Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည်သတင်းဒိုင်ယာရီ December 2023


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Dec 20 ။ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ဒေသတွေမှာ လေကြောင်းသုံး တိုက်ခိုက်တာတွေ ရှိနေပေမဲ့၊အရပ်သားတွေအားထားနေရတဲ့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တွေကတော့ ၃ပုံ ၁ပုံလောက် လျော့နည်းသွားတဲ့အပြင် တချို့မြို့ ပြေးဆွဲမှုတွေ ရပ်နားနေပြီး၊ လေယာဉ်လက်မှတ်ခတွေလည်း စျေးတက်သွားကြောင်း သိရပါတယ်။


ချိုင်းနား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ကို မြန်မာ့ပြောင်းဆန် တန်ချိန် ၇ သိန်း တင်ပို့သွားဖို့အတွက် MOU(နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း(MICA)ထံမှ သိရပါတယ်။ မြန်မာပြည်မှာ ပြောင်းစိုက်ပျိုးမှု ဧက ၂ သန်းကျော်၊ အထွက်နှုန်း တန်ချိန် ၃ သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁ သန်းနီးပါးရှိကာ ပြည်ပတင်ပို့မှု တန်ချိန် ၂ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

Dec 19 ။ လျှပ်စစ်မီး ၂၄ နာရီ ရရှိမယ်ဆိုရင် မီတာခကို လက်ရှိပေးဆောင်တဲ့ နှုန်းထက် ၂ဆကျော် ၃ဆထိ ပေးဆောင်မယ်လို့ စက်ရုံ၊ အလုပ်ရုံတွေဘက်က စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနဆီ စုပေါင်းအဆိုပြု တင်ပြထားပေမဲ့ အခုအထိ အကြောင်းပြန်တာ မရှိသေးကြောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားစွာဖြစ်ပေါ်နေပြီး အလှည့်ကျ မီးပေးတဲ့စနစ်မျိုး မဟုတ်တော့ဘဲ ပေးချင်သလိုပေးတဲ့ အခြေအနေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ဦး အပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၄၃ ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲမှာ TNLA ဘက်က ၄၉ ဦးသေဆုံးခဲ့ပြီး ၁၄၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စကစတပ်ဘက်က
လေကြောင်းကနေ အကြိမ် ၄၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင်(၅၀၀)ဗုံးနဲ့ ၁၂ ကြိမ်၊ အဆိပ်ငွေ့ဗုံး ၆လုံး အသုံးပြုခဲ့တယ်လို့လည်း ပြောပါတယ်။

Dec 18 ။ စပါး အဓိကစိုက်ပျိုးပြီး ဆန်အများဆုံးထွက်တဲ့ ဧရာဝတီတိုင်းမှာ ဆန်ဈေး အဆမတန် မြင့်တက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲများ ဖြစ်ပေါ်နေပြီး ဆန်ကွဲစားနေရတဲ့ထိ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ပေါ်ဆန်းမွှေး ဆန်ချောတအိတ်ကို ငွေကျပ် ၇၀,၀၀၀၊ ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၄၇,၀၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ လက်ရှိမှာတော့ ပေါ်ဆန်းမွှေးဆန်ချောတအိတ်ကို ၁၁၀,၀၀၀ နဲ့ ၁၂၅,၀၀၀ ၊ ဆန်ကြမ်း တအိတ်ကို ငွေကျပ် ၇၉,၀၀၀ နဲ့ ၉၅,၀၀၀ အထိ ဈေးမြင့်တက်လာတာပါ။

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်မှုကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်း မြို့တွေကို ပြေးဆွဲနေတဲ့ အဝေးပြေးကား ယာဉ်စီးခတွေ အရင်ထက် ၄ ဆလောက်ထိ မြင့်တက်လာလို့ ခရီးသွားပြည်သူတွေ အခက်ကြုံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်ရဲ့ လူဦးရေ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်လောက်ဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။

Dec 17 ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စက်သုံး ဓာတ်ဆီ၊ ဒီဇယ်တွေကို ဝယ်ယူရခက်ခဲပြီး ပြတ်လပ်တဲ့အတွက် ကျောက်မီးသွေး လာဝယ်တဲ့ ကားတွေ လျော့နည်းသွားပြီး ကျောက်မီးသွေးရောင်းသူတွေ အခက်ကြုံနေကြပါတယ်။ ကျောက်မီးသွေးတူးဖော်တဲ့ ကုမ္ပဏီတွေမှာလည်း စက်သုံးဆီတွေ ဝယ်ယူရ ခက်ခဲတဲ့အတွက် လုပ်ငန်းနှောင့်နှေးမှုရှိနေပြီး လုပ်သား‌လျှော့ချရတဲ့ထိ အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားနေပြီး လာမယ့် နွေကာလမှာ မီးရဖို့ စိုးရိမ်စရာဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်က မြို့နယ်တွေကို စစ်ကောင်စီက လျှပ်စစ်မီး အပိုင်းလိုက်ပေးနေကြောင်း ပြောပေမဲ့ သတ်မှတ် မီးလာရမယ့်အချိန်မှာကို မီးမပေးနိုင်တာတွေ ရှိနေပါတယ်။

