2018/ဇွန်လထုတ်/ ရွှေအမြုတေမဂ္ဂဇင်းတွင်

ဖော်ပြပြီးတဲ့ ကျနော့် ဆောင်းပါးကို

သံယောဇဉ်တွယ်နေတဲ့ ဂဇက်ရွာထဲမှာ

မှတ်တမ်း ချန်ခဲ့ပါကြောင်း


 

 

 

 

ကဗျာစာအုပ်ပါးပါးအတွက် ဝေဖန်၊ခံစားမှုပါးပါး
ဆရာကျော်စွာခေါင်နဲ့ ဆရာမဝင့်ပြုံးမြင့် ၂ယောက် တွဲဆက် ရေးသားပြီး Journalist Publishing စာအုပ်တိုက်ကနေ ၂၀၁၈၊ မတ်လမှာ တန်ဖိုး ၂၀၀ဝိ/ကျပ်နဲ့ ထုတ်ဝေလိုက်တဲ့ “အချစ် ကဗျာများ” ဆိုတဲ့ ကဗျာစာအုပ်ခပ်ပါးပါးကို ကျွန်တော် ခပ်ပါးပါး ဝေဖန် / ခံစား ကြည့်ပါမယ်။
စကားအတင်း စပ်ပြီး ပြောရရင် ကျွန်တော်တို့ဆီမှာ စာပေ လေ့လာ/ ဝေဖန်သူတချို့က စာအုပ်တစ်အုပ်/ စာပေ အနုပညာ လက်ရာ တစ်ခုကို ဝေဖန်ရာမှာဖြစ်စေ၊ ခံစား ညွှန်းဆိုရာမှာ ဖြစ်စေ ပုံမှန်အားဖြင့် “SUBJECTIVISM” လို့ ခေါ်တဲ့ “ပရိသတ်အခြေပြု သီဝရီ” ကို ကိုင်စွဲမိတတ်ကြပါတယ်။ အားလုံး နားလည် ထားပြီးတဲ့ အတိုင်း ပရိသတ် အခြေပြု သီဝရီ သဘောတရားအရ အနုပညာပစ္စည်းတစ်ခုရဲ့ တန်ဖိုး၊ စံ၊ စနစ်တွေကို အကဲခတ် သတ်မှတ်ရာမှာ ခံစားသူ (သို့မဟုတ်) ပရိသတ်ရဲ့ အမြင်/သဘောထား/ ခံစား နားလည်မှုက အဓိက အခရာ ဖြစ်နေခဲ့ပါတယ်။ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးချိန်မှာ ကိုယ့် ခံစားမှုထဲ ကောင်းလိုက်တာ… ဆိုတဲ့ နှစ်သက်ကြည်နူးမှု ဖြစ်ပေါ်လာရင် အဲ့ဒီကဗျာကို အနုပညာပစ္စည်းကောင်း လို့ သတ်မှတ်ပြီး ကိုယ့်ခံစားမှုအရ နှစ်သက်ကြည်နူးမှု မဖြစ်ပေါ်ခဲ့ရင် ဒီကဗျာဟာ အနုပညာ ပစ္စည်းကောင်း မဟုတ်ဘူးလို့ လွယ်လွယ် သတ်မှတ်ကြတာမျိုးပါ။ အနုပညာပစ္စည်းတစ်ခုရဲ့ “တန်ဖိုး” ဟာ ဖတ်ရှု/ခံစား/လေ့လာသူရဲ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းပေါ်မှာ မူတည်ပြီး တန်ဖိုးတွေ ကွဲပြားသွားတဲ့ သဘောတရားမို့ အနုပညာဖန်တီးသူတွေ ဘက်က ကြည့်ရင် ဒီ သဘောတရားဟာ သိပ် လျော့ရဲပြီး အလေးအနက် မဆန်ရာ ကျပါတယ်။
ဒီဆောင်းပါးမှာတော့ OBJECTIVE RELATIVISM ဆိုတဲ့ သီဝရီ ဘောင်အတွင်းကနေ (အကျဉ်းချုံးပြီး) ခံစား/ဝေဖန်ဖို့ ကျွန်တော် ရည်ရွယ်ပါတယ်။ လိုသွားတာ ပိုသွားတာတွေ ရှိရင် ကျွန်တော့်ကို တန်ပြန် ထိန်းညှိပေးဖို့လည်း ပြောလိုပါတယ်။ သီဝရီ၊ သဘောတရားပိုင်းတွေကို အများကြီး ပြောနေရင် စာ နေရာ ကျယ်သွားမှာမို့ ဒီလောက်နဲ့ ကိစ္စ ဖြတ်ပြီး ကဗျာ/စာအုပ်ကိစ္စကို ဆက်ပါမယ်။
*********
ဒီကဗျာစာအုပ်ကို အပေါ်ယံ မြင်ရတာကနေ စပြီး ဝေဖန်ရမယ်ဆိုရင်တော့ ဒီစာအုပ်ဟာ အပြင်အဆင် နည်းနည်း မသေသပ်ဘူးလို့ ဆိုရမယ် ထင်ပါတယ်။ မျက်နှာဖုံး ပန်းချီကို ဖန်တီးသူက ကဗျာဆရာ/ပန်းချီဆရာ ကိုကျော်စွာခေါင် ကိုယ်တိုင်ပါပဲ။ တချို့ စာအုပ်တွေရဲ့ မျက်နှာဖုံး ပန်းချီလက်ရာတွေဟာ အတွင်းက စာသားတွေနဲ့ ချိတ်ဆက်မိပြီးပြီး ဒီပန်းချီထဲက ဒီအရောင်/ ဒီသင်္ကေတဟာ ဒီစာသားကို ကိုယ်စားပြုတာပါလား… ရယ်လို့ ခံစားနားလည်လို့ ရတဲ့ မျက်နှာဖုံး ပန်းချီ ဖန်တီးမှုတွေ အများကြီး ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ဒီစာအုပ်ရဲ့ မျက်နှာဖုံး ပန်းချီကို ကြည့်ရသလောက်တော့ ဘယ်အရောင်၊ ဘယ်သင်္ကေက ဘာကို ကိုယ်စားပြုထားတယ်၊ ဘယ်အဓိပ္ပာယ်ကို သိုဝှက်ထားတယ်ရယ်လို့ လိုက်ဖက်ညီအောင် ကျွန်တော် မတွဲဆက်နိုင်ခဲ့ဘူး။ ဒါဟာ မျက်နှာဖုံး ပန်းချီရဲ့ လိုအပ်မှုလို့တော့ ကျွန်တော် မပြောလိုပါ။ လိုအပ်တယ်ဆိုရင် ကျွန်တော့် ခံစား/နားလည်နိုင်စွမ်း အတိမ်အနက် လိုအပ်ချက်သာ ဖြစ်ပါလိမ့်မယ်။
တတယ်တမ်း ပြောရရင်တော့ စာအုပ်အပြင်အဆင် ဒီဇိုင်းပိုင်းဆိုင်ရာဟာ စွဲမက်လောက်စရာ ဖြစ်မနေပေမဲ့… မြန်မာပြည်ရဲ့ လက်ရှိ ကဗျာစာအုပ် ဈေးကွက် အခြေအနေအရဆိုရင်တော့ ဒီလောက် အပြင်အဆင်နဲ့ ထုတ်ဝေပေးတာကိုက တော်တော် အရဲစွန့်ရာ ရောက်ပါပြီ။ ကောင်းပါပြီ။ ကျွန်တော်နဲ့ အတူ စာအုပ်အတွင်းပိုင်းထဲက စာသားတွေဆီကို အခုပဲ သွားလိုက်ကြပါစို့။
********
တစ်ယောက်ယောက်ကို မညှာစတမ်း/ အမှန်အတိုင်း ပြောရမယ် ဆိုရင် ဒီ ကဗျာစာအုပ်ထဲက ကဗျာတွေထဲမှာ ဆရာ ကျော်စွာခေါင်ရဲ့ ကဗျာတွေကို ဖတ်ပြီးချိန်မှာ တွေးမိတဲ့ အတွေးက မြန်မာကဗျာလောကထဲမှာ ဆရာခေါင်လို ကဗျာသမားတွေ များများ ထပ်မံပေါ်ထွက်လာပါစေလို့ ဆန္ဒပြုမိတာပါပဲ။
ဘာကြောင့်လဲ။ ဘာကြောင့်ဆိုတာ မပြောခင် ဘယ်အရာတွေ ဆိုတာကို အရင် ပြောပါရစေ။ ဆရာခေါင်ရဲ့ ကဗျာ ၂၂ ပုဒ်ထဲမှာမှ ကျွန်တော့် ရင်ထဲ နှစ်သက်အားရမှုတွေ တလှိုက်လှိုက် ကျန်နေရစ်ခဲ့တဲ့ ကဗျာတွေ ရှိပါတယ်။ “မစ်ရှင်.. ၃၁ – ဝ၁” ၊ “မြင်းရိုင်း” ၊ “အိုး…”၊ “အဝေးဆီမှာ” ၊ “မာယာ” … စသည်…
အဲ့ဒီ ကဗျာတွေထဲမှာမှ “မြင်းရိုင်း” ဆိုတဲ့ ကဗျာကို ဖတ်ပြီး ဆရာခေါင်ရဲ့ ဝိညာဉ် မြင်းရိုင်းတွေနေရာကို ကိုယ်က ရောက်သွားလိုက်၊ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဝိညာဉ် မြင်းရိုင်းတွေနောက် ကဆုန်ပေါက် ပြေးလိုက်မိသလို ဖြစ်လား ဖြစ်ရဲ့။
“ချစ်မိနေပါရက်နဲ့
မချစ်ရက်အောင်ကို ပိုချစ်မိတဲ့အခါ
ချစ်ခြင်းတရား ဈာပနတစ်ခုကို
ကိုယ်တိုင် ဖန်တီးလို့…. ရင်ဖွင့်ခဲ့တယ် ပင်လယ်ကို။
ဇင်ယော်တွေ၊ လှိုင်းတံပိုးတွေ၊ ငါးတွေ…
ပင်လယ်နဲ့အတူ အံ့ဩစွာ တိတ်ဆိတ်လို့… ။”
အဲ့ဒီ ကဗျာတိုလေး နာမည်က “အိုးးး…” တဲ့။ ခေါင်းစဉ်ကိုက အံ့ဩတကြီး လွှတ်ခနဲ အော်ဟစ်လိုက်တဲ့ အာမေဍိတ်။ ကျွန်တော်လည်း (ကဗျာထဲက) သူ့လို “မချစ်ရက်အောင် ပိုချစ်တတ်ချင်ရင်းနဲ့” ဇင်ယော်တွေ၊ လှိုင်းတံပိုးတွေ၊ ငါးတွေနဲ့အတူ ပင်လယ်ဆန်ဆန် အံ့ဩလို့…။ ကျွန်တော်ကတော့ ဆူညံစွာ… ။ စိတ်ထဲမှာ Alarm တစ်ခုက ပဲ့တင်ထပ်မျှ မြည်နေတယ်။ ငါလည်း တစ်စုံတစ်ယောက်ကို မချစ်ရက်လောက်အောင် ချစ်ဖူးခဲ့သလား…၊ မချစ်ရက်လောက်အောင် ချစ်တတ်ခဲ့သလား…ရယ်လို့။
ကဗျာတစ်ပုဒ်ချင်းစီကို ဘယ်လို စနစ်နဲ့ ဘယ်လို နိမိတ်ပုံတွေကို ပြပြီး ဘယ်စကားလုံးလေးတွေ ဘယ်လို ဘယ်နည်းနဲ့ သုံးထားတယ် ဘာညာ… အသေးစိတ် ပြောနေရင် ဆောင်းပါး အလွန် ရှည်သွားမှာ စိုးလို့ အကျဉ်းချုံးပြီးပဲ ဝေဖန်ခံစားခဲ့ပါရစေ။
ဆရာခေါင်ရဲ့ ကဗျာတွေထဲမှာ ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေ၊ မာနတွေ၊ ထိရှ ခံစားမှုတွေ… ၊ ပြီးတော့ အလွမ်းတွေ၊ မျှော်လင့်ချက်တွေ… အများကြီးပဲ၊ နင့်ခနဲပဲ…။ တွေ့လိုက်ရတယ်။ ဆရာခေါင်ရဲ့ ကဗျာတွေက ဝိုင်ယစ်မူးပြီး ကဗျာဖတ်သူရဲ့ စိတ်နှလုံးကို တိုက်စစ်တွေ လာဆင်တယ်။
ဆရာခေါင် အနေနဲ့ ကဗျာတွေ ဒီထက်ပို၍ ရေးသား ဖော်ပြနိုင်ပါစေကြောင်းနဲ့ မြန်မာ စာပေလောကရဲ့ တစ်ထောင့်တစ်နေရာ ကဗျာနယ်ပယ်မှာ နေရာတစ်နေရာ ဝင်ယူဖို့ရာ တိုက်တွန်းပါကြောင်း။
*********

ဘာသာပြန်စာပေ ရေးသားသူတစ်ယောက် အဖြစ် သိကြတဲ့ ဆရာမ ဝင့်ပြုံးမြင့်တစ်ယောက် ကဗျာ စာအုပ် ထုတ်တယ် ကြားစဉ်ကတည်းက ကျွန်တော် မျက်ခုံးလှုပ်မိတယ်။ “လိုင်း စုံ”သွားတာပဲ ဖြစ်ပါစေကြောင်းနဲ့ “လိုင်း ကြောင်”သွားတာ မဖြစ်စေပါနဲ့လို့ ဆုတောင်းမိပါတယ်။ အခု သူ့ ကဗျာတွေ ဖတ်ပြီး နောက်မှာတော့ ကျွန်တော့် ဆုတောင်း ပြောင်းရမလို ဖြစ်သွားတယ်။
“ဆရာမ ဝင့်ပြုံးမြင့်တစ်ယောက် ပြေးပေါက် မမှားပါစေနဲ့” လို့။
ဘာသာရေးအရဖြစ်စေ…၊ လူမှုဝန်းကျင် ဓလေ့ထုံးတမ်းစဉ်လာတွေအရဖြစ်စေ…၊ ယဉ်ကျေးမှုနဲ့ စရိုက်သဘာဝတွေအရ ဖြစ်စေ…၊ အကဲဆတ်လှတဲ့ ကျွန်တော်တို့ တိုင်းပြည်အဝန်းအဝိုင်းထဲမှာ ဆရာမဝင့်ပြုံးမြင့် ရေးပြထားတဲ့ ကဗျာစာသားမျိုးတွေက မြင်တွေ့ရ ခဲလှပါတယ်။
အရဲစွန့်ပြီး ရေးတဲ့သူတွေ ရှိပေမဲ့ အရေအတွက် (အထူးသဖြင့် အမျိုးသမီး ကဗျာဆရာ ထဲမှာ) နည်းပါးနေတာကို ကြည့်ရင် တော်ရုံ သတ္တိ(လို့ ခေါ်မလား/ မိုက်ရူးရဲတယ်ခေါ်မလား မသိ) နဲ့တော့ ဒါမျိုး ရေးမှာ မဟုတ်ဘူးလို့ ကောက်ချက်ချချင်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ကဗျာ (၂၂) ပုဒ်ထဲမှာ အငြင်းပွားဖွယ်ရာ၊ မျက်မှောင်ကြုတ်ပြီး စဉ်းစားဖွယ်ရာ၊ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ချင်စရာ ကဗျာစာသားတွေ ပါနေပါတယ်။
ဥပမာ … “ချစ်ဆိပ်ရည်” ၊ “ရမ္မက်” ၊ “မှောင်နေဆဲပဲ” ဆိုတဲ့ ကဗျာ (၃)ပုဒ်ဟာ အမျိုးသမီးတစ်ယောက် အနေနဲ့ ရေးရဲ/ တွေးရဲ/ ချပြရဲလှတဲ့ စာသားတွေပါ။ သူမို့ မကြောက်မရွံ့ လို့ ပြောရမလိုပါပဲ။ (အထူးသဖြင့် “မှောင်နေဆဲပဲ”ဆိုတဲ့ ကဗျာဟာ အမျိုးသမီးငယ်တစ်ယောက် ခြုံထားတဲ့ ဝတ်ရုံစကို ရုတ်တရက် ချွတ်ချပြလိုက်တာကို မြင်လိုက်ရသလိုပဲ။
ကျောက်ခက်မိုးမျှော်တွေ
ကျောက်စက်ပန်းဆွဲတွေ
ချစ်စရာ့ ထောင်ချောက်လေးတွေနဲ့
လှချင်တိုင်း လှနေတဲ့ ကျမရဲ့တွင်းမှောင်မှောင်လေး။
(အဲဒီ ပထမအပိုဒ်ကို ဖတ်ရှုသူတွေ အနေနဲ့ ဘာကို ပြေးမြင်ယောင်မိပါသလဲ)

