သီလဝိသုဒိ္ဓ

badbabylay09@gmail.comSeptember 3, 20101min2150

သီလဝိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု
အလွယ်နားလည်ထားနိုင်၏။
စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ဝိသုဒ္ဓိဟုဆိုလျှင်ကား
အထူးစင်ကြယ်ခြင်းဟု ဝိသေသတပ်ကာ ပြောနိုင်ပေ၏။ ဝိသုဒ္ဓိမဂ် ကျမ်းပြုဆရာ
အရှင်မြတ်က ဝိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ
ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို
ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက်
မဂ်ဉာဏ်များရရှိနိုင်စေရန်
လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။
သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း
လွတ်မြောက်ရာအမှန် ဝိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။
ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍
ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလဝိသုဒိ္ဓဖြစ်မှ
စိတ္တဝိသုဒ္ဓိဖြစ်ကာ စိတ္တဝိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ဝိပဿနာဉာဏ်
အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း
အသိပေး ဆုံးမကြခြင်း ဖြစ်၏။

သီလဟူသည်

သီလဝိသုဒ္ဓိဟူသော စကားတွင်ပါဝင်သည့် သီလ၏အဓိပ္ပါယ်နှင့်စပ်၍ “သူ့အသက်သတ်ခြင်း
အစရှိသည်ကို ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏
စေတနာစသော တရားတို့သည် သီလမည်ကြောင်း”
ဝိသုဒိ္ဓမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုရှင်းပြ၏။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်တွင်ကား
“သူ့အသတ်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို
ဖြည့်ကျင့်သောသူတို့၏ စေတနာသည် သီလမည်ကြောင်း၊ ထိုအကျင့်ကိုကျင့်သော
သူတို့၏ ရှောင်ကြဉ်မှု ဝိရတိစေတသိက်ခေါ် စေတသိကသည် သီလမည်ကြောင်း၊ ပါတိမောက္ခ
သံဝရ သီလစသော ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်ကြောင်း၊
သီလဆောက်တည်ထားသူ၏ ကာယဒွါရ ဝစီဒွါရ၌ဖြစ်သော
မကျူးလွန်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ်ခေါ် အဝီတိက္ကမသည် သီလမည်ကြောင်း”
စသည်ဖြင့် သီလ၏အဓိပ္ပါယ် အကျယ်ဖွင့်ပြထား၏။ ထို့ကြောင့် အထက်ပါအဖွင့်များအရ
သီလဟူသည် ရှောင်ကြဉ်ကြောင်း၊ ဖြည့်ကျင့်ကြောင်း၊
တားမြစ်ပိတ်ဆို့ကြောင်း၊ မကျူးလွန်ကြောင်း တရားများကို
လိုက်နာဖြည့်ကျင့်လျက်၊ ဆောင်ရန်ရှောင်ရန်များကို
စောင့်ထိန်းကျင့်သုံးနေသော သူ၏ စေတနာစသည်ကို ဆိုကြောင်း
နားလည်သဘောပေါက်နိုင်ပေ၏။

သီလအမျိုးအစားများ

သီလမှန်သမျှ ရဟန်းသီလ၊ လူသီလ စသည်ဖြင့် မည်သည့်သီလပင်ဖြစ်စေ “ကာယကံ၊
ဝစီကံတို့ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်လျက်
သိမ်းဆည်းသိုမှီးထားခြင်း” သီလန လက္ခဏာ ရှိသဖြင့် အကွဲအပြားမရှိ တစ်ပါးတည်း
ဖြစ်သော်လည်း
အမည်ပညတ်များအရ သီလအမျိုးမျိုး ရှိကြောင်း စာပေတွင် ဖွင့်ပြထား၏။
စာပေအဖွင့်များအရ သီလသည် စာရိတ္တသီလ၊ ဝါရိတ္တသီလစသည်တို့၏ အစွမ်းဖြင့်
နှစ်မျိုးနှစ်စား၊ ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ စသည်တို့၏ အစွမ်းအားဖြင့်
သုံးမျိုးသုံးစား၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္နသီလ၊ ဂဟဋ္ဌသီလ စသည်တို့၏
အစွမ်းအားဖြင့် လေးမျိုးလေးစား၊ ပဟာနသီလ၊ ဝေရမဏိသီလ၊ စေတနာသီလ၊ သံဝရသီလ၊
အဝိတိက္ကမသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးမျိုးငါးစား
ကွဲပြားကြောင်း စသည့် သီလ၏ကွဲပြားမှု အမည်နာမများကိုလည်း
သိရှိနိုင်ကြမည်ဖြစ်၏။ အခြားအမည်ကွဲများဖြင့် အစုများ အများအပြား
ရှိသော်လည်း ဤ၌ ဖော်ပြပါမျှသာ မိတ်ဆက်သဘောအားဖြင့် တင်ပြလိုပါ၏။
စင်စစ်သီလသည် မည်မျှပင်
အမျိုးအမည် ကွဲပြားသော်လည်း အစွမ်းသတ္တိမှာ “မည်သည့်သီလမဆို ကာယကံနှင့်
ဝစီကံတို့ကို ထိန်းသိမ်းစောင့်ရှောင်ခြင်း သီလန အစွမ်းသတ္တိ” ရှိနေခြင်းပင်
ဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်း၊
ကျင့်ဝတ်ပဋိပတ်များကို
ဖြည့်ကျင့်ခြင်းများကို ဖြည့်ကျင့်နေသူများသည် ကာယကံ ဝစီကံများကို
ထိန်းသိမ်းနေသူများ ဖြစ်သဖြင့် သီလဝိသုဒ္ဓိခေါ် သီလစင်ကြယ်ခြင်း
ရှိနေသူများဟု ဆိုခြင်းဖြစ်ပါ၏။

ဤ၌သီလနှင့် ပတ်သက်၍ အမျိုးအစား ကွဲပြားမှုများ ရှိကြောင်းစာပေတွင်
ဖွင့်ဆိုပြသည်မှာ ကျင့်ကြံလိုက်နာ သူများ၏ စိတ်စေတနာကို လိုက်၍
ကွဲပြားမှုများ ရှိနေသဖြင့် ထိုစေတနာသို့လိုက်ကာ အမည်နာမ သတ်မှတ်ပြရခြင်း
ဖြစ်ပေ၏။
နှစ်ပါးစုသီလ၊ သုံးပါးစုသီလ စသည်ဖြင့် ဖော်ပြရခြင်း ဖြစ်၏။

ဥပမာအားဖြင့် နှစ်ပါးစု သီလတွင် စာရိတ္တသီလ၊ ဝါရိတ္တသီလစသည်ဖြင့်
ခွဲခြားရာတွင် “မြတ်စွာဘုရားက ဤအရာကို ပြုကျင့်အပ်၏ဟု ပညတ်သော သိက္ခာပုဒ်ကို
ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်ကြောင်း၊ ဤအရာကို မကျင့်အပ်ဟု
တားမြစ်ပယ်အပ်သော အရာကို မပြုကျင့်ဘဲ ရှောင်ကြဉ်ခြင်းသည်
ဝါရိတ္တသီလမည်ကြောင်း” စသည်ဖြင့် ပြုကျင့်လိုက်နာသူများ၏ စေတနာအလိုက်
ခွဲခြားပြခြင်းဖြစ်၏။ ထို့အတူ သုံးပါးစု သီလတွင်လည်း “သူတပါးတို့
ချီးမွမ်းထောမနာ ပြုသည့်
အကျော်အစောကို နှစ်သက်တောင့်တသည်ဖြစ်၍ ဆောက်တည်ကြောင်း ဖြစ်သော သီလသည်
ဟီန(အညံ့စား)သီလ မည်ကြောင်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကို လိုလားတောင့်တ၍
ဆောက်တည်အပ်သော သီလသည် မဇ္ဈိမ(အလတ်စား)သီလ
မည်ကြောင်း၊ ဤအကျင့်သီလသည် အရိယာသူတို့ကောင်းတို့ ပြုသင့်ပြုအပ်သော
အရာဖြစ်သည်ဟု အရိယာသူတော်ကောင်း အဖြစ်ကို အမှီပြု၍ ဆောက်တည်အပ်သော သီလသည်
ပဏီတ (အကောင်းစား)သီလ မည်ကြောင်း” စသည်ဖြင့်
သုံးပါးကွဲပြားမှုကို ခွဲခြားပြ၏။ လေးပါးအစု သီလတွင်လည်း “ရဟန်းတော်များ
ဖြည့်ကျင့်ရမည့် ဝိနည်းသိက္ခာပုဒ်များသည် ဘိက္ခုသီလမည်ကြောင်း၊ ရဟန်းမများ
ပြုကျင့်လိုက်နာရမည့် ဝိနည်း သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်ကြောင်း၊
သာမဏေယောက်ျား၊ သာမဏေမိန်းမများ ကျင့်သုံးရသည့် ဆယ်ပါးသီလနှင့်
ကျင့်ဝတ်သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်ကြောင်း၊ လူပုဂ္ဂိုလ်များ
စောင့်ထိန်းရမည့် နိစ္စသီလခေါ် ငါးပါးသီလများနှင့် ရှစ်ပါး၊ ကိုးပါးစသည့်
ဥပုသ်သီလများသည်
ဂဟဋ္ဌသီလ မည်ကြောင်း” စသည်ဖြင့် လေးပါးအစု ဖြစ်ပုံကို ခွဲခြားပြခြင်း ဖြစ်၏။
ပါးပါးအစု သီလတွင်လည်း “သူ့အသက် သတ်ခြင်းကို ပယ်ခြင်းသည် ပဟီနသီလ
မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ဝိရတီသည်
ဝေရမဏိသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော
စေတနာသည် စေတနာသီလမည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ စောင့်စည်းပိတ်ဆို့ခြင်း
သံဝရသည် သံဝရသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းဟူသော
အကုသိုလ်အမှုကို မကျူးလွန်ခြင်းသည် အဝိတိက္ကမသီလ မည်ကြောင်း” စသည်ဖြင့်
ငါးပါးအစု ကွဲပြားပုံကို ခွဲခြားပြ၏။ ဤကား စာပေတွင် ဖွင့်ဆိုပြသည့်
သီလအမျိုးအစားများအကြောင်း မိတ်ဆက်တင်ပြခြင်းသာ ဖြစ်ပါ၏။ အကျယ်ကို
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် လေ့လာနိုင်ပါသည်။

