မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – မတ်၂၀၂၅
“When written in Chinese, the word ‘crisis’ is composed of two characters—one represents danger, and the other represents opportunity.”- John F. Kennedy
“နေပြည်တော် (သို့)ငလျင်ကြောပေါ် ကမြို့တော်”
၂၀၀၂၏တနေ့သ၌ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မင်းကြီးညိုရာဇဝင်စာအုပ်ထဲမှ ဗျာဒိတ်အရဆိုကာ နေပြည်တော်ကို တိုတောင်းသော အချိန် ၃နှစ်ကျော်အတွင်း အမြန်တည်ဆောက်ခဲ့ပြီး ၂၀၀၅ နိုဝင်ဘာ ၆ ရက်နေ့တွင် ညကြီးမင်းကြီး ထရပ်ကားထောင်ချီတန်းများနှင့် ရန်ကုန်မြို့မှ ရုံး/အစိုးရဝန်ထမ်း ပရိဘောဂများတင်ဆောင်၍ မြို့ကို ထ, အသက်သွင်းခဲ့သည်။ မြို့အပြီးပြောင်းရွေ့ချိန်ကို ၄၈ နာရီသာပေးခဲ့၏။ ထိုနောက်ကာလက မြို့အဝင်အထွက်ကိုထိန်းချုပ်ထားခဲသဖြင့် လူသူကားရှင်းလင်းနေသော ၆လမ်းသွားလမ်းမကြီးများနှင့် မီးထိန်ထိန်နေပြည်တော်ကို ကမ္ဘာ့နိုင်ငံများတွင်ပဟေဋိမြို့ ကြီးသဖွယ်ဖြစ်ခဲ့ဖူးသည်။ လူ၁သန်းခွဲမျှ နေထိုင်ကြသော နေပြည်တော်အား မြန်မာပြည်၏ မြို့တော် ဟု၍သတ်မှတ်ထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက် ၂၀၁၆ ကဤသူလည်း အဆိုပါမြို့ကြီးသို့ရောက်ခဲ့ဖူးပါသည် ။ ကမ္ဘာတွင် ငလျင်ကြောပေါ် တည်မြို့ကြီးများမှာ ထုထည်ရှိ/လေးပင်သော အုပ်/ကျောက်တို့ အသုံးနည်းသော်လည်း အုပ်စီ/ကွန်ခရစ်ထည့် ထုထည်ကြီးသည့် နေပြည်တော်ဝန်ကြီးဋ္ဌာနအဆောက်အဦရုံးကြီးများ မြန်မာကနုတ်လက်ရာများကျွန်းသစ်များစကျင်/ကြွေကျောက်ပြားများ သုံးစွဲထားသော လွှတ်တော်အဆောက်အဦးများ ခေတ်မှီအနောက်နိုင်ငံထုတ် ကြွေပြားအလှဆင်မီးဆိုင်းများဖြင့် ပြင်ဆင်ထားသသည် အိမ်ဆောင်ကြီးများကို ရောက်ရှိမြင်ခဲ့ရဖူးပါသည်။ စစ်ရုံးနှင့် တောင်ညိုဟုခေါ်သော တပ်နယ် သို့မရောက်ခဲ့သော်လည်း မြေအောက် မြေပေါ် လှိုဏ်တွင်းစခန်းများနှင့် မည်မျှ ထုထည်ကြီးကျယ်မည်ကို ခန့်မှန်း၍ကားရ၏။ ။
မြို့ကြီးကို တက်သုတ်ရိုက်ဆောက်ရာတွင် သုံးသည့် သံ/သဲ/ကျောက်/အုပ်တို့ကို မည်သို့ မည်သည်စီစစ်ကြသည်ောတ့မသိ ကန်ထရိုက်ရရှိသောသူများမှာ သိန်းသန်းချီသူဋ္ဌေးများဖြစ်ကုန်သည်တော့ ကြားရသည်။ အတန်းပညာ ဆယ်တန်းအဆင့်ပင်မရှိသူများ ကန်ထရိုက်တာဖြစ်ကြ သုံးဖြုန်းနိုင်ကြသည်ကို ကြည့်ပြီး မြို့၏ ကွာလတီအဆင့်အတန်းကို ခန့်မှန်းခဲ့ဖူးသည်။ စစ်ကိုင်းပြတ်ရွေ့ငလျင်ပေါ်တိုက်ရိုက်တည်ထားသော နေပြည်တော်/ မန္တလေးတို့သည် ငလျင်ခံနိုင်သော မည်သည့်စံနှုန်းမျှ ကန့်သတ်ထားပရှိပုံမပေါ်သလို အင်္ဂျင်နီယာပညာရှင် အသင်းအဖွဲ့အစည်း P.E များလည်း မရှိ/ပြောပုံမရပါ။
“နာဂစ်၏ ခေတ်ပြောင်းလက်ဆောင်”
၂၀၀၈ မေလ ၂ရက်နေ့ မြန်မာပြည်ဧရာဝတီတိုင်းကို အနောက်ဖက်မှ ကန့်လန့်ဖြတ်ဝင်လာခဲ့သော ဆိုင်ကလုမ်း နာဂစ်သည် မြန်မာသို့ ကံဆိုးခြင်းလက်ဆောင် များသယ်ဆောင်လာခဲ့သည်။ မိုးလေဝသပညာရှင်ဆိုသူ ထိုစဉ်က မိုးဇလညွှန်ချုပ်ဦးထွန်းလွင်သည် သူ၏တာဝန်အရ နေ့စဉ်တီဗီတွင်ထွက်ပြောနေသည် မိုးလေဝသခန့်မှန်းချက်များကို တမင်အမှားထုတ်လွှင့်ခဲ့သလို ထိုစဉ်ကကြေးမုံ မြန်မာအလင်းတို့၏ ကော်လံတို့တွင်လည်း ရည်ရွက်ချက်ရှိစွာ မုန်တိုင်း၏ တိုက်ခိုက်နှုန်းကို တနာရီလျှင် မိုင်၄၀ မှ ၄၅ မိုင်အထိဟု ပုံနှိပ်ကြေညာခဲ့သည်။ ပုံနှိပ်သတင်းစာဖြစ်၍ ဤသည်မှာ ဖျောက်ဖျက်မရသော မှတ်တမ်းဖြစ်၏။ အကျိုးဆက်အဖြစ် တရားဝင်စာရင်းအရပင် လူ ၁သိန်းခွဲမျှသေကြေပျက်ဆီးခဲ့ကြရသည်။
ဤသို့ သေကြေပျက်ဆီးသော်ငြား ပြည်ပနိုင်ငံများ၏ တောင်းဆိုသော အကူအညီများကိုမူ နအဖမှ ဝင်ခွင့်မပြုခဲ့ပေ။ လိုအပ်သော ကယ်ဆယ်ရေး ကုန်စည်ပစ္စည်းများသယ်ဆောင်က မြန်မာကမ်းရိုးတမ်းအထိရောက်လာသော အမေရိကရေတပ်စစ်သင်္ဘောကြီးများမှာ ပြည်ဝင်ခွင့်စောင့်ရင်း လှည့်ပြန်သွားရသည်ဟုပင် သတင်းများကကဆိုသည်။
ထိုမုန်တိုင်းအပြီး မေလရက်ပိုင်းအတွင်း ထိုစဉ်က နအဖဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုမဲ ၉၈% မဲပေးကြသည်ဆိုကာတရားဝင် အတည်ပြု ပြဋ္ဌာန်းပစ်လိုက်သည်။ ခြေဥကိုအတည်ပြုပြီးနောက်ပိုင်း စစ်တပ်၏ဘောင်းဘီချွတ်လုပ်ငန်းများစတင်လာကာ ၂၀၁၀တွင် ရွေးကောက်ပွဲကျင်းပပြီး ဘောင်းဘီချွတ်သမ္မတဦးသိန်းစိန်( ဗိုလ်ချုပ်ကြီးသိန်းစိန်) တက်အုပ်ချုပ်လာသည်ကိုမြင်ကြရသည်။ ဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရအပြောင်းသည် ညင်သာ၍ လူထုလည်း အထိအခိုက်သက်သာသည်။ သူသည် အမေရိကားနှင့်ဆက်ဆံရေးတည်ဆောက်ခြင်းကောင်းခဲ့၍ သမ္မတအိုဘားမားပင်မြန်မာပြည်သို့ နှစ်ခေါက်ရောက်ရှိသွားသည်ကို အံ့အားသင့်ဖွယ်မြင်ကြရသည်။ ၂၀၁၅ရွေးကောက်ပွဲဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ အစိုးရတက်လာပြီး တိုင်းပည်သည် ပြောင်းလဲမှုများနှင့် မျှော်လင့်ချက်များကို စတင်ခံစားကြရသည်။ လက်စားချေနိုင်ငံရေးမျိုးမရှိငြားသော်လည်း ရာစုနှစ်ဝက်ကျော် အပေါ်စီးနေ ဗျာထူးခံဖြစ်ခဲ့ကြသည့် စစ်အုပ်စုဖက်တွင်ကား သူတို့အနာဂတ်မတည်ငြိမ်မှုများနှင့် ကြောက်ရွှ့ံမှုများ ရသွားသည် ယူဆနိုင်ပေမည်။
သူတို့ထောင်သွင်းအကျဉ်းချထားဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ NLD သမ္မတ ကက်ဘိနက်နှင့် လွှတ်တော်အမတ်မင်းများ ၂၀၁၅ရွေးကောက်ပွဲအနိုင်ရ၍ သူတို့ တည်ဆောက်ထားသော နေပြည်တော်မြို့ကြီးတွင် ဝင်ရောက်နေထိုင်လွှမ်းမိုးနေရာယူလိုက်ကြသည်ကို ထိုထိုစစ်သားကြီးများ မည်မျှခံပြင်းကြမည်ဟုလည်း ခန့်မှန်းနိုင်ပါသည်။
“ကပ်ကြီး နှစ်ထပ် စပ်ယှက်သည့်နှယ်”
သို့နှင့် ၂၀၂၁၏ ဖေဖော်ဝါရီ ၁ရက်နေ့တွင် ဗြုန်းဆို အာဏာပြန်သိမ်း အကုန်ပြန်ယူကာ ပြောင်းပြန်လှန်ကုန်သည်။
ဆယ်စုနှစ်တခုမျှ ဒီမိုကရေစီ၏အရသာကို မြည်းစမ်းခွင့်ရလိုက်သော မြန်မာလူထုသည် သည်တကြိမ်တွင် ပိုမိုပြင်းထန်စွာတုံ့ပြန်လေရာ ယခင် ၁၉၈၈ အရေးတော်ပုံထက် ကြီးကျယ်ခန်းနားသော တော်လှန်ရေးကြီးဖြစ်လာသည်။ ရောဂန္တရကပ်/ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးအလယ် အာဏာသိမ်းလိုက်ပြီးနောက်နှစ်များလည်း လလူုလပ်စစ်ဘေး သတ္တကန္တရကပ် အပြင် ကမ္ဘာ့ဿတုရာသီအပြောင်းခေတ်ကြောင့် ပြင်းထန်ဆိုးဝါးသော သဘာဝဘေးများကို မြန်မာတို့ ဆက်တိုက်ဆိုးဝါးစွာခံစားကြရသည်။ ရှိသမျှကပ် အကုန်ဆိုက်သည်ဟုပင်ဆိုနိုင်သည်။
ထိုသို့ကိန်းကြုံဆန်းပြား ကပ်ဆိုက်မှုများဖြစ်ပါက အုပ်ချုပ်သူ(မင်း)နှင့် မင်းညီမင်းသားအမတ်များ၊ ရဟန်းဘုန်းကြီး ဘာသာရေးခေါင်းဆောင်များ ပေါ့သွမ်းတိမ်းစောင်း မကောင်းကျင့်ညစ် စာရိတ္တပျက်ပြား သောကြောင့်ဖြစ်သည်ဟု မြန်မာ့ရှေးဆိုရိုးတွင်ဆိုသည်။
ယခုလေးနှစ်ကျော်၍ လည်ပြန်ကြည့်သော် မြို့ကြီးလမ်းမပေါ် ဆန္ဒပြမှုတို့သည် လက်နက်ကိုင်တော်လှန်ရေးအသွင်လုံးဝပြောင်းသွားကာ တိုင်းပြည်၏ အချို့နေရာများတွင်လည်း နယ်မြေစိုးမိုးမှုရထားကြပြီးဖြစ်လေသည်။
တိုင်းရင်းသားများမှာလည်း ဆိုင်ရာဒေသများကိုလွှမ်းမိုးနိုင်ခဲ့ကြသည်။ စစ်ကိုင်းဒေသ၏ အများစုကိုလည်း PDF များက လွှမ်းမိုးထိမ်းချုပ်ထားနိုင်ခဲ့ကြသည်။ အထူးသဖြင့် နှစ်၃၀၀ကျော် ကိုယ်မင်းကိုယ်ချင်း ဘုရင့်နိုင်ငံတော်ရှိခဲ့ဖူး၍ ၁၇၈၅ ကုန်းဘောင်မင်းဆက်သို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ကြရသော ရခိုင်တို့မှာ ရခိုင်ပြည်နယ်တခုလုံးလိုလိုကို စိုးမိုးထားနိုင်သည်အထိ အောင်မြင်ခဲ့ကြသည်။
စစ်ကောင်စီဖက်မှ ယခင် ၈၈ အရေးတော်ပုံထက် ထူးခြားပိုများသော လက်နက်/လူသူအင်အားနှင့် နိုင်ငံတကာ၏ ထောက်ခံမှု အထူးသဖြင့် ကမ္ဘာ့ လက်နက်အင်အားကြီးရုရှားနှင့် စီးပွားရေးအင်အားကြီးချိုင်းနားတို့ကို ရထားသည်။ သမ္မတထရမ့်လက်ထက်တွင် လျော့ချဖြတ်တောက်လိုက်သော နိုင်ငံတကာဖြန့်ကျက်မှုများကြောင့် အမေရိက၏သြဇာလည်းကျလာချိန်ဖြစ်လေရာ နိုင်ငံခြားရေးရာတွင် စစ်အုပ်စုသည် ယခင် ၈၈အရေးတော်ပုံ ထက် အခြေအနေ ပိုသာနေသည်ယူဆရမည်။
မြန်မာပြည်တွင်း သတင်းစီးဆင်းမှုကို လွှမ်းမိုး/ထိန်းချုပ်ထားနိုင်သော RFA VOA တို့လည်းရပ်ဆဲခဲ့ပြီဖြစ်ပါသည်။ အမေရိကားမှ ထောက်ပံ့အကူပေးထားသော အခြား မြန်မာဆိုင်ရာ သတင်းဋ္ဌာနအများအပြားလည်း ကျဆင်း/ပိတ်သိမ်းချိန်ဖြစ်သည်။
ဆိုင်ကလုမ်း နာဂစ်သည် အဆိုးထဲမှအကောင်း နိုင်ငံအတွက်ပြောင်းလဲခြင်းကို သယ်ဆောင်ပေးခဲ့သည်။ ဗေဒင် နက္ခတ်တဘောင် နိမိတ်များကို လွန်စွာယုံကြည်ကိုးစားကြသည့် သူတို့ကိုယ်သူတို့ “မင်း” ဟု ယူဆထားသည့် စစ်ဗိုလ်ချုပ်ကြီးများသည် အဆိုပါ တတိုင်းပြည်လုံးအတိုင်းအတာဖြစ်သည့် သဘာဝဘေးကြီးများကို နိမိတ်ဖတ်ယူကာ ပေါ်လစီပြင်ပြောင်းသည့်ဓလေ့ရှိကြသည်။ ထိုသည်မှာ ရှေးမင်းအဆက်ဆက်၏ ထုံးစံဟုလည်း ဆိုနိုင်သည်။
“စာရေးရွာငလျင်ကြီး”
သမိုင်းသည်တပတ်လည်တတ်၍ ယခု မတ်လ ၂၈ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂နာရီ၊ ၅၀မိနစ်၊ ၅၄စက္ကန့်တွင် မက်ဂနီကျု ပြင်းအား၇.၇ရှိ ငလျင်သည် စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီး စာရေးရွာကို ဗဟိုပြု၍ လှုပ်သွားခဲ့သည်၊ ဘုရားဗျာဒိတ်ပေးထားသည် ဆိုသော မန္တလေးနှင့် စစ်ကိုင်း စသည့်မြို့ကြီးများ ငလျင်ဒဏ်အပြင်းအထန်ခံစားရသလို ဗေဒင်နက္ခတ်နှင့်ညှိဆောက်ထားသော နေပြည်တော်လည်းပျက်မတတ်ဖြစ်၍ အာဏာသိမ်းစစ်အုပ်စု၏ နှလုံးသားသို့ တိုက်ရိုက်ထိသည်ဟု အတတ်ဆိုနိုင်သည်။
ဝန်ကြီးရုံးများတွင် အလုပ်လုပ်နေသူများ ငလျင်နှင့်အတူ အသက်ဆုံးရှုံးကြသည်ကိုလည်း ကြားရသည်။ အကြွင်းမဲ့အာဏာယူထားသော ဗိုလ်ချုပ်မှုးကြီးသည်ပင် ငလျင်လှုပ်ချိန်တွင် အပြင်ထွက်ရပ်နေရသည်ဆို၏။
နေပြည်တော်လေဆိပ်၏ ထိန်းချုပ်ရေးတာဝါတိုင်ပြုကျသည့်ဓာတ်ပုံနှင့် စစ်တပ်နှင့် စစ်ကောင်စီ၏ဝန်ကြီးဋ္ဌာနဝက်ဆိုက်များ ဆာဗာပျောက်နေသည်ကိုတွေ့ရသည့်အပြင် စစ်တပ်၏ဖိုက်ဘာဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည်ဟုလည်း သတင်းများတွင်တွေ့ကြရသည်။