နှလုံးသား သော့နဲ့ ဖွင့်မှ
ပွင့်တဲ့တံခါးလေး ရှိတယ်
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး
လောင်းကြေး ထပ်ထားတယ်။
(ဟောဒီ ဒုတိယပိုဒ်ဟာ ပထမအပိုဒ်မှာ ကျွန်တော်တို့ မြင်ယောင်မိထားတဲ့ (အမျိုးသမီးတစ်ယောက်ရဲ့ အစိတ်အပိုင်းနေရာ) တစ်ခုခု မှန်းဆချက်ဟာ မှန်ကန်ကြောင်း အတည်ပြုနေသလိုပဲ။ ပြီးတော့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အချစ်ရေး/ အိမ်ထောင်ရေးကိစ္စမှာ ဓလေ့ထုံးတမ်းစဉ်လာတွေကို လိုက်နာတန်ဖိုးထားကြောင်းထိ တွေးဆကြည့်မိပါသေးတယ်။)
ပတ္တမြားရည်တွေ ရှုံးသွားတော့
စမ်းချောင်းလေး အရည်ပျော်တယ်
Spot တစ်မှာတော့
ဂမီ္ဘရတွေ … ခိုတွယ်။
(ခပ်ကြမ်းကြမ်း ဝေဖန်ရရင် ဒီအပိုဒ်ရဲ့ အပေါ်စာကြောင်း ၂ကြောင်းဟာ အမျိုးသမီးတွေရဲ့ menstruation period ကိစ္စကို ပြောနေသလားလို့တောင် တွေးမိပါတယ်။ ထုံးတမ်းအစဉ်အလာအရ တစ်ဆင့်နိမ့်တယ်လို့ ယူဆထားတဲ့ ကိစ္စတစ်ခုကို ပတ္တမြားရည်တွေ ဆိုတဲ့ စကားလုံးနဲ့ ချေဖျက်ပြီး တန်းမြှင့်ချင်နေတဲ့ သဘောထားလား။ ရေးသူပဲ အသေအချာ သိပါလိမ့်မယ်။ ဒီအပိုဒ်ရဲ့ တတိယစာကြောင်းနဲ့ စတုတ္ထစာကြောင်းတွေကို ပထမဆုံးအပိုဒ်ထဲက ကျမရဲ့တွင်းမှောင်မှောင်လေး ဆိုတဲ့ စာသားနဲ့ တွဲဆက် စဉ်းစားလိုက်တဲ့အခါ…။ ဆရာမ ဝင်ပြုံးမြင့်အနေနဲ့ ဦးပုည အဖတ် များထားသလားလို့တောင် တွေးမိပါရဲ့)
နောက်ဆုံး ကျန်တဲ့ တစ်ပိုဒ်ကို ဆက်ပြောမနေတော့ပါဘူး။ သူ ဘာကို ပြောချင်တာလဲ ကျွန်တော်တို့ ဖတ်မိတဲ့သူတွေ သိတယ်။ ဒါပေမဲ့ စိတ်နဲ့ပဲ သိလိုက်ပြီး စိတ်ထဲကနေပဲ ပြန်ပြောမိတဲ့ စကားတွေ ရှိလာတယ်။ ကိုယ့်အသံကိုကိုယ် ပြန်ကြားပြီးတော့လည်း ပြုံးမိတယ်။ အဲဒီကဗျာကို တခြား အမျိုးသမီးတစ်ယောက်ယောက်က ပျစ်ပျစ်နှစ်နှစ် ဝေဖန်စေ့ချင်တယ်။
အဲဒီ ကဗျာ(၃)ပုဒ်ထဲမှာ မိန်းမတစ်ယောက်ရဲ့ “အချစ်စိတ်ခံစားမှုတွေ”နဲ့ အတူ တွေ့လိုက်ရတာက “မြန်မာ့လူမှုဝန်းကျင်မှာ ထုံးတမ်းဓလေ့ အစဉ်အလာတွေကြား မပြောဝံ့ပဲ သိုဝှက်ထားရတဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ မဝံ့မရဲ ရမ္မက်တွေ” ကို ရဲရဲတင်းတင်း လှစ်ဟ ပြသထားတယ်လို့ ဝေဖန်ပါရစေ။
“ချစ်တယ်” ၊ “သစ္စာ” ၊ “နီနီနက်နက်” ၊ “သိမ့်” ၊ အဲ့ဒီ ကဗျာ (၄)ပုဒ်ဟာ ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်မျိုးနဲ့ ရေးထားသလား ထင်ရတဲ့ ကဗျာတွေပါ။ နားလည် လွယ်တဲ့ အရေးအသား/ စကားလုံးတွေ သုံးထားတဲ့ ကဗျာတိုလေးတွေ ဆိုပေမဲ့ ခရာတာတာရေးချနဲ့မှ ခရုတုတု ရေးထားတဲ့ ဆိုလိုချက်/ အကြောင်းအရာတွေက မိန်းကလေးတွေရဲ့ အကဲခတ်ရ ခက်လှတဲ့ စိတ်အခြေအနေတွေဟာ ဒီလိုလည်း ရှိပါလား၊ ဟိုလိုလည်း ရှိနေပါလား ရယ်လို့ တွေးတောပြီး နားမလည်ချင်စရာ။
“ကိုကိုနဲ့ ကျမ” ၊ “အချစ်ညီလာခံ” ၊ “နိုင်ငံတော် တူနှစ်ကိုယ်” ၊ “မှဲ့” ၊ “အချစ်ဝန်” ၊ အဲ့ဒီ ကဗျာ (၄)ပုဒ်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့ အချစ်စိတ်ကို ချစ်စရာကောင်းတဲ့ အဖွဲ့အနွဲ့လေးတွေနဲ့ ရေးထားတဲ့ ကဗျာလေးတွေ။
(သတိပြုမိတာ တစ်ခုက ဒီစာအုပ်ထဲက ကဗျာဆရာ(၂)ယောက်စလုံးဟာ ကဗျာထဲမှာ “ကျနော်” “ကျမ” ဆိုတဲ့ သတ်ပုံနဲ့ စကားလုံးတွေ သုံးထားကြတယ်။ “ကျွန်တော်”၊ “ကျွန်မ”လို့ မသုံးထားဘူး။ သူတို့အနေနဲ့ စာလုံးပေါင်း သတ်ပုံကို မသိတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော် သိနေတော့ သူတို့ တမင် လုပ်ချထားတာကို ကြည့်ပြီး ပြုံးမိတယ်။ ကဗျာဟာ ကဗျာပါပဲလေ…. အသံ၊ ရစ်သမ်တွေထက်များ သတ်ပုံက အရေးကြီးဦးမှာလား။ ဒါ… ကဗျာ၊ သတ်ပုံကျမ်း မဟုတ်။) ဆက်ပြောရရင် ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ကဗျာ (၂၂)ပုဒ်ထဲမှာ ပေါ့ပေါ့ပါးပါး ရေးထားပေမဲ့ နည်းနည်း ဒဿနဆန်တဲ့ ကဗျာ တစ်ပုဒ် ပါတယ်။ ကဗျာနာမည်က “ဘုရားသခင်ရဲ့ နိုင်ငံတော်”တဲ့။ ဖတ်ကြည့်ကြဖို့ ညွှန်းဆိုပါတယ်။ ကျန်တဲ့ အပုဒ်တွေကတော့ သိပ် အရသာ မတွေ့လှ။
*********
ဆရာကျော်စွာခေါင်ရဲ့ ကဗျာတွေထဲက အချစ်နဲ့ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ကဗျာတွေထဲက ရမ္မက်တချို့ကို တစ်စချင်းစီ ဆွဲထုတ် ခံစားမိပြီးတဲ့နောက်မှာတော့ ကဗျာတွေဟာ ဝိုင်တွေလို ရီဝေ ယစ်မူးစေတတ်တယ် ဆိုတာကို လက်ခံလိုက်ရတော့မယ် ထင်တယ်။
ဘာပဲဖြစ်ဖြစ်… “ကျန်းမာရေးအခြေအနေ သိပ်မကောင်းလှတဲ့ ကျွန်တော်တို့ရဲ့ မြန်မာကဗျာလောက”ထဲကို ဘယ်သံရော ညာသံပါ ပေးပြီး မကြောက်မရွံ့ ချီတက်လာတဲ့ ကဗျာသမား နှစ်ယောက်ကိုတော့ မြင်လိုက်ရပါပြီ။ သူတို့ အခုလို လက်သံ ပြောင်ပြောင်နဲ့ ကဗျာတွေ ရေးသား ထုတ်ဝေလိုက်တာကို ကြိုဆိုပါတယ်။
ကျွန်တော်တို့ရဲ့ ကဗျာကောင်းကင်ပြင်မှာ ကဗျာကြယ်ပွင့်လေးတွေ စုံညီစွာနဲ့ အခု လက်သည်ထက်ပို၍ လက်ပ ဖြာလင်းကာ ပြီးပြည့်စုံသော ကဗျာကောင်းကင်တစ်ခု ဖြစ်တည်လာဖို့ရာ ကဗျာသမား မိတ်ဆွေများ ဝိုင်းဝန်း တည်ဆောက်နိုင်ကြပါစေကြောင်း။ ။
သင့်အေးရိပ်
၂၀၁၈၊ ဧပြီ

 

 

About သင့်အေးရိပ်

သင့်အေးရိပ် has written 20 post in this Website..