ဤသို့ အမျိုးအမည်အားဖြင့် သီလအမျိုးမျိုး ကွဲပြားနေသော်လည်း အစွမ်းသတ္တိမှာ
အထက်တွင် ဆိုခဲ့သကဲ့သို့ ကာယကံနှင့် မနောကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
အစွမ်းသတ္တိသာ ဖြစ်သဖြင့် သီလစောင့်ခြင်းဖြင့် ကိုယ်နှင့်နှုတ်ကို
စောင့်စည်းပြီး
မိမိ၏ အကျင့်သီလကို ဖြူစင်စေရန် ကြိုးစားကြရမည်သာ ဖြစ်ကြောင်း ပညာရှိ
သူတော်ကောင်းများက အသိပေး ဆုံးမတော်မူခြင်း ဖြစ်၏။

သီလဖြူစင်ခြင်းနှင့် ညစ်နွမ်းခြင်း
သီလသည် စောင့်သူ၏ စေတနာသို့လိုက်ကာ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းများ
ရှိတတ်၏။ ထိုသီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်းတို့နှင့် စပ်လျဉ်း၍လည်း
“သီလကျိုးပြတ်ခြင်း အစရှိသည်တို့သည် သိလ၏ ညစ်နွမ်းခြင်းဖြစ်ပြီး
မကျိုးမပြတ်ခြင်း
စသည်သည် သီလ၏ဖြူစင်ခြင်းပင် ဖြစ်ကြောင်း” စာပေတွင် ဖွင့်ဆိုရှင်းပြ၏။
သီလကျိုးပြတ်သည်ဆိုရာတွင် သီလကျိုးပြတ်မှုကို ဖြစ်စေနိုင်သည့် လာဘ်လာဘ၊
အခြံအရံ အပေါင်းအသင်း၊ အသက်စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းများ၊
ကာမဂုဏ်မေထုန်နှင့် စပ်လျဉ်းသည့် အကြောင်းများ စသည်တို့ကြောင့်
ကျိုးပြတ်နိုင်ကြောင်းနှင့် သီလ၏ မကျိုးမပေါက်ခြင်းဟူသည် ခပ်သိမ်းသော
သိက္ခာပုဒ်တို့ကို မဖျက်ဆီး မလွန်ကျူးသော အားဖြင့်လည်းကောင်း၊ မေ့လျော့၍
ပျက်ကုန်
သော်လည်း ကုစားကောင်းသော သိက္ခာပုဒ်တို့ကို ကုစားသော အားဖြင့်လည်းကောင်း၊
မေထုန်အမှုများနှင့် ယှဉ်စပ်ခြင်း မရှိသော အားဖြင့်လည်းကောင်း၊ ထို့အပြင်
အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူတပါးကို

အတင်းအဖျင်းပြုခြင်း၊ မနာလိုခြင်း၊ ဝန်တိုခြင်း၊ လှည့်ပတ်ခြင်း၊
ကြွားဝါခြင်းစသည့် အယုတ်တရားတို့၏ မဖြစ်ခြင်းလည်းကောင်း၊ အလိုနည်းခြင်း၊
ရောင့်ရဲခြင်းစသည့် ဂုဏ်ကျေးဇူးတို့ကို ဖြစ်စေခြင်းဖြင့် လည်းကောင်း
စသည့်အကြောင်းများကြောင့်
သီလ၏ မကျိုးမပြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သီလဖြူစင်ခြင်း၊
သီလညစ်နွမ်းခြင်း အကြောင်းများကို နားလည်သဘော ပေါက်နိုင်ပေ၏။

