်ဆိုင်နေရပါသည်။ သန်းချီသော ရိုဟင်ဂျာနှင့်ဘင်္ဂလီများကိုပြန်လည်လက်ခံရမည်ဆိုငြား လက်တွေ့တွင်မူ လွန်ခဲ့သောနှစ်၃ဝမှစ၍အိမ်နီးနားချင်းနိုင်ငံများသို့ သန်းချီထွက်ပြေးသွားသည့် ဌာနေတိုင်းရင်းသား ကရင်၊မွန်၊ရှမ်းတို့ကိုပင် နေရာပေး၍ ပြန်မခေါ်နိုင်သေး။
တကယ်တော့ ထိုထိုအဖြစ်များအားလုံးသည် အလိုလိုမိုးပေါ်မှကျ၍မလာ၊ အကြောင်းအကျိုးဆက်စပ်၍ နိုင်ငံရေးမဟာဗျုဟာ အမြင့်ပေါ်လစီအကြောင်းတရားများမှ ထင်ရှားဖြစ်လျှက်လာသည်။
အားကိုးရာကိုရှာ၏။ သူတို့ကားမရှိ
ဒေါ်အောင်ဆန်းစုကြည်၏ဦးဆောင်မှုတို့သည် ထက်မြက်ပါ၏။ သို့သော် တဦးတည်းနှင့်ရှေ့ထွက်နေကာ ရှေ့ဘယ်ညာဝယ်လူမရှိ၊ ထီးထီးကြီးတည်နေဟန်တည်း။ အာဏာရှင်ဖြစ်မည်လားဟု အာဏာကုန်ထုတ်မသုံးငြား အစိုးရအကြီးအကဲလည်းဖြစ်နေပေရာ နောက်မှအသံ”မှန်လှပါ” တို့ဖြင့် သာသာယာယာသွားနေဟန်။
သူမ၏အသက်တမ်း၊ လွှမ်းမိုးပါဝါနှင့်ယှဉ်တွေးပါသော် မျိုးဆက်သစ်ခေါင်းဆောင်များကို ပုံလောင်း၊ပုံသွင်းနေရမည့်အစား အစိုးရတဖွဲ့လုံးမှတင်လာသမျှသော ပြဿနာအထွေထွေတွင် အလုပ်တို့ရှုပ်နေပုံရှိပါသည်။
သူမအကျယ်ချုပ်ကျနေစဉ်နှင့် မြန်မာနိုင်ငံရေးအခက်ကြုံနေစဉ်ကာလများတွင် အနစ်နာခံလုပ်ခဲ့သူတို့ကား ငေါင်လျှက်နေချေသည်။ ထိုထိုစဉ်ကာလများက ဘယ်ဆီရှိမှန်းမသိကြသူတို့ “မေမေစု”ကြကာ “ထစ်ဆို”လူအင်အားနှင့်ဖိကြသည်တွေ့ရသည်။
မှန်ပါသည်။ ကောင်းပါသည်။ ဤသို့ဤလျှင် လောကသဘာဝမဟုတ်လော။ သို့သော် တကယ်အလုပ်လုပ်မည့်သူများလိုသည်။ တကယ်လုပ်ခဲ့သူများကို ပြန်ခေါ်ရမည်။
ထိုစဉ်ခေတ်များက မြန်မာပြည်ဝင်ချသွားသော ပက်စီကိုလာကို ပြန်ထွက်သွားအောင်လုပ်နိုင်သူတို့ရှိဖူးသည်။ ယူနိုကယ်ကဲ့သို့ နိုင်ငံတကာရေနံကော်ပိုရေးရှင်းကြီးကို လျှော်ကြေးပေး၍ နှုတ်သိမ်းရအောင်လုပ်နိုင်သူတို့ရှိခဲ့သည်။ အမေရိကား၏အကောင်းဆုံးကျောင်းများမှထွက်၍ မြန်မာပြည်အပေါ်
စီးပွားရေးပိတ်ဆို့အရေးယူအောင်ဖိအားပေးနိုင်သူများခဲ့ကြသလို ကမ္ဘာသတင်းများတွင်လည်း ထိပ်စည်းချည်းကပ်နေအောင် စွမ်းနိုင်သူတို့ ထွက်ခဲ့ဖူးပါသည်။
ထိုသို့အရည်အချင်းရှိသူများ ယခုအဘယ်မှာနည်း။
