လာမည့်နှစ်များတွင် ပြောင်းလဲလာမည့် Medi-Cal အကြောင်း သိကောင်းစရာများ
by SweSwe Aye

အမေရိကန်ပြည်ထောင်စုတွင် အစိုးရသစ်၏ ဖက်ဒရယ်မူဝါဒများနှင့် ဥပဒေအသစ်များကြောင့် Medicaid မူဝါဒများသည် ၂၀၂၆ ခုနှစ်မှစတင်ကာ ပြောင်းလဲလာမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ကယ်လီဖိုးနီးယားပြည်နယ်အတွက် Medi-Cal အပြောင်းအလဲများဆိုင်ရာ ဆွေးနွေးပွဲကို American Community Media က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ Tyler Sadwith, State Medicaid Director, DHCS နှင့် Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကယ်လီဖိုးနီးယား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဖြစ်သည့် Medi-Cal သည် ၂၀၂၆ မှ ၂၀၂၈ ခုနှစ်အထိ အပြောင်းအလဲများ ရှိလာမည်ဖြစ်သည်။ Medi-Cal သည် ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ကယ်လီဖိုးနီးယားပြည်သူ ၁၄ သန်းအတွက် အဓိကကျသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည်။ ၎င်းသည် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နှင့် ဝင်ငွေနည်းသူများအတွက် အရေးကြီးဆုံးသော ကျန်းမာရေးအကူအညီဖြစ်ပြီး ဆေးကုသမှုများ၊ ဆေးရုံတက်ရောက်မှုများ၊ အရေးပေါ်ဌာနဝန်ဆောင်မှုများ၊ စိတ်ကျန်းမာရေးကုသမှုများ၊ ဆေးဝါးများ၊ နှင့် အခြားလိုအပ်သော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသည်။
CalAIM အစီအစဉ်နှင့် Medicaid ဒေတာများ၏ လုံခြုံရေး
Department of Health Care Services (DHCS) သည် Medi-Cal အဖွဲ့ဝင်များအနေဖြင့် ဆက်လက်အကျိုးခံစားခွင့်ရရှိစေရန် လိုအပ်သော အချက်အလက်များကို မျှဝေသွားမည်ဖြစ်သည်။ ထို့အပြင် DHCS သည် ကျယ်ပြန့်သောကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်မည့် CalAIM (California Advancing and Innovating Medi-Cal) အစီအစဉ်ကို ရေရှည်စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း Tyler Sadwith က ပြောကြားခဲ့သည်။
ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်တွင် ဖက်ဒရယ်တရားသူကြီးများက United States Health and Human Services Agency မှ Medicaid ဒေတာများကို Department of Homeland Security နှင့် ICE အရာရှိများအား နေထိုင်ခွင့်ဆိုင်ရာရည်ရွယ်ချက်များအတွက် မျှဝေခြင်းကို ပိတ်ပင်ခဲ့ကြောင်း Sadwith က ထပ်လောင်းပြောခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် ဤတရားစွဲဆိုမှုတွင် ပါဝင်ဦးဆောင်ခဲ့သည်။
“ဥပဒေအရ ကယ်လီဖိုးနီးယားဟာ Medi-Cal ဒေတာတွေကို လစဉ် ဖက်ဒရယ်စင်တာတွေကို ပေးပို့ရပါတယ်။ ကယ်လီဖိုးနီးယားဟာ ဖက်ဒရယ်ဥပဒေတွေရဲ့ လိုအပ်ချက်အပြင် ဒီအချက်တွေကို ဘယ်တော့မှ မမျှဝေပါဘူး” ဟု Sadwith က ရှင်းပြသည်။ လစဉ်ပေးပို့ရသော ဒေတာများတွင် အမည်၊ လိပ်စာ၊ မွေးသက္ကရာဇ်၊ Medi-Cal ID၊ လူမှုဖူလုံရေးနံပါတ်နှင့် နေထိုင်ခွင့်အချက်အလက်များ ပါဝင်ပြီး ၎င်းတို့ကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရမည်ဖြစ်သည်။ Medicaid ဒေတာများကို အလွဲသုံးစားလုပ်ခြင်းသည် ဥပဒေမဲ့ဖြစ်သည်။
Medi-Cal အတွက် အလုပ်လုပ်ချိန်နှင့် အခြားလိုအပ်ချက်အသစ်များ
ဖက်ဒရယ်ဥပဒေအသစ်ဖြစ်သော HR1 (ခ) The One Big Beautiful Bill အရ ၂၀၂၇ ခုနှစ်မှစတင်၍ Medi-Cal အဖွဲ့ဝင်များအတွက် အဓိကအပြောင်းအလဲများရှိလာမည်ဖြစ်သည်။
- အသက် ၁၈ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ (ကလေးမွေးပြီး တစ်နှစ်ပြည့်သည်အထိ) သည် မည်သည့်နေထိုင်ခွင့်မျိုးမဆို full-scope Medi-Cal ကို ဆက်လက်ရရှိမည်ဖြစ်ပြီး ပြောင်းလဲမှုမရှိပါ။
- အသက် ၁၉ နှစ်မှ ၆၄ နှစ်အရွယ်များ အတွက် အလုပ်လုပ်ချိန် လိုအပ်ချက် ရှိလာမည်ဖြစ်သည်။ Medi-Cal ရရှိရန်အတွက် တစ်လလျှင် အနည်းဆုံး နာရီ ၈၀ လုပ်အား (အလုပ်လုပ်ခြင်း၊ ကျောင်းတက်ခြင်း သို့မဟုတ် အလုပ်သင်တန်းတက်ခြင်း) ရှိရမည် သို့မဟုတ် လွန်ခဲ့သော ၆ လအတွင်း တစ်လလျှင် အနည်းဆုံးဝင်ငွေ $580 ရှိကြောင်း ပြသနိုင်ရမည်ဖြစ်သည်။
အောက်ပါပုဂ္ဂိုလ်များအတွက် အလုပ်လုပ်ချိန် လိုအပ်ချက်မရှိပါ:
- အသက် ၁၉ နှစ်အောက်၊ ၆၅ နှစ်နှင့်အထက်
- ကိုယ်ဝန်ဆောင်များ၊ ကလေးအသက် တစ်နှစ်ပြည့်ပြီးသူများ
- အသက် ၁၄ နှစ်အောက် ကလေးရှိသော မိဘများ
- မသန်စွမ်းသူများ၊ ပြင်းထန်သော ကျန်းမာရေး သို့မဟုတ် စိတ်ကျန်းမာရေး ဝေဒနာရှင်များ
- အကျဉ်းထောင်မှ လွတ်လာပြီး ရက် ၉၀ အတွင်းရှိသူများ
- American Indians နှင့် Alaska Natives များ
- အသက် ၂၆ နှစ်အောက် မွေးစားလူငယ်များ
ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၇ မှစတင်၍ ဤစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိကို စစ်ဆေးကာ Medi-Cal ဆက်လက်ရရှိရန် ဆုံးဖြတ်မည်ဖြစ်သည်။ ထို့အပြင် Medi-Cal သက်တမ်းတိုးခြင်းကို ယခင်ကလို တစ်နှစ်တစ်ကြိမ်မဟုတ်ဘဲ တစ်နှစ်နှစ်ကြိမ် ပြုလုပ်ရမည်ဖြစ်သည်။
Copayments နှင့် ပြည်နယ်ဘတ်ဂျက်၏ သက်ရောက်မှုများ
အောက်တိုဘာလ ၂၀၂၈ မှစ၍ အရွယ်ရောက်ပြီးသူအချို့သည် specialty care နှင့် အချို့စစ်ဆေးမှုများအတွက် copayment များ ပေးဆောင်ရမည်ဖြစ်သည်။ သို့သော် အရေးပေါ်ကုသမှုများ၊ ပုံမှန်ဆေးစစ်ခြင်းများ၊ ကိုယ်ဝန်ဆောင်ဆေးကုသခြင်း၊ ကလေးဆေးကုသမှု၊ စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသမှုတို့သည် အခမဲ့ဖြစ်သည်။
Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS က ပြည်နယ်ဘတ်ဂျက်၏သက်ရောက်မှုများကို ဆွေးနွေးရာတွင် Medi-Cal အဖွဲ့ဝင်အများစုအတွက် ဆရာဝန်ပြသခြင်း၊ ပုံမှန်စစ်ဆေးခြင်း၊ ဆေးရုံတက်ခြင်း၊ ဆေးဖိုး၊ စိတ်ကျန်းမာရေး၊ သွားကျန်းမာရေးနှင့် မျက်စိကုသမှုများ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအများစုကို လုံလောက်စွာရရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေထိုင်ခွင့်အထောက်အထားမဲ့သူများနှင့် Premiums များ
- ဇန်နဝါရီ ၁ ရက်၊ ၂၀၂၆ မှစ၍ နေထိုင်ခွင့်မရှိသူများအတွက် Medi-Cal လျှောက်ထားမှုတွင် အပြောင်းအလဲများရှိလာမည်။ အသက် ၁၉ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များသည် ဆက်လက်လျှောက်ထားခွင့်ရှိသော်လည်း၊ အသက် ၁၉ နှစ်အထက် အထောက်အထားမဲ့သူများအတွက် လျှောက်ထားမှုကို ရပ်ဆိုင်းထားမည်ဖြစ်သည်။
- ဇူလိုင် ၁ ရက်၊ ၂၀၂၆ မှစ၍ အသက် ၁၉ နှစ်နှင့်အထက် နေထိုင်ခွင့်မရှိသူများသည် သွားကျန်းမာရေးစောင့်ရှောက်မှုကို ရရှိတော့မည်မဟုတ်ပေ။
- ဇူလိုင် ၁ ရက်၊ ၂၀၂၇ မှစ၍ အသက် ၁၉ နှစ်မှ ၅၉ နှစ်ရှိ နေထိုင်ခွင့်အထောက်အထားမဲ့သူများနှင့် ဖက်ဒရယ် Medicaid အတွက် အကျုံးမဝင်သော နေထိုင်ခွင့်ရှိသူများသည် တစ်လလျှင် $30 ပရီမီယံကြေး ပေးဆောင်ရမည်ဖြစ်သည်။ အသက် ၁၉ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နှင့် အသက် ၆၀ နှစ်နှင့်အထက်များ ထိုပရီမီယံကြေး ပေးဆောင်ရန် မလိုပါ။ ပရီမီယံကြေး ပေးဆောင်ရန် ပျက်ကွက်ပါက ရက် ၉၀ နောက်တွင် Medi-Cal မှ ကန့်သတ်/အရေးပေါ် Medi-Cal အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ပိုင်ဆိုင်မှု စစ်ဆေးခြင်းနှင့် သတိပြုရန်အချက်များ
- ဇန်နဝါရီ ၁ ရက်၊ ၂၀၂၆ မှစ၍ ပိုင်ဆိုင်မှု စစ်ဆေးခြင်း (asset tests) ကို ပြုလုပ်မည်ဖြစ်ပြီး တစ်ဦးလျှင် $130,000 သတ်မှတ်မည်ဖြစ်သည်။ ယင်းတွင် ဘဏ်ငွေစာရင်း၊ အိမ်တစ်လုံးနှင့် ကားတစ်စီးထက် ပိုသောပိုင်ဆိုင်မှုများပါဝင်သည်။ မိမိနေထိုင်သောအိမ်၊ ကားတစ်စီးနှင့် ပင်စင်စုဆောင်းငွေများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
- Medi-Cal renewal အတွက် အိမ်သို့ စာတိုက်မှရောက်လာသော အဝါရောင်စာအိတ်ကြီးများကို ဂရုစိုက်ရန် နှင့် ကောလာဟလများကို မယုံကြရန် တိုက်တွန်းထားပါသည်။
အပြောင်းအလဲများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိလိုပါက DHCS ဝက်ဘ်ဆိုက်နှင့် ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
www.dhcs.ca.gov/CalAIM www.dhcs.ca.gov/formsandpubs www.dhcs.ca.gov/services/medi-cal/eligibility www.dhcs.ca.gov/Medi-Cal/Pages/immigration-status-categories.aspx www.dhcs.ca.gov/services/medi-cal/Pages/CountyOffices.aspx www.dhcs.ca.gov/keep-your-Medi-Cal