မြန်မာ့ဂဇက် အယ်ဒီတာ့ သင်ပုန်း ၂၀၂၁ မတ်လ

kaiMarch 18, 20212min30550

ဖေဖော်ဝါရီ(၁)ရက်မနက်ဝေလီဝေလင်းအချိန်တွင် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးတက်၍ သမ္မတသစ်တင်မြောက်ရန်အသင့်ဖြစ်နေပြီးဖြစ်သည့် NLD အမတ် (၃၉၆)ဦး အပါအဝင် တရားဝင်ရွေးကောက်ခံကိုယ်စားလှယ်များအားလုံးကို နေထိုင်ရာနေပြည်တော်ရိပ်သာအသီးသီး၌ အကျယ်ချုပ်ထိန်းသိမ်းလိုက်ခြင်းဖြင့် စစ်အာဏာသိမ်းမှုဖြစ်ပါသည်။
တနိုင်ငံလုံးကျယ်ပြန့်စွာ တပြိုင်တည်းဖမ်းဆီးထိမ်းချုပ်ပြုလုပ်ခြင်းဖြစ်သဖြင့် ရွေးကောက်ပွဲမတိုင်မှီကထဲက နှစ်ချီအကြံကြီးကြံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဟု ထုတ်ဖေါ်ဖွဲ့စည်းခြင်းတည်း။

“မိဘလူထု တုံ့ပြန်မှု”
Silent, Boomer, X, Y, Z မျိုးဆက်ဟူသမျှ ၁၉၅၈,၁၉၆၂,၁၉၈၈ စစ်အာဏာသိမ်းတို့ခြင်း၏ခါးသီးမှုကို ကိုယ်တိုင်စီကခံစားဖူးကြသဖြင့် ယခု၂၀၂၁လူထုအုံကြွမှုသည် ပြင်းထန်ပါ၏။
အီစွတ်ပုံပြင်များထဲမှ “The Wasp and the Snake”ကိုသတိရစရာဖြစ်သည်။ “Kill you I will, even at the cost of my own life,” အမုန်းတရားသည် မိမိအသက်ပါရင်း၍ရန်သူကိုအပါခေါ် အလုံးစုံပျက်သုဥ်းရေးရောက်သည်အထိချိန်ဆလုပ်ကြခြင်းပါ။
နောင်ဘဝများရှိသည်ဟု ရိုးရာဓလေ့အရယုံကြည်သော မြန်မာအများစုကြီးသည် ဤသို့ဤနှယ် တဆုံးလက်စားချေရေးအထိ တွေးထားကြပြီဖြစ်ပုံရသည်။ သမ္မတဘိုင်ဒင်၏ တွစ်တာအကောင့်တွင်ပင် အနုမြူဗုံးကျဲချပေးပါအထိ ဖြစ်ကုန်သည်လည်းတွေ့ရမည်။

