မြန်မာပြည် သတင်းဒိုင်ယာရီ Aug 2024

သင့်အေးရိပ်September 6, 20249min1560


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Aug 27 ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန်မှာပဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ပြီး ဒုတိယ ဗိုလ်မှူးကြီးအပါဝင် စစ်သုံ့ပန်းတွေနဲ့ လက်နက်တွေကို ဖမ်းဆီးရမိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။


ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ၇ နှစ်ပြည့်တဲ့ ဒီသီတင်းပတ်မှာ ဒီအကြမ်းဖက် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေဘက်က US က ဆက်လက် ရပ်တည်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ US သံအမတ်ကြီး Linda Thomas-Greenfield က ကြေညာချက် ထုတ်ပါတယ်။

Aug 26 ။ လယ်ယာလုပ်ငန်းတွေအတွက် လုပ်သားရှာ မရ ခေါ်မရတဲ့ ပြဿနာကို တောင်သူတွေ ရင်ဆိုင်နေရတာ ၂၀၂၄ ခုနှစ်မှာ အဆိုးဆုံးဖြစ်ကြောင်း တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူပေးရေးအဖွဲ့တွေက ပြောပါတယ်။ ယခင်က တမနက်စာ အမျိုးသား အလုပ်သမားခ ၅,၀၀၀ ၊ အမျိုးသမီးက ၄,၅၀၀ ကျပ် ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ အမျိုးသားလုပ်အားက ၈,၀၀၀ နဲ့ အမျိုးသမီးက ၆,၀၀၀ ကျပ်အထိ ရှိလာတာပါ။


ဧရာဝတီတိုင်းက ရေထွက်ကုန် ကင်းမွန်တွေ ပြည်ပဈေးကွက်ကို ပြန်မတင်ပို့နိုင်သေးတာကြောင့် ဈေးကောင်းမရဖြစ်နေပြီး ရေထွက်ကုန်လုပ်ငန်းလုပ်သူတွေ အခက်အခဲဖြစ်နေပါတယ်။ ပင်လယ်စာ ကင်းမွန်တွေကို ယခင်က ပြည်ပဈေးကွက် ကိုးရီးယား၊ စင်ကာပူ၊ ချိုင်းနား၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး စပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဈေးကောင်းမရ ဖြစ်နေကြောင်း သိရပါတယ်။

Aug 25 ။ နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ပြည်သူတွေအနေနဲ့ ရပ်ကွက်၊ ကျေးရွာ လမ်းအလိုက် လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီး အပြန်အလှန်စစ်ဆေးနေမှသာ လုံခြုံအေးချမ်းလာမှာဖြစ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ အဖွဲ့ဝင် ၁၃ ဦး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို သြဂုတ် ၁၆ ရက်မှာ စစ်ကောင်စီက ဖွဲ့စည်းခဲ့တာပါ။


US 1 ဒေါ်လာကို ကျပ် ၇၀၀၀ အထိ ခုန်တက်ပြီးနောက်မှာ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ၃ ရက်အတွင်း ဒေါ်လာ သန်း ၁၂၀ ကျော် ထုတ်ရောင်းခဲ့ပါတယ်။

Aug 24 ။ စစ်‌ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အခြေစိုက် မန္တလေးမြို့ လုံခြုံရေးကို ခိုင်မာစွာ ဆောင်ရွက်ထားနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေဟာ မန္တလေးမြို့တောင်ဘက် မြင်းခြံ၊ တံတားဦးခရိုင်တွေနဲ့ မြို့ မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ တကောင်းမြို့နယ်တွေမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တပြိုင်နက်ဖြစ်ပွားနေချိန်မှာ ပြောခဲ့တာပါ။


ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို မကြာခင်မှာ အလုံးစုံထိန်းချုပ်နိုင်တော့မယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောဆိုပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ စတင်ပြီး ရက်ပေါင်း ၂၀ အကြာမှာ မြို့တွင်းက စစ်ကောင်စီတပ်စခန်း တခုပြီးတခုကို တိုက်ခိုက်နေပြီး နည်းနည်းပဲကျန်တော့တဲ့ ခံစစ်နေရာတွေကိုလည်း တခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။

Aug 23 ။ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ခေါင်းဆောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ ပြန်အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၆ လကြာပြီးနောက် သြဂုတ်လ နောက်ဆုံးပတ်အထိ စစ်မှုထမ်းအပတ်စဉ် ခေါ်ယူမှု အပတ်စဉ် ၄ အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေ အသက် အကျုံးဝင်တဲ့ လူငယ်လူရွယ်တွေကို ရပ်ကွက်၊ ကျေးရွာတွေအလိုက် အုပ်ချုပ်ရေးမှူးတွေကတဆင့် စာရင်းကောက်ခံနေပြီး ပြည်ပရောက်နေတဲ့ လူငယ်တွေရဲ့ အချက်အလက် စာရင်းတွေကိုလည်း မိသားစုတွေဆီ တောင်းခံနေပါတယ်။


မန္တလေး၊ ချင်း၊ စစ်ကိုင်း၊ မကွေးတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို လေကြောင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က တံတားဦးလေဆိပ်ကို အဓိကထား အသုံးပြုနေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မန္တလေးတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ပေမဲ့ မြေပြင်မှာတော့ PDF တပ်ဖွဲ့တွေက အသာစီးယူနိုင်ခဲ့ကြောင်း သိရပါတယ်။

Aug 22 ။ ယခု ၂၀၂၄ ထဲ အင်တာနက် ဆိုးရွားစွာ ပျက်နေတဲ့ နိုင်ငံတွေထဲ မြန်မာပြည်က ထိပ်ဆုံး ရောက်ခဲ့ပြီး ပါကစ္စတန်၊ ဆူဒန်နဲ့ အိန္ဒိယတို့က အစဉ်အတိုင်းရှိနေကြောင်း အင်တာနက် ရရှိမှု စောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။ အင်တာနက်ကို ရည်ရွယ်ချက်ရှိစွာ ဖြတ်တောက်တဲ့ အကျိုးဆက်က ကမ္ဘာ့စီးပွားရေး ဘီလျံချီ ဆုံးရှုံးနစ်နာနေတဲ့အပြင် မြန်မာပြည်မှာလည်း ယခုနှစ်အတွင်း ဒေါ်လာသန်းချီ နစ်နာခဲ့တာပါ။


ကရင်ပြည်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူ တသန်း ၂ သိန်းကျော် ရှိလာပြီလို့ ကရင် လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာပြည်ရဲ့လူဦးရေ ၃ ပုံ ၁ ပုံ ဖြစ်တဲ့ ၁၈.၆ သန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူညီတွေလိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)က ပြောခဲ့ပါတယ်။

Aug 21 ။ မန္တလေး၊ တံတားဦးမြို့နယ်ထဲက စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေး လက်အောက်ခံ တပ်စခန်းတခုကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောတဲ့အပြင် မန္တလေးတိုင်း နွားထိုးကြီးမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိကြောင်း သိရပါတယ်။


စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း တရှိန်ထိုးစျေးတက်နေတဲ့ မီးဖိုချောင်သုံးကုန်ခြောက်တွေရဲ့ စရိတ်ကြောင့် ဝင်ငွေ၊ ထွက်ငွေမမျှတဲ့ ပြဿနာကို မြန်မာအိမ်ရှင်မတွေ ရင်ဆိုင်နေကြရပါတယ်။ ကုန်ဈေးနှုန်းနဲ့အတူ ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီစျေးတွေလည်း အဆမတန်ဖြစ်နေပြီး bbcက စုစည်းထားတဲ့ကုန်စျေးနှုန်းအချက်အလက်တွေအရ အာဏာသိမ်း ၃ နှစ်ခွဲမှာ ကုန်စျေးနှုန်း ၃ ဆကျော်တက်လာပြီး အာဏာမသိမ်းခင် ကာလတွေနဲ့ နှိုင်းယှဥ်ရင် ၇ ဆ ကနေ ၁၀ ဆကြား မြင့်တက်လာတာပါ။

Aug 20 ။ မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဘေးဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ သူတွေအတွက် ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတဝန်းက ရစ်ယာန်ဘာသာဝင်တွေကို ဒီကနေ့ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။


စစ်အာဏာသိမ်း ၃ နှစ်ခွဲကာလအတွင်း တဟုန်ထိုးစျေးတက်နေတဲ့ အခြေခံစားသုံးကုန် စရိတ်တွေကြောင့် ဝင်ငွေ၊ ထွက်ငွေမမျှတဲ့ ပြဿနာကို မြန်မာအိမ်ရှင်မတွေ ရင်ဆိုင်နေကြရပါတယ်။ စစ်အာဏာသိမ်း ၃ နှစ်ခွဲမှာတင် ကုန်စျေးနှုန်း ၃ ဆကျော်တက်ခဲ့ပြီး အာဏာမသိမ်းခင်ကာလတွေနဲ့ နှိုင်းယှဥ်ရင်တော့ ၇ ဆ ကနေ ၁၀ ဆထိ မြင့်တက်ကြောင်း ဘီဘီစီသတင်း အချက်အလက်တွေအရ သိရပါတယ်။

Aug 19 ။ စစ်ပွဲကြောင့် မြို့ခံတွေစွန့်ခွာခဲ့ကြတဲ့ လားရှိုးမြို့မှာ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေနဲ့ လေကြောင်းဗုံးကြဲသံတွေ မရှိတော့ဘဲ သွားလာလှုပ်ရှားသူတွေရှိနေကြပါပြီ။ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်(MNDAA)က ၂၀၂၄ ဇူလိုင် ၂၆ မှာ အလုံးစုံ သိမ်းပိုက်ခဲ့တာပါ။


မြန်မာပြည်မှာ စက်သုံးဆီ နဲ့ စားသုံးဆီစျေးတွေ သြဂုတ်လအတွင်း စျေးခုန်တက်လာပြီး ပဲဆီ ၁ပိဿာ ဈေးနှုန်းဟာ ၁လအတွင်း ကျပ် ၅,၀၀၀ အထိ သိသာစွာ မြင့်တက်လာပြီး ၂၀၂၄ ဇူလိုင်လတုန်းက ပဲဆီ၁ပိဿာ ၁၉,၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ရာကနေ ယခုလမှာတော့ ကျပ် ၂,၄၀၀၀ ကျော်အထိဖြစ်လာတာပါ။

Aug 18 ။ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ပြန်ရဖို့ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် အင်အားထပ်တိုးချလာကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၃ ရက်ကြာတိုက်ခိုက်ပြီးနောက် မြို့ကိုသိမ်းပိုက်နိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေက ပြောပြီး ဒီပဲယင်းမြို့ဟာ စစ်ကိုင်းတိုင်းအောက်ပိုင်း အညာမြေပြန့်လွင်ပြင်မှာ တော်လှန်ရေးအင်အားစုတွေ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။


ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်ခွာသူတွေကို အထောက်အထား စုံလင်ရင်တောင် ပြန်လွှတ်တာတွေ ရှိတာကြောင့် ပြည်ပထွက်ချင်တဲ့လူငယ်တွေ ငွေကြေးနဲ့ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ PV အလည်အပတ် ပတ်စ်ပို့ ကိုင်ဆောင်ပြီး ပြည်ပကို အလုပ်အကိုင်ဗီဇာနဲ့ ထွက်မယ့်သူတွေကို ထွက်ခွာခွင့်မပြုဘဲ လေဆိပ်အပါအဝင် နယ်စပ်ဂိတ် အားလုံးကနေ တင်းကျပ်စွာ စိစစ်တားမြစ်နေတာပါ။

Aug 17 ။ အိမ်ခြေများစွာ စစ်ဘေးရှောင်သွားကြတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှာ နေအိမ်နဲ့ စျေးဆိုင်တွေ ဖောက်ထွင်းလုယက်ခံရတဲ့ အခြေအနေဆိုးဝါးနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက စစ်ကောင်စီနဲ့ MNDAA တပ်တွေ လားရှိုးမြို့မှာ တိုက်ပွဲများ ပြင်းထန်ခဲ့ကတည်းက စစ်ဘေးရှောင်ကြတဲ့ မိသားစုတွေရဲ့ နေအိမ်တွေ အဖောက်ခံရမှုများစွာ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာပြည်ကနေ တရားမဝင် တင်သွင်းလာတဲ့ အသားငါး ထုတ်ကုန်တွေဟာ ပြည်သူ့ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် US ထဲ ဒီထုတ်ကုန်တွေ ဘယ်လိုရောက်ရှိလာလဲဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ US စိုက်ပျိုးရေးဌာနရဲ့ အစားအစာဘေးကင်းလုံခြုံရေး နဲ့ စစ်ဆေးရေးဝန်ဆောင်မှု(FSIS) က သတင်းထုတ်ပြန်ပါတယ်။ FSIS ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်က တင်သွင်းလာတဲ့ အသင့်စား အသားငါး ဟင်းလျာနဲ့ အသင့်စား မုန့်ဟင်းခါ အမျိုးအစား ၁၈ ခုကို ပြည်သူ့ကျန်းမာရေးအတွက် စားသုံးရန်မသင့်လို့ ဖော်ပြထားပြီး အဖွားလက်ရာ အသားဟင်း၊ ငါးဟင်း စည်သွပ်ဗူးအစုံ၊ စံပြဒေါ်ကြည် မုန့်ဟင်းခါး အနှစ်၊ ထိမိဂွိ မော်လမြိုင် မုန့်ဟင်းခါးအနှစ်တွေကို စားသုံး ရောင်းချခြင်းမပြုဖို့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန FSIS က အများပြည်သူ သတိပေးချက်အနေနဲ့ ထုတ်ပြန်ခဲ့တာပါ။

Aug 16 ။ မြန်မာပြည်အရေးကိစ္စမှာ ကျော်လွန်မရတဲ့ စည်း ၃ခုကို ခိုင်မာစွာထိန်းသိမ်းထားရမယ်လို့ ချိုင်းနားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ က ချိုင်းနား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ တွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲမှာ ပြောပါတယ်။ အဲဒီစည်း ၃ စည်းက မြန်မာပြည်မှာ ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ်ဖြစ်ပွားဖို့မရခြင်း၊ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာသွားလို့မရခြင်း၊ ပြင်ပအင်အားစုတွေ ထင်သလို စိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ကြောင်း ပြောတာပါ။


မြန်မာစစ်တပ်လုပ်မယ့် ရွေးကောက်ပွဲက ရှုပ်ထွေးတဲ့နိုင်ငံ‌ရေးအခြေအနေကို ရောက်ရှိစေမှာဖြစ်လို့ ထောက်ခံ အားပေးတဲ့ နိုင်ငံတွေနဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေပါ တာဝန်ရှိမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) သတင်းထုတ်ပါတယ်။ နိုင်ငံတကာအစိုးရတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေ၊ စစ်ကောင်စီရဲ့ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ စီမံအုပ်ချုပ်နိုင်စွမ်း မရှိတာတွေကို လက်တွေ့ကျစွာသုံးသပ်ပြီး ပြည်သူဘက်က ရပ်တည်ပေးဖို့လည်း NUCC က တိုက်တွန်းခဲ့ပါတယ်။

Aug 15 ။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် မြို့ကြီးများစွာမှာ စက်သုံးဆီပြတ်လပ်မှု အဆိုးဆုံးအခြေအနေ ဆိုက်ရောက်နေပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြို့ခံတွေထံက သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီထည့်ရဖို့ ၁၀ နာရီဝန်းကျင် တန်းစီရပေမဲ့ ဆီထည့်ရမယ့် အလှည့်ရောက်အချိန်မှာ လိုသလောက် မရပါဘူး။ စစ်အာဏာသိမ်း ၃ နှစ်အတွင်း ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အဆိုးရွားဆုံး စက်သုံးဆီရှားပါး ပြတ်လပ် စျေးမြင့်တက်တဲ့ပြဿနာ အကြိမ် ၂၀ နီးပါးထိ ဖြစ်ခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အမှုဖြစ်နေတဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အိမ်ခြံဝန်းကို ဒီနေ့ ဒုတိအကြိမ် လေလံပွဲ လုပ်ခဲ့ပေမဲ့ လေလံဆွဲသူ မရှိခဲ့ပါဘူး။ ပထမအကြိမ် လေလံပွဲတုန်းကလည်း ဝယ်ယူသူ မရှိတာကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်း)နဲ့ လေလံပစ်ဖို့ တရားရုံးက ခွင့်ပြုခဲ့ပြီး ဒီနေ့ လေလံတင်ရောင်းချခဲ့တာဖြစ်ရာ ဒီနေ့လည်း လေလံမအောင်တဲ့အတွက် ဥပဒေကြောင်းအရ ဆက်လက်လေလံပစ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Aug 14 ။ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွနဲ့ မြောက်ပိုင်းက မောင်တောမှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ဂွမြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို၊ ဆေးရုံလုပ်ငန်းတွေပါ ရပ်ဆိုင်းခဲ့ရပါတယ်။ ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြားဖြစ်နေတဲ့တိုက်ပွဲတွေဟာ သံတွဲ၊ ငပလီကနေ ဂွမြို့ထိပါ ကျယ်ပြန့်လာနေတာပါ။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းနေပါတယ်။ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအနဲ့အတူ မန္တလေးတိုင်းအတွင်းမှာ တိုက် ပွဲတွေ ပြင်းထန်ပြီး မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတဲ့အပြင် မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။

Aug 13 ။ စစ်ကောင်စီက ဉာဏ်ရည်တု နည်းပညာ AI Usage Policy ကို ရေးဆွဲနေပြီး ဝန်ကြီးဌာနတချို့မှာ AI ဆိုင်ရာ အခြေခံအသိပညာ‌ပေးပွဲတွေကို စတင်ပြုလုပ်နေပါတယ်။ နိုင်ငံတော် ချမှတ်လုပ်ငန်းစဉ်တွေနဲ့ ဒစ်ဂျစ်တယ် နည်းပညာသစ်တွေ လျင်မြန်စွာ ပြောင်းလဲမှုကို လိုက်လျောညီထွေရှိစေဖို့ “Myanmar e- Governance Master Plan 2030” ကို ရေးဆွဲထားပြီးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။


မြန်မာပြည်မှာ ရွှေဈေးက မကြုံစဖူး ၁ ရက်အတွင်း ၆ သိန်းလောက် ခုန်တက်သွားခဲ့ကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ လက်ရှိမှာ အခေါက်‌ရွှေ ၁ကျပ်သားကို ငွေကျပ် ရှစ်ဆယ့်ငါးသိန်းလောက်ထိ ရောက်ခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာမသိမ်းခင်က အခေါက်ရွှေ ၁ကျပ်သား ၁၃ သိန်းကျော်နဲ့ US ၁ ဒေါ်လာ ၁,၄၀၀ ကျပ်သာ ရှိခဲ့တာပါ။

Aug 12 ။ ကမ္ဘာ့ဘဏ်လေ့လာချက်အရ ကမ္ဘာ့ကုန်စျေးနှုန်း အမြင့်ဆုံး ၄ နိုင်ငံမြောက် ဖြစ်နေတဲ့ မြန်မာပြည်မှာ အခြေခံလုပ်ခ လစာကို ထပ်တိုးမဲ့အစား အခြေခံလုပ်ခ လစာထဲ ထောက်ပံ့ကြေးငွေ ကျပ် ၁,၀၀၀ ထည့်သွင်းကြောင်းသာ စစ်ကောင်စီ အလုပ်သမားဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ၂၀၁၈ ကတည်းက သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄,၈၀၀ ကျပ်ကို တိုးမြင့်သတ်မှတ်တာ မရှိဘဲ အခုလို ထောက်ပံ့ကြေးလို့ သတ်မှတ်တာဟာ လုပ်ငန်းအမျိုးအစား၊ နေရာဒေသနဲ့ ကုန်ဈေးနှုန်း မြင့်မားမှုပေါ်မှာ အလုပ်သမားတွေ ထိခိုက်နစ်နာနေရကြောင်း ဘီဘီစီ သတင်းရင်းမြစ်က ပြောပါတယ်။


မြန်မာစစ်တပ်က သူတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ မြို့၊ ရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ပိုများလာတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ တိုးလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။ နိုင်ငံတဝန်း မြို့နယ် ၃၃၀ ထဲက ၁၄၇ မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒါဟာ တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အရေအတွက်ရဲ့ ထက်ဝက်နီးပါး လေကြောင်းနဲ့ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

Aug 11 ။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာရှိတဲ့ ကျောက်မဲမြို့နဲ့ လားရှိုးမြို့ကြားထဲက သီပေါမြို့မှာ ဩဂုတ် ၉ ရက်ကတည်းက တအာင်းတပ်(TNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ရှော့တိုက်ဒုံး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် စစ်တပ်က လေကြောင်းကနေ ပစ်ကူရတဲ့အထိ သီပေါမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်း တိုးခဲ့ကာ ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ ကိုးကန့်တပ် (MNDAA)က လားရှိုးမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် တမြို့လုံးကို ထိန်းချုပ်ကြောင်း ကြေညာပြီး TNLA တပ်တွေကလည်း ကျောက်မဲမြို့ကို
အပြီးသတ်ထိန်းချုပ်နိုင်ကြောင်း ကြေညာခဲ့တဲ့နောက် ဒီ၂ မြို့ကြားထဲက သီပေါမြို့ပေါ်အထိ တိုက်ပွဲတွေ ခပ်မြန်မြန်ကူးစက်လာတာ ဖြစ်ပါတယ်။


၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့အတွင်း TNLA က ရှမ်းမြောက်ကမြို့တွေ၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်က မြို့တွေအပါအဝင် မြို့ပေါင်း ၁၁ မြို့ကို ထိန်းချုပ်ထားပါတယ်။

Aug 10 ။ ချိုင်းနားအနေနဲ့ မြန်မာမှာ တိုက်ပွဲဖြစ်ပွားနေတာကို မတွေ့မြင်လိုဘဲ မြန်မာပြည်မြောက်ပိုင်းအပါအဝင် မြန်မာ့ငြိမ်းချမ်းရေး တက်ကြွစွာ လုပ်ဆောင်သွားမယ်လို့ ချိုင်းနားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်နင်က ပြောခဲ့ပါတယ်။


ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အာရက္ခတပ်တော်(အေအေ)ကို ချင်းပြည်နယ်က ထွက်သွားဖို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်ခြမ်းရောက် ချင်းစစ်ဘေးရှောင် ရာချီက ”ချင်းပြည်နယ်ကနေ အေအေ ထွက်ခွာပေးရန်၊ ချင်းပြည်ကောင်စီကိုထောက်ခံသည်၊ ဖလမ်း၊ ထန်တလန်၊ဟားခါး၊မတူပီမြို့က အေအေထွက်ခွာပေးပါ” ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်လှည့်လည် ဆန္ဒဖော်ခဲ့ကြပါတယ်။

Aug 09 ။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချိုင်းနားနိုင်ငံခြား‌ရေးဝန်ကြီး၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့ တွေ့ဆုံတဲ့ညမှာပဲ ရှမ်းမြောက်က စစ်ကောင်စီထိန်းချုပ်ထားဆဲ မူဆယ်မှာ ကိုးကန့်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နေပြည်တော်ကို ရုတ်တရက်ရောက်လာတဲ့ ချိုင်းနားသံ ခရီးစဥ်မပြီးဆုံးခင်မှာပဲ မူဆယ်မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင်း ဒီတွေ့ဆုံမှုဟာ တိကျတဲ့ရလဒ် မထွက်ဘူးလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် မန္တလေးက ဝန်ထမ်းတချို့ကိုလည်း စကစက လုံခြုံရာတွေဆီ ရွှေ့ခိုင်းနေကြောင်း သိရပါတယ်။


မြန်မာစစ်ကောင်စီဟာ ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ % ကို သတ်မှတ်ထားတဲ့ ငွေလွှဲစနစ်တွေကနေ အိမ်ပြန်လွှဲကြဖို့ ဒီသီတင်းပတ် အစောပိုင်းမှာ ထပ်မံ ဖိအားပေးလာပါတယ်။ နိုင်ငံခြားငွေစျေးနှုန်း ပြင်ပပေါက်စျေးတွေ တနေ့တခြား တက်လာတဲ့အတွက် အများစုဟာ ငွေပိုရတဲ့ ဟွန်ဒီစနစ်ကိုပဲ အဓိက အသုံးပြုနေကြတာပါ။

Aug 08 ။ ရခိုင်ပြည်နယ်၊ သံတွဲထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံ‌ရေးအကျဉ်းသား၄၁ ယောက် အပါအဝင် အကျဉ်းသား ၃၇၂ ယောက်ကို အာရက္ခတပ်တော်(AA)က ကယ်ထုတ်ထားကြောင်း သတင်းထုတ်ပါတယ်။ သံတွဲထောင်ကနေ ကယ်ထုတ်နေချိန် လက်နက်ကြီးစ ထိမှန်တာကြောင့် သေဆုံးသူ အကျဉ်းသား ၇ ယောက်ရှိကြောင်း သိရပါတယ်။


နွေဦးတော်လှန်ရေး ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၃၆ နှစ် ကြာ ရှင်သန်နေဆဲ ၈လေးလုံး စိတ်ဓာတ်ကို ကိုင်စွဲ၊ တိုင်းရင်းသားညီနောင်မဟာမိတ်တွေ အပါအဝင် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး အောင်ပွဲဆီ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ NLD ပါတီဝင်များ၊ CRPH ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက အွန်လိုင်းကနေ ကျင်းပတဲ့ ၃၆ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားမှာ ကြေညာပါတယ်။

Aug 07 ။ အာဏာသိမ်းကာလ ၃နှစ်ခွဲအတွင်း အခုလို မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလို ဖယ်ရှားခံနေရပြီး ဘီဘီစီရဲ့ လေ့လာစာရင်းပြုမှုအရ ဗိုလ်ချုပ်ကြီးအဆင့်ကစပြီး ဗိုလ်မှူးချုပ်အထိ ထိပ်တန်းအရာရှိကြီး ၅၀ ကျော် ဖယ်ရှားခံခဲ့ရကြောင်း သိရပါတယ်။


၁၀၂၇ ဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးကြောင့် မန္တလေးတိုင်းထဲက စဥ့်ကူးနဲ့ မတ္တရာထိ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်လာနိုင်ပြီးနောက် မြို့တော် မန္တလေးအထိ မရောက်လာဖို့ စစ်ကောင်စီဟာ တံတားဦးမြို့နယ်လေဆိပ်ပတ်လည်ကို အင်အားတိုးမြှင့် ချထားပြီး လုံခြုံရေးတင်းကျပ်ထားရတဲ့အပြင် မန္တလေးမြို့တွင်းမှာလည်း နေ့လယ်ခင်းအချိန်တွေမှာပါ ဧည့်စာရင်းစစ်ဆေးမှုတွေ ရှိလာပြီး ပြင်ဦးလွင်မြို့က စစ်အသိုင်းအဝိုင်း၊ ဝန်ထမ်းနဲ့ ဒေသခံတွေဟာ မြို့ကို စွန့်ခွါတိမ်းရှောင်နေကြပါတယ်။ ပြောင်းရွှေ့သူ များပြားတဲ့အတွက် ပြင်ဦးလွင်ကနေ မန္တလေးဘက်အဆင်းမှာ ယာဉ်တန်းပိတ်ဆို့မှုများစွာ ရှိခဲ့ပါတယ်။

Aug 06 ။ မြန်မာပြည်၊ ပြည်နယ်နဲ့ တိုင်း ၅ ခုက သိန်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာ အကူအညီတွေပေးနေကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ပြောပါတယ်။ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လာပြီး လူပေါင်း ၂ သိန်း ကျော် ထိခိုက်ခဲ့ကာ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာ့ပဋိပက္ခ အညွှန်းကိန်းအဆင့် နံပါတ်(၂) မှာရှိပြီး မြန်မာ့ပြည်တွင်းစစ်ဟာ ကမ္ဘာမှာ တတိယ အသေအပျောက်အများဆုံးဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ ACLED အဖွဲ့က နှစ်ပတ်လည် သုံးသပ်ချက်မှာ ဖော်ပြပါတယ်။

