မြန်မာပြည်သတင်း ဒိုင်ယာရီ June 2024


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Jun 23 ။ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်အရေးပါတဲ့ ရခိုင်ပြည်နယ်က တောဟိန်းတောင် ဗျူဟာကုန်းကို ဒီကနေ့မှ အာရက္ခတပ်တော်(အေအေ)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။


မြန်မာပြည်တွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာမယ့် ရိုဟင်ဂျာတွေကို ထပ်ပြီးလက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပြောကြောင်း သိရပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ခွဲအတွင်းမှာ ဆန်စျေးတွေေ ၃ ဆ နီးပါး မြင့်တက်လာပြီး ဒါဟာ ၁၀ နှစ်ကျော်အတွင်း အမြင့်ဆုံးစျေးနှုန်းဖြစ်ကြောင်း ဆန်ကုန်သည်တွေနဲ့ လက်လီရောင်းချသူတွေက ပြောပါတယ်။ ယခု ‌ဆန်အချော ၁ ပြည်ကို မြန်မာငွေ ကျပ် ၁ သောင်းနားကပ်နေပြီး ဇီယာ၊ လုံးသွယ်လို
ဆန်အမျိုးအစားတွေကတော့ ၁ ပြည် ၅၀၀၀ ကျပ်လောက်ထိ စျေးမြင့်တက်နေတာပါ။

Jun 22 ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်လို့ ဘုန်းတော်ကြီးနဲ့ ကလေးငယ်အပါအဝင် ပြည်သူ(၇)ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့စစ်မှု ထမ်း သင်တန်းအပတ်စဉ်(၃) ကို ရန်ကုန်၊ မန္တ‌လေး၊ မွန်၊ ရှမ်း (တောင်ပိုင်း) ၊ ရှမ်း (အရှေ့ )နဲ့ ရှမ်း (မြောက်ပိုင်း)တို့က စစ်ကောင်စီရဲ့ အခြေခံလေ့ကျင့်ရေးတပ်တွေမှာ သင်တန်းသားတွေ လက်ခံနေပြီလို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ အသက်သွင်းပြီးနောက် တလကို အပတ်စဉ်တခု ဖွင့်နေတာပါ။

Jun 21 ။ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့ ပစ်ခတ်ခံရမှုကို စစ်ကောင်စီက စိစစ်ခဲ့ပြီးနောက် ဆရာတော်တွေပါဝင်တဲ့ ကားကို နောက်ကနေ ပစ်ခတ်တားဆီးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒီနေ့အထိ NUG ၊ PDF ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရဟန်းသံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါးဒဏ်ရာရရှိခဲ့တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူရတဲ့ ဖြစ်စဉ်ကို သံဃာတော်တွေအနေနဲ့ သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ကြဖို့ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က အန္တိမဈာပနမှာ မိန့်ကြားလိုက်ပါတယ်။


ရခိုင်ပြည်နယ် တောင်ကုတ် – ပန်းတောင်းလမ်းပိုင်းက နေပူတောင်စစ်တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့အထိ စစ်ရေးတင်းမာနေပါတယ်။ တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီ အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ- ၅) အပါအဝင် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့(ခမရ-၅၄၄)၊ (ခမရ-၃၄၆) တပ်ရင်းတွေ အခြေစိုက်ထိန်းချုပ်ထားပြီး မြို့ပတ်ပတ်လည်ကိုတော့ အေအေတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတဲ့ အခြေအနေပါ။

Jun 20 ။ ဧရာဝတီတိုင်းမှာ မွေးမြူရေးဂဏန်းပျော့တွေကို ပြည်တွင်းဈေးကွက် တခုတည်းသာ အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေကြောင်း ဂဏန်းပျော့ မွေးမြူရောင်းချသူတွေက ပြောပါတယ်။ ဧရာဝတီတိုင်းကထွက်တဲ့ ဂဏန်းပျော့တွေကို ထိုင်း၊ စင်ကာပူ၊ ချိုင်းနားနဲ့ ဥရောပနိုင်ငံတွေဆီ တင်ပို့ရောင်းချခဲ့ရာက ကိုဗစ်-၁၉ ရောဂါနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဂဏန်းပျော့တွေ မတင်ပို့နိုင်တာ၊ ပြည်တွင်းဈေးကွက်တခုတည်းကို အားထားနေရတာနဲ့
ဈေးကောင်းမရ အရှုံးပေါ်နေလို့ မွေးမြူရေးလုပ်ငန်းတွေ ဆက်ရပ်တည်ဖို့ ခက်ခဲလာကြောင်း သိရပါတယ်။


စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၅,၃၀၀ ကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၆၁၉ ယောက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၉,၂၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

