“မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်းနှစ်)

(ပထမဆုံး ကျနော်အရေးမှားတာကို အမှားပြင်လို့ ပြောရရင် ကျနော်မွေးခဲ့တဲ့ 16လမ်းက ပြည်လုံးချမ်းသာရပ်ကွက်ပါ။
မေဃ ဂီရိက ဒီရပ်ကွက်ရဲ့တောင်ဘက်ကရပ်ကွက်ပါ။ကျနော်နောက်မှပြောင်းနေတဲ့ရပ်ကွက်ပါ။)

မန်းလေးလမ်းတွေအကြောင်းပြောမယ်ဆိုရင် အရင်ဆုံး လေးဒေါင့်စပ်စပ်မြို့ရိုးနီနီကြီးကို စိတ်ထဲမှာပုံဖော်ကြည့်လိုက်ပါ။

နန်းမြို့ရိုးကြီးရဲ့ အရှေ့ဘက် အောင်တော်မူရပ်ကွက် ထိပ်62လမ်းက မန်းလေးလမ်းရဲ့အစဖြစ်ပါတယ်။
သူကမြောက်ဘက်ကနေ တောင်ဘက် ကို တန်းနေတဲ့လမ်းမကြီးပါ။
နန်းမြို့ရိုးရဲ့မြောက်ဘက်အရပ်မှာရှိတဲ့ မန်းလေးတောင်ရဲ့ အရှေ့ဘက်ကနေ အစပြုပါတယ်။
တောင်မြောက်တန်းနေတဲ့ ကန့်လန့်ဖြတ်လမ်းမကြီးတွေဟာ အရှေ့ဘက်ကနေစလာလိုက်တာ အနောက်ဘက်ရောက်လေ လမ်းနံပါတ်က ကြီးကြီးလာလေဖြစ်ပါတယ်။

နန်းရှေ့ 62လမ်းကစတဲ့လမ်းက သူ့အနောက်ဖက် အောင်တော်မူဘုရားလမ်းရောက်ရင် 63လမ်းဖြစ်ပါတယ်။
အနောက်ဘက်ကိုဆက်ဆင်းလာလိုက်လို့ အရှေ့ကျုံးလမ်းရောက်တော့ (66)လမ်း အနောက်ကျုံးလမ်းရောက်တော့ လမ်း(80) ဈေးချိုနာရီစင်ရောက်တော့ (84)လမ်းပေါ့။
အနောက်ဘက်ဆင်းလေ လမ်းနံပါတ်က ကြီးလာလေပါ။
လမ်းကိုးဆယ်ကျော်ရင် မရမ်းခြံဆိပ်ကမ်းကိုရောက်လို့ ဆက်သွားရင် မြစ်ကြီးဧရာဝတီကို ဘွားကနဲ့တွေ့ရမှာပါ။
ဒါကတောင်မြောက်တန်းနေတဲ့လမ်းပါ။
အရှေ့အနောက်တန်းနေတဲ့လမ်းကတော့ နန်းတော်ကြီးရဲ့မြောက်ဘက် အရပ် အရိပ်မထွက်ဘုရားဘက်ကနေစပါတယ်။
သူကတော့ တောင်ဘက်ရောက်လေ လမ်းနံပါတ်က ကြီးသွားလေဖြစ်ပါတယ်။
မြောက်ကျုံးလမ်းရောက်တော့ 12လမ်း နောက် စက်ရှင်တံတားရောက်တော့ 19Dလမ်း၊အာဠဝီတံတားရောက်တော့ 22Cလမ်း၊
တောင်ကျုံးလမ်းရောက်တော့ 26Bလမ်း တောင်ဘက်ဆက်သွားတော့ 35Aလမ်း လမ်းအဆုံးက မြို့တောင်ဘက်ဖျားမှာရှိတဲ့ မဟာမြတ်မုနိဘုရားရောက်ရင် 45လမ်း လမ်းအဆုံးပါဘဲ။
ဒါကတော့မန်းလေးလမ်းရဲ့ဖွဲ့တည်ပုံရှင်းရှင်းလေးပါ။
မန်းလေးမြို့က လေးဒေါင့်စပ်စပ် အချိုးညီညီ စတုဂံပုံဖွဲ့တည်ထားတဲ့မြျို့ဖြစ်တဲ့အတွက် လမ်းတိုင်းအပြတိုင်းဟာ အလျားအနံညီပါတယ်။
မန်းလေးအခေါ်က လမ်းတလမ်းနဲ့တစ်လမ်းအကြားကို တစ်ပြ လို့ခေါ်ပါတယ်။
ထူးခြားတာကတော့ အရှေ့အနောက်သွားတဲ့ လမ်းမကြီးလေးလမ်းကို သာ A B C D တပ်ခဲ့တာပါ။
နောက်တချက်ကတော့မန်းလေးသူမန်းလေးသားတွေက 35အေလမ်း 26ဘီလမ်း 22စီလမ်း 19ဒီလမ်းလို့ ဆိုတဲ့လမ်းလေးလမ်းကလွဲရင်
ကျန်တဲ့လမ်းတွေကို ဘယ်လိုနာမယ်ပေးထားထား နာမယ်မခေါ်ဘူး လမ်းနံပါတ်ကိုသာပြောလေ့ညွှန်းလေ့ရှိပါတယ်။
အာဇာနည်လမ်းလို့ပဲနာမယ်ပေးပေး ဗိုလ်ချုပ်လမ်းလို့ဘဲနာမယ်ပေးပေး 26ဘီလမ်း 84လမ်း လို့ ဆိုပြီး လမ်းနံပါတ်နဲ့သာပြောတတ်ပါတယ်။
အဲဒီလိုမပြောဘဲ လမ်းနံမယ်တတ်ပြောရင် အဲဒီလူက မန်းလေးသားမဟုတ်တာ သေချာပါတယ်။
နောက်ရပ်ကွက်နာမယ်ကိုပြောကြတဲ့အခါမှာ ရပ်ကွက်ကြီးနာမယ်ဖြစ်တဲ့ ပြည်ကြီးတံခွန်တို့ အောင်မြေသာဇံတို့ ချမ်းမြသာစည်တို့ဆိုတဲ့ရပ်ကွက်ကြီးနာမယ်ကို ထည့်ပြောခဲပါတယ်။
ဘယ်မှာနေလဲမေးရင် ပြည်လုံးချမ်းသာ တောင်ပုလင်းဝင်း မေဃဂီရိ ပြည်ကြီးကျက်သရေ မောရဂီဝါ နန်းရှေ့ အောင်တော်မူ အစရှိတဲ့ရပ်ကွက်တွေကိုသာညွန်းလေ့ရှိပါတယ်။
မန်းလေးမြို့ရဲ့နန်းတော်ပါတ်ပါတ်လည်မှာရှိတဲ့ ရပ်ကွက်တွေက လေးဒေါင့်စပ်စပ် လေးပြပါတ်လည်ထဲမှာ အလယ်ခေါင်က ဝင်းကြီးတစ်ဝင်းရှိပါမယ်။
အဲဒီဝင်းကြီးကို အပြင်က အိမ်တွေနဲ့ပိတ်လို့ကာထားတာများပါတယ်။
တစ်ချို့ဝင်းကြတော့ လေးဘက်လေးတန် ဒိုးယိုပေါက်၊တစ်ချို့ဝင်းကြတော့ တစ်ဖက်ပေါက် အမျိုးမျုးိပါဘဲ။
ကျနော်ကြားဘူးသလိုပြောရရင် ဝင်းတွေက အရင် က နန်းတွင်းအမူ့ထမ်းအရာရှိကြီးတွေအတွက် ဘုရင်ကပေးသနားတဲ့အိမ်ဝိုင်းကြီးပါ။
သူ့ပါတ်ပါတ်လည်မှာ ဒီအရာရှိကြီးရဲ့ အမူ့တော်ထမ်းတွေရဲ့အိမ်တွေက အပြင်ကနေ ဝင်းအတွင်းမှာရှိတဲ့အိမ်တော်ကြီးကို ကာရံထားတာပါ။
ဘယ်မှာနေလဲမေးရင်လဲ ထီးရိုးဝင်း ၊မြင်းစာရေးကြီးဝင်း ၊ခုံတော်မင်းဝင်း ၊လေလာဝင်း ၊ဆင်ကျုံးဗလီဝင်း ၊ကသဲဝင်း၊ရေနံသာဝင်း
ကသဲဝင်း၊မောင်းထောင်ဝင်း၊ရွှေတိုက်ဝင်း၊ဦးဖိုးသာဝင်း အစရှိသည်ဖြင့်ပြောတတ်သလို
ငပိတန်းလက်ျား၊ မလွန်ခဲလန်တန်း၊ ကွမ်းသီးတန်း ၊ပန်းဆိုးတန်း၊ဆိုင်းတန်း၊တရုပ်တန်း၊အစရှိသဖြင့်ပြောတတ်ပြန်သလို၊
84လမ်း 34-35ကြား။ 25လမ်း 80-81ကြား၊41လမ်း 82-83ကြား၊လမ်း30 84-85ကြားလို့လဲညွန်းတတ်ကြပါတယ်။
ဒါကမန်းလေးသားတွေဘယ်မှာနေလဲလို့မေးရင်ဖြေတတ်ပုံလေးကိုပြောပြတာပါနော်။

တစ်ညမှာပေါ့ လေကြီးမိုးကြီးလဲ မတိုက်ဘဲနဲ့ ကျုံးဘက်ကနေပြီး တစ်ဝေါဝေါနဲ့အော်သံတွေကြားနေရပါတယ်။
အတော်ကိုကြောက်စရာကောင်းတဲ့အသံကြီးပါ။
နောက်နှစ်ရက်လောက်အကြာမှာကျုံးထဲမှာ လူနှစ်ယောက်ပူးကြီးရေနစ်လို့သေပါတယ်။
ပထမတစ်ယောက်ကရေနစ်လို့ ဝူးဝူးဝါးဝါးနဲ့မြုတ်လိုက်ပေါ်လိုက်ဖြစ်နေချိန် ပေတရာလမ်းပေါ်မောင်းလာတဲ့မြင်းလှည်းဆရာက ဆင်းဆယ်ပါသတဲ့။
အဲဒီအခါကျတော့ရေနစ်တဲ့သူက ဇွတ်ဆွဲထားတာရယ် အောက်ကရေမှော်ပင်တွေက ရုန်းမရအောင် ညှိနေတော့ ကောင်းကောင်းရေကူးလို့မရအောင်ဆွဲထားသလိုဖြစ်နေပြီး လက်ပန်းကျပြီးရေနစ်သွားတော့ နှစ်ယောက်လုံးသေသွားတာပေါ့။
အဲဒါကတစ်ကြိမ် ကျနော်သိတာကိုပြောပြတာနော်။
နောက်တစ်ကြိမ်ကတော့ မေတ္တာပေါင်းကူးတံတား ဆောက်ပြီးလို့ သိပ်မကြာခင်မှာပါတဲ့။
အဲဒီတံတားပေါ်ကနေ လူတစ်ယောက်ခုန်ဆင်းပြီး သတ်သေသွားခဲ့ပါတယ်။
အဲဒီရက်မတိုင်ခင်ရက်တွေက ကျုံးအော်သံကိုကြားနေရပါတယ်။
လေတိုက်တဲ့အခါအသံမြည်သလို ကျုံးရေပြင်ဘက်က တဝေါဝေါမြည်နေတယ် ဆိုရင် လူကြီးတွေက ကျနော်တို့ကို ကျုံးဘေးကိုပေးမသွားတော့ပါဘူး။
ရေနစ်သေတယ် အသံမကြားမခြင်းပေါ့။
ကျနော်တို့ကလဲ ကလေးဆိုတော့ သေမယ့်သူမြန်မြန်သေပါစေလို့ ဆုတောင်းကြပါတယ် ကလေးဆိုတော့ မကစားရတာကလွဲလို့ မသိဘူးကိုးဗျ။
တိုက်ဆို်င်တာဘဲဖြစ်ဖြစ် တကယ်ဘဲဖြစ်ဖြစ်ရှေးတုန်းကတော့ ကျုံးအော်ရင် လူစားတယ် လူသေတယ် အစောင့်လဲတယ်လို့ အယူအဆရှိကြပါတယ်။
အခုလဲ အကြောင်းအမျုးိမျိုးကြောင့် တစ်ခါတစ်ရံ ကျုံးထဲမှာလူသေတာကိုကြားရပေမယ့် ကျုံးနံဘေးမှာ မနေတော့တာ ဆယ်စုနှစ်တစ်စုရှိသွားပြီဆိုတော့ ကျုံးအော်သေးလားလို့တောင် မမေးမိတော့ပါဘူး။

မန္တလေးက လွမ်းစရာအကြောင်းပြောရင် “မန်းရာပြည့်ကွင်း “ကစပြောရမယ်ထင်ပါတယ်။
နာမယ်ကျော် မန္တလေးတောင်ရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ကွင်းပြင်ကျယ်ကြီးပါ။
“မန်းရာပြည့်ကွင်း”လို့အမည်တွင်ရတဲ့အကြောင်းရင်းကတော့
မန်းလေးနှစ်တစ်ရာပြည့်ပွဲတော်ကြီးကို ဒီကွင်းကြီးထဲမှာ ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့ဘူးလို့ပါဘဲ။
အဲဒီပွဲကြီးကျင်းပပြီးတဲ့အချိန်ကစလု့ိ ဒီကွင်းကြီးထဲမှာ ကျောင်းသားအားကစားပွဲတော် ၊ပြည်ထောင်စုအလံတော်ညအိပ်ရပ်နားတဲ့ပွဲတော်တွေကိုသာမကဘဲ နောက်ပိုင်းမှာ စတိတ်ရှိုးဂီတပွဲတွေပါအကြိမ်ပေါင်းများစွာကျင်းပခဲ့ကြပါတယ်။
ကျန်တဲ့အချိန်တွေမှာတော့ မန်းလေးသူမန်းလေးသားများက အဲဒီကွင်းကြီးကို ကောင်းကောင်းအသုံးချပါတယ်။
မော်တော်ကားအမောင်းသင်ပါတယ်။စက်ဘီးအစီးသင်ပါတယ်။
နောက် ကျနော်တို့အိမ်က ဆေးလိပ်ခုံထောင်တုန်းက အဲဒီကွင်းကြီးထဲမှာ ဆေးရိုးလာလှော်ပါတယ်။
လူကြီးတွေက ဆေးရိုးလှော်နေလှန်းအအေးခံ ကျနော်တို့ကလေးတသိုက်က အရိပ်ကောင်းတဲ့ မန်းကျည်းပင်ရိပ်မှာဆော့ကြ ဆာတယ်ဆိုရင် အပင်ပေါ်ကမန်းကျီးသီးကြက်ဆူ (မမှည့်တမှည့် ယွမ်းပြင်းကိုပြောတာ)တွေကို ခဲနဲ့ထု ဝါလုံးတွေနဲ့ပုတ်ချပြီးစားကြနဲ့အရမ်းပျော်စရာကောင်းပါတယ်။
(ပြောရင်းတောင် သားရေကျလာသလိုပါဘဲ မန်းကျည်းသီးဆိုလို့ပါ)
မနက်ကသွားလိုက်ကြတာ ထမင်းချိုင့်တွေနဲ့ တပျော်တပါး ညနေ နေချိုမှ အလုပ်တွေသိမ်း ချောင်းထဲမှာရေချိုးပြီးမှအိမ်ပြန်ကြတာပါ။
မန်းရာပြည့်ကွင်းက မြောက်တံခါးပေါက် နဲ့တည့်တည့် (တောင်ပြုံး မတ္တရာ မိုးကုတ် )မြို့တွေကို သွားတဲ့လမ်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိပါတယ်။
မန်းရာပြည့်ကွင်းရဲ့မြောက်ဘက်မှာတော့ ရှေးကနာမည်ကျော်ခဲ့တဲ့ မန်းလေးမြို့ရဲ့အထင်ကရနေရာမှာ ပါတဲ့ မြင်းပြိုင်ကွင်းပါ။
အခုတော့ ဘော့လုံးကွင်းဖြစ်သွားပါပြီ။
အဲဒီလမ်းလေးကနေ မြောက်ဘက်ဆက်သွားရင် အခုအခါမှာတော့ ရွှေမန်းတောင်ဂေါက်ကွင်းရှိပါမယ်။ဂေါက်ကွင်းကိုကျော်သွားမယ်ဆိုရင်
လမ်းအနောက်ဘက်ဘေးမှာကြီးမားခန့်ထည့် လှတဲ့ တိုင်းရင်းဆေးကျောင်းကြီးရှိပါတယ်။
ဆက်သွားလို့လမ်းအကွေ့လေးကျော်လိုက်ရင် တော့ နာမည်ကျော် ရွှေကျင်ကျောင်းခေါ်တဲ့ ရွှေကျင်ဘုန်းတော်ကြီးကျောင်းကိုရောက်ပါမယ်။
မြောက်စူးစူးကိုသွားမယ်ဆိုရင် နာမယ်ကျော် မယ်ဥတောင် (ခ)သခင်မတောင်ဘက်ကိုရောက်လို့ဆက်သွားရင် မတ္တရာတို့ မိုးကုတ်တို့ကိုရောက်သွားတဲ့လမ်းပေါ့။
တကယ်လို့များ မြောက်ဘက်ကို မကွေ့ဘဲ အရှေ့ဘက်ကိုသွားတဲ့လမ်းလေးအတို်င်းဆက်သွားမယ်ဆိုရင် မန်းလေးတောင်ကို အရှေ့ဘက်ကနေပါတ်သွားတဲ့လမ်းကလေးကိုုရောက်သွားမှာပါ။
ဒီမန်းရာပြည့်ကွင်းရဲ့အနောက်ဘက်မှာတော့ အရင်ကကလေးထောင်လို့လဲခေါ် ဆိုးသွမ်းလူငယ်ကျောင်းလို့ နာမယ်ဆိုးရတဲ့လူငယ်ပြုပြင်ရေးစခန်းရှိပါတယ်။
လူမူ့ဝန်ထမ်းဦးစီးဌာနက ဦးစီးလို့ ဖွင့်လှစ်ထားတဲ အသက်မပြည့်သေးတဲ့ကလေးများ၊ လေလွင့်နေသောလူငယ်များကို ထိန်းသိမ်းလို့ အတတ်ပညာသင်ပေးတဲ့လေ့ကျင်းရေးစခန်းလေးပါ။
ကျနော်တို့ ငယ်ငယ်က ပြောမရဆိုမရလုပ်နေတယ်ဆိုရင် မိဘတွေက ဒီကျောင်းကို ပို့မယ်ဆိုပြီးခြိမ်းချောက်ရင် ဟုတ်တာမဟုတ်တာအပထားတစ်ကယ်ကြောက်ခဲ့ရပါတယ်။
ဒီကျောင်းကနေပြုပြင်ပေးလို့ အသိတရားရလို့ကောင်းသွားခဲ့တဲ့လူငယ်လေးတွေလဲရှိခဲ့ပါတယ်။ဒါပေမယ့် အရပ်ထဲမှာတော့ ဒီကျောင်းဟာ နာမယ်ဆိုးတွင်တဲ့ကျောင်းပါ။
ဒီကျောင်းရဲ့အနောက်ဘက်ကပ်ရက်မှာတော့ နာမယ်ကျော် နဂါးဆေးပေါ့လိပ်ခုံ ပို်င်ရှင်ဒေါ်ဦးလှူဒါန်းထားတဲ့ ရန်ကုန်မြို့က ကမ္ဘအေးစေတီနဲ့ပုံစံတူတဲ့
နဂါးဒေါ်ဦးရိပ်သာရှိပါတယ်။
သူ့အနောက်ဘက်မှာတော့ စတုဘုမ္မိသာက ဘုန်းကြီးကျောင်းနဲ့တရားရိပ်သာရှိပါတယ်။
ဟိုအရင် 1977-80 ပါတ်ဝန်းကျင်လောက်က ဒီကျောင်းထဲမှာ ဥပုဒ်နေ့ဆိုရင် ဈေးတန်းလေးတစ်ခုရှိပါတယ်၊
အဲဒီထဲမှာ မြန့်မာ့ရိုးရာစားစရာဖြစ်တဲ့ မုန့်လုံးကြီးကြော် ၊စိန်ဖေကြီး၊ရွှေထမင်း၊မုန့်ဆပ်သွားဖူး၊မုန့်ပေါင်း၊ဌာပနာထုပ်၊ပြန်ပေါင်းထုပ်၊မုန့်ကျွဲသဲ၊
ကတိုးဝါကြော်၊ပဲကပ်ကြော်၊မုန့်လက်ကောက်၊အထက်မီးအောက်မီး။မုန့်ရေပါး။မုန်ပျစ်စလက် အဖြူ ၊မုန့်ပျစ်စလက် အနီ၊မုန့်လက်ဆောင်းနန်းကထိ၊မုန့်ဦးနှောက်၊မုန့်ကြာစေ့ အစရှိတဲ့မြန်မာမုန့်အစုံဝယ်စားနိုင်ပါတယ်။
ဆရာတော်ဘုရားကလည်း ဒီမြန်မာမုန့်လေးတွေ ကိုမတိမ်ကောအောင်ရည်ရွယ်ချက်နဲ့ဈေးရောင်းခွင့်ပြုတာပါ။
ဒါပေမယ့်တဖြည်းဖြည်းနဲ့ ဆိုင်တွေများလာ ရောင်းတာကလဲမုန့်တင်မဟုတ်ဘူး ပစ္စည်းအစုံသူ့ထက်ငါတင်လာကြ ခါတိုင်းမနက်ဈေးလေးကနေ တစ်နေကုန်ဈေးလိုဖြစ်လာတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် နေရာလုကြရန်ဖြစ်ကြဆိုတော့ ဆရာတော်ဘုရားက ဒီဈေးတန်းလေးကို ခွင့်မပြုတော့တဲ့အတွက် မြန်မာ့မုန့်ဈေးတန်းလေးလဲပျောက်ကွယ်သွားပါတယ်။
မနက်မနက် မုန့်စားထွက်ရင် လမ်းဒေါင့်လေးတွေမှာ ရှမ်းခေါက်ဆွဲဆိုင်လေးတွေချည်းဘဲ တွေ့နေရင် ညနေဘက်မှာ ကော်ပြန့်ကြော်နဲ့ဝက်သားတုတ်ထိုးဆိုင်တွေကို ဘဲတွေ့နေရင် စောစောက ပြောတဲ့ မြန်မာ့သွားရေစာ (အဟာရလဲဖြစ်ဈေးလဲချိုသာတဲ့)
အစားအစာလေးတွေ မန်းလေးကနေပျောက်ကွယ်သွားတာကို ပိုဝမ်းနည်းပိုသတိရ ပိုလို့လွမ်းပါတယ်။
ကျနော်ပြောနေတဲ့မန်းရာပြည့်ကွင်းကြီးက အခုတော့ တိရိစာ္ဆန်ဥယျာဉ်အဖြစ်ပြောင်းလဲလို့သွားပါပြီ။
ဒီလိုတိရိစာ္ဆန်ဥယျာဉ်အဖြစ်ပြောင်းလဲသွားတော့ မန်းလေးမြို့မှာ လူအများအတွက်ပွဲလမ်းသဘင်ခင်းကျင်းဘို့အတွက် ကျယ်ပြန့်သောနေရာတစ်ခုပျောက်ဆုံးသွားပါတယ်။
မန်းလေးမြို့ နှစ်တစ်ရာပြည့်ကျင်းပခဲ့တုံးက အလွန်ကိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့တာ မမြင်မမှီလိုက်ပေမယ့် သတင်းစာတွေစာစောင်တွေ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ရေးခဲ့တာတွေကို
ဖတ်ရတဲ့အခါမှာ သိခဲ့ရပါတယ်။
ဒါပေမယ့် မကြာခင်ကပြည့်မြောက်ခဲ့တဲ့နှစ်150ပြည့်မှာတော့ ဘယ်အကြောင်းရယ်ကြောင့်မသိဘူး စည်စည်ကားကားမရှိခဲ့တာတော့အမှန်ပါဘဲ။
့နေရာကျယ်ကျယ်ပြန့်ပြန့်မရှိတော့ ဈေးပွဲတော်က မြင်းပြိုင်ကွင်းမှာ ပွဲလမ်းသဘင်တွေက ကျောက်တော်ကြီးဘုရားရှေ့ကကွက်လပ်မှာ တစ်နေရာစီခွဲကျင်းပတယ်ဆိုတော့
ဘယ်လာစည်ကားပါ့မလဲ။
ဒါပေမယ့် ထည့်မတွက်ဘဲနေလို့ရတဲ့အချက်တစ်ချက်ကတော့ အခုခေတ်လူတွေက ခံစားကြည့်ရှူ့စရာတွေများတဲ့ခေတ်ကြီးဖြစ်လာတဲ့အတွက်အရင်ခေတ်ကလူတွေလောက်တော့ ခုခေတ်လူတွေက ပွဲလမ်းသဘင်အပေါ်မှာအာရုံမရှိတော့တာအမှန်ပါဘဲ။
မန်းရာပြည့်ကွင်းနေရာကနေဆက်သွားမယ်ဆိုရင် မန်းလေးမြို့ရဲ့အထင်ကရမှတ်တိုင်ဖြစ်တဲ့ သုဓမ္မာဇရပ်တန်းကိုတွေ့ရမှာဖြစ်ပါတယ်။
အလွန်ကြီးမားပြီး ခိုင်ခန့်တဲ့သစ်လုံးများနဲ့တည်ဆောက်ထားတဲ့ နီညိုရောင်ဇရပ်ကြီးများကတော့ ရှေးက သာသာရေးနဲ့ပါတ်သက်တဲ့စာမေးပွဲများကျင်းပရာနေရာဖြစ်ခဲ့ဘူးတယ်လို့သိရပါတယ်။
အရင်ကကျောက်တော်ကြီးဘုရားပွဲကျင်းပတဲ့အချိန်မှာ ရပ်ဝေးကလာတဲ့ ဧည့်သည်များတည်းခိုဆောင်ဖြစ်ခဲ့ဘူးပါတယ်။
အခုခေတ်မှာတော့ တစ်ခါတစ်ရံ စစ်တပ်များ တစ်နေရကနေ တစ်နေရာ တပ်ရင်းလိုက်ပြောင်းရွှေ့တဲ့အခါများမှာ တပ်မတော်သားများခေတ္တ နားခိုရာအဖြစ်အသုံးပြုတတ်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ်နှစ်ပေါင်းတစ်ရာကျော်သည်အထိမပျက်မစီးရှိနေသေးတဲ့ ဒီဇရပ်ကြီးတွေကို သမိုင်းဝင်တန်ဘိုးကြီးပစ္စည်းများအဖြစ်သတ်မှတ်လို့ တာရှည်ခံအောင်ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။

သုဓမ္မာဇရပ်တန်းကနေဆက်လျှောက်လို့ မြောက်ဘက်ကိုရောက်ရင် ငယ်ငယ်က သီချင်းလုပ်ဆိုပြီးအော်ခဲ့ရတဲ့
“မန ္တလေးတောင်မြွေကြီးနှစ်ကောင် သွားကြည့်ရအောင်”တို့ “မန်းမြေတောင်ပေါ်မှာလေ ပျော်စရာမို့သွားကြစို့လေ ”
ဆိုတဲ့ မန်းလေးဂုဏ်ဆောင် မန ္တလေးတောင်ခြေအောက်က အလွန်အချိုးအစားကျနပြီး ကြီးမားလှတဲ့ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ခြေရင်းကိုရောက်လာပါတယ်။
ကျနော်တို့ငယ်ငယ်က မိဘတွေနဲ့ နည်းနည်းအသက်ကြီးလာတော့ သူငယ်ချင်းနဲ့ နောက်အရွယ်ရောက်တော့ ချစ်ရတဲ့သူနဲ့ ဒီတောင်ပေါ်ကို
အကြိမ်ပေါင်းများစွာရောက်ခဲ့ဘူးပါတယ်။
စတက်တက်ခြင်း ဗျာဒိတ်ပေးရပ်တော်မူကိုယ်တော် နောက် အလယ်ပစ္စယံရောက်ရင် ခဏနားမယ် ရူ့ခင်းတွေကြည့်မယ် နောက်စိုင်တမော့ကို ရောက်ရင် မောမောနဲ့ အားစိုက်လို့ တက်မယ် ပြီးရင် စန္ဒာမုခိဘီလူးမ မိသားစုကြေးရုပ်ကလေးတွေ ထားတဲ့နေရာကိုရောက်မယ်
အဲဒီကလွန်ရင်တော့ မန်းလေးတောင်ပေါ်ကနေ မန်းလေးတစ်မြို့လုံးကို စီးပြီးအလှပဆုံးသောရု့ခင်းတွေကို ကြည့်ရူ့ခံစားနိုင်တဲ့အမြင့်ဆုံးရင်ပြင်တော်ပေါ်ကိုရောက်ပါပြီ။
ငယ်ငယ်က ဒီစန္ဒာမုခိဘီလူးမမိသားစုနားရောက်ရင် ကြောက်ပါတယ် အူယားစရာအရုပ်မွစိလေးတွေကိုးဗျ။
ကြီးလာတော့ ဒီနေရာကိုရောက်တာနဲ့ “ကြည်ညိုသဒါ္ဒ ပွား ရင်သားဖြတ်ခါလှူလေသည်”ဆိုတဲ့သီချင်းစာသားကိုပြန်သတိရလိုက်တယ်ဆိုရင်ဘဲ
ဒီရင်သားဖြတ်လှူတော့ ရတဲ့သူကဘာလုပ်ရမှာလဲလို့ တွေးမိတာ အခုထိကို ကိုအဖြေမရသေးပါ။
ဒီရင်ပြင်တော်ပေါ်ကနေ နွေမိုးဆောင်းရူ့ခင်းအားလုံးတမျုးိစီလှကြပါတယ်။
တစ်မြို့လုံးကိုစီးကြည့်ရင်း ဟိုနားကလေးက ဘာ ဒီနားလေးက ဘယ်နေရာဆိုတာ ပြောလို့ ငြင်းကြရတာလဲ အရသာတစ်မျိုးပါ။
မြွေကြီးနှစ်ကောင်ကိုပွတ်သပ်ပြီးဆုတောင်းရင်ပြည့်တယ်လို့ လူကြီးတွေကပြောလို့ ငယ်ငယ်တုံးက ဆုတောင်းခဲ့ရတာလဲအမောပါဘဲ။
မန်းလေးတောင်အနောက်ဘက်ကကြည့်ရင်မိုးတွင်းဆို ဟိုးဝေးဝေးက ဧရာဝတီမြစ်မင်းရယ် မူံဝါးဝါးမင်းကွန်းဘုရားကြီးရယ်(နွေခါဆိုရင်မင်းကွန်းက ဘုရားကြီးကိုကောင်းကောင်းမြင်ရတတ်ပါတယ်)ရေကြီးတဲ့အခါမြင်နေရတဲ့ရေပြင်ကျယ်ကြီးရယ် ၊မြောက်ဘက်ကိုကြည့်မယ်ဆိုရင် ဟိုဝေးဝေးက သခင်မတောင်
အရှေဘက်ဆို ရင် ဘယ်မှာမှမရှိတဲ့ က မ္ဘ ာပေါ်မှာအကြီးဆုံးစာအုပ်တွေထားရှိတဲ့ ဂူလေးတွေ ခရေပင်တွေဝိုင်းနေတဲ့ ကုသိုလ်တော်ဘုရား ဟိုးဝေးဝေးမှက ရှမ်းရိုးမ
သူ့အောက်ခြေမှာ က ရန်ကင်းတောင် သူ့အောင်ပင်လယ်က လယ်ကွင်းတွေ တောင်ဘက်ကြည့်မယ်ဆိုရင်နန်းတွင်းတစ်ခုလုံးနဲ့ကျုံးတော်အပြင်
နေသာတဲ့နေခင်းမှာဆိုရင် မဟာမြတ်မုနိကိန်းဝပ်တော်မူတဲ့စေတီတော်က ရွှေအဆင်းပြောင်ဝင်းဝင်းကိုတောင် ဝိုးတဝါးတွေု့နိင်ပါသေးတယ်။
မန်းလေးတောင်ပေါ်ကနေမြင်ရတဲ့ မန်းလေးတစ်ခွင်ရူ့ခင်းက နွေအလှ မိုးအလှ ဆောင်းအလှ တစ်မျိုးစီလှလို့ကြည့်မဝနိုင်အောင်ပါဘဲ။
စောင်းတန်းအုတ်လှေခါးတွေကနေပြီးဒီမန်းလေးတောင်ပေါ်ကို တက်တိုင်းရင်ထဲ့ကိုရောက်လတတ်တဲ့စိတ်ကြည်နူးစရာကောင်းလွန်းတဲ့ခံစားမူ့ ကတော့ ပြောပြဘို့တော်တော်ခက်ပါတယ်။
မောတော့မောပါတယ် ဒါပေမယ့် စောင်းတန်းတစ်လျှောက်လုံးမှာရှိနေပြီး ဆယ့်နှစ်ရာသီပွင့်တတ်တဲ့ စကားပန်းဖြူဖြူလေးများက ပျံ့လွင့်လာတဲ့ ရနံ့လေးများကို စိတ်ကိုကြည်လင်အေးမြစေတာကတော့ အမှန်ပါဘဲ။
မန်းလေးတောင်အောက်ကိုဆင်းလာမယ်ဆိုရင် အရင်ဆုံးစတွေ့ရမှာကတော့ အထူးခြားဆုံးတစ်လုံးထဲသောစကျင်ကျောက်ကနေထုုလုပ်ထားတဲ့ ဆင်းတုတော်ကြီးကိန်းဝပ်တဲ့
“ကျောက်တော်ကြီးဘုရား” အရှေ့ဘက်မှာတော့ က မ္ဘ ာပေါ်မှာအကြီးဆုံးစာအုပ်တွေကိုသိမ်းဆည်းထားတဲ့ “စန္ဒာမုနိဘုရား” ဒီဘုရားရဲ့အရှေ့ဘက်မှာတော့ အင်မတန်ကြီးမားတဲ့ခရေပင်တွေပါတ်လည်ဝို်င်းနေတဲ့ ” ကုသိုလ်တော်ဘုရား”တွေကိုဖူးရမှာဖြစ်ပါတယ်။
ဒီကုသိုလ်တော်ဘုရားနဲ့တဲ့တဲ့တောင်ဘက်အရပ်မှာတော့ နာမယ်ကျော် “ရွှေကျောင်းကြီး “နဲ့ နံရံလေးဘက်သာကျန်တော့တဲ့ “အတုမရှိကျောင်းတော် “ကိုရောက်မှာဖြစ်ပါတယ်။
သီတင်းကျွတ်ကိုရောက်ပြီဆိုရင် ကျင်းပလေ့ရှိတဲ့ ကျောက်တော်ကြီးဘုရားပွဲတော်ကို ရောက်ပြီဆိုရင် ကျနော်ငယ်ငယ်က နှင်းမူံမူံတွေကြားက သွားခဲ့ရတဲ့ပွဲတော်ရက်များကို သတိရမိသလို ကျနော် ကိုပေါက်ဖြစ်လာဘို့အတွက် အစပြုခဲ့တဲ့ဇာတ်လမ်းလေးကလဲရှိခဲ့ပါတယ်တဲ့။
ရှေးခေတ်က ကျောက်တော်ကြီးပွဲကို နွားလှည်းတွေနဲ့တပျော်တစ်ပါး သွားကြပါသတဲ့။
အပျိုချောချောပါတဲ့လှည်းနောက်ကနေပြီး ကိုကို ကာလသားတွေက အဲဒီခေတ်က စီးတော်ယာဉ်ဖြစ်တဲ့ ရလေးစက်ဘီးတွေနဲ့နောက်ကလိုက်ပါသတဲ့။
1957ခုနှစ်ရဲ့သီတင်းကျွတ်လပြည့်ညမှာကျရောက်တဲ့ ကျောက်တော့ကြီးဘုရားပွဲတော်တစ်ရက်မှာ မြောက်ပြင် 16လမ်းနေထွက်လာတဲ့လှည်းတန်းကြီးနောက်ကို
25လမ်းသူဌေးတန်းမှာနေတဲ့ စက်ဘီးနဲ့ကာလသားအုပ်စုတစ်စုက လိုက်လာတဲ့အခါမှာ……………………………………………………………..
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

6 comments

  • doekalay

    September 20, 2010 at 9:48 am

    နေရာတော်ေတော်များများကိုရေးပေးထားတဲ ့အတွက်ကျေးဇူးတင်ပါတယ်။

  • ဒီနေ့မှ ဒီပိုစ်လေးကို ပြန်ကြည့် မိတယ်။

    ဟိုးအရင်ကတည်းက ကျနော်ရေးတဲ့ပိုစ်တွေက ဖတ်သူ ရှိမယ် ကော်မင်းပေးသူမရှိ။

    အဲဒါကိုသဘောပေါက်လို့လည်းကျနော်စာအများကြီး ဆက်ရေးဖြစ်တာပါ.

  • ခင် ခ

    August 27, 2014 at 3:00 pm

    ရေးသူရှိပြီး ဖတ်ခွင့်ပြုသော ဘယ်စာဘဲဖြစ်ဖြစ် စာဖတ်ပရိတ်သပ်ရှိစမြဲမို့ ဆက်ရေးသင့်ပါ၏ ကိုပေါက်ရေ။

  • alinsett

    August 27, 2014 at 4:05 pm

    က မ္ဘ ာပေါ်မှာအကြီးဆုံးစာအုပ်တွေကိုသိမ်းဆည်းထားတဲ့ စန္ဒာမုနိဘုရား
    အင်မတန်ကြီးမားတဲ့ခရေပင်တွေပါတ်လည်ဝို်င်းနေတဲ့ ကုသိုလ်တော်ဘုရားတွေကို
    တအားးးးးးးးးလွမ်းတယ်…. ။

    ကုသိုလ်တော်ဘုရားဝင်းထဲက ခရေပင်အကြီးးးးကြီးမှာ… ဓါတ်ပုံရိုက်ဖို ့…လူရှင်းအောင် အကြာကြီးထိုင်စောင့်ခဲု့ရချိန်လေးကိုလည်း..လွမ်းတယ်… ။

Leave a Reply