“မလွမ်းစကောင်း လွမ်းစကောင်း “(ရှေးရှေးက မန္တလေးအပိုင်းသုံး)
“ငွေနှင်းမူံရီထုံဝေစီမြောက်လေဆော်သွေး အေးတဲ့လရာသီ သမယခါဆီ “ ဆိုတဲ့သီချင်းစာသားလေးအတိုင်းဝါလကင်းလွတ်သီတင်းကျွတ်လို့ ့ဆောင်းဥတုစပြီဆိုတာနဲ့မန္တလေးမြို့အနှံ့မှာ ရှိတဲ့ရပ်ကွက်အားလုံးဘုရားပွဲတွေ ကျင်းပကြဘို့ပြင်ဆင်ကြတဲ့အချိန်ပါဘဲ။သီတင်းကျွတ်ပြီဆိုတာနဲ့ “ဘုရားပွဲအစ လမ်းလယ်က အဆုံး ရတနာမဉ္ဖူ” ဆိုတဲ့စာသားအတိုင်းဘုရားပွဲတွေကို သူရက်နဲ့သူ အစဉ်အလို်က်အတိုင်းနှစ်စဉ်ကျင်းပကြပါတယ်။
စက်တင်ဘာလလယ်ရောက်ပြီဆိုတာနဲ့ မန္တလေးမြို့ 82လမ်း( 29-30)လမ်းကြားမှာ ရှိတဲ့ ဘုရားသုံးဆူဘုရားရှေ့မှာ အိုးပုတ်သယ်လေးတွေစရောက်လာပါတော့တယ်။ ဒီအသယ်လေးတွေတွေ့ပြီဆိုရင် မန်းလေးမြို့မှာ ပွဲလမ်းသဘင်တွေစတော့မယ်ဆိုတာကို အသိပေးလိုက်တာပါဘဲ။ဒီအချိန်ရောက်တာနဲ့ကျနော်တို့ကတော့ ဘုရားပွဲတကာသွားမယ် အငြိမ့်ကြည့်မယ် ဇာတ်ကြည့်မယ် အသိမိတ်ဆွေအိမ်တွေမှာမုန့်လိုက်စားမယ်ဆိုတာတွေလုပ်ဘို့ အသင့်ပြင်ကြပါတော့တယ်။
ဒီမန္တလေးမြို့ဘုရားပွဲတွေကမမေ့နိုင်စရာ ကျနော့်ငယ်ဘဝနဲ့အများကြီးပါတ်သက်နေပါတယ် ၊ကျနော်အဖေ့ရဲ့မိဘများက ပန်းကန်တွေ စားပွဲခုုံတွေကို ပြန်ငှားတဲ့အလုပ်ကိုလုပ်ပါတယ်။သာမန်အလှူအတန်းတွေကလာငှားတယ်ဆိုရင် ငှားခအတွက် အဖိုးအခကိုသတ်မှတ်ထားတဲ့ကြေးနဲ့ယူပါတယ်။ ရပ်ကွက် ဘုရားပွဲတွေက လာငှားတယ်ဆိုရင် ဘုရားပွဲအတွက်လှူဒါန်းထားကြတဲ့ ဆွမ်းတော်ကြီးပွဲရဲ့တစ်ဝက်ကိုကျနော်တို့ကယူပါတယ်။ ဆွမ်းတော်ကြီးပွဲဆိုတာကတော့ ဘုရားပွဲကျင်းပတဲ့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက လှူဒါန်းဘို့အတွက် မုန့်တွေ အသီးအနှံတွေ ဆွမ်းဟင်းတွေကို ဘုရားပွဲရက်မတိုင်ခင်တစ်ရက်မှာ ဘုရားထဲကိုလာပြီးပို့ထားရပါတယ်။ လာပို့ထားကြတဲ့ ဆွမ်းတော်ပွဲတွေကို လှူဒါန်းတဲ့လူတွေကြည့်ပြီးပီတိဖြစ်ရအောