မြန်မာပြည်သတင်း ဒိုင်ယာရီ Dec/Jan 2025


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Jan 29 ။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံတဝန်းက လူငယ်အမျိုးသားတွေအပြင် အမျိုးသမီး(အိမ်ထောင်သည်တွေ)ကိုပါ စစ်မှုထမ်းဖို့ စတင်စာရင်းကောက်ယူတာတွေလုပ်ဆောင်လာကြောင်း BBC သတင်းအရ သိရပါတယ်။

Jan 28 ။ US ဒေါ်လာဈေး ဆက်တိုက်ကျဆင်းနေပြီး တဒေါ်လာ ၄,၅၅၀ ကျပ်ဝန်းကျင်အထိ ပြန်ကျဆင်းခဲ့ပါတယ်။

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အငြိမ်းစား မြန်မာစာ ပါမောက္ခဆရာကြီး မောင်ခင်မင်(ဓနုဖြူ) (အသက် ၈၄ နှစ်)ဟာ ဒီနေ့မနက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

Jan 27 ။ လမ်းမတော်လမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက် စည်ကားခဲ့တဲ့ ချိုင်းနားနှစ်သစ်ကူးပွဲတော်က ယခုနှစ် (၂၀၂၅)မြွေနှစ် တရုတ်တန်းရဲ့ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာတော့ ဆိုင်ခန်းတွေ လျော့ကျခဲ့သလို လသာလမ်းကနေ ရွှေတိဂုံဘုရားလမ်းတလျှောက်မှာလည်း ခြောက်ကပ်နေခဲ့ပါတယ်။


ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့အသက် အကျုံးဝင်တဲ့ အမျိုးသမီးတွေကိုပါ စာရင်းကောက်တာတွေ လုပ်နေတာကြောင့် စိုးရိမ်ပူပန်နေကြောင်း ဒေသခံပြည်သူတွေ ပြောချက်အရ သိရပါတယ်။

Jan 26 ။ ဧရာဝတီတိုင်းထဲက အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေတွေအနား တိုက်ပွဲတွေ ဖြစ်လာချိန် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက ၅ နှစ် နီးပါး ပိတ်ထားတဲ့ ညောင်ချောင်းသာကမ်းခြေကို ပြန်ဖွင့်ဖို့ ပြင်ဆင်နေပါတယ်။


လေထုအရည်အသွေးတိုင်းတာမှုအဖွဲ့ IQAir ရဲ့ တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု(အဆင့် ၈) မှာ ရှိနေခဲ့ပါတယ်။

Jan 25 ။ မြန်မာပြည် စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူ ၇ ဦးရှိကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ပြောပါတယ်။


ရန်ကုန်၊ သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး(သန်လျင်တံတား အမှတ် ၃) ကို ၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီး ယာဉ်ဖြတ်သန်းခတွေကောက်ခံရာမှာ တရက် ကျပ် သိန်း ၈၀ လောက် ဝင်ငွေရကြောင်း တံတားအထူးအဖွဲ့ ၁(ယန္တယားတပ်ခွဲ/တောင်)က ပြောပါတယ်။

Jan 24 ။ ကရင်ပြည်နယ်၊ ကော်သူးလေ အုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၄ ခုနှစ် တနှစ်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃,၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ခဲ့ပါတယ်။


ရန်ကုန်မြို့မှာရှိတဲ့ EV Charger Station တွေဟာ လျှပ်စစ်မီးပုံမှန်မရရှိလို့ ပုံမှန်ဝန်ဆောင်မှု မပေးနိုင်သလို အားသွင်းရုံအသစ်တွေ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပေမဲ့ မဖွင့်နိုင်ပဲဖြစ်နေပါတယ်။

Jan 23 ။ နိုင်ငံတဝန်းလုံး(သို့မဟုတ်)ဒေသတချို့မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ်အခြေအနေပေါ်ပေါက်ရင် စစ်မှုထမ်းဖို့ အရွယ်ရောက်သူအားလုံးက စစ်မှုထမ်းဆောင်ရမယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ ၂၀၂၅ မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ ထပ်မံထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေပါ အချက်တွေကြောင့် စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ မြန်မာလူငယ်တွေ ပြည်ပထွက်ခွာခွင့်ရဖို့ ပိုမိုတင်းကျပ်လို့ ခက်ခဲတဲ့အပြင် စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို မြို့နယ်အဖွဲ့က ဆင့်ခေါ်ခါမှာ လာရောက် သတင်းပို့၊ ကိုယ်တိုင်မလာနိုင်ရင် မိသားစုဝင် တယောက်ယောက်က ကိုယ်စား သတင်းပို့ပေးရမှာဖြစ်ပြီး မလိုက်နာရင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ(၂၃ ပုဒ်မခွဲ-က)အရ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။


မြန်မာ့ဂီတလောကမှာ ထင်ရှားတဲ့ ဝါရင့်အဆိုတော် မာရဇ္ဇ (အသက် ၅၈) ဟာ ဒီနေ့ညပိုင်းမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

Jan 22 ။ ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ကားဂိတ်တခုမှာ ပါဆယ်လာထုတ်သူ ၂ ဦးထံကနေ မူးယစ်ဆေးဝါးပါ ၂၇ ထုပ်လောက် ပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေး အပြား ၄၅၀,၀၀၀၊ ကာလတန်ဖိုး ကျပ်ငွေသိန်း ၄၅၀၀ ကို တွေ့ရှိခဲ့ပါတယ်။


ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေနဲ့ အနီးနား ရွာတွေမှာ စစ်ရိပ်သမ်းလာတဲ့အတွက် ဒေသခံအများစု စစ်ရှောင်နေကြပြီး ကမ်းခြေ ဟိုတယ်တချို့လည်း ပိတ်ထားရကြောင်း ဒေသခံတွေ ပြောပါတယ်။

Jan 21 ။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ကာကွယ်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေနောက်မှာ နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း (၂၀၀) ကျော်ပိတ်ထားရတာကြောင့် ဘဏ်ခွဲ ၁၀ % ကျော် မလည်ပတ်နိုင်တဲ့ အ‌ခြေအနေဖြစ်ပြီး ဘဏ်ခွဲတွေပိတ်ထားရလို့ ငွေသားစီးဆင်းလည်ပတ်နိုင်မှုတွေ ခက်ခဲနေပါတယ်။


ကျားဖြန့် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းတွေထဲ ပိတ်မိနေတဲ့ လုပ်သား ၅၅,၀၀၀ ကျော်ကို နယ်စပ်ဒေသတွေကနေ သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်လည်လွှဲပြောင်းပေးပို့ခဲ့ကြောင်း စစ်ကောင်စီပြန်ကြားရေးက သတင်းဖော်ပြပါတယ်။

Jan 20 ။ မြန်မာ့ဝါရင့်သရုပ်ဆောင်ကြီး ရွှေခြံ သန်းမြင့် (အသက် ၈၃နှစ်)ဟာ အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ရွှေခြံသန်းမြင့်ဟာ ရုပ်ရှင်၊ ဗီဒီယို၊ ကတ်ဆက်အသံဇာတ်လမ်း အများအပြားမှာ သရုပ်ဆောင်ခဲ့သူဖြစ်တဲ့အပြင် ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲ စစ်ရှောင်တွေ ဆောင်းရာသီကာလမှာ အအေးဓာတ် ခံနေရကြောင့် လေဖြတ်၊ လေဖျန်းတာနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ခံစားနေရကြောင်း စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

Jan 19 ။ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မြို့ခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း အကူအညီ ပေးနေသူ၊ ဒေသခံတွေက ပြောပါတယ်။


နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်နိုင်ဖို့ စီးပွားရေးအရ အခက်အခဲ ရှိတာကြောင့် ရန်ပုံငွေ ရှာဖွေနိုင်ရေးအတွက် တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတချို့ကို စစ်ကောင်စီက ယစ်မျိုးလိုင်စင်တွေ ချပေးဖို့ ရှိနေကြောင်း BBC သတင်းက ဖော်ပြထားပါတယ်။

Jan 18 ။ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီး(Paramotor) အသုံးပြုပြီး ဗုံးကြဲချခဲ့လို့ ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး လူနေအိမ်တချို့လည်း ပျက်စီးခဲ့ပါတယ်။


နိုင်ငံပေါင်း ၁၄၅ နိုင်ငံကို လေ့လာထားတဲ့ စစ်တမ်းတခုအရ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဆင့်မှာ မြန်မာပြည်က ၁၁၈ နဲ့ ရပ်တည်နေကြောင်း ကမ္ဘာ့လူဦးရေကိုဆန်းစစ်လေ့လာတဲ့ WPR အဖွဲ့ကနေ ထုတ်ပြန်ခဲ့တာကြောင့် မြန်မာထက် ပျော်စရာမကောင်းတဲ့နိုင်ငံ က ၂၇ နိုင်ငံပဲ ရှိတော့မှာဖြစ်ပါတယ်။

Jan 17 ။ မြန်မာ့လူဦးရေ ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်ပဲ ရှိတော့ကြောင်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ သန်းခေါင်စာရင်းကို ကိုးကားပြီး
ပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ဟာ ချိုင်းနားဘက်က ကြားဝင် ညှိနှိုင်းပေးမှုနဲ့ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပြီး ပြီးခဲ့တဲ့လက နှစ်ဖက်ကြား ဆွေးနွေးမှုရှိခဲ့ပေမဲ့ ရလဒ်တစုံတရာ ထွက်ပေါ်ခဲ့ခြင်းတော့ မရှိပါဘူး။

Jan 16 ။ ရန်ကုန်မြို့မှာ တိုက်ခန်းအငှားနဲ့အဝယ်လိုက်လာလို့ ကန်ထရိုက်တိုက် ဆောက်လုပ်တာတွေ ပြန်များလာကြောင်း သိရပါတယ်။ အိမ်ဈေး၊ တိုက်ခန်းရောင်းစျေးတွေလည်း ယခင်ထက် နှစ်ဆနီးပါး ပေါက်စျေးရှိနေပြီး ဝယ်လက်များနေတာပါ။


အင်းလေးဒေသက ရွာ ၁၀ ရွာလောက်မှာ ရေကြီးပြီး ၃ လကျော်တဲ့ထိ သောက်ရေသန့်လိုအပ်ချက် မြင့်မားနေဆဲဖြစ်ကြောင်း အရပ်ဘက် ကယ်ဆယ်ထောက်ပံ့ရေး အဖွဲ့တွေက ပြောပါတယ်။

Jan 15 ။ အခုနှစ် ဇန်နဝါရီ တလအတွင်းမှာပဲ စစ်မှုထမ်းဥပဒေကြောင့် နှစ်ပတ်အတွင်း မန္တလေးမြို့မှာ လူငယ် ၁၂၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

အင်းလေးကန် ရေမြင့်တက်လာတာကြောင့် ကြံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတွေကို ထိခိုက်လာစေပြီး လုပ်သားရှားပါးလာကာ ရိုးရာကြံသကာထုတ် လုပ်ငန်းတွေ ဆက်ရပ်တည်ဖို့ ခက်ခဲလာပြီး ကွယ်ပျောက်သွားမှာ စိုးရိမ်စရာ ဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

Jan 14 ။ မြန်မာပြည်က နာမည်ကြီး ဝါရင့်အဆိုတော်”တူးတူး”ရဲ့ “တော်လှန်ဂီတ မွေးနေ့ည”အမည်ရှိ ဖျော်ဖြေပွဲကို US အင်ဒီယားနားပြည်နယ်၊ ဖို့ထ်ဝိန်းမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ပြုလုပ်မယ်လို့ သိရပါတယ်။ ပွဲလက်မှတ်ခ ဈေးနှုန်းအနေနဲ့ လက်မှတ်တစောင် US D ၁၀၀၊ ၅၀ နဲ့ ၃၀ စီ အသီးသီး သတ်မှတ်ထားပြီး သက်ဆိုင်ရာ လက်မှတ်အရောင်းတာဝန်ခံ တွေကတဆင့် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။