သီလဝိသုဒ္ဓိဖြစ်ခြင်း

အထက်ပါ အဖွင့်များအရ ဤ၌ သီလဝိသုဒ္ဓိခေါ် သီလဖြူစင်ခြင်း၏ အဓိပ္ပါယ်ကို
“အကြင်သီလတို့သည် လာဘ်အစရှိသည်ကြောင့် မပျက်စီးကုန်၊ မေ့လျော့မှုကြောင့်
ပျက်ကုန်သော်လည်း တစ်ဖန်ကုစားခြင်းငှါ တတ်နိုင်ကောင်း၏၊ မေထုန်နှင့်
ယှဉ်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့်
မကောင်းမှုတို့ဖြင့် လည်းကောင်း မနှိပ်စက်ကုန်သည်လည်း ဖြစ်ကုန်၏၊
ထိုကဲ့သို့သော သီလမျိုးကို မကျိုးကုန်သော သီလ၊ မပေါက်ကုန်သောသီလ၊
မကျားမပြောက်ကုန်သော
သီလတို့ဟူ၍ လည်းကောင်း ဆိုအပ်၏၊ ထိုသို့ မကျိုးမပေါက် မကျားမပြောက်သော
သီလရှိသည်၏ အဖြစ်ကို သီလ၏ဖြူစင်ကြောင်း ဝေါဒါနဟု ဆိုအပ်၏..” ဟူသော
ဝိသုဒ္ဓိမဂ်အဖွင့်အတိုင်း သိရှိနိုင်မည်ဖြစ်၏။ ဆိုလိုသည်မှာ
သီလဝိသုဒ္ဓိဖြစ်ရန်
မိမိတို့၏ သီလကို စွမ်းနိုင်သမျှ မကျိုးမပေါက်စေရန်
သီလကျိုးပျက်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်းဖြင့် သတိတရား
လက်ကိုင်ထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

သီလဝိသုဒ္ဓိ၏ အကျိုး

ထိုသို့ သီလဖြူစင်၍ သီလနှင့် ပြည့်စုံခဲ့ပါလျှင်ကား မည်သူမဆို
သီလဝိသုဒ္ဓိဖြစ်သဖြင့်
၁။ မေ့လျော့မှု မရှိခြင်းဟူသော အကြောင်းကြောင့် စည်းစိမ်ဥစ္စာအစုကို
ရရှိခြင်း
၂။ ကောင်းသတင်းဖြင့် ကျော်စောရခြင်း
၃။ မည်သည့်ပရိတ်သတ် အတွင်းသို့ မဆို အကြောက်အရွံ့မရှိ ဝင်ရောက်နိုင်ခြင်း
၄။ သေခါနီးအခါတွင်လည်း တွေဝေကြောက်ရွံ့ခြင်းမရှိဘဲ သေနိုင်ခြင်း
၅။ သေပြီးနောက်တွင်လည်း ကောင်းသည့် သုဂတိဘုံဘဝတွင် ဖြစ်ရခြင်း ဟူသော
အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့် အပြင် အထက်အထက် မဂ်ဉာဏ်များကို
ရရှိစေနိုင်သည့် လှေကားစောင်းတန်း တစ်ခုသဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ
မိန်တော်မူခဲ့ပေ၏။ ထို့ကြောင့် သီလဝိသုဒ္ဓိဖြစ်မှုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်
မြတ်နိဗ္ဗာန်သို့ အထောက်အကူ ဖြစ်စေသည်သာမက အနီးဆုံးအကြောင်းအဖြစ် ပစ္စုပ္ပန်
သံသရာ နှစ်ဖြာ ကောင်းကျိုးများလည်း ဖြစ်စေနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် သီလဝိသုဒ္ဓိခေါ် သီလဖြူစင်မှုသည် မိမိတို့အတွက်
အလွန်အရေးပါသည့် အခြေခံ အကျင့်တရား ဖြစ်သဖြင့် အခြေခံ အကျင့်ကို
မကျိုးမပေါက်စေရန် စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးပြီး
သီလဖြူစင်ခြင်းဖြင့် စိတ်ကိုလည်း ဖြူစင်စေကာ
စိတ်ဖြူစင်မှုကို အရင်းပြုလျက် သမာဓိတည်အောင် ကြိုးစားရင်း သမာဓိကို
အခြေခံ၍ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ပန်းတိုင်
လှမ်းကိုင်နိုင်မည့် ဝိပဿနာဉာဏ်ကို ရင့်သန်စေရန် အထူးကြိုးစားသင့်ကြောင်း
ဆိုလိုရင်း ဖြစ်ပါ၏။
သီလဖြူစင်ခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန်
အားကိုးတစ်ခုအဖြစ် လက်ကိုင်ပြုသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ကျမ်းကိုး = ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