Jun 19 ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာ NLD ပါတီ ဗဟိုအလုပ်ကော်မတီက တောင်းဆိုခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဥ်းချထားတာ ၃ နှစ်ကျော်နေပြီး မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့် ပိတ်ထားတဲ့အပြင် ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကို ဒီနေ့ထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိပါဘူး။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မြန်မာပြည်သူတွေရဲ့ ပန်းသပိတ်လှုပ်ရှားမှုမှာ ရန်ကုန်အခြေစိုက် နိုင်ငံခြား သံရုံးတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား တဦးအဖြစ် အကျဉ်းထောင်ထဲ အထီးကျန်စွာ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ သူမမွေးနေ့ကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နိုင်ငံတဝန်းမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပခဲ့ကြပြီး ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂအဖွဲဝင် နိုင်ငံတွေနဲ့ ဗြိတိန်သံရုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပြုလုပ်ခဲ့ကြပြီး
သူမ လွတ်မြောက်ရေးပါ တောင်းဆိုလာကြပါတယ်။


တံတားဦးလေဆိပ်အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကပစ်ခတ်လို့ ကားပေါ်မှာပါလာတဲ့ ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆရာတော် (သက်တော် ၇၉ နှစ် ၊ဝါတော် ၅၈ ဝါ)ကို သေနတ်ထိမှန်ခဲ့တာကြောင့် ပျံလွန်တော်မူသွားပါတယ်။

Jun 18 ။ ယာယီသမ္မတဦးမြင့်ဆွေဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက မကြာခဏဆေးရုံတက်နေရကြောင်း သိရပါတယ်။ ၆ လ ၁ကြိမ် ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာမြင်ရတဲ့ အသက် ၇၀ ကျော် အငြိမ်းစားဒုတိယ ဗိုလ်ချုပ်ကြီးရဲ့ ရုပ်သွင်က ဇရာထောင်းလာတာ ဖုံးဖိမရကြောင်း ပြောဆိုမှုရှိနေပါတယ်။


ရှမ်းပြည်၊ မြောက်ပိုင်းမှာ အပစ်ရပ်ထားတာ ၆လခန့်ရှိချိန် လားရှိုးမှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား စစ်ရေးတင်းမာမှုတွေ ဖြစ်လာနေပြီး ရခိုင်မှာလည်း စစ်ကောင်စီနဲ့ အေအေတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ချိုင်းနား အထူးသံတမန် တိန့်ရွီကျွင်း မြန်မာပြည်ကို ရောက်လာခဲ့ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်စီရဲ့ VPN၊ အွန်လိုင်း စောင့်ကြည့်ထောက်လှမ်းမှုတွေ၊ အင်တာနက် ဆင်ဆာဖြတ်တောက်မှုတွေမှာ ချိုင်းနား ကုမ္ပဏီ ၂ခုက နည်းပညာ ထောက်ပံ့ပေးနေကြောင်း JUSTICE FOR MYANMAR က သတင်းထုတ်ပါတယ်။

Jun 17 ။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ရဲ့ အနောက်ဘက် ၁၂ မိုင်အကွာက စတုရန်း ၃ မိုင်ကျော်အကျယ် ဗိဿနိုးမြို့ဟာ ခရစ်နှစ်အေဒီ ၁ ရာစုကတည်းက စည်ပင်ထွန်းကားခဲ့တဲ့ ကမ္ဘာ့ရှေးဟောင်းဒေသ ယူနက်စကိုစာရင်းဝင်ရာ ပျူမြို့ဟောင်းဖြစ်ပြီး နှစ် ၂,၀၀၀ ကျော်ကြာ ရှာမတွေ့ခဲ့တဲ့ အနောက်ဘက်မြို့ရိုးကို ယခု ၂၀၂၄ မှာ ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံရှေး‌‌ဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြောပါတယ်။


စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများကို ထောင်တွေပြောင်းရွှေ့နေပြီး ရည်ရွယ်ချက်ရှိစွာ ဖိနှိပ်နေကြာင်းနဲ့ ပြောင်းရွှေ့ခံရတဲ့သူတွေဟာ ထောင်တွင်းသပိတ် ဦးဆောင်နေသူတွေ၊ ထောင်ဝန်ထမ်းတွေကို ဆန့်ကျင်သူတွေနဲ့ ထိန်းချုပ်ဖို့ခက်တဲ့ နိုင်/ကျဉ်းတွေ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အတည်ပြု ပြောဆိုထားပါတယ်။

Jun 16 ။ ဧရာဝတီတိုင်းမှာ ဒေသထွက်ဆန်တွေ ဈေးထပ်တက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေပြီး တချို့ဆန်ကွဲစားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းဟာ မြန်မာပြည်မှာ ဆန်စပါးအများဆုံး စိုက်ပျိုးရာဒေသဖြစ်ပေမဲ့ စစ်အာဏာသိမ်းမှုနောက် စပါးစိုက်ပျိုးမှု လျော့နည်းပြီး စိုက်ပျိုးရေးသုံး ဆေးဝါးဈေးတွေ မတန်တဆ ဈေးမြင့်လာတာကြောင့် စပါးအထွက်လျော့ပြီး ဆန်ဈေးမြင့်တက်ခက်ခဲနေတာပါ။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်မှာ ပြင်ပလူနာ ၁၁ သိန်းကျော်နဲ့ ကျောင်းသား ၁ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေကို CDM ဝန်ထမ်းတွေနဲ့ အဓိကလည်ပတ်နေတာဖြစ်ပြီး တာဝန်ခံပေါင်း ၂၅၀ ကျော်၊ ဝန်ထမ်းပေါင်း ၅,၀၀၀ လောက်က NUG ဝန်ကြီးဌာနနဲ့ လက်တွဲလုပ်နေကြတာလို့ ဆိုပါတယ်။