Aug 05 ။ အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုက်ခိုက်ခံသိမ်းပိုက်ခံနေရချိန် ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ စစ်ရေးအကြောင်း မပါဝင်ဘဲ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲနဲ့ အမျိုးသားအားကစားပြိုင်ပွဲ ကျင်းပဖို့ အဓိက ပြောဆိုခဲ့တဲ့အပေါ် တပ်ထောက်ခံသူအများစု အသုံးပြုကြတဲ့ တစ်တော့ခ်(TikTok)နဲ့ တယ်လီဂရမ် စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။


မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းနဲ့ အင်တာနက်သုံးစွဲမှုတွေ ကန့်သတ်၊ ဖြတ်တောက်တာ၊ အွန်လိုင်းဆင်ဆာလုပ်တာ၊ ထောက်လှမ်းတာတွေ ပိုလုပ်လာပါတယ်။ စစ်တမ်းတွေအရ မြို့နယ်ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး အွန်လိုင်းပေါ်က စစ်တပ်ကို ဆန့်ကျင်ဝေဖန်မှုနဲ့ ဖမ်းဆီးခံရမှုဟာ ၂၀၂၄ မေလကနေ ၃ လအတွင်း အယောက် ၇၀ နီးပါး ရှိခဲ့ပါတယ်။

Aug 04 ။ မြစ်ရေဆက်တက်လာနိုင်တဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ်နဲ့ မြို့ စုစုပေါင်း ၁၀ ခုက မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းနားနေသူတွေကို သတိနဲ့နေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။


ဧရာဝတီတိုင်းမှာ စားအုန်းဆီ ၁ ပိဿာကို ကျပ် ၁၉,၅၀၀ အထိ ပေးဝယ်နေရပြီး လိုသလောက်ဝယ်လို့ မရကြောင်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလတုန်းက စားအုန်းဆီ ၁ ပိဿာကို ကျပ် ၈,၅၀၀ အထိသာ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ဇွန် ၁၀ ရက်လောက်ကစပြီး လက်ရှိ အချိန်ထိ စားအုန်းဆီ ၁ ပိဿာ ကျပ် ၁၉,၅၀၀ အထိ ဈေးပေါက်နေတာပါ။ စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီကတော့ အခြေခံရည်ညွှန်းဈေးကို ၁ ပိဿာ ၅,၀၀၀
ကျော်အဖြစ် သတ်မှတ်ထားပေမဲ့ ဝယ်ယူရခက်ခဲတာကြောင့် ပြင်ပဈေးကွက်အတွင်းမှာ ဈေးနှုန်းအဆမတန် တက်နေတာပါ။

Aug 03 ။ ဧရာဝတီတိုင်း၊ ပုသိမ်က ရာဘာခင်းစောင့်တဲ့ အလုပ်သမားတွေ ညဘက်ရိုက်ကူးခဲ့တဲ့ ဆင်တကောင်ရဲ့ဓာတ်ပုံ ထွက်ပေါ်ပြီးတဲ့နောက် ဆင်ဖြူတော်ရှာဖို့ နေပြည်တော်က အမိန့်ပေးခဲ့ကြောင်း ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ဆင်ဖြူတော်တွေကို အလိုရှိကြပြီး မြန်မာပြည်မှာ ဆင်ဖြူတော် ၁၁ ကောင်အထိ ပေါ်ထွန်းပြီးပြီလို့ သတ်မှတ်ထားကြပါတယ်။


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့ အထူးကိုယ်စားလှယ်အဖြစ် စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂)ဝန်ကြီး ဦးကိုကိုလှိုင် ကို ကမ္ဘောဒီးယား စေလွှတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ ဟွန်ဆန်သားအဖ က လက်ခံတွေ့ဆုံခဲ့ပါတယ်။ လာမယ့် ၂၀၂၅ မှာ မြန်မာ-ကမ္ဘောဒီးယား သံတမန်ထူထောင်တာ နှစ် ၇၀ ပြည့် မှာ ဖြစ်ပါတယ်။

Aug 02 ။ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ခွင့်ရှိတဲ့ Papssport for Job(PJ) အမျိုးအစား ကိုင်ဆောင်ထားတဲ့သူ အယောက် ၄၀ ဟာ မနေ့က လေယာဉ်ပေါ် တက်ခွင့်မရဘဲ လေဆိပ်ကနေ ပြန်လွှတ်ခံခဲ့ရပါတယ်။ ပြန်လွှတ်ခံရသူတွေထဲမှာ ၂ နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေသူတွေ၊ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်လို့ မြန်မာပြည် ပြန်လာပြီး သက်တမ်းတိုး ပြန်ထွက်တဲ့ သူတွေ ပါဝင်ပါတယ်။ မြန်မာပြည်မှာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် ပြည်ပထွက်ခွာသူ များလာပြီး ပြည်ပအလုပ် လုပ်ခွင့်ရှိတဲ့ PJ ပတ်စ်ပို့စ်အမျိုးအစားကနေ PV ပက်စပို့ ပြောင်းလဲလျှောက်ထားခွင့်လည်း မပြုတော့ကြောင်း သိရပါတယ်။


မြန်မာပြည်မှာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်နေသလို နိုင်ငံခြားငွေနဲ့ လဲလှယ်ရာမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းလာတဲ့အတွက် သွင်းကုန်တွေဈေးကြီးပြီး ပစ္စည်းပြတ်လပ်မှုတွေ ရှိနေပါတယ်။

Aug 01 ။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေ ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ နေထိုင်မကောင်းတာ၊ သေဆုံးတာတွေလည်း ရှိနေတဲ့အပြင် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်စည်နဲ့ ဆေးဝါးရှားပါးမှုတွေ ကြုံနေရတာပါ။


ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပြင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့မှာလည်း စက်သုံးဆီတွေ ဝယ်လို့မရ ပြတ်လပ်နေပြီး လိုသလောက်မရ ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းအထိဆိုရင် စစ်တပ်အာဏာသိမ်း ၃ နှစ်အတွင်း အဆိုးရွားဆုံး စက်သုံးဆီရှားပါးပြတ်လပ်မှုနဲ့ စျေးမြင့်တဲ့ပြဿနာ အနည်းဆုံးအကြိမ် ၂၀ နီးပါး ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့က အငှားယာဉ်ကားခတွေ ဒီရက်ပိုင်းအတွင်း ဈေးသိသာစွာ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။ ဆီတစ်ခါဖြည့်ရဖို့ နာရီပေါင်းများစွာ တန်းစီးစောင့်ဆိုင်းနေရပြီး ဖြည့်မယ့်အလှည့်ရောက်ခါနီးမှ ဆီကုန်သွားတာလည်း ကြုံရကြောင်း အငှားယာဉ်မောင်းတွေက ပြောပါတယ်။

July 31 ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်သက်တမ်း ၆ လ ထပ်တိုးကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ နိုင်ငံအရေးပေါ်ကာလ သက်တမ်းကို ၆ လစီ သက်တမ်းတိုးပြီး အာဏာ ရယူထားရာမှာ အခုတကြိမ်ဟာ ၆ ကြိမ်မြောက် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဒုတိယသမ္မတ ၁ အဖြစ်က ယာယီသမ္မတ ဖြစ်နေတဲ့ ဦးမြင့်ဆွေဟာ ကာလုံအစည်းအဝေးကို ကျန်းမာရေး မကောင်းမှုကြောင့် ဦးဆောင်မကျင်းပဘဲ စစ်ခေါင်းဆောင်ထံ
တာဝန်လွှဲပြောင်းပေးခဲ့တာကြောင့် ကာလုံ အစည်းအဝေးကို စစ်ခေါင်းဆောင်က ဦးဆောင်ခဲ့တာပါ။


“မြန်မာပြည်မှာ စစ်ကောင်စီ အရေးပေါ်ကာလ ထပ်တိုးလိုက်တာဟာ စစ်အုပ်ချုပ်မှုကို အပြင်းအထန်ဆန့်ကျင်နေကြတဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ ကွဲလွဲနေကြောင်း US ပြည်ထောင်စုက တုံ့ပြန်လိုက်တဲ့အပြင် မြန်မာပြည်တွင်း လူထုကို အကြမ်းဖက်မှုရပ်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အဟန့်အတားမရှိ ခွင့်ပြုဖို့” US နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Matthew Miller က သတင်းထုတ်ပြန်ပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ နောက်ဆက်တွဲလူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးမရေရာမှုတွေဟာ ကလေးငယ်တွေရဲ့ အနာဂတ်တွေနဲ့ ဘဝတွေကို အန္တရာယ်ကြား ရောက်ရှိစေခဲ့ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ”အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ်များ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ UNICEF ရဲ့ စာရင်းအရ မြန်မာပြည်က ကလေးသူငယ် တသန်းကျော်ဟာ ဝက်သက်၊ ပိုလီယိုနဲ့ ဆုံဆို့နာတို့ကို ကြိုတင်ကာကွယ်ပေးတဲ့
ပုံမှန်ကာကွယ်ဆေးတွေကိုထိုးခွင့်မရပါဘူး။

July 30 ။ စစ်‌ရေး လှိုင်းဟာ မန္တလေးထိ ရောက်လာလို့ စစ်ရေး၊ အုပ်ချုပ်ရေး နှစ်ခုလုံးပြင်ဆင်ဖို့ လိုတဲ့အပြင် နိုင်ငံရေးအခြေအနေအလှုပ်အခတ်တွေလည်း သတိထားပြီး စောင့်ကြည့်ကြရမယ့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ စက်သုံးဆီ ပြတ်လပ်နေလို့ ဆီဆိုင်တွေမှာ ယာဥ်တန်းရှည်နဲ့ တန်းစီစောင့်ဆိုင်းဝယ်ယူမှုများ ဆက်ရှိနေကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီ ပြတ်လပ်မှုဟာ နိုင်ငံခြားသုံးငွေ လိုသလောက် ဝယ်မရတာကြောင့် သီလဝါဆိပ်ကမ်းမှာ ဆီပြတ်တဲ့အပြင် ခွဲတမ်း‌တွေ
အပြည့်မရ ထိန်းရောင်းနေရကြောင်း ပြည်တွင်းစက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။

July 29 ။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တလနီးပါး တိုက်ပွဲတွေ ပြင်းထန်နေပြီး ထိခိုက်သေဆုံးသူတွေ ရှိနေသလို၊ မြို့ခံတွေကို ဘေးလွတ်ရာ ထွက်ခွာဖို့ သတိပေးတာတွေ ရှိနေခဲ့ပါတယ်။ စစ်ကောင်စီတပ်စခန်းအများစုကို MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးတဝိုက် စစ်ကောင်စီလက်ကျန်တပ်တွေ ရှိနေဆဲဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။


ဒီလ ၂၇ရက်နေ့ကတော့ UWSA ဝတပ်ဖွဲ့တွေ အင်အား ရာနဲ့ချီပြီး လားရှိုးမြို့တွင်းကို ဝင်ရောက်လာခဲ့ပါတယ်။ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဝတပ်ဖွဲ့ပိုင် စက်ရုံနဲ့ ကုမ္ပဏီတွေ ၊ ဆက်ဆံရေးရုံး မိသားစုတွေ လုံခြုံရေးအတွက် လာရောက်တာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

July 28 ။ MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့က အကျဉ်းထောင်ပွင့်ပြီး မနေ့က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်ခဲ့ပြီး လွတ်မြောက်ခဲ့သူတွေထဲ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြည်သူလွှတ်တော် ဒု-ဥက္ကဌလည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်လည်း ပါဝင်ခဲ့ပါတယ်။


လားရှိုးမြို့က ရမခတိုင်းစစ်ဌာနချုပ်အနီးမှာ တိုက်ပွဲတွေ ဒီနေ့လည်းဆက်လက် ပြင်းထန်ခဲ့ပါတယ်။
ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင် စတဲ့ မြစ်တွေမှာ မြစ်ရေကြီးခဲ့လို့ မြစ်ဘေးနား မြို့ကြီး ၁၂ မြို့ထက်မနည်းမှာ ရေကြီးခဲ့ကြောင်း စစ်ကောင်စီ မိုးဇလက သတင်းထုတ်ပါတယ်။ ဧရာဝတီတိုင်းဟာ ‌ရေကြီး‌မှုဒဏ်ကို ပိုခံစားရပြီး ပဲခူးမှာတော့ ရထားဘူတာ ရေကျော်တဲ့အတွက် ရထားခရီးစဉ်တွေပါ ရပ်ဆိုင်းခဲ့ပါတယ်။ ရန်ကုန်တိုင်းတွင်းက မြို့နယ်အချို့မှာလည်း ရေကြီးမှုဒဏ်ကို ခံနေရပါတယ်။

July 27 ။ မြန်မာစစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းက ‘ဝ’ တပ်ဖွဲ့တွေ လားရှိုးမြို့ထဲ ဝင်ရောက်လာပြီး လားရှိုးမြို့နယ်ထဲက ‘ဝ’ရဲ့ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်ကြောင်း လားရှိုးမြို့ ‘ဝ’ ဆက်ဆံရေးဌာနက ပြောပါတယ်။


မြန်မာပြည်တွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း လာအိုနိုင်ငံ မြို့တော် Vientiane မှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးမှာ US နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောခဲ့ပါတယ်။

July 26 ။ မြန်မာပြည်တွင်းက ချိုင်းနားစီမံကိန်းတွေကို မထိခိုက်စေဖို့နဲ့ ချိုင်းနိစ်တွေရဲ့ လုံခြုံရေး မထိပါးစေဖို့ ချိုင်းနားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောနေချိန်မှာ ဒေသတွင်း ချိုင်းနားစီမံကိန်းရှိတဲ့ နေရာတွေမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲများ ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်း တိုက်ပွဲတွေအတွင်း မတ္တရာမြို့က ချိုင်းနားပိုင် Alpha ဘိလပ်မြေစက်ရုံကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ကြားကနေ ထိန်းသိမ်းခဲ့ပါတယ်။


မြန်မာပြည်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေကြောင်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာပြည် ရောက်နေတဲ့ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး(NSA)Ajit Doval ကို ပြောခဲ့ကြောင်း သိရပါတယ်။ မြန်မာစစ်ခေါင်းဆောင်နဲ့ အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့ တွေ့ဆုံမှုအတွင်း မြန်မာပြည်တွင်း နိုင်ငံရေး ဖြစ်ပေါ်မှုအခြေအနေတွေ အပါအဝင် ၂ နိုင်ငံအကျိုးတူ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

July 25 ။ ထိုင်း-မြန်မာ နယ်စပ်မှာ မိုးကြီးပြီး သောင်ရင်းမြစ်ရေ တက်လာတာကြောင့် မြစ်ကမ်းအနီး စခန်းချခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေ အန္တရာယ်ရှိနေကြောင်း သိရပါတယ်။ သောင်ရင်းမြစ် အနီးက ပလောတပို့ ယာယီဒုက္ခသည်စခန်းမှာလည်း ကမ်းပါးတွေ ပြိုနေတာကြောင့် ဒုက္ခသည်များ အန္တရာယ် ရှိနေခဲ့ပါတယ်။ ငှက်ဖျား၊ တုတ်ကွေး၊ ဝမ်းလျောတာတွေလည်း ဖြစ်နေလို့ ဆေးဝါးလိုအပ်ချက်လည်း ရှိနေပါတယ်။


ယခင်က မြန်မာတနိုင်ငံလုံး တနေ့ကို စားအုန်းဆီ တန်ချိန် ၁၆၀၀ ဖြန့်ခဲ့ပေမဲ့ ခုချိန်မှာတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ဒေါ်လာအခက်အခဲကြောင့် မူလတင်သွင်းတဲ့ ၁ လ တန်ချိန် ၅၀,၀၀၀ အစား တန်ချိန် ထက်ဝက်လောက်အထိ လျှော့ချတင်သွင်းနေရပြီး ပြည်တွင်းမှာ စားအုန်းဆီ ပိုမိုကျပ်တည်းလာကြောင်း သိရပါတယ်။ ပြည်တွင်း ဆီထွက်သီးနှံ ထွက်နှုန်း တိုးမလာတဲ့အပြင် ပြည်ပ စားအုန်းဆီတင်သွင်းပမာဏ လျော့ကျတာကြောင့် ပြည်သူတွေ စားသုံးဆီ အကျပ်အတည်းကို ရင်ဆိုင်နေရတာပါ။

Leave a Reply