အတိုက်အခံဖြစ်သွားသော ပြည်ခိုင်ဖြိုးပါတီမှလွှတ်တော်အမတ်များသည်လည်း လွှတ်တော်ထဲထိုင်နေလျှက်မှ ငုတ်တုတ်မေ့နေကြသလား?၊ လက်ရှိအစိုးရအဖွဲ့ပေါ်လစီတို့ကို တွန်းတိုက်ဝေဖန်သံမကြားရသလို ဥပဒေပြုရာတွင်လည်း တိုက်ခံဆွေးနွေးကြဟန်မရှိ၊ တပ်မတော်ကိုယ်စားလှယ်တချို့တွင်သာ အသံတချို့ထွက်လာငြား တင်သမျှဥပဒေကြမ်းတို့ကို ကန့်ကွက်လျှက်မှ ပြုဖြစ်သွားသည်များကြောင့် နိုင်ငံရေးပါးမဝစွာ စိတ်ပျက်ကြသည်လား၊ ပေါင်းစားဟန်ကျနေသည်လားမသိ။ လွှတ်တော်အမတ်ဦးရေ ၆၆၄နှင့် ငြိမ်လွန်းလှသည့် မဆလခေတ်သတိရစရာ ပြည်ထောင်စုလွှတ်တော်ကြီးတည်း။
သို့သော် မပြင်နိုင်သေးသော ၂၀၀၈အခြေခံဥပဒေကိုမပြင်ရစကောင်းသေးလားဟူသော အုပ်စုသည်လည်းရှိ၏။
ဦးဝင်းတင်ကိုယ်တိုင် ဦးဆောင်ကာ ရွေးကောက်ပွဲမဝင်ရန်လှုံ့ဆော်ဖူးသော်ငြား၊ သူကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်သဘောတူကာ ခွင့်ပြုခဲ့ဖူးငြား သူတချို့လည်း မာလျှက်နှင်နှင်ရှိသည်တွေ့ရပါသည်။
တိုင်းပြည်ချစ်စိတ်မှာ မည်သူတို့နှင့်မှမယှဉ်နိုင်လောက်အောင်ရှိကြပါ၏။ ထိုသူတို့၏ အင်အားပါဝါတို့လည်း အဟောသိကံဖြစ်လျှက်နေချေသည်။
၂၀၂ဝရွေးကောက်ပွဲ၏ ၃နှစ်နီးချိန်ခါရောက်ချေပြီ။ ၈၈ မျိုးဆက်တို့၏ပါတီဖွဲ့မည်ဆိုသည်ငြား အမည်ပင်မရသေး၊ ပွင့်လင်းလူ့အဖွဲ့အစည်း အမည်တပ်လျှက်မှ ပိတ်ပင်နှောင့်နှေးနေလေသည်။ နိုင်ငံရေးလုပ်ကြမည်ဆိုသည့် ကမ္ဘာ့အတွေ့အကြုံရှိသူတို့အတွက် အမတ်နေရာမဆိုထားနှင့် ဗီဇာပြည်ဝင်ခွင့်ပင် အနိုင်နိုင်၊
ငွေကြေးအင်အားထောက်ပံ့ပေးနိုင်သည့်သူလိုသည်။ ခရိုနီခေါ်သော ယခင်စစ်အစိုးရလက်ထက်ငွေကြေးရှင်များနှင့်လည်း အစေးမကပ်။ သူဌေးသစ်များအားလည်း မချည်းကပ်။
ပြည်တော်ပြန် မျှော်တိုင်းဝေး
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၁၆ အရ “နိုင်ငံသားတဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏နိုင်ငံသားအဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှရပ်စဲသည်။” ဟုဆိုထားပေရာ အခြားနိုင်ငံသားခံယူထားသူတိုင်းသည် အဆိုပါပုဒ်မအရ မြန်မာနိုင်ငံသားအဖြစ်မှ (မိမိ၏စိတ်ဆန္ဒအရမဟုတ်မူ၍) အလိုအလျှောက်ရပ်စဲခံထားရသူချည်းဖြစ်၏။
ထိုခေတ် မြန်မာနိုင်ငံနှင့် အာဏာရှင်ခေတ်နိုင်ငံရေးသမားများသည် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတိုင်းလိုလို ကျင့်သုံးနေသည့် Dual Citizenship ခေါ်သော ပူးတွဲနိုင်ငံသားစနစ်၏ ဆွဲစေ့ကောင်းကျိုးများကို သိနားလည်သူများမဟုတ်။