Jun 15 ။ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အရပ်သား သုံးထောင်ကျော်ဟာ အရေးပေါ်ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့နောက် ဆေးဝါးဈေးနှုန်းတွေဟာ ယခင်ထက် ၅ ဆ လောက် မြင့်တက်နေတာပါ။


လာမယ့် အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရခဲ့တဲ့ ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ(SNLD)အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကတော့ ဖျက်သိမ်းခံထားရပါတယ်။

Jun 14 ။ စစ်တွေမြို့နယ်အတွင်းက ရွာ ၁၂ ရွာက ဒေသခံတွေကို စစ်တွေမြို့တွင်းကို ပြောင်းရွှေ့နေထိုင်ကြဖို့ စစ်တပ်က အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ဒေသခံတွေဟာ ပြောင်းရွှေ့နေကြရပါတယ်။ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ခဲ့ကြရသလို စစ်တွေမြို့ထဲမှာလည်း နေထိုင်ရေးအခက်အခဲမျိုးစုံနဲ့
ရင်ဆိုင်နေကြရပါတယ်။


မြန်မာစစ်တပ်ဟာ လူ ၅ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၁၅ မှုလောက် စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေ ရပ်တန့်ရေးနဲ့ ကျူးလွန်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ပြန်လည်ရရှိစေရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။ စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူတွေရဲ့ အိုးအိမ်၊ ပိုင်ဆိုင်မှုတွေကို လုယက်၊ မီးရှို့ဖျက်ဆီး၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်၊ လေကြောင်းကနေ ဗုံးကြဲပစ်ခတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဆက်တိုက်ကျူးလွန်နေကြောင်း NLD က ထောက်ပြထားပြီး စစ်ကောင်စီကတော့ NLD ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းထားပါတယ်။


စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောပါတယ်။ နိုင်ငံတကာအထောက်အပံ့တွေကို တွက်ချက်ထားခြင်းမရှိဘဲ ဆေးနဲ့ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးမှု၊ ဆေးရုံဆေးခန်းတည်ဆောက်ပြုပြင်မှုတွေ၊ မြေပြင်ကျန်းမာရေးဝန်ထမ်းတွေကို ချီးမြှင့်ငွေ ပေးအပ်မှုနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့တာတွေ အပါအဝင် ဒေသများစွာရဲ့ ကျန်းမာရေးလုပ်ငန်းတွေအတွက်
အသုံးပြုခဲ့တာလို့ ပြောပါတယ်။

Jun 13 ။ ဆိုင်ဘာလုံခြုံရေးဥပဒေ အတည်မပြုသေးပေမဲ့ စစ်ကောင်စီ ထိန်းချုပ်စိုးမိုးတဲ့ ဒေသတွေမှာ ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ဖုန်းထဲ VPN တွေ့ရင် ငွေတောင်းနေတာတွေရှိကြောင်း ဒေသခံတွေဆီက ပြောပါတယ်။ ဧရာဝတီတိုင်း၊ မန္တလေး၊ ပဲခူး၊ ပြည်နဲ့ မကွေးတို့မှာ
စကစ တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေယူစစ်ပြီး ငွေကြေးတောင်းခံနေတာပါ။


ကော့ကရိတ်-မြဝတီလမ်းပိုင်း ဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး မြန်မာ-ထိုင်းနယ်စပ်မှာ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ဝယ်ယူမရဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှု၊ ဒေါ်လာဈေးမြင့်တက်မှုနဲ့ လမ်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှုတွေ ကျဆင်းနေပါတယ်။

ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ဝန်ထမ်းတွေ အဆင်ပြေဖို့ လုပ်ငန်းရှင်တချို့က လုပ်ခလစာ တိုး​မြှင့်ပေးခဲ့ရာ အဲဒီလိုတိုးပေးတဲ့ လုပ်ငန်းရှင် ၁၀ ဦးနီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမူပုဒ်မ(၅၀၅) နဲ့ တရားစွဲထားကြောင်း သိရပါတယ်။ လက်ရှိကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံအလုပ်သမားတွေဟာ ရတဲ့လုပ်ခနဲ့မလုံလောက်လို့ တိုးတောင်းတာတွေ ရှိနေပါတယ်။

Jun 12 ။ မြန်မာပြည်တွင်း ရွှေနဲ့ဒေါ်လာဈေး ပြန်ကျလာပေမဲ့ ဆန်၊ ဆီ အပါအဝင် အခြေခံစားသုံးကုန်ဈေးတွေကတော့ ဈေးဆက်မြင့်တက်နေတာကြောင့် ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုတွေ ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲနေကြပါတယ်။ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ထားရတဲ့အတွက်
ကုန်စည်စီးဆင်းဖို့ ခက်ခဲပြီး ကုန်စည်ဈေးနှုန်းတွေ မြင့်တက်လာစေတာ ဖြစ်ကြောင်း ကုန်သည်တွေက ပြောပါတယ်။


စစ်ကိုင်းတိုင်းထဲ မြို့ပေါ်နေရာအပ ကျေးရွာအများစုမှာ အခြေခံပညာရေးအတွက် ကိုယ်ထူကိုယ်ထ ပညာရေးစနစ်နဲ့ လည်ပတ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ CDM ကျောင်းဆရာ၊ ဆရာမတွေ ရှိတဲ့အတွက် စစ်ဘေးရှောင်လာကြသူ အများစုဟာ အခြေခံပညာ သင်ကြားခွင့်ရကြပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ကျောင်းတွေ အပြည့်အဝ လည်ပတ်နိုင်တာမျိုး မရှိသေးပါဘူး။

Jun 11 ။ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ပြီး စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရာကနေ CDM ဆရာ၊ဆရာမတွေ‌၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ကလေးငယ်တွေ ပညာသင်နိုင်ဖို့ ကြိုးစားနေကြရာ ယခုနှစ်အတွင်း တော်လှန်ရေးအင်အားစုတွေက
စာသင်ကျောင်းပေါင်း ၄၅၀ နီးပါးဖွင့်ထားပြီး ကျောင်းသူ၊ ကျောင်းသား ၄၆,၀၀၀ ကျော် ပညာသင်ပေးနေကြောင်း သိရပါတယ်။


အခုနှစ် ပြီးခဲ့တဲ့ ၁ လအတွင်း ဧရာဝတီတိုင်းက ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ဂေါ်ရင်ဂျီ၊ နတ်တောင်၊ လိပ်ကျွန်း၊ သမီးလှကျွန်း၊ ပုသိမ် ရွှေမုဋ္ဌောစေတီ၊ ငပုတော မြတ်မော်တင်စွန်းစေတီ၊ ဘိုကလေး ကံ့ကော်တထောင် စတဲ့ ဒေသတွေကို လာတဲ့ ခရီးသွားဧည့်သည်တွေကို လုယက်ဓားပြတိုက်မှုပေါင်း ၂၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း ခရီးသွားလုပ်ငန်းအသင်းတွေဆီက သိရပါတယ်။

Jun 10 ။ ဧရာဝတီတိုင်းတွင်းက ပုသိမ်၊ သာပေါင်း၊ ရေကြည်၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဘိုကလေး၊ ဇလွန်၊ ဟင်္သာတ၊ မြောင်းမြ၊ ကျိုက်လတ် စတဲ့မြို့နယ်တွေမှာ ယခုနှစ် အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ပဲတီစိမ်းနဲ့ မတ်ပဲခင်း ဧကထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတောင်သူတွေဆီက သိရပါတယ်။ ဧရာဝတီတိုင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ဧက ၁၇ သိန်းအထိ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်ကြပြီး နွေသီးနှံစိုက်ပျိုးရာသီမှာ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိကစိုက်ပျိုးကြတာပါ။


ပြည်တွင်းရွှေစျေးကွက်မှာ ရွှေတကျပ်သား ကျပ် သိန်း ၆၀ နီးပါးဖြစ်သွားခဲ့ချိန်မှာ ရွှေစျေး မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တချို့ကို ဖမ်းဆီး၊ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင် ၁၀ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့အပြီးမှာတော့ ပြည်တွင်း ရွှေစျေး အနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။
သတ်မှတ်စျေးနှုန်းနဲ့ မဖြစ်မနေ ဆိုင်ဖွင့်လှစ် ရောင်းချဖို့ ရွှေဆိုင်တွေကို ညွှန်ကြားခဲ့ပြီး ရန်ကုန်၊ မန္တလေးက ရွှေဆိုင်တွေမှာ ရွှေအပိုင်းအစတွေ တန်းစီ ဝယ်ယူနေကြပါတယ်။

Jun 09 ။ မြန်မာပြည်ဟာ ကမ္ဘာပေါ်က ရာသီဥတုဒဏ် အခံရနိုင်ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်နေပြီး လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေက ရာသီဥပြောင်းလဲမှုအပေါ် သွယ်ဝိုက်နည်းနဲ့ သက်ရောက်မှုရှိကြောင်း US က သုတေသနအထူးပြုတက္ကသိုလ်ဖြစ်တဲ့ ဂျော့တောင်းတက္ကသိုလ်ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်မှာ လျှပ်စစ်မီး လုံလောက်စွာမရတာကြောင့် မီးသွေးလိုအပ်ချက် ပိုများလာပြီး သစ်တောပြုန်းတီးမှု ဦးတည်လာတာကိုလည်း ထောက်ပြထားပါတယ်။


ဧရာဝတီတိုင်းမှာ ကုန်စည်သယ်ယူတင်ပို့ရတာ ကျဆင်းလာတာကြောင့် ကုန်တင်ကုန်ချ လုပ်သား အယောက် ၈၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကုန်စည်စီးဆင်းမှု ကျဆင်းလာတာကြောင့် ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်လာတဲ့အတွက်
သူတို့ကို မှီခိုနေတဲ့ မိသားစုတွေ လတ်တလော စားဝတ်နေရေးအခက်အခဲတွေ ကြုံလာရတဲ့အပြင် ကလေးတွေရဲ့ ပညာရေးပါ ထိခိုက်လာတယ်လို့ ဆိုပါတယ်။

Jun 08 ။ ရန်ကုန်နဲ့ သန်လျင် ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး အမှတ်(၃)တံတားသစ်ကို ဒီနေ့မနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီး မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာနေပါတယ်။ ၄ လမ်းသွား သံမဏိကြိုးဆိုင်းတံတားဟာ လက်ရှိမှာ အခမဲ့ ဖြတ်သန်းခွင့်ပြုထားပြီး နောက်ပိုင်းမှာတော့ တံတားအသုံးပြုခကို နိုင်ငံတကာစနစ်ဖြစ်တဲ့ QR Code အသုံးပြုပြီး Mobile Pay နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။


စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့ကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Jun 07 ။ မြန်မာပြည်မှာ လူသုံးများတဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်(Facebook) အသုံးပြုမှုဟာ ပြီးခဲ့တဲ့လတွေနဲ့ နှိုင်းယှဉ်ရင် ဇွန်လမှာ ထက်ဝက်ခန့် လျော့ကျသွားကြောင်း အိုင်ယာလန်အခြေစိုက် Statcounter အဖွဲ့ရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။ စစ်ကောင်စီက အင်တာနက်၊ လူမှုကွန်ရက်အသုံးပြုမှုတွေကို
ကန့်သတ်နေတဲ့အပြင် VPN တွေကို ပိတ်ဖို့ထိကြိုးစားတာတွေကြောင့် မြန်မာပြည်မှာ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုမှု ခက်ခဲပြီး ထက်ဝက်ခန့်လျော့ကျလာတာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်လက်အောက်ခံ ခြေလျင်၊ ခြေမြန်နဲ့ လက်ရုံးတပ်က အရာရှိ၊ စစ်သည်တွေ ရှေ့တန်းထွက်နေချိန်မှာ နောက်တန်းမှာ ကျန်ခဲ့တဲ့ဇနီးတွေကို စစ်ကောင်စီက ပြင်ပထွက်ခွင့် ပိတ်ထားကြောင်း တပ်မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရဲမေတွေဟာ အပါတ်စဥ် တပ်တွင်းသန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အိမ်တွင်း သန့်ရှင်ရေးစတာတွေ လုပ်ဆောင်နေရတဲ့အပြင် တဖက်က စခန်းကို လာရောက်တိုက်ခိုက်ရင် ပြန်ခုခံနိုင်ဖို့ စစ်သင်တန်းတွေပါ တက်နေကြရပါတယ်။


ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲက ငပလီကမ်းခြေတလျှောက်မှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်တဲ့အတွက် ငပလီကမ်းခြေမှာရှိတဲ့ ကျေးရွာတချို့အပေါ် လက်နက်ကြီးတွေကျလို့ သေဆုံးသူတွေ များနေပြီး
ကမ်းခြေက နာမည်ကြီး ဟိုတယ်တချို့လည်း ပျက်စီးခဲ့ပါတယ်။

Jun 06 ။ မြန်မာပြည်သာမက နိုင်ငံတကာထိ လူသိများတဲ့ ငပလီကမ်းခြေရှိရာ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် (ယခင် ရက္ခိုင့်တပ်တော် AA)တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က စစ်သင်္ဘောတွေနဲ့ ရေကြောင်းက ပစ်ခတ်တဲ့အပြင်၊
လေကြောင်းပစ်ခတ်မှုတွေ၊ ခလရ ၅၅ တပ်ရင်းနဲ့ ခမရ ၅၆၆ တပ်ရင်းတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။


အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစားအရာရှိ ၁၄၀၀ ကျော်ကို ပြန်လည်စစ်မှုထမ်းဖို့အတွက် နေပြည်တော်ကို ဆင့်ခေါ်ထားပြီးကြောင်း စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။ တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အကြံပေး ဆိုတဲ့ ကဏ္ဍ ၃ခု ခွဲကာ သင့်တော်တဲ့နေရာတွေမှာ စစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်စေမှာဖြစ်ပြီး တိုက်ပွဲမှာ ဒဏ်ရာရလို့ တပ်ကအနားပေးခဲ့သူတွေပါ ခေါ်ယူခံနေရတာပါ။


ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ(Passport for Job)ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားတာတွေကို ဒီနေ့ကစပြီး စစ်ကောင်စီက ပိတ်လိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ အသက် ၁၈ နှစ်ကနေ
၃၅ နှစ်ကြား စစ်မှုထမ်းဖို့ အကျုံးဝင်သူအများ အပြား နိုင်ငံကို စွန့်ခွာနေကြပါတယ်။

Jun 05 ။ ဧရာဝတီတိုင်းမှာ စားအုန်းဆီဈေး မြင့်တက် ပြတ်လပ်နေလို့ ဆီကို အဓိကအသုံးပြုရတဲ့ အသေးစားမုန့်လုပ်ငန်းတွေ ရပ်နားလာရကြောင်း ဒေသခံ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြို့နယ်များစွာမှာ ဆီ ၅၀ ကျပ်သား ဝယ်ယူလိုရင် တခြားကုန်ခြောက်ပစ္စည်း ၁၅,၀၀၀ ဖိုးလောက်
ဝယ်ယူရမယ့် စနစ်တွေနဲ့ ရောင်းချနေတာတွေလည်း ဖြစ်နေကြောင်း ဒေသခံတွေက ပြောပြပါတယ်။
မြန်မာစစ်တပ်တပ် လက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေမှာ စစ်သင်တန်းတက်ရောက်သူ လူငယ် ၉၅၉ ယောက်ရှိလာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ရဲ့ လူဦးရေတဝက်ကျော်ဟာ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးရန်နဲ့ တိုက်ပွဲတွေကို စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ထောက်ပံ့ကူညီမှုတွေ လိုအပ်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ
ချင်းပြည်နယ်မှာ လူဦးရေ ၄၀၀,၀၀၀ ကျော်ရှိနေပြီး အာဏာသိမ်းပြီးချိန်မှာတော့ လူဦးရေ ၂၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၊ နိုင်ငံထဲထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် ၆၀,၀၀၀ လောက်ကတော့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြပါတယ်။

Jun 04 ။ စစ်ကောင်စီက ၂၀၂၃-၂၄ ခုနှစ်အတွင်း စစ်အသုံးစရိတ် စံချိန်တင် တိုးမြှင့်အသုံးပြုခဲ့ပြီး ကျပ်ငွေ မတရားရိုက်ထုတ်မှုကြောင့် ငွေတန်ဖိုး ၂၅ %အထိ ကျဆင်းကာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၃-၂၀၂၄ mini budget ၆လအတွင်းမှာ အသုံးပြုခဲ့တဲ့ စရိတ်ဟာ ကျပ် ၅၆၃၅ ဘီလီယံ အသုံးပြုခဲ့တာလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။


မြန်မာပြည်တွင်းက စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့မှာ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေဟာ တနေ့ထက်တနေ့ ပိုများလာနေကြောင်း ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Jun 03 ။ မြန်မာပြည်တဝန်း အခြေခံပညာကျောင်းတွေကို ဒီနေ့ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းတက်တဲ့ အရေအတွက်ဟာ မနှစ်ကထက် လျော့ကျသွားကြောင်း စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ မြို့တွေက အခြေခံပညာကျောင်းတွေကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၆,၃၉၄,၅၂၈ ဦး ကျောင်းအပ်ခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေကတော့ ကျောင်းမတက်ဘဲ သပိတ်မှောက်နေပါတယ်။


စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၄ အထိ ၃ နှစ်အတွင်းမှာ စစ်ကောင်စီ ဗဟိုဘဏ်က ငွေစက္ကူပေါင်း ကျပ်ဘီလီယံ ၃၀,၀၀၀ နီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ NUG က ပြောပါတယ်။ ကျပ်ငွေ မတရားရိုက်နှိပ်ထုတ်ဝေ အသုံးပြုခဲ့တာက ငွေကြေးဖောင်းပွမှုရဲ့ အဓိက အကြောင်းအရင်းတခုဖြစ်ပြီး
အာဏာသိမ်းကာလ ရိုက်နှိပ်ထုတ်ခဲ့တဲ့ ငွေသားဟာ NLD အစိုးရလက်ထက်ကထက် ၈ ဆကျော် မြင့်တက်လာတလို့ ဆိုပါတယ်။


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတော‌ကျေးရွာမှာ မင်္ဂလာဆောင် ကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် သေဆုံးသူ ၂၉ ဦးအထိရှိလာကြောင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

Jun 02 ။ ပြည်တွင်း ရွှေဈေးကွက်စျေးနှုန်း မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရွှေဆိုင်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးအရေးယူနေပြီး အောင်သမာဓိ၊ ဇွဲထက်နဲ့ ဝိန့်စိန် အပါအဝင် ရွှေဆိုင်ပိုင်ရှင် ၇ ဦးနဲ့ ပွဲစား ၃ ဦးကို ဖမ်းဝရမ်း ထုတ်ထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။


မြန်မာပြည်မှာ ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်းနေတဲ့အတွက် US ဒေါ်လာ အပါအဝင် ကုန်သွယ်ရေးမှာ အဓိကအသုံးပြုနေတဲ့ ချိုင်းနားယွမ်နဲ့ ထိုင်း ဘတ်ငွေဈေးနှုန်းတွေ နေ့စဉ်စံချိန်တင် မြင့်တက်နေပါတယ်။ ဒါ့အပြင် ရွှေဈေးနှုန်းဟာလည်း နေ့စဉ်ခုန်တက်နေတာကြောင့် စီးပွားအရောင်းအဝယ်
ပျက်သလောက်ဖြစ်နေကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

Jun 01 ။ NLD ပါတီစတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ သဘာပတိအဖွဲ့ရဲ့ နာယကကြီး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး) သူရဦးတင်ဦး အသက်(၉၈)နှစ်ဟာ ဒီနေ့ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ
(NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) တို့က အထူးဝမ်းနည်းကြေကွဲကြောင်းတွေ ထုတ်ပြန်ပါတယ်။


ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာရှိတဲ့ ကျုံအိတ်တံတားနဲ့ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရထားစီးနင်းသူ ပိုများလာပြီး လက်မှတ်ဝယ်ရခက်တာကြောင့် မှောင်ခို‌ရောင်းတဲ့သူတွေဆီက ၃ ဆလောက်ထိ ပိုပေး‌ဝယ်နေရကြောင်း ရထားစီးနင်းသူတွေက ပြောပါတယ်။

May 31 ။ ပဲခူးတိုင်းအရှေ့ပိုင်းရှိ ကျေးရွာတွေမှာ စစ်မှုမထမ်းရရေးအတွက် တအိမ်ကို တလ ကျပ် ၁၅,၀၀၀ ပေးသွင်းကြရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျေးရွာတွေထိ သွားရောက် စစ်မှုထမ်းဖို့ လူခေါ်နေပြီး လူမပေးနိုင်တဲ့ရွာတွေအနေနဲ့ ပိုက်ဆံပေးဖို့ ဖိအားပေးခံနေရတာလို့ ဆိုပါတယ်။


မြန်မာပြည်မှာ လုပ်ခလစာ မတိုးပေမဲ့ ကုန်စျေးနှုန်း ကြီးမြင့်တဲ့ဒဏ်ကို ပြည်သူတွေ ခံစားနေ ကြရတာမှာ အခြေခံ လူတန်းစား၊ လခစား ဝန်ထမ်းတွေ အဆိုးဆုံး အခြေအနေရောက်နေကြပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီး၃ နှစ်အတွင်း အခြေခံစားသောက်ကုန်အပါအဝင် လူသုံးကုန်ပစ္စည်းတွေဟာ စျေးနှုန်း ၃ ဆလောက်အထိ မြင့်တက်နေခဲ့ကြောင်း သိရပါတယ်။

May 30 ။ မြန်မာပြည်ရဲ့ နယ်မြေအစိတ်အပိုင်းတွေဟာ ဗဟိုချုပ်ကိုင်မှု လွတ်ကင်းပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်မယ့်အရေး ကြုံနေရကြောင်း နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့(ICG)က သတင်းထုတ်ပြန်ပါတယ်။


စစ်အာဏာသိမ်းခါစကာလတွေမှာ စစ်အာဏာရှင် ဆန့်ကျင်သူတွေအတွက် ပြည်သူတွေအချင်းချင်း စစ်ဘေးရှောင်တွေကို ကူညီကြတာတွေ သိုင်းသိုင်းဝန်းဝန်း ရှိခဲ့ကြပေမဲ့ လက်နက်ကိုင် ဆန့်ကျင်တော်လှန်ကာလ ၃နှစ်ကျော်လာချိန်မှာတော့ အခက်အခဲတွေကြောင့် ကူညီသူတွေ တဖြည်းဖြည်း
လျော့နည်းသွားပါတယ်။ ပြည်တွင်းက လှူဒါန်းသူတွေနည်းလာတာကြောင့် ပြည်ပက အလှူရှင်တွေကိုသာ အားကိုးနေရကြောင်း သိရပါတယ်။

May 29 ။ အာဏာသိမ်းအပြီး ၃ နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းက ပြည်သူ ၁၂၉၅ ယောက် သေဆုံးခဲ့ပြီး ပြည်သူ ၁၆၃၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ထက်ဝက်လောက်ဟာ အနောက်မြောက်တိုင်း စစ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က ဒေသခံတွေဖြစ်ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖော်ပြပါတယ်။
မြန်မာပြည်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်ခံသူ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အခြေခံလိုအပ်ချက်တွေနဲ့ လူမှုအကျပ်အတည်းတွေမှာ သုံးစွဲရေးတို့ ပါဝင်တဲ့ စီမံကိန်း ၂ ခုအတွက် US ဒေါ်လာ သန်း ၇၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ် အမှုဆောင်ညွန်ကြားရေးမှူးအဖွဲ့က
ဆုံးဖြတ်ခဲ့ပါတယ်။

May 28 ။ မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ နွေကာလအတွင်း အပူဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။


အင်အားကြီးနိုင်ငံတွေနဲ့ ကမ္ဘာအဖွဲ့အစည်းတွေက မြန်မာပြည်ကို စာနာကူညီမှုစောင့်ရှောက်မှု မပေးဘဲ အာဏာသိမ်းစစ်တပ် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို နှောင့်နှေးရပ်တန့်စေဖို့နဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်မလာစေဖို့အပြင် နိုင်ငံရေး စီးပွားရေးနဲ့ လူထုစီးပွား အကျပ်အတည်းဖြစ်ဖို့အတွက်
နည်းလမ်းမျိုးစုံနဲ့ အရေးယူပိတ်ဆို့မှုတွေကို ပြုလုပ်နေကြောင်း ကြံ့ခိုင်ရေးပါတီအပါအဝင် ၂၅ ပါတီက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

May 27 ။ ဧရာဝတီတိုင်းမှာ စစ်မှုထမ်း လူစားထိုးခအဖြစ် တယောက်ကို ၁လ ငွေကျပ်သိန်း ၂၀ အထိ သတ်မှတ် ကောက်ခံနေပြီး ရန်ကုန်က မြို့နယ်တွေမှာတော့ စစ်မှုထမ်း ယာယီကင်းလွတ်ခွင့်ထဲ အကျုံးဝင်နေတဲ့ သက်ပြည့်ကျောင်းသားတွေကိုပါ စာရင်းကောက်ခံနေကြောင်း ဒေသခံတွေက
ပြောပါတယ်။


ရခိုင်ပြည်နယ်တွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတဲ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေလည်း သွားလာလို့မရလို့ စစ်ရှောင်စခန်းတွေမှာ ပုံမှန်ထောက်ပံ့နေတဲ့ အထောက်အပံ့တွေမရရှိပါဘူး။ ရိက္ခာထောက်ပံ့မှုတွေ ရပ်ဆိုင်းနေတဲ့အပြင် အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် စားသောက်နေထိုင်ရေးအခက်အခဲများ ရင်ဆိုင်နေကြရပါတယ်။

May 26 ။ ရခိုင်ပြည်နယ်မှာ အခြေခံကျောင်းတွေဖွင့်ပြီး ကျောင်းအပ်ဖို့ စစ်ကောင်စီက ဖိအားပေးနေပေမဲ့၊ AA ထိန်းချုပ်နယ်မြေတွေမှာတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်၊ ဈေးကစားနေသူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နဲ့ ၄၂ တို့အပြင် အများပြည်သူအကျိုး ထိခိုက်စေတာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်သတိပေးထားပါတယ်။

May 25 ။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ဖျက်ရာမှာ ဘုရား၊ စေတီတွေပါမချန် ဖြိုဖျက်ဖို့ တိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။


ရှေ့တန်းထွက်နေရတဲ့ စစ်သည်တွေ တိုက်ပွဲမှာ သေဆုံးရင် ကျပ်သိန်း ၁၀၀ နဲ့ မြေတကွက် ပေးမယ်လို့ စစ်ခေါင်းဆောင်က မက်လုံးပေး စည်းရုံးထားကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

May 24 ။ မြန်မာပြည်နယ်နဲ့တိုင်းများမှာ နေရာတခုကနေတခု ပြောင်းရွှေ့တည်းခိုမယ်ဆိုရင် အရင်နေခဲ့တဲ့ ရပ်ကွက်ထောက်ခံစာ ပြနိုင်မှသာ နေရာအသစ်ရဲ့ ရပ်ကွက်ရုံးက ဧည့်စာရင်း လက်ခံပေးတာကြောင့် အကြောင်းကိစ္စကြောင့် သွားလာစရာရှိသူတွေ အခက်တွေ့နေကြောင်း ကိုယ်တိုင်ကြုံတွေ့သူတွေက
ပြောပါတယ်။ စစ်မှုထမ်းဖို့အသက် အကျုံးဝင်သူတွေ ထွက်ပြေးတိမ်းရှောင်မှာစိုးလို့ ထောက်ခံစာ လုပ်မပေးကြောင်းလည်း သိရပါတယ်။


ပေါက်ကွဲအားပြင်းပြီး ၁၀ မိုင်အထိ ပစ်လွှတ်နိုင်တဲ့ Matupi Rocket – 1 (MR 1) လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကို မေလမှာ အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း CDF မတူပီ (တပ်မဟာ ၁) ရဲ့ ​ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

May 23 ။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကောင်စီ တိုက် ၈ လုံးထဲက တိုက်နံပတ် ၆ မှာပြောင်းရွှေ့ပြီး အကျဉ်းချထားကြောင်း နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။


စစ်ကောင်စီလက်ထက်မှာ လေလံတင်ရောင်းချဖို့ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ ကို မူလ ကြမ်းခင်းဈေး ကျပ်သန်း ၃၅၀ သတ်မှတ်ခဲ့ပေမဲ့ လေလံဆွဲသူ မရှိတာကြောင့် ကျပ်သန်း ၁၆၀ ထိ လျှော့ချပြီး လေလံပြန်ခေါ်ဖို့ တရားပြိုင် ဦးအောင်ဆန်းဦးက အဆိုတင်သွင်းထားပါတယ်။ ဒုတိယအကြိမ် လေလံတင်တဲ့အခါ လေလံဆွဲသူကို ခြံဝင်းထဲ ဝင်ကြည့်ခွင့်ပေးဖို့၊ ခြံဝင်းထဲမှာပဲ လေလံပစ်ဖို့နဲ့ လေလံမတင်ခင် သတင်းစာတွေကနေ ကြော်ငြာဖော်ပြဖို့အချက်တွေကို အဆိုပြုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့နေအဖွဲ့နဲ့တောင် တွေ့ခွင့်မရသေးသလို သူ့အိမ် လေလံကြမ်းခင်းဈေး သတ်မှတ်ရာမှာလည်း ပါဝင်ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။


၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမူလုပ်ငန်း ၇၀ ကျော် ဝင်ရောက်ခဲ့ပြီး ဒီလုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ US ဒေါ်လာ ၆၆၁ သန်းကျော်သာ ရှိခဲ့ပြီး ဒါဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် US ဒေါ်လာ ၁ ဘီလီယံ နီးပါး လျော့နည်းခဲ့တာပါ။