ယခင်နာဂစ်ကဲ့သို့ စစ်သားများဟန်ပြထွက်ခါ် ရှင်းလင်းရေးမျှကိုပင် မလုပ်နိုင် ။
နိုင်ငံတကာ အကူ/အကယ်များကို ယခင်နာဂစ်ခေတ်ကဲ့သို့ ပိတ်စို့မထားပဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တီဗီရှေ့ မျက်နှာပြ၍ တောင်းခံခြင်းပြုခဲ့သည်။
ရုရှား၊ ချိုင်းနား၊ အန္ဒိယ၊ မလေးရှား၊ ထိုင်း အပါအဝင် အာစီယံနိုင်ငံများ၏ လူ/စက်/ရိက္ခာအကူပညီများ ဝင်ရောက်နေပြီဖြစ်ကာ အမေရိကား၊ ယူကေ၊ အီးယူတို့၏ အထောက်အပံ့များ ရရှိနေပြီသိရပါ၏။ ထိုင်ဝမ်လူအင်အားအကူငြင်းပယ်ခံရခြင်းနှင့် ချိုင်းနားအကူကားတန်းအား စစ်ကောင်စီတပ်မှ ခြောက်လှန့်ပစ်ခတ်ခြင်းမျိုးကလွဲ၍ ပြည်တွင်းစစ် အပစ်အခတ်ရပ်ဆဲရေးများ အပြန်အလှန်ထုတ်ထားကြကာ တည်ငြိမ်နေဟန်ရှိသည်။
ခန့်မှန်းတွက်ချက်မှုများအရ လူ၁သောင်းအထက် သေကျေဆုံးရှုံးနိုင်ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးမှာ တိုင်းပြည်၏ ဂျီဒီပီကို ကျော် လွန်မည် ဆိုထားသည်။
တနည်းအားဖြင့် ဒုဗ္ဘိက္ခန္တရကပ် /အငတ်ဘေးကြီးလည်း ဆိုက်နိုင်ပါသည်။
မည်သို့ဖြစ်စေ စက်ပစ္စည်း ကရိယာစုံဖြင့် နိုင်ငံခြားသားများနှင့် သတင်းသမားရာချီဝင်ရောက်သွားခဲ့ပြီဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာသို့လည်း လျှို့ဝှက်သည်သို့ ပေါက်ကာ ပွင့်လင်းမြင်သာကုန်ပြီဆိုရမည်။
“အဘယ်ဘုရားကယ်မည်နည်း”
ဘာသာရေးဟူသည် လက်ငင်းဘဝ အဆင်ပြေချောမွေ့၍ နောင်ဘဝ လွတ်မြောက်ကယ်တင်ပေးဖို့ရာဖြစ်သည်။
ယခု နှစ်များစွာ ကပ်စုံ ဘေးဒုက္ခပေါင်းစုံ ကြုံနေရသော မြန်မာနိုင်ငံသားတို့အား အဘယ်ဘုရားကယ်မည်နည်း မေးခွန်းထုတ်ကြည့်စရာတည်း။
ပစ္စုပ္ပန်ကြည့် လက်ရှိဘဝ အဆင်ပြေချောမွေစေသည့် ကယ်တင်အပေးနိုင်ဆုံးဘုရားနောက်သို့ လိုက်ကြကုန် ဟူ၍တိုက်တွန်းလိုပါသည်။
မြန်မာ၏ပြည်တွင်းစစ်သည် နိုင်ငံခြား/လူမျိုးတပါးနှင့်ဖြစ်နေသည်မဟုတ်။ ကပ်ဘေးစုံ သူပုန်ထခြင်းမပြုပဲ အခွင့်အရအမိဖမ်းကာ ငြိမ်းချမ်းအောင်မြင်ခြင်းအခွင့်အလန်းအဖြစ် လှမ်းယူကြစေလိုပါသည်။ ကြုံရဆုံရ ဘေးဒုက္ခများမှ တိုးတက်စေဖို့ သုခလမ်းရှာကြရန်ဖြစ်ပါသည်။
နာဂစ်သမိုင်းဘီးတပါတ်လည်၍ ခေတ်ပြောင်းကို မကြာမှီမြင်တွေရပါစေကြောင်း..။
“In the midst of chaos, there is also opportunity.” – Sun Tzu, “The Art of War”
