English for Emergencies (3) – Prof: Myo Kyaw Myint
ယခင်လက မတတ်သာ၍ ရဲအရာရှိများနှင့် ပတ်သက်ခဲ့ရပါက ဘယ်လိုနေထိုင်ရမည်၊ ဘယ်လိုပြောဆိုဆက်ဆံရမည် စသဖြင့် အတော်အသင့် ဖော်ပြခဲ့ပြီးပါပြီ။ လိုက်နာကျင့်သုံးကြဖို့ ထပ်မံတိုက်တွန်းလိုပါသည်။
ယခုလတွင်တော့ ရုတ်တရက် နေထိုင်မကောင်း၍ ဖြစ်စေ၊ accident တစ်ခုခုနှင့် ကြုံကြိုက်၍ဖြစ်စေ၊ ဆေးရုံသို့ သွားရမည်ဆိုပါက ဆေးရုံဝန်ထမ်းများ၊ သူနာပြုများ၊ ဆရာဝန်များနှင့် ပြောနိုင်ဆိုနိုင်အောင်၊ ပြောတတ်ဆိုတတ်အောင် ဖော်ပြပေးလိုပါသည်။
ဦးစွာပထမ စာဖတ်သူအားလုံးကို health insurance ရှိနေပါစေ။ မရှိသေးပါက မဖြစ်မနေ ရယူထားပါဟု သတိပေးလိုပါသည်။ ဤနိုင်ငံတွင် health insurance မရှိခဲ့ပါက အလွန်ပင် ဒုက္ခရောက်ပါသည်။ ကျန်းမာရေးကို လျှော့တွက်၍ မရပါ။ မိမိကိုယ်မိမိ နေထိုင်မကောင်း မဖြစ်နိုင်ဘူးဟု မထင်ကြပါနှင့်။ insurance ရှိသူများကိုလည်း လိုအပ်သည့် စာရွက်စာတမ်းများ အဆင်သင့်ဆောင်ထားဖို့ သတိပေးပါရစေ။
Accident ဖြစ်၍ သတိလစ်နေခဲ့ပါက စာရွက်စာတမ်း ရှိမှသာ insurance ရှိမည်၊ ဘယ်ဆေးရုံကို ပို့သင့်သလဲ စသဖြင့် မိမိကိုလာရောက်ကူညီသူများ၊ ကယ်တင်သူများက သိနိုင်မည် ဖြစ်ပါသည်။ ကြုံကြိုက်၍ ပြောလိုက်ပါရစေ။ လူတိုင်း လူတိုင်း health insurance ရှိနိုင်စေရန် စွမ်းစွမ်းတမံကြိုးစားခဲ့သည့် သမ္မတဟောင်းကြီးများ ဖြစ်ကြသည့် Obama တို့ Biden တို့ကို ကျေးဇူးတင်သင့်ပါသည်။ ယခုလက်ရှိ သမ္မတကြီးနှင့်ဆိုရင် မြန်မာအများစုသည် Health insurance လုံးဝမရှိဘဲ ဒုက္ခလှလှ တွေ့ကြရမည်မှာ သေချာပါသည်။ Democrat များ၏ ကျေးဇူးကို မြန်မာများ မမေ့သင့်ပါ။
ကဲ မပြောကောင်းမဆိုကောင်း နေထိုင်မကောင်း၍ ဆေးရုံသို့သွားရပြီ ဆိုပါတော့။ Emergency ကို ရောက်နေပြီဆိုပါတော့။ သူနာပြုများ၊ ဆရာဝန်များ မေးလေ့ရှိသည့် မေးခွန်းလေးတစ်ခုကိုတော့ သိထားသင့်ပါသည်။
“On a scale of one to ten, with ten being the highest and one being the lowest, what number would you give your pain?”
မြန်မာလိုတော့ ဘယ်လောက်နာသလဲဆိုတာကို သိချင်လို့မေးတာပေါ့နော်။ အသည်းခိုက်အောင်၊ မခံမရပ်နိုင်အောင် နာနေခဲ့ရင်တော့ “More than ten” လို့သာ ဖြေလိုက်ပါ။ ချက်ခြင်းလက်ငင်း ဂရုစိုက်မှု ခံရမှာပေါ့။ မျှင်းမျှင်းလေး၊ မသိမသာလေး နာနေရင်တော့ နံပါတ် ၁၊ နံပါတ် ၂လောက်ပေါ့လေ။ အဆင်ပြေသလို ဖြေလို့ရပါတယ်။
ဒီနေရာမှာ သိထားသင့်တဲ့ ဝေါဟာရလေးများကို ဖော်ပြလိုပါတယ်။
- ဒီနေရာမှာ နာကျင်ပါတယ်။
“It hurts here.”
“I feel a stabbing pain here.” - ဒီနေရာမှာ ကျင်နေပါတယ်။
“I feel a tingling sensation here.” - ဒီနေရာမှာ ထုံနေပါတယ်။
“I’m numb here.”
“I can’t feel anything.”
အထက်ဖော်ပြပါ expression လေးများဟာ အသက်ကယ်နိုင်တဲ့ Expression လေးများ ဖြစ်ပါတယ်။
ဗိုက်နာ၍၊ ဗိုက်အောင့်၍၊ ဝမ်းနှင့်ပတ်သက်သည့်ရောဂါလေးများကြောင့် ဆေးရုံသွားရသူများပါသည်။ အချို့ appendicitis လို ရောဂါမျိုးမှာ အချိန်မီရောက်သွားရင် ပြဿနာမရှိပါ။ Minor operation လောက်နှင့် ပြီးသွားနိုင်ပါသည်။ နောက်ကျခဲ့ရင်တော့ အသက်ပင် ဆုံးရှုံးသွားနိုင်ပါသည်။
ဒီတော့ မိမိစကားကို နားမလည်မှာ စိုးရိမ်ပြီး၊ ပြောရမှာစိုးရိမ်ပြီး ဝေဒနာကို ကြိတ်မှိတ်ခံမနေပါနှင့်။ ဆေးရုံကို အမြန်ဆုံး သွားသင့်ပါသည်။
ဗိုက်နှင့်ပတ်သက်သည့်ဝေဒနာမျိုးစုံရှိသည့်အတွက် သိထားသင့်သော ဝေါဟာရလေးများ:
- ဗိုက်အောင့်သည်။
“Stomachache.”
“I am constipated.” - ဝမ်းချုပ်နေသည်၊ တစ်ပတ်ခန့်ရှိပြီ။
“I haven’t had any bowel movements for a week.” - လေပွနေသည်။
“I have a bloated stomach.” - လေမလည်နိုင် ဖြစ်နေသည်။ လေကျပ်နေသည်။
“I cannot break wind.”
တချို့လူများမှာ ခေါင်းနှင့်ပတ်သက်သည့်ဝေဒနာများ ခံစားနေရတတ်ပါသည်။ ခေါင်းကိုက်သည်၊ ခေါင်းမူးသည် စသဖြင့်ပေါ့လေ။ ဝေဒနာခြင်း မတူညီ၍ အင်္ဂလိပ်လိုပြောပြဖို့၊ ရှင်းပြဖို့ ခက်ခဲနေတတ်ပါသည်။ အဖြစ်များတတ်သည့်ဝေဒနာလေးများကို လိုအပ်သလို သုံးစွဲနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။
- ခေါင်းကိုက်သည်။
“Headache.” - ခေါင်းမူးသည်။
“I feel dizzy.” - မူးမေ့ချင်သလို ဖြစ်နေသည်။
“I feel lightheaded.”
ဒီနောက်ဆုံးဝေဒနာလေးက အလွန်ကြောက်စရာ ကောင်းပါသည်။ ရိုးရိုးခေါင်းမူးတာနှင့် မတူပါ။ နှလုံးရောဂါတစ်ခုခု ရှိနေပြီလား၊ လေဖြတ်ချင်နေပြီလား စသဖြင့် ဆိုးရွားသောရောဂါများ၏ Symptom တစ်ခု ဖြစ်နေတတ်သည့်အတွက် ပေါ့ပေါ့မနေသင့်ပါ။ ချက်ချင်းဆေးရုံသို့ သွားသင့်ပါသည်။
အရေးပေါ်လက္ခဏာများ ပြလာခဲ့ရင်၊ ရုတ်တရက် accident များနှင့် ကြုံတွေ့ရလျှင် ဆေးရုံသို့သွားရမည့် Emergency – ER ၌ ဆရာဝန်များ၊ သူနာပြုများနှင့်တွေ့ဆုံပြီး ကုသမှု ခံယူရမည်ဖြစ်ပါသည်။
ဒီတော့ အကောင်းဆုံးကတော့ ဒီလိုမကြုံရအောင် ရှောင်နိုင်ခြင်းပင် ဖြစ်ပါသည်။ အင်္ဂလိပ်လိုတော့ “Prevention is better than cure.”
ဒီတော့ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါး မှီဝဲခြင်း၊ ဆေးလိပ်သောက်ခြင်း စသည့် Unhealthy habits များကို ပယ်ပြီး အသီးအရွက်များကို ဦးစားပေး စားခြင်း၊ နေ့စဉ်နေ့တိုင်း အားကစားလုပ်ခြင်း၊ အနည်းဆုံး မှန်မှန်လမ်းလျှောက်ခြင်း စသည့် Healthy habits များကို ပျိုးထောင်ပေးပါ။
Accident များကိုရှောင်နိုင်ရန် ဘာပဲလုပ်လုပ် သတိကို ဦးထိပ်ထားပါ။
စာရေးသူ ရှေ့၌ ဖော်ပြထားသော Emergency နှင့် ကြုံရင်သုံးရမည့် Expressions လေးများကို အသုံးလိုသည့်အဖြစ်မျိုးနှင့် စာဖတ်သူများ မကြုံကြပါစေနှင့် ဆုတောင်းပေးလိုက်ပါသည်။