ရန်ကုန်မြို့မှာ လျှပ်စစ်မီးပျက်ချိန် တိုးလာတာနဲ့အမျှ ရေသန့်ဘူးစျေးလည်း သိသာစွာ မြင့်တက်လာပြီး ရေသန့်တလီတာဘူး ကျပ် ၁,၀၀၀ နဲ့အထက် ရှိလာသလို ၂၀ လီတာဘူးလည်း မှာတဲ့တိုက်ခန်းအထပ်ပေါ် မူတည်ပြီး ကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ကျပ်ထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Jan 13 ။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်တော့မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အကျပ်အတည်းများစွာနဲ့ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြန်မာအမျိုးသမီးငယ်တွေဟာ ချိုင်းနားနိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံရမှုတွေ များလာကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

Jan 12 ။ တနိုင်ငံလုံးက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ရဲ့ နိုင်ငံရေးအဖွဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)ဗဟိုကော်မတီက ပြောပါတယ်။


နိုင်ငံရေးအကျဉ်းသား သောင်းနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရတာ၊ ဆေးဝါးကူညီခွင့် ကန့်သတ်ခံရတာကြောင့် ၂၀၂၄ တနှစ်တည်းမှာ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က သတင်းထုတ်ခဲ့ ပါတယ်။

Jan 11 ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံမြို့အနီးမှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ရေးတင်းမာနေကြောင်း ဒေသခံတွေက BBC ကို ပြောပါတယ်။


ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့က ဘောလုံးကွင်းထဲ ရဟတ်ယာဉ်ကွင်းတခု အရေးပေါ်ဆောက်နေကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Jan 10 ။ သီလဝါအထူးစီးပွားရေးဇုန်(SEZ)မှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းတွေကို ဘယ်လာရုစ်နိုင်ငံခြား‌‌ရေးဝန်ကြီးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောတို့ ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ပြောပါတယ်။


လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ရတဲ့ အကြောင်းတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ မိတ္ထီလာခရီးစဉ်မှာထုတ်ပြောခဲ့ရာ အကြမ်းဖက်သမားတွေရဲ့ ဖျက်ဆီးမှု၊ စက်ရုံတချို့ စွမ်းအားပြည့်မလည်ပတ်နိုင်မှု၊ ဓာတ်ငွေ့လို အပ်ချက်မပြည့်မီမှုတွေကြောင့် အခက်အခဲတွေရှိနေကြောင်း ပြောပါတယ်။

Jan 09 ။ သန်းနဲ့ချီတဲ့ ရန်ကုန်မြို့က ပြည်သူတွေအတွက် လျှပ်စစ်မီး ဆက်တိုက်လာချိန်က ၄ နာရီထက် ပိုမျှော်လင့်လို့ မရတော့ပါဘူး။ မြန်မာပြည်မှာထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားစုစုပေါင်းရဲ့ တစ်ဝက်နီးပါး ခွဲတမ်းရနေတဲ့ ရန်ကုန်မှာ အခုလိုကြုံနေရတာ ဖြစ်ပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာမှာ ထုတ်ပြန်တဲ့ “မြန်မာပြည်ရဲ့ ပြည်သူ့ ကျန်းမာရေးအခြေအနေအား လေ့လာဆန်းစစ်ခြင်း” (Public Health Situation Analysis) အစီရင်ခံစာအရ ၂၀၂၁ ကနေ ၂၀၂၄ ထိ ကျန်းမာရေး လွှမ်းခြုံနိုင်မှု အခြေအနေတွေက ဆိုးဝါးစွာ ကျဆင်းလာကြောင်း
ထုတ်ပြန်ထားပါတယ်။

Jan 08 ။ ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ စစ်မှုထမ်းဖို့အသက် အကျုံးဝင်တဲ့ အမျိုးသမီးတွေကိုပါ စာရင်းကောက်တာတွေ လုပ်နေတာကြောင့် စိုးရိမ်ပူပန်နေကြကြောင်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။


ပန်ဝါဒေသ အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်နယ်မြေက မြေရှားသတ္တုတွေကို လက်ရှိအထိ ချိုင်းနားဘက် တင်ပို့တာမျိုး မရှိသေးသလို သတ္တုဆိုက်တချို့ ရပ်ထားဆဲဖြစ်ကြောင်း ဒေသခံတွေနဲ့ မြေရှားသတ္တုလုပ်သားတွေက ပြောကြောင်း သတင်းတွေအရ သိရပါတယ်။

Jan 07 ။ ၂၀၂၅ ခုနှစ်ထဲမှာ တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ မန္တလေး PDF က ပြောလိုက်ပြီး လက်ရှိအချိန်မှာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့ရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာပြည်ရဲ့ တရားဝင် အစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားခဲ့ပါတယ်။

Jan 06 ။ မြန်မာပြည် စစ်အာဏာသိမ်း ၄ နှစ်အတွင်း စစ်တပ်ကနေ CDM လုပ်လာသူ ၁၅,၀၀၀ ခွဲနီးပါးရှိပြီး ၄၈၀ ကျော်ဟာ တော်လှန်ရေးတာဝန်တွေကို ပြန်ထမ်းဆောင်နေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ပြောကြားချက်အရ သိရပါတယ်။


မြန်မာပြည်ရဲ့ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုက ၂၂၀၀ မဂ္ဂါဝပ် ပဲရှိနေပြီး ဇန်နဝါရီ ၆ ရက်က ၁၇၀၀ မဂ္ဂါဝပ် စွန်းစွန်းသာ ထုတ်နိုင်ခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Jan 05 ။ ရန်ကုန်မြို့နယ်တွေမှာ ၂၀၂၅ ၊ ဒီနေ့ကစလို့ တရက် ၁၆ နာရီ မီးဖြတ်တော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ကြေညာချက်က ပြောပါတယ်။ မြန်မာပြည် လျှပ်စစ်ဓာတ်အားလိုအပ်ချက် တရက် ၄,၄၀၀ မဂ္ဂါဝပ်ရှိနေပြီး လက်ရှိမှာတော့ နေ့စဉ် မဂ္ဂါဝပ် ၂,၄၀၀ ဝန်းကျင်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
“တော်လှန်ရေးတပ်တွေဟာ နိုင်ငံတဝန်း ၁၄၄ မြို့နယ်ကို စိုးမိုးအုပ်ချုပ်နေပြီး စစ်ကောင်စီ အုပ်ချုပ်ထားနိုင်တာ ၁၀၇ မြို့နယ်ပဲ ရှိတော့ကြောင်း၊ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံတောင် စစ်ကောင်စီက မအုပ်ချုပ်နိုင်တော့ကြောင်း” အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Jan 04 ။ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ St Hugh ကောလိပ် ကျောင်းအုပ်ကြီး အဲလစ်ရှ်အန်ဂျီအိုလီနီက စစ်ကောင်စီထံ စာပေးပို့ တောင်းဆိုထားကြောင်း The Independent ဗြိတိန်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။


အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပြီး နေပြည်တော်က အမည်မသိနေရာတခုမှာ တယောက်တည်းသီးသန့်အကျဉ်းချခံထားရပြီး မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံထားရတာ ၁,၄၃၄ ရက် ရှိလာပြီဖြစ်ပေမဲ့ ၂၀၂၅ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းသက်သာစာရင်းမှာ ပါဝင်မှု မရှိခဲ့ပါဘူး။

Jan 03 ။ “၂၀၂၄ တခုလုံးကို ခြုံငုံပြီးကြည့်ရင် မြန်မာ့သမိုင်းမှာ လူ့အခွင့်အရေး အဆိုးရွားဆုံး အခြေနေဖြစ်တယ်”လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။ စုဆောင်းရရှိခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဒေသအလိုက်ဆိုရင် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး
ချိုးဖောက်မှုပေါင်း ၁,၁၅၂ ခု ရှိခဲ့ကြောင်း ပြောပါတယ်။

Jan 02 ။ မြန်မာပြည်ရဲ့ လူဦးရေ ၅၁ သန်းကျော်ရှိတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ချက်ဟာ မြေပြင်အချက်အလက်တွေနဲ့ ကင်းကွာနေကြောင်း လေ့လာသူ၊ သုတေသနအဖွဲ့တွေက ထောက်ပြပြီး ၊၂၀၂၄ အတွက် လူဦးရေ သန်းခေါင်စာရင်းရဲ့ မြန်မာပြည် လူဦးရေဟာ ၅၁ ဒသမ ၃ သန်းရှိကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။


မကွေးတိုင်း၊ မင်းဘူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာကြောင့် ရွှေစက်တော်ဘုရားဝန်းကျင်က ဒေသခံများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းဘူး-စကုမြို့နယ် ဒေသခံတွေရဲ့ ပြောကြားချက်ကို DVB တင်ပြထားပါတယ်။

Jan 01 ။ စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးဖြစ်လာတဲ့ ၂၀၂၅ မှာ စာအုပ်ဈေးကွက်၊ ဈေးနှုန်းတွေ ၃ ဆလောက် ကြီးလာတဲ့အပြင် အရည်အသွေးညံ့စက္ကူသား‌တွေသာ သုံးနေရကြောင်း စာပေအသိုင်းအဝိုင်းက ပြောပါတယ်။


ဒီနေ့မှာ စစ်ခေါင်းဆောင် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေပါ အချက်အလက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေက လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ထက် ပြည်သူတွေရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ပိုပြီးခြိမ်းခြောက်လာကြောင်း စောင့်ကြည့်တဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ ဥပဒေကျွမ်းကျင်သူတွေက ပြောပါတယ်။

Dec 31 ။ အွန်လိုင်း အသုံးပြု ဒစ်ဂျစ်တယ်ငွေကြေး အပလီကေးရှင်း ဖြစ်တဲ့ KBZ Pay ကနေ ငွေကြေး အများအပြား ခိုးထုတ်တာတွေ နှစ်သစ်ကူးရုံး ပိတ်ရက်ကာလမှာ
K Pay အသုံးပြုသူတချို့ ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းငွေကြေး သိန်း ရာဂဏန်းချီ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။


ဒီနေ့ကနေ ၂၀၂၅ ဇန်နဝါရီ ၅ ရက်ထိ အတွင်း စားသုံးဆီ လက်ကားရည်ညွှန်းဈေးကို တင်သွင်းဖြန့်ချိရေးဌာနက တပိဿာ ကျပ် ၇,၂၈၀ သတ်မှတ်ပေးထားပြီး ဆီဆိုင်တွေ ပြန်ရောင်းချ‌‌ဈေးက တပိဿာ ကျပ် ၈,၀၀၀ ဖြစ်ပေမဲ့ ရပ်ကွက်နေမိသားစုတွေ တစုအတွက် တပတ်တာကို စားအုန်းဆီ ၅၀ ကျပ်သားသာ
ရရှိခဲ့ပါတယ်။

Dec 30 ။ ရခိုင်ပြည်နယ်ရဲ့ အာရက္ခတပ်တော်(AA)တပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာ(၁)လအတွင်း အရပ်သား ထိခိုက်၊ သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။


ရခိုင်နဲ့ ချင်းပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၅ ခုကို ဆက်တိုက်သိမ်းပိုက်ထားတဲ့ အာရက္ခ တပ်တော် AA က လက်ရှိပြည်တွင်းရေး အခြေအနေတွေကို စစ်ရေးနည်းထက် နိုင်ငံရေးနည်းတွေနဲ့ဖြေရှင်းဖို့ အမြဲအဆင်သင့်ရှိကြောင်း ပြောခဲ့ပါတယ်။

Dec 29 ။ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်မှုဖြစ်အပြီးမှာ တောင်တက်ခွင့်တွေ ရပ်ဆိုင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။


လက်ရှိမှာ ဗဟိုဘဏ်ရည်ညွှန်းစျေး US (1) ဒေါ်လာကို ၂၁၀၀ ကျပ်နဲ့ အခွန်ပေးဆောင်နေရာမှ စျေးကွက်ရည်ညွှန်းစျေးနှုန်း ၃,၈၀၀ ကျော်နဲ့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တွေအခွန် ပေးဆောင်ရတော့မှာဖြစ်ကြောင်း သိရပါတယ်။

Dec 28 ။ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွယ်ပြုထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။


ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ထဲက မြို့ကြီးတွေမှာ ညအချိန်မှာ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ ရှိနေကြောင်း BBC သတင်းထံက သိရပါတယ်။

Dec 27 ။ နိုင်ငံတဝန်း မြို့ပေါင်း ၂၅၀ နီးပါး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်နေတဲ့မြန်မာမှာ နိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်ဟာ စစ်ဘေးရှောင်မြို့ ဖြစ်လာပြီး ရွှေ့ပြောင်းသူတွေများလာတာကြောင့် အိမ်ခြံမြေ ဝယ်ရောင်းတွေလက်ထဲ ကြိုက်စျေးခေါ်တာတွေဖြစ်လာကာ စျေးနှုန်းတွေလည်း ပုံမှန် ဝယ်ငှားစျေးတွေထက် ၃ ဆနီးပါး မြင့်တက်ခဲ့ပါတယ်။


စစ်ဖြစ်တဲ့ဒေသတွေမှာ ဖွင့်ထားတဲ့ နာမည်ကြီးစာသောက်ဆိုင်တွေ ရန်ကုန်မြို့ပေါ်ကို ဒီနှစ်ပိုင်းအတွင်း ပြောင်းရွှေ့ဖွင့်လာကြသလို စစ်ဘေးရှောင်လာသူတွေလည်း တနိုင်တပိုင် ဆိုင်လေးတွေဖွင့်လာပြီး ငွေကြေးတတ်နိုင်တဲ့ စစ်ရှောင်တွေကတေ့ ရန်ကုန်မြို့ကိုရောက်တာနဲ့ တိုက်ခန်းရော၊ ကားပါ ဝယ်နေခဲ့ကြပါတယ်။

Dec 26 ။ ရန်ကုန်မှာ ၄ နာရီခြား ၁ခါ မီးရချိန် အပြည့်အဝမရရှိတော့ဘဲ နာရီဝက်ခန့်သာ မီးရရှိတော့တာ၊ ညပိုင်းအချိန်တွေမှာလည်း မီးရရှိချိန် ပုံမှန်မရှိတာတွေကြောင့် လျှပ်စစ်အားသွင်းကားတွေအနေနဲ့ အားသွင်းအခက်အခဲတွေကြောင့် မီးစက်တွေ ဝယ်ယူနေကြရသလို လမ်းခရီးသွားလာချိန်မှာ အားသွင်းဖို့အတွက် မီးစက်ရှိသူတွေဆီက အကူအညီတောင်းနေကြရကြောင်း သိရပါတယ်။


ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တနှစ်အတွင်း CDM ပညာရေးဝန်ထမ်းများ အပါအဝင် စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၇၆ ယောက်ထိ ရှိခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Dec 25 ။ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော်(AA)တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒီဇင်ဘာလအတွင်း အရပ်သား ထိခိုက်၊ သေဆုံးသူ ၄၅ ယောက်ထက်မနည်း ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။

Leave a Reply