Dec 16 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် လူငယ်တွေပါ မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲမှု ပိုများပြားလာကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းမီက လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသိပညာပေးတာ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်တာတွေ ရှိခဲ့ပေမဲ့ ယခုကာလမှာတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိပါဘူး။

ဒီနေ့ ကျရောက်တဲ့ စစ်ကောင်စီလေတပ် နှစ်ပတ်လည်နေ့မှာ စစ်ရေးပြတာတွေမလုပ်ဘဲ အန္တရာယ်ကင်း ပရိတ်တရားနာခဲ့ကြောင်း သိရပါတယ်။ ပုံမှန်ဆိုရင် လေတပ်ရဲ့ နှစ်ပတ်လည်နေ့တွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်လေ့ရှိတဲ့ စစ်ရေးပြပွဲမှာ လေယာဉ်အသစ်တွေ တပ်တော်ဝင်ပြလေ့ရှိတာပါ။

Dec 15 ။ မြန်မာပြည်မှာ တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် တနေ့တခြားပိုများလာပြီး စားနပ်ရိက္ခာမလုံလောက်တော့တဲ့ အကျပ်အတည်း ဖြစ်လာနိုင်ခြေရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ပြောပါတယ်။ WFP အနေနဲ့ လာမယ့် ၆ လအတွင်း မြန်မာပြည်သူတွေကို ထောက်ပံ့ဖို့ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၅၉ % ပဲ လက်ဝယ် ရှိနေပြီး ရှေ့ဆက်လုပ်ငန်းတွေ စီမံဖို့ အခက်အခဲဖြစ်နေကြောင်း အစီအရင်ခံစာ ဖော်ပြထားပါတယ်။

ချိုင်းနားရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ မြန်မာစစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်း တွေ့ဆုံဆွေးနွေးပြီး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပေမဲ့ ဒီဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဒီကနေ့အထိ ရှိနေလျက်ပါ။

Dec 14 ။ ဒီဇင်ဘာ ၁ ရက်ကနေ ဒီနေ့ထိ ၂ပါတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၁၁ ယောက်နဲ့ အမျိုးသားအယောက် ၃၀၊ စုစုပေါင်း ၄၁ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၁၉ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်ကြောင်း အေအေပီပီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အာဏာသိမ်း ၃ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၂၅၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း
၂၅,၅၅၂ ယောက်ရှိပြီလို့ သိရပါတယ်။


စစ်ကောင်စီက ပြည်ပရောက် မြန်မာတွေကို ဝင်ငွေခွန် ၂ % ပေးဆောင်ဖို့ အောက်တိုဘာလက အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီး အမိန့်ကြေညာချက် ထုတ်ထားတဲ့အပြင် ပြည်ပရောက် မြန်မာအလုပ်သမားတွေ လစာရဲ့ ၂၅ % ကို တရားဝင် လမ်းကြောင်းကနေ မိသားစုဆီလွှဲပို့ဖို့ ဖိအားပေးထားပြီး နိုင်ငံခြားငွေရရှိရေး ကြိုးစားနေပါတယ်။

Dec 13 ။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပွားနေတဲ့ မြန်မာပြည်အတွက် စာနာမှုအကူအညီအဖြစ် ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၄ သန်းခွဲ (ဒေါ်လာ ၅.၆ သန်းကျော်) သုံးစွဲမယ်လို့ ကြေညာပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရှေးဟောင်းသမိုင်းဝင် ဘုရားတဆူနဲ့ သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးမြို့ဟာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်စာရင်း ယူနက်စကို ဝင်နိုင်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းနေတဲ့ ရှေးဟောင်းနယ်မြေတခုလည်း ဖြစ်ပါတယ်။

Dec 12 ။ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ၊ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေမျိုးစုံရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပြီး မတ်လ ၂၀၂၄ အထိ တနှစ်အတွင်း မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ % ပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလိုက်ပါတယ်။


မြန်မာပြည်ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ကျော်လွန်ပြီးတော့ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)က သတင်းထုတ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာတင် မြန်မာပြည်က ဘိန်းတန်ချိန် ခန့်မှန်းခြေ ၁,၁၉၀ ထိ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

လတ်တလော သတင်းတချို့ကြောင့် မြန်မာပြည်သူလူထု တရပ်လုံးအနေနဲ့ အလွန်စိုးရိမ်ပူပန်မှု မရှိကြစေဖို့နဲ့ ဘုံရည်မှန်းချက်အလုံးစုံပြည့်ဝတဲ့အထိ မြန်မာပြည်သူလူထု တရပ်လုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာပါတယ်။

Dec 11 ။ ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ကျောင်းသားအရေအတွက်ရဲ့ ၅၀ % ကျော်က စစ်ကောင်စီဖွင့်တဲ့ တက္ကသိုလ်တွေမှာ မတက်ဘဲ စစ်ကျွန်ပညာရေးဆန့်ကျင် CDM လုပ်ထားဆဲ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ၅ ပုံ ၁ပုံ လောက်သာ ၂၀၂၃ ခုနှစ်မှာ ကျောင်းတက်နေကြတာဖြစ်လို့ ၅၀ % နဲ့ အထက် တက္ကသိုလ်ကျောင်းသားတွေ CDM လုပ်ထားဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။


စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့မြောက်ဒေသ အချက်အချာ လားရှိုးမြို့ကို သွားရောက်ပြီး စစ်တပ်မိသားစုတွေ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေကို တွေ့ဆုံ အားပေးစကားပြောခဲ့ကြောင်း သိရပါတယ်။ ညီနောင် မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီ စစ်စခန်းပေါင်း ၂၀၀ ကျော်နဲ့ မြို့တချို့ လက်လွှတ်ဆုံးရှုံးခံရပြီးတဲ့နောက်မှာ ရှမ်းမြောက်ဒေသ စစ်တိုင်းဌာနချုပ်ရှိရာကို ပထမဆုံးအကြိမ်
ရောက်ရှိလာတာပါ။

Dec 10 ။ ရန်ကုန်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင် ကမ်းနားလမ်းက သခင်မြပန်းခြံကို စစ်ကောင်စီက အများပြည်သူဝင်ရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ပန်းခြံအနီး စျေးရောင်းသူတွေ အရောင်းပါးပြီး အခက်အခဲ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ မေ ၂၅ ရက်က ပန်းခြံအတွင်း လက်လုပ်ဗုံး ၂ လုံး တွေ့ရှိပြီးတဲ့နောက် စစ်ကောင်စီက ပန်းခြံကို ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ယခုလအတွင်း စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာပူးပေါင်းပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေ လုပ်နေပေမဲ့ ပြည်သူလူထုက စိတ်ပါဝင်စားမှု မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယဥ်ပြိုင်ဖို့ လျှောက်ထားတဲ့ပါတီ ၆၃ ခု ရှိပြီး မှတ်ပုံတင်ခွင့်ပြုချက် ကျပြီးတဲ့ပါတီ ၄၂ ပါတီရှိကြောင်း သတင်းထုတ်ထားပါတယ်။

Dec 09 ။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်‌နေတာကြောင့် ကရင်နီပြည်နယ်ရဲ့ အထင်ကရ ‌စေတီတော်ဖြစ်တဲ့ တောင်ကွဲစေတီ ကျည်ထိမှန်ခဲ့ရပြီး အကြီးဆုံး ဈေးဖြစ်တဲ့ သီရိမင်္ဂလာစျေး(လွိုင်ကော်တောင်စျေး) တခုလုံး မီးလောင်ပြာကျခဲ့ပါတယ်။ ကရင်နီပြည်နယ်မှာ စစ်ကောင်စီကို
KNDF ၊ PDF ၊ KA ၊ ကလလတ ပူးပေါင်းတပ်တွေ (၁၁၁၁) စစ်ဆင်ရေး စတင်ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စကစဘက်ကတော့ လူနေရပ်ကွက်‌တွေကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာပါ။

ရက္ခိုင်တပ်တော်(အေအေ)တပ်တွေဟာ မကွေးတိုင်းထဲထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့အတူ ထိုးစစ်ဆင်နေကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့က ပြောပါတယ်။ ရက္ခိုင်တပ်တော်(အေအေ)ဟာ နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

Dec 08 ။ လူသတ်မှုနဲ့တခြားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု အရေအတွက်ဟာ ကမ္ဘာတဝန်း စံချိန်တင် မြင့်မားလာခဲ့ပြီး လူသတ်မှုအများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ မြန်မာပြည်လည်း ပါဝင်နေကြောင်း ကုလသမဂ္ဂရဲ့အစီရင်ခံစာ အသစ်တစောင်က ဖော်ပြပါတယ်။


မြန်မာပြည်မှာ တွေ့ဆုံဆွေးနွေးရေးအဆင့် ရောက်ဖို့ အခြေအနေတွေ အများကြီးလိုအပ်နေသေးကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ရှိ နိုင်ငံတဝှမ်း ပူးပေါင်းစစ်ဆင်ရေးတွေမှာ ဘယ်နိုင်ငံရဲ့ သြဇာမှ ပါဝင်မှုမရှိကြောင်း ယာယီသမ္မတက ပြောပါတယ်။

Dec 07 ။ မြန်မာပြည်ရဲ့စီးပွားမြို့တော် ရန်ကုန် အပါအဝင် မြို့ကြီးများစွာမှာ လောင်စာဆီ ပြတ်လပ်မှုဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်း ကျပ်ငွေတန်ဖိုးဟာ US ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် အဆမတန် ကျဆင်းနေလို့ လောင်စာဆီ တင်သွင်းသူတွေဟာ ဆီဖိုးတွေ ပေးချေရာမှာ အကန့်အသတ်၊ အခက်အခဲတွေ ရှိနေတာပါ။

‘ကျားဖြန့်’လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်သူ ၃၁,၀၀၀ ကို မြန်မာစစ်ကောင်စီဘက်က ချိုင်းနားဘက်ကို လွှဲပြောင်းပေးခဲ့ပေမဲ့ အရေးပါသူခေါင်းဆောင်တွေ မပါဘဲ စစ်ဆင်ရေးမစခင်မှာ မြန်မာစစ်တပ် ရဟတ်ယာဉ်နဲ့ ဒီလူတွေကို ကယ်ထုတ်သွားခဲ့ကြောင်း MNDAA ကိုးကန့်တပ်ပြောခွင့်ရသူက ပြောပါတယ်။

Dec 06 ။ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းလိုက်ကျဆုံး ဒဏ်ရာရတာ၊ လက်နက်ချ အလင်းဝင်တာတွေ များလာတဲ့အတွက် ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက တပ်တွေမှာ စစ်သား မရှိသလောက် နည်းပါးသွားပြီး စစ်သားသစ် စုဆောင်းနေသလို ပေါ်တာဆွဲမှုတွေလည်း ရှိနေကြောင်း ဒေသခံတွေထံက သိရပါတယ်။


မြန်မာပြည်တွင်း ဆန်စျေးနှုန်းဟာ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု၊ ကျပ်ငွေ တန်ဖိုးကျဆင်းမူတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ စိုက်ပျိုးထုတ်လုပ်မှု ခက်ခဲပြီး ဈေးနှုန်းမြင့်မား ရှားပါးနေပေမဲ့ ပြည်ပကို ဆန်တင်ပို့မှုကတော့ မြင့်တက်လာပါတယ်။ ပြီးခဲတဲ့ နိုဝင်ဘာလအတွင်း မြန်မာပြည်ကနေ ပြည်ပကို ဆန်တင်ပို့မှု တန်ချိန် ၁၇၅,၀၀၀ ကျော်ရှိပြီး အောက်တိုဘာလ တင်ပို့မူနဲ့ နှိုင်းယှဉ်ရင် ၅၀ % နီးပါး မြင့်တက်လာတာပါ။

Dec 05 ။ US ဒေါ်လာဈေးကို စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ် မပေးတော့ဘဲ ဈေးကွက်အတွင်း ဖြစ်နေတဲ့ နှုန်းထားတွေအတိုင်း လွတ်လပ်စွာရောင်းဝယ်ကြဖို့ ကြေညာလိုက်ပြီးနောက် ပြင်ပ‌ဈေးကွက်မှာ ဒေါ်လာဈေးနဲ့အတူ ပြည်တွင်းရွှေ အဖွင့်ဈေးတွေ လှုပ်ခတ်သွားပြီး ၁ ဒေါ်လာကို ၃၅၅၀ ကျပ် အထိ မြင့်တက်သွားပါတယ်။


ဒါ့အပြင် သွင်းကုန်တွေအတွက် လိုအပ်တဲ့ ဒေါ်လာငွေကို ၂၁၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးတော့မှာ မဟုတ်ဘဲ ကုမ္ပဏီ‌တွေအနေနဲ့ လိုအပ်တဲ့ဒေါ်လာကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ကြရတော့မှာဖြစ်တာကြောင့် ဒေါ်လာ ဝယ်လိုအား မြင့်မားလာနိုင်ဖွယ်ရှိပြီး အချိန်နဲ့အမျှ ဒေါ်လာလိုအပ်မှု ပိုများဖွယ်ရှိလာနိုင်ကြောင်း ငွေကြေးဈေးကွက် စောင့်ကြည့်သူတွေ သုံးသပ်ကြပါတယ်။


ဧရာဝတီတိုင်းက တောင်သူတွေဟာ NLD အစိုးရလက်ထက်က ချေးယူထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက အတင်းပြန်လည် တောင်းယူနေလို့ အခက်အခဲများ ကြုံနေရကြောင်း ဒေသခံ လယ်သမားတွေက ပြောပါတယ်။


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က Order of Alexander Nevsky ဘွဲ့တံဆိပ်၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို Order of Friendship ဘွဲ့တံဆိပ် ချီးမြှင့်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကလည်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးကို သရေစည်သူဘွဲ့ ပြန်ပေးအပ်ပါတယ်။

Dec 04 ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးတဲ့ ဘိန်းတွေဟာ အခုနှစ် ဈေးအနည်းငယ် ပြန်ကျသွားတဲ့အတွက် တပိဿာ ကျပ် ၉ သိန်းကျော်ပဲ ရရှိတော့ကြောင်း ဘိန်းစိုက်တောင်သူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှု ၃၃ % တက်လာပြီး ဘိန်းထုတ်လုပ်မှု ၂ ဆနီးပါး မြင့်တက်လာတဲ့အပြင် စိတ်ကြွမူးယစ်ဆေး၊ မက်သာဖက်တမင်း ထုတ်လုပ်မှုတွေပါ တရှိန်ထိုး ပြန်မြင့်တက်ခဲ့ပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)က မြန်မာပြည်ရဲ့ ဘိန်းစိုက်ပျိုးမှု အများဆုံးဟာ ရှမ်းပြည်နယ်ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာအရ ၃၉ % ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


“လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဆက်လက် မိုက်တွင်း နက်နေမယ်ဆိုရင် မိုက်တွင်းနက်တဲ့ဒဏ်ကို ဒေသရှိပြည်သူတွေကသာ ခံစားရမှာဖြစ်ပြီး မြေစာပင်ဖြစ်နေတဲ့ ပြည်သူကို ကိုယ်ချင်းစာဖို့နဲ့ ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ လိုကြောင်း” အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

Dec 03 ။ စစ်ကောင်စီတပ်ကနေ ခွင့်မဲ့နဲ့ စစ်ပြေး စစ်သားတွေ မူလတာဝန်ပြန်ပြီး ထမ်းဆောင်မယ်ဆိုရင် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ စစ်ကောင်စီကစည်းရုံးပြောဆိုပါတယ်။ နိုင်ငံအနှံ့ တော်လှန်တိုက်ခိုက်မှု ခံနေရတဲ့ စစ်ကောင်စီဟာ စစ်မျက်နှာ အများအပြား ဖွင့်နေရပြီး တပ်ရင်းလိုက် အလင်းဝင်တာ၊ တိုက်ပွဲတွေမှာ သေဆုံးမှု များနေတာတွေကြောင့် ပြည်သူ့စစ်တွေ၊ စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်စည်းရုံး တိုက်ပွဲဝင်ခိုင်း နေရကြောင်း သိရပါတယ်။


ပြည်သူ့ခုခံစစ်ပွဲ စတင်ပြီးနောက် ၂ နှစ်တာကာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိ စစ်သည် ပေါင်း ၄၃,၅၀၀ ကျော် သေဆုံးပြီး တပ်ကနေ ထွက်ပြေးလာသူတွေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူပေါင်း ၁၀,၀၀၀ လောက်ရှိကြောင်း NUG နဲ့ CDM တပ်မတော်သားတွေထံက သိရပါတယ်။

Dec 02 ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့မှာ ၅၈ နှစ်ကျော်အတွင်း ၃၆ ဒသမ ၂ နဲ့ အပူချိန်အမြင့်ဆုံး စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ဂွမြို့ရဲ့ အပူချိန်ဟာလည်း ၄၁ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၃၄ ဒသမ ၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကြောင်း ပြောပါတယ်။


ရခိုင်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်လာတဲ့အတွက် လူမှုကူညီရေးအသင်းများ ယာယီရပ်နားထားရပြီး လူမှုကူညီရေးကို မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးနေရကြောင်း သိရပါတယ်။ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့ တိုက်ပွဲ စတင်ခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးရဲ့ အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ခဲ့ပြီး စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ ပြတ်လပ်ခဲ့တာပါ။

Dec 01 ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ကမ္ဘောဇဘဏ်ခွဲက ကျပ် ၃၂ ဘီလီယံကျော်၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ၉ ဘီလီယံကျော်၊ ဧရာဝတီဘဏ်က ၂ ဘီလီယံကျော်နီးပါး၊ ကမ္ဘာ့ရတနာဘဏ်က ကျပ်သိန်း ၃,၁၀၀ ကျော်၊ Tun Commercial Bank က ကျပ်သိန်း ၂၈၀၀ ကျော်နဲ့ စုစုပေါင်း ၄၄ ဘီလီယံကျော် သိမ်းဆည်းထားပြီး ဒီသိမ်းဆည်းငွေတွေကို မှတ်တမ်းတင်ကာ အပ်နှံငွေ မဆုံးရှုံးရန် အာမခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် စီမံခန့်ခွဲသွားမယ်လို့ NUG ကြားကာလဗဟိုဘဏ်က ကြေညာပါတယ်။


၁၀၂၇ စစ်ဆင်ရေး ၁ လကျော် ကာလအတွင်း ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်းစတဲ့ မြို့နယ် ငါးခုအပြင် မြို့တချို့နဲ့ ချိုင်းနား-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနဲ့ ကျင်းစန်းကျော့ဂိတ်တွေကို သိမ်းထားနိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၃၅ ရက်ကြာ စစ်ရေးအခြေအနေ သတင်းထုတ်ပါတယ်။

Nov 30 ။ စစ်ကောင်စီနဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ပညာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။ ပညာရေးလုပ်ငန်းတွေ ပုံမှန်အတိုင်းလုပ်ဖို့ စကစ ဖိအားပေးနေပေမဲ့ လုံခြုံရေးအတွက် ဝန်ထမ်းတွေ စိုးရိမ်နေကြပြီး ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်သုံးဆီတွေ လျော့နည်း ပြတ်လပ်လာပြီး ပြင်ပလက်လီရောင်းချတဲ့ စျေးကွက်မှာ စက်သုံးဆီ(အောက်တိန်း – 92 ) တလီတာကို ကျပ်တသောင်းကျော်ထိ မြင့်တက်သွားတဲ့အပြင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာ ရက် ၂၀နီးပါး ကြာလာကြောင့် လက်ကျန်ကုန်ပစ္စည်းတွေ ပြတ်လပ်ပြီး အခက်ခဲဖြစ်နေပါတယ်။

Nov 29 ။ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်းဒေသက စစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းယူခဲ့ပြီး၊ အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။ စစ်ကောင်စီနဲ့ တအာင်း TNLA တပ်ဖွဲ့တွေ နမ့်ခမ်း၊ နောင်ချိုနဲ့ မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။


မြန်မာစစ်တပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်လာတာရဲ့ နောက်ကွယ်မှာ ချိုင်းနားပြည် ပတ်သက်မှု ရှိနေသလားဆိုပြီး မေးခွန်းထုတ်ကြတာကို ချိုင်းနားအစိုးရက ပယ်ချငြင်းဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁ လက စခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးတွေမှာ စကစ တပ်စခန်းတွေနဲ့ ချိုင်းနား နယ်စပ်ကုန်သွယ်ရေး အဓိကကျတဲ့ နေရာတချို့ကိုပါ ထိန်းချုပ်နိုင်ခဲ့သလို၊ နိုင်ငံနေရာ အနှံ့အပြားမှာလည်း တိုက်ပွဲတွေ အရှိန်မြင့်လာခဲ့တာပါ။

Nov 28 ။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကို စစ်ကောင်စီက ပုဒ်မ ၂ခုနဲ့ ထောင်ဆယ်နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် တပါတ်အတွင်း ပုဒ်မ ၂ခု(စစ်တပ်အပေါ် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်(၃)နှစ်၊ အစိုးရဝန်ထမ်းတွေအပေါ် ဝတ္တရားနှောင့်ယှက်မှုဖြစ်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(ဃ)နဲ့ ထောင်(၇)နှစ်၊ ပေါင်း ၁၀နှစ်ချမှတ်လိုက်တာပါ။


မြန်မာပြည်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံရသူတွေဟာ ခိုင်းစေတဲ့ ခွဲတမ်းအတိုင်း ပြည့်မီအောင် အလုပ်လုပ်မပေးနိုင်ရင် အဲဒီလူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဓမ္မရောင်းချခိုင်းတယ်လို့ ဗီယက်နမ် အခြေစိုက် Blue Dragon လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။ မြန်မာပြည်မှာ လည်ပတ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အနည်းဆုံး လူတသိန်းနှစ်သောင်း ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။

Nov 27 ။ မြန်မာပြည် နိုင်ငံရေးအကျဉ်းသားတွေ နေထိုင်မကောင်းတဲ့အခါ ထောင်အာဏာပိုင်တွေက သင့်လျော်လုံလောက်တဲ့ ဆေးမပေး၊ ဆေးကုသခွင့်မရတာ၊ ထောင်ဝင်စာပစ္စည်းမှာ အစားအသောက်ရော ဆေးဝါးပါ ကန့်သတ်ခံရတာတွေကြောင့် ထောင်တွေထဲ မသေသင့်ဘဲ အသက်ဆုံးရှုံးရသူတွေ ရှိနေကြောင်း ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စာရင်းအရ စစ်အာဏာသိမ်းထားတဲ့ ၂နှစ်နဲ့ ၉လ အတွင်း ထောင်တွေထဲ အသက်ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၅ ယောက်ရှိပါတယ်။

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီဝန်ထမ်းတွေ ထွက်ခွာကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတိပေးခဲ့ပြီးနောက် ဝန်ထမ်းတွေ တိမ်းရှောင်၊ ပြောင်းရွှေ့တာတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ကေအန်ယူတပ်မဟာ(၆)ထိမ်းချုပ်ရာ ဒူးပလာယာခရိုင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဝေါလေ၊ စုကလိ၊ ကျုံဒိုး ဒေသများနဲ့တပ်မဟာ(၅)ထိမ်းချုပ်ရာ ဖာပွန်ခရိုင်တွေမှာ စစ်ကောင်စီအရပ်ဖက် အုပ်ချုပ်ရေးဌာနနဲ့ လက်အောက်ခံဌာနဆိုင်ရာ ရုံးလုပ်ငန်းများ လည်ပတ်မူတွေ ရပ်ဆိုင်းသလောက်ဖြစ်နေပါတယ်။

Nov 26 ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေအပါအဝင် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အာဆီယံက တိုက်တွန်းစကား ပြောပါတယ်။ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့အထဲ ချိုင်းနိစ်တွေ အများဆုံးဖြစ်ပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားစတဲ့ အာရှနိုင်ငံသား အများအပြား ပါဝင်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် မြန်မာ့အရေးမှာ အဓိက ပါဝင်ပတ်သက်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို သိပ်မကြာခင် ရက်ပိုင်းကပဲ ကမကထလုပ် ကျင်းပခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး NUG အနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်သူတွေနဲ့ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိကြောင်း တုံ့ပြန်လိုက်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပြည့်အဝကျင့်သုံးနိုင်တဲ့ အခြေအနေ အာမခံချက်မရှိဘဲ ဘယ်လို ဆွေးနွေးမှုကိုမျှ
ပြုလုပ်ရန် အလျဉ်းမရှိဘူးဆိုတာလည်း အသိပေးပါတယ်။

Nov 25 ။ NUG နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ရဲ့ အစုရှယ်ယာ စတင်ထုတ်ရောင်းတဲ့ တပတ်အတွင်း US ဒေါ်လာ (၇)သန်းနီးပါး ရရှိခဲ့တာဟာ ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ဘယ်လောက် အတိုင်းအတာကြီးမားသလဲဆိုတာ ပြသလိုက်တာဖြစ်ကြောင်း SDB အမှုဆောင်ညွန်ကြားရေးမှူး ဦးကယ်လ်ဗင်က ပြောပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပူးပေါင်း မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က ဒေသများမှာ စစ်တပ်တပ်စွဲထားတဲ့နေရာတွေအပေါ် တိုက်ခိုက်သိမ်းပိုက်မှုတွေ လုပ်လာခဲ့တဲ့နောက် အခုရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့နေရာတွေမှာ လုံခြုံရေးတွေ ပြန်လည်တင်းကြပ်လာပါတယ်။ စစ်ကောင်စီက အမျိုးသားလူငယ်လူလတ်ပိုင်းတွေကို ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပြီး လူသွားလူလာကျဲလာကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

Nov 24 ။ မြန်မာပြည်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ လူဦးရေထူထပ်တဲ့ မြို့ပြနေရာတွေအထိ ကျယ်ပြန့်နေပြီး ၂၀၂၁၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးကျယ်ဆုံးနဲ့ အကျယ်ပြန့်ဆုံး တိုက်ပွဲတွေဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အိုးအိမ်စွန့်ထွက်ပြေးနေရတဲ့ ပြည်တွင်းဒုက္ခသည် စုစုပေါင်း ၂ သန်းကျော်ရှိတဲ့ မြန်မာပြည်ကို လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ ရန်ပုံငွေအရေးပေါ်လိုအပ်နေကြောင်းလည်း ပြောပါတယ်။

မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် စီစဉ်ထားပြီး ပြည်တွင်း ခရီးစဉ်တွေကို ဖျက်သိမ်းတာတွေ ဆောင်ရွက်လာရကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။ အခုနှစ်မှာ မြန်မာပြည်ကို ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာခဲ့ပေမဲ့ ကို‌ဗစ်ကပ်ရောဂါနဲ့ စစ်အာဏာမသိမ်းခင် ၂၀၁၉ က ဝင်ရောက်ခဲ့တဲ့ ခရီးသွားဧည့်သည် ၄ ဒသမ ၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ၉၀ % ဝန်းကျင်လောက် လျော့ကျနေပါတယ်။

Nov 23 ။ နိုင်ငံတဝန်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး တိုက်ခိုက်နေချိန်မှာပဲ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Punpakdee Pattanakul ဟာ စစ်ကောင်စီလေတပ် ဦးစီးချုပ်ရဲ့ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။


ချိုင်းနား-မြန်မာနယ်စပ်၊ မူဆယ်မြို့ရှိ ကျင်စန်းကျော့ကုန်သွယ်ရေးစခန်း ကားဝင်းထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်တင်ကား အစီးရေ ၁၂၀ လောက် မီးလောင်ပျက်စီးသွားပါတယ်။ ကားဝင်းထဲကျတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ် ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA၊ TNLA နဲ့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ ပြောပါတယ်။

Nov 22 ။ မြန်မာပြည်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးရံပုံ အရေးပေါ်ဖြည့်တင်းဖို့ လိုနေသလို ဒုက္ခရောက်နေသူတွေဆီကို အန္တရာယ်ကင်း ထိရောက်စွာ သွားရောက်ကူညီနိုင်ဖို့လည်း လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ပြောပါတယ်။


သတင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၈၆၀၀၀ ကျော်ရှိပြီး နောက်ထပ်များပြားလာဦးမှာဖြစ်ကြောင်းလည်း UNOCHA က ပြောပါတယ်။


ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ တအာင်း(တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ပြောပေမဲ့ ဘယ်တိုက်ပွဲမှာမှ ဓာတုအဆိပ်ငွေ့ဗုံး မသုံးခဲ့ဘူးလို့ စကစ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

Nov 21 ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ၁လ မပြည့်ခင် ယနေ့အထိ ပြည်နယ် ၅ခုမှာ စစ်ကောင်စီဘက်က တပ်ရင်း ၂ရင်း အပါအဝင် လက်နက်ချ အလင်းဝင်တဲ့ စစ်တပ်၊ ရဲအင်အား ၃၀၀ လောက် ရှိလာပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ဖမ်းမိထားတဲ့ စစ်တပ်အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကောင်းမွန်စွာ ဆက်ဆံထိမ်းသိမ်းထားတဲ့ ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေလည်း ဆိုရှယ်မီဒီယာတွေမှာ ပေါ်ထွက်နေတာတွေ့ရပါတယ်။


ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီက မသင်္ကာသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး နိုဝင်ဘာလ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ ဖမ်းဆီးခံထားရသူ ငါးဆယ်နီးပါး ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝန်း ဖမ်းဆီးခံရတဲ့ အရပ်သား နှစ်သောင်းခွဲကျော်ရှိပြီး အဲဒီအထဲက အရပ်သား ၁၉,၇၀၂ ဦးကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Nov 20 ။ ရန်ကုန်မြို့၊ တက္ကသိုလ်နဲ့ မြို့အတွင်းက အထက်တန်းကျောင်းတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအကြောင်းပြပြီး လာရောက်တပ်စွဲထားကြောင်း မြို့ခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်နေရာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေမှာ အကာအကွယ်ယူ
တပ်စွဲလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားတဲ့အခါ တော်လှန်ရေးအဖွဲ့တွေက စာသင်ကျောင်းတွေကို တိုက်ခိုက်တယ်ဆိုပြီး ဝါဒဖြန့်လေ့ရှိပါတယ်။


မြန်မာပြည်က ThaiBev၊ Heineken နဲ့ Carlsberg ကုမ္ပဏီတွေဟာ တနှစ်လုံးစာ အခွန်အဖြစ် ကျပ်ငွေ သန်း ၂၅၀ ကို ပေးသွင်းနေပြီး စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေး ထောက်ပံ့နေကြောင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

Nov 19 ။ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင် နက်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီး စစ်ကောင်စီက ရခိုင်ဘက်သွားရာလမ်းတွေ အားလုံးကို ပိတ်ခဲ့တာကြောင့် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားသလို စစ်ဘေး ဒုက္ခသည်တွေလည်း စားဝတ်နေရေး အခက်ကြုံနေရပါတယ်။