“သန္ဓေမှား တပ်မတော်”
ဒုတိယကမ္ဘာစစ်ကြီးကာလ (၁၉၄၁)က ဂျပန်ဖက်ဆစ်စနစ်မှ ၆လစစ်သင်တန်းယူ ကျေးရွာများမှ မိုက်သူ/ရဲသူများကို လက်နက်တပ်ဆင်ခြင်းဖြင့်တည်ထောင်စတင်ခဲ့သောမြန်မာတပ်မ‌တော်သည် ယခုခေတ်တွင် စစ်သားနှင့်တပ်တွင်းမိသားစု၊ မဆလ၊ပြည်ခိုင်ဖြိုးအမာခံပါတီဝင်များနှင့်စစ်ပြန်များပါပေါင်းလျှင်(၁၀)သန်းဝန်းကျင်အင်အားရှိ မဏ္ဏိုင်နေရာရောက်နေသော အဖွဲ့အစည်းဖြစ်၏။ ပြီးခဲ့သောရာစုနှစ်ဝက်တွင်း အစိုးရဝန်ထမ်းရာထူးကြီးများနှင့်
တိုင်းပြည်၏အရေးကြီးစီးပွားရေးများအားလုံးကိုလည်း မောင်ပိုင်စီးထားရကား တိုင်းပြည်ဟူသော တိုက်အိုကြီးအား အမြစ်တွယ်ကုတ်ကပ်ထားသော ညောင်ပင်ကြီးကဲ့သို့အခြေအနေမျှပင်။
မြန်မာ့ရေးရိုးမဏ္ဏိုင်ကြီးဖြစ်သော ဘာသာရေးအဖွဲ့အစည်းအစိတ်အပိုင်းအချို့နှင့်ပါ အစွန်းရောက်အမျိုးဘာသာသာသနာအကြောင်းပြသိမ်းသွင်းထားနိုင်လိုက်ရကား နိုင်ငံခြားသားလူမျိုးခြားပညာရှင် ဒေါက်တာစကော်လာများ ခန့်မှန်းတွေးသိနိုင်ခြင်းမရှိသည့် ပကတိအခြေအနေရယ်ပါ။ သင်ရိုးစာအုပ်ကြီးများတွင်မပါ။
တိုင်းပြည့်အာဏာ/ပါဝါနှင့်ငွေကြေး အလုံးစုံချုပ်ကိုင်ထားနိုင်ပြီး အနယ်ထိုင်ကျလာသောအခြေအနေတွင် ယခုကဲ့သို့အာဏာထပ်သိမ်းခြင်းသဘောကို ဤသူအနေဖြင့် စောကြောမမိ။ ညှိမရ ပုဂ္ဂိုလ်ရေးအရ ထိပ်တိုက်ဖြစ်သွားခြင်း တခုခုရှိလိမ့်မည်ဟုသာ။
ယခုအာဏာသိမ်းရာတွင် လူထုကြီးကို လျှော့တွက်လိုက်ပုံပေါ်သည်။ ဆန္ဒပြလူထုကို ဖြိုခွင်းရာတွင် ၂၀၁၆-၁၇ ရိုဟင်ဂျာလူမျိုးသုဥ်းဖြစ်အောင်လုပ်ခဲ့မှုကို မြို့ပြပေါ်တင် ကမ္ဘာမြင်အောင်လှစ်ဟသလိုဖြစ်သွားရကား နောက်ပြန်လှည့်မရတော့ပြီ။ ICC,ICJ တွင်အမှုဖြစ်ကာ နိုင်ငံခြားထွက်သွားမရ ဝရမ်းပြေးများဘဝရောက်သွားနိုင်သည်။ သို့ဆိုလျှင် မြန်မာနိုင်ငံအား လုံးဝချိုင်းနားပြည်အောက်ဝင်စေလိုက်ကာ မြောက်ကိုရီးယားကဲ့သို့ အလုံပိတ်နိုင်ငံလမ်းလျှောက်သွားနိုင်သည်တမုံ့။

“ကမ္ဘာ့ဒေသန္တရ အခြေပြ”
ခေတ်အချိန်အခါအရ ကမ္ဘာ့စူပါပါဝါ၂ပါး တင်းမာမှုရေချိန်မြင့်သို့ရောက်ချိန်ဖြစ်၏။ ရာစုနှစ်တခုမျှ ကမ္ဘာ့ပထမဖြစ်နေသည့် အမေရိကားသည် အဟုန်မြင့်တက်လာသောဒုတိယချိုင်းနားကို ထိပ်တိုက်ရင်ဆိုင်ရပေတော့မည်။
ပြီးခဲ့သည့်လက ဖြစ်လာနိုင်ခြေတို့ရေးပြီးပါပြီ။
ထိပ်တိုက်စစ်ဖြစ်သွားနိုင်ခြင်းကို ၁နှစ်မှ ၆နှစ်အတွင်းခန့်မှန်းထားကြသော်ငြား နှစ်နိုင်ငံလုံးတွင်ပြင်ဆင်စရာများရှိနေသေးသည်။ အမေရိကားသည် ၂၀၂၀က ကိုဗစ်ကြောင့်ကျဆင်းသွားသော စီးပွားရေးကိုပြန်ဆွဲတင်ရန် ပြည်တွင်းအာရုံစိုက်ရမည်ဖြစ်သလို ချိုင်းနားသည်လည်း သမ္မတရှီ၏အာဏာပါဝါကိုဆက်ထိမ်းချုပ်ထားနိုင်ရန် ၂၀၂၂၊ ၂၀ကြိမ်မြောက်ကွန်မြူနစ်ပါတီကွန်ဂရက်အတွက် ပြည်တွင်းနိုင်ငံရေးကစားရပေဦးမည်။

မတ်လ၁၂ရက်နေ့ကပြီးခဲ့သည့် Quad အစည်းအဝေးအရ မြန်မာနိုင်ငံအပေါ်ကို အာရုံစိုက်ထားခြင်းတွေ့ရသည်။ ချိုင်းနားသည် သူ၏ ကမ္ဘာ့အများဆုံးပမာဏသန့်စင်ထုတ်လုပ်နိုင်သည့် မြေရှားသတ္တုတွဲ ၁၇မျိုးများကို လက်နက်သဖွယ်ထား ထိမ်းချုပ်ကစားခြင်းကြောင့် အမေရိကားနှင့်ဂျပန်နိုင်ငံ၏ စစ်ရေးနှင့်အီလက်ထရောနစ်ပစ္စည်းများထုတ်လုပ်မှုထိခိုက်နေရသည်တွင် မြန်မာသည် ကမ္ဘာမြေရှားသတ္တုထုတ်လုပ်မှု တတိယနိုင်ငံအဆင့်တွင်ရှိသည်ကလည်း သတိထားစရာအချက်ပါ။
သို့သော် Quad မှအခါကောင်းကို ထိုင်စောင့်နိုင်သလောက် ချိုင်းနားအချိန်ဆွဲမနေနိုင်။
ချိုင်းနားသည် မြန်မာပြည်တွင်းဒေါ်လာဘီလီယန် ရင်းနှီးမြုတ်နှံထားရသဖြင့်သူ၏ ရင်းနှီးမြုတ်နှံမှုများလုံခြုံရေး သူ့နိုင်ငံသားများလုံခြုံရေး အကျိုးစီးပွားကာကွယ်ရန် တိုက်ရိုက်တာဝန်လည်းရှိ နေ့စဥ်နာရီနှင့်အမျှ အဆုံးအရှုံးအထိအခိုက်လည်းရှိနေသူဖြစ်ပါ၏။

မြန်မာအရေးကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာစူပါပါဝါများက တိုက်ရိုက်ဝင်စွက်ရန် မြန်မာလူထု၏ရေချိန်ကို ကြည့်နေကြရပုံပေါ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အ​ရေး အထူးကိုယ်စားလှယ် Thomas H. Andrews ၏ သတင်းစကားမှာ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာနိုင်ငံစစ်အစိုးရအားကန့်သတ်ပိတ်ဆို့မှုများကို စံနှုန်းအသစ်ဟု သတ်မှတ်ရလောက်အောင် အားကောင်းသောပူးပေါင်းညီညာသော လုပ်ဆောင်မှုဖြင့် မဆုတ်မနစ်လုပ်ဆောင်ရန်အချိန်ကျလာပါပြီ” ဟူ၍ဖြစ်၏။
ဒေသခံတိုင်းရင်းသားလက်နက်ကိုင်များရှိနှင့်ပြီးဖြစ်သည့်မြန်မာနိုင်ငံကို နိုင်ငံတကာမှဝင်စွက်ဖက်မည်ဆိုလျှင် လွန်ခဲ့သော ၁၀နှစ်၏အာရပ်နွေဦးထဲတွင် ယှဥ်ကြည့်စရာ နိုင်ငံများရှိသည်။ ‌ လစ်ဗျား၊ ဆီးရီးယားနိုင်ငံပုံစံမျိုးဖြစ်ပါ၏။ သို့မဟုတ် လွန်ခဲ့သောအနှစ်၃၀က ကူဝိတ်ပင်လယ်ကွေ့စစ်ပွဲ။

“၂၀၂၁ နွေဦးတော်လှန်ရေး Myanma Spring”
မြန်မာ့နိုင်ငံရေးကို ကြည့်တိုင်း “သားသုံးသား”ဟုဆိုကြသော ဘုရားသား၊စစ်သားနှင့်ကျောင်းသားကို ဒေါက်တိုင်ကြီးများပါဝင်မှုဖြင့်ထည့်စဥ်းစားသင့်သည်။ ဤသည်မှာ အင်္ဂလိပ်ကိုလိုနီဘဝမှစခဲ့သော အခြားနိုင်ငံများနှင့်မတူသည့် စာအုပ်ကြီးများနှင့်ကွဲလွဲချက်ဖြစ်နိုင်သည်။
ယခုနွေဦးတော်လှန်ရေးတွင် မဟနမှထုတ်ပြန်သည့်စာများ တရားမဝင်ထွက်လာသော်ငြား လွှမ်းခြုံကြည့်လျှင်အင်အား၄သိန်းမျှဘုရားသားတို့ တိတ်ဆိတ်လွန်းလှသည်ဆိုရပေမည်။ ထူးခြားချက်မှာ ငွေနှင့်အတွေ့အကြုံရှိ နိုင်ငံခြားရောက်/နေ သန်းချီသောမြန်မာများ၏ အထူးတက်ကြွလှုပ်ရှားမှုများနှင့်လူထုရွေးကောက်တင်မြောက်ထားသည့် ၅နှစ်အုပ်ချုပ်အသားကျပြီးသော အစိုးရတရပ်ရှိနေခြင်းဖြစ်၏။
ဒေသန္တရနှင့်ခေတ်အခြေအနေအရ ချိုင်းနားနှင့်ဆိုင်ကာတည်ထားသော အမေရိကနိုင်ငံဦးဆောင်သည့် အိန္ဒိယ။ ဂျပန်နှင့် သြစတေးလျှတို့၏ စစ်ရေးပူးပေါင်းမှုအဖွဲ့ Quad လည်း မြန်မာ့နွေဦးနှင့်ဘက်တူရှိနေသည်။
လက်ရှိစာရေးချိန်တွင် ပြည်တွင်းလူထုအုံကြွမှုပန်းလာဟန်ရှိပြီး CRPHနှင့် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံတကာရေးရာဆက်စပ်မှုများမှာမူ တိုးမြှင့်အားကောင်းလာနေပါသည်။ တဆင့်ချင်းတိုး၍ထုတ်ပြန်နေသောစာများအရ တော်လှန်ရေးကြီးနောက်ဆုတ်တော့မည်ဟန်မရှိ‌တော့သလို သတင်းစာရှင်းလင်းပွဲအရ နစကလည်း ညှိနှိုင်းရေးလမ်းကြောင်းပေါ်မတက်တော့ဟုဆိုထားသည်။
နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော CRPH နှင့် သမ္မတမန်းဝင်းခိုင်သန်း၏ယာယီအစိုးရအခြေအနေမှာ လောလောလတ်လတ်ဖြစ်နေဆဲသော ဗင်နီးဇွဲလားနိုင်ငံ၏ သမ္မတအရေးအခင်း(၂၀၁၉ဇန်နဝါရီ) နှင့်ဆင်သည်။ ကမ္ဘာမှအသိအမှတ်ပြုထားပြီး အစိုးရတရပ်အဖြစ်စွမ်းဆောင်နိုင်ခြင်းရှိ/မရှိ စောင့်ကြည့်နေကြသောအချိန်ကာလများဖြစ်၏။

ဖြစ်နိုင်ချေ(၆)ချက် အတိုချုပ်ချရေးပါမည်။
(၁) လူထုအုံကြွမှုကို အပြင်းအထန်နှိပ်ကွပ်။ နစကမှ၂၀၀၈‌ခြေဥစိတ်ကြိုက်ပြင်ဆင်။ စစ်နောက်ခံပြုပါတီတက်။
(၂) ကုလသမဂ္ဂ/အာစီယံတို့မှကြားဝင်ညှိ။ ရွေးကောက်ပွဲလုပ်။ စစ်အုပ်စုအများစုပါ ညွန့်ပေါင်းအစိုးရဖွဲ့။
(၃) တပ်တွင်းအာဏာပြန်သိမ်း။ မူလရွေးကောက်ပွဲရလဒ်အတိုင်းဖြစ်။ NLD နှင့်စစ်အုပ်စုညွှန့်ပေါင်းအစိုးရဖွဲ့။
(၄) လူထုအုံကြွ CDM နှင့်ဆက်၊ CRPH နှင့်တိုင်းရင်းသားလက်နက်ကိုင်များပေါင်းပြီးဖက်ဒရယ်စစ်တပ်ထောင်။ တပ်မတော်နဲ့ပြည်တွင်းစစ်ကြီးဖြစ်။ နိုင်ငံများစွာပေါ်လာ။
(၅) ယူအက်စ်/ချိုင်းနား ကြားဝင်ညှိ။ NLD အများစုနှင့်တိုင်းရင်းသားများညွန့်ပေါင်းအစိုးရဖွဲ့ ။ စစ်ခေါင်းဆောင်များICC တက်အရေးယူခံရ။
(၆) ယူအက်စ်အကူအညီပေး ။ စစ်တပ်ခေါင်းဆောင်များထွက်ပြေး/ကျဆုံး။ ခြေဥအသစ်ပြန်ရေး။ ပြည်ထောင်စုတပ်မတော်နှင့် အစိုးရသစ်ဖွဲ့။

မြန်မာတို့သည် စေ့စပ်ညှိနှိုင်းရေးစားပွဲပေါ်၌ လက်များကိုဘယ်သူမှတင်မထား။ ချထားသောလက်များတွင်လက်သည်းများဖွက်လို့ထားသော အခြေအနေရယ်ပါ။
မည်သို့ဆိုစေ အဆိုပါ၆ချက်ကိုပြင်ဆင်သတ်မှတ်နိုင်သည့် မှော်နှင်တံမှာ အမေရိကား/ချိုင်းနားထံတွင်ရှိသည်။ ပြင်ပဧရာမအင်အားစုမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုပါက နွေဦးတော်လှန်ရေးအောင်မြင်ချေနည်းသည်။

“ရုန်းကန်ရှင်သန်ခြင်း၏ဆုလာဘ်”
အကယ်၍ မြန်မာနိုင်ငံသည်သာ စစ်အာဏာလုခြင်း/အာဏာသိမ်းခြင်းတို့မှလွတ်မြောက်နိုင်ခဲ့ပါလျှင် ကမ္ဘာစံနှုန်းအသစ်အတွက် အောင်မြင်သွားသော စမ်းသပ်ခံနိုင်ငံဖြစ်ပါ၏။
မျိုးဆက်သစ်တို့သည် မြန်မာ့နွေဦး နိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှုကြီးကို သဘာဝပေးအခွင့်အရေးအဖြစ် ဆုတ်ယူဖမ်းကြစေလိုသည်။ ငြိမ်းချမ်းရေးနိုဗယ်ဆု။ ပူလစ်ဇာဆုတို့မှသည် သမ္မတ၊ဝန်ကြီးချုပ်များအထိ ဆု/ရာထူးများ သင့်အတွက်အသင့်စောင့်နေကြခြင်းပါ။ ကမ္ဘာချီသော အပြောင်းအလဲကြီးများ မြန်မာပြည်က ဦးဆောင်စ,တတ်ပါသည်။

Three-finger salute ၏မူလ Hunger Games တွင် တော်လှန်ရေးကြီး၏အစမှာ Katniss Everdeenအမည်ရအမျိုးသမီးတဦးဆီမှပါ။
တဦးထဲက အလုံးစုံပြောင်းလဲနိုင်သည်။ အဦးစီတိုင်းတွင် ဘုရားသခင်ပေးသောအခွင့်အလန်းရှိပါကြောင်း။ ။