နယ်စပ်ကူးလူးဆက်ဆံနေရသော သူပုန်များ၊ စီးပွားရေးလုပ်နေသည့်တိုင်းရင်းသားစစ်စစ်များသည် နဝတ၊နအဖခေတ်များက အခြေအနေအလျှောက် ချိုင်းနား၊ ထိုင်း၊ အိနိ္ဒယ၊ ဒူဘိုင်း၊ ရုရှားစသည့်နိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များနှင့် နိုင်ငံသားခံထားကြရသည်။ ၁၉၈၈အရေးတော်ပုံ၏အခြေအနေအရ နိုင်ငံခြားရောက်ကြသူများမှာလည်း ရုံးကန်နေထိုင်နိုင်မှုအတွက် တပါးနိုင်ငံသားရယူထားသော တိုင်းရင်းသားစစ်စစ်များရှိကြပါ၏။
မူလဌာနေတိုင်းရင်းသားသန်းဂဏန်းဦးရေများအား မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် အာဏာရှင်ဦးနေဝင်းဦးဆောင်ပြုစုခဲ့သည့် နိုင်ငံသားဥပဒေအရ နိုင်ငံသားရုတ်သိမ်းခြင်းသည် ဖြစ်သင့်ပါ၏လော၊ မြန်မာ့ဒီမိုကရေစီအရေးတွင်ဦးဆောင်ခဲ့သူများ၊ တိုင်းရင်းသားများ မိမိမွေးဖွားကြီးပြင်းခဲ့ရာ”အဖပြည်”ကို ပြန်ရာတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ရန်လိုပါသလော။ ဤကိစ္စကို အလေးအနက်စဉ်းစားလုပ်စေလိုသည်။
တစ်လော၊ လစ်လော၊ တစ်လစ်လော
မြန်မာတို့သည် ယုံကြည်ဘာသာရေးအားဖြင့် ကွန်ဆာဗေးတစ်၊ “တစ်” များသာဖြစ်ကြ၍ ရှေးရိုးစွဲခြင်းသည် ယဉ်ကျေးမှု၏ အမြုတေပါသည်။
တကယ်တော့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သည် ထိုခေတ်က ဟိန္ဒူတို့၏ဘာသာရေးကို တွန်းလှန်ကာ ဇတ်ခွဲ၊မြတ်ကွဲများကြားမှ ရုန်းကန်တော်လှန်လာရသည့် “လစ်”လစ်ဘရယ်မူလသူဖြစ်သည်။ သို့ဆိုငြား နှစ် ၂၅၀ဝကျော်ခရီးဖြတ်ပြီးသော်အခါ မူလဟိန္ဒူသာသနာနှင့် ရောသမမွှေသည်ဖြစ်ပါ၍မြန်မာ့ယဉ်ကျေးမှုဆီကူးလာသောအခါ ရှေးရိုးစွဲသမားအဖြစ် မြန်မာတို့ကျကြရသည်။
အမေရိကား၏ နိုင်ငံရေးစနစ်သည် ပါတီနှစ်ခုကိုသာ အားပြုတည်မှီထားရာ လူ၏မူလဘယ်ညာ ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်တို့ကစားသည်မှလာ၍ တိုးတက်ခြင်းကိုသာ ရှေ့ရှုသည်။
ကွန်ဆာဗေးတစ်၊ ရှေးရိုးစွဲသည် အမေရိကနိုင်ငံတွင် ရီပါ့ဗလစ်ကန်င်တို့၏ လက်ရှိအာဏာရပါတီဖြစ်ပါ၏။ လစ်ဘရယ်သမား လွတ်ပြန့်စွဲသူတို့၏ပါတီကြီးကား ဒီမိုကရက်ပါတီဖြစ်သည်။ ပြင်သစ်နို်င်ငံရေးခုံခွဲထိုင်စနစ်အရ တစ်ကို ညာဟုခေါ်ကြ၍ လစ်ကို ဘယ်ဟုနေရာပေးသည်။
လစ်နှင့်တစ်တို့၏ အကြီးအကဲ ရွေးကောက်ခြင်းခံရသော သမ္မတတို့သည် တလှည့်စီဟုဆိုရမလောက်ပင် အမေရိကပြည်ကြီးကို ထိမ်းကြောင်းအုပ်ချုပ်သွားပါသည်။ လွှတ်တော်တွင်လည်း ± ၅% ခုံနေရာမျှလောက်နှင့် ပါဝါအားအပြန်အလှန်ထိမ်းညှိထားကြသည်။
ဘယ်ညာဟန်ချက်ညီကြ မဇ္ဈိမပဋိပဒါဖြစ်ကာ တိုးတက်ခြင်းသို့ရှေ့ရှုနေခဲ့သည်မှာ နှစ် ၂၀ဝ ကျော်ပေပြီ။ ဆက်၍လည်း ကျမည့်ကျဟန်မမြင်သေး။ သို့ဆိုသော် ဤလမ်းစဉ်သည် မှန်ကန်၍အစမ်းအသပ်ခံနိုင်သော လမ်းစဉ်မဟုတ်ပါလော။
သို့ပေသည့် တစ်လစ် ဖြစ်လျှင်ကား မလွယ်ရေးချမလွယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လစ်ဘရယ် “လစ်”ဖက်ကို ကူးချင်ဟန်ရှိသော်ငြား မူလစစ်သားဟောင်းကြီးများနှင့် ထေရာဝါဒမူလယဉ်ကျေးမှုတို့အရ “တစ်’နှင့်ရှုပ်ထွေးနေရာရောက်ပါသည်။
ဗကပခေတ်၏ ကွန်မြုနစ်၊ ဆိုရှယ်လစ်တို့အားသန်ခဲ့သော စာပေ၊အနုပညာနယ်သား လက်ဝဲသမားများသည်လည်း ကမ္ဘာ့အခြေအနေအရ ကျဆင်းခေတ်ရောက်သည်ဖြစ်၍ ချိန်ခွင်လျှာဟန်ချက်ဝင်မညှိနိုင်။ သို့နှင့် “လစ်”တို့အား အထူးလျှော့သွားကာ ကွန်ဆာဗေးတစ်-အမျိုး၊ဘာသာ၊သာသနာသမားတို့ကို ချွန်းလွှတ်ခဲ့သည်နှင့်သဘောတူပေသည်။ တိုင်းပြည်သည်”တစ်လစ်”ဘဝနှင့် ချွန်းလွတ်ဆင်၏ နင်းခြေခံခြင်းကာလသို့ဝင်လာနေပြီတည်း။
၂၀၂ဝနိုင်ငံရေးအတွက် ရင်လေးစရာမြင်ရပါသည်။
ဒီချုပ် ကွဲမည်လော။ ၈၈မျိုးဆက်တို့ ဝင်ယူနိုင်မည်လော၊ ပြည်ခိုင်ဖြိုးတို့ ပြန်လာမည်လော။ တိုင်းရင်းသားအုပ်စုတို့ ပြန့်ကွဲခွဲမည်လော။
အာဏာသိမ်းခြင်းကစားကွက်သည်ကား ဒေါ်အောင်ဆန်းစုကြည်ခေတ်တွင် မှေးမှိန်နေဦးမည် ထင်ပါသည်။
6 comments
ဇီဇီ
October 25, 2017 at 1:40 pm
ဟုတ်လက် ကန်းထရီးပါဗျာ။
ပြည်သူကိုက မညီတာ။
ဂျပန်တို့ ကိုရီးယားတို့ ဗီယက်နမ်တို့ ပြာပုံက ရုန်းထတဲ့ အနှစ်၂ဝ
ကျော်တို့ အနှစ် ၂၀ဝ လိုက်တောင်မှီမှာမဟုတ်။
🙁
kai
October 25, 2017 at 4:17 pm
ဟီး.. အဲဒါကြောင့်ပြောနေတာ..
.. စနစ်ကြောင့်မဟုတ်….
:k:
ဦးကျောက်ခဲ
October 25, 2017 at 11:25 pm
ညောင်နှစ်ပင်တုန်းက ဘွိုင်းကောက်လုပ်ပြီး ထွက်ခဲ့တာ အခု ညောင်နှစ်ပင်က ဆွဲထားတဲ့ ခြေဥနဲ့ပဲ စခန်းသွားနေရတာဆိုတော့ … ကုန်လွန်ခဲ့သော အချိန်များကိုလည်း နှမြော ၊ ခိုးသားလေးဆယ်လည်း အထုပ်ကြီးကြီးပိုက်မိဖို့ အချိန်ကောင်းကောင်းရသွားခဲ့တယ်လို့ပဲ “မဆင်မချင်” အတွေးပေါက်မိပါတယ် …
လက်ရှိမှာတော့ ၈၈-ပူးတွေက ခတ်ကွင်းပြင်နေတာနဲ့ပဲ ရွာသစ်ရောက် ၊ ဘုန်းတော်ကိုကြောက်ပြီး ရဲရဲဝံ့ဝံ့ လူထုအတွက် ထောက်ပြ ဝေဘန် ပြောဆိုနိုင်စွမ်းမရှိရင်တော့ ဘွားတော်အလွန် ဒီချုပ်နဲ့အတူ နိုင်ငံရေးသေတော့မယ် ။ ဖွတ်တွေကိုတော့ ထည့်မတွက်ပါ ၊ အစိုးရကောင်းလည်း မဖြစ်ခဲ့သလို အတိုက်အခံကောင်းလည်း ဖြစ်မလာ ။ လက်ရှိမှာ အစိုးရချွတ်ချော်သမျှ အပြုသဘောဆောင်ပြီး ထောက်မပြပဲ ၂၀၂ဝ မှာ ဂျင်းပြန်ထည့်ဖို့ အသံတိတ်စောင့်နေတယ်လို့ပဲမြင်၏ ။
ပစက္ခအခြေအနေကို ကွက်ကွက်ကွင်းကွင်းထောက်ပြပြီး လမ်းကြောင်းသစ်ချပြနိုင်မည့် လူစွမ်းကောင်းပေါ်လာရင်တော့ လက်ရှိနိုင်ငံရေးသမားတွေ အကုန်ဂွမ်းကြမှာ … :k:
ပြည်ပရောက်တွေကို ကန်ထုတ်လိုက်တာ အခု အရေးပေါ်တော့ … မှတ်ပြီလားလို့ လက်ရှိအစိုးရနဲ့ နောက်ပေါက် ခါတော်မီလော်ဘီတွေကို မေးလိုက်ချင်ရဲ့ …
ဒီချုပ်အနေနဲ့ ယောင်ဝါးဝါး မြင်းထိန်းငတာတွေကို စည်းကမ်းထိန်းဖို့ အချိန်တန်ပြီ … ။ ဒီချုပ်ပုံရိပ် ဘွားတော်ပုံရိပ်ကို ဆန့်ကျင်ဘက်ရလာဒ်ထွက်အောင် အတိုင်အဖောက်ညီညီ ပင့်ရိုက်နေသလား မှတ်ရတယ် …
ရင်လေးတယ်ဆိုရင်တော့ ဝမ်းလျားသာမှောက်နေပါ … မတ်တပ်ရပ်ဖို့ကြိုးစားရင် ခါးပါနာဖို့ရှိတယ် … :k:
kai
October 26, 2017 at 3:15 pm
အခုကြားရတဲ့အခြေအနေတွေအရ.. ခေါင်းမာနေတာ.. ဘွားတော်ဖြစ်နေသဗျ..။
ဟီး.. သမိုင်းဘီး ၂ပါတ်လည်ပြီး.. ဦးနေဝင်းနေရာများ ရောက်သွားပြီလားမသိ..။
ဆိုတော့…
နောက်နှစ်ဆန်းလောက်တော့..ဘွားတော် စိတ်ရှုပ်ပြီး ..” လုပ်ချင်တာတွေ.. အကုန်လုပ်ကြတော့ဟေ့..” ထအော်မယ်မှတ်ပါတယ်..။
ဆွမ်းကြီးလောင်းပွဲပေါ့..။
ပြင်ထား..။ :k:
ဦးကျောက်ခဲ
October 26, 2017 at 4:18 pm
မဆလ ဘိုနေဝင်းကို သူ့အပါးက အောက်ဆွဲ ေ-ာမ တစ်သိုက်က ထိုးဇာတ်ကလေးနဲ့ လူထုကြားမှာ ဘုန်းရှင်ကံရှင်အဖြစ် ပင့်ပေးကြတာလေး မှတ်မိတယ် ၊ ဘာတဲ့ … “ကသပဘုရားရှင်လက်ထက်ထဲက ပါရမီဖြည့်ခဲ့တဲ့ ဘီလူးမကြီး လူပြန်ဝင်စားတယ်” ဆိုပဲ ။ အဲသည့်လိုနဲ့ “အဖေကြီး” ဆိုပြီး ဝိုင်းပင့်လိုက်တာ အပင့်လွန်တော့ ဘဝင်တွေဟပ် လူထုနဲ့ကင်းကွာ ၈၈၈၈ မှာ ေ-ွးတက်ပြီး ခွေးကျကျရော ။ :k:
မြန်တျန့်တွေ ပုဂ္ဂိုလ်ရေးကိုးကွယ်တာ အားကြီး ကြောက်ဖို့ကောင်းတယ် ၊ တခြားနိုင်ငံ လူမျိုးတွေက ခေါင်းဆောင်သေခိုင်းလို့ သတ်ကြ / သေကြတာ ။ မြန်တျန့်တွေက ခေါင်းဆောင်ကို လေတံခွန်လွှတ်သလို အမြင့်ရောက်အောင်တင်ပြီး ကြိုးဖြတ်လွှတ်တာ … :k:
Thint Aye Yeik
October 26, 2017 at 7:49 pm
ဘုတ်ခနဲ ပြုတ်ကျ သွားတာထက် စာရင်တော့
“တစ်လစ်”ကလေး တွဲလောင်းနေရတာက သက်သာပါသေးတာယ်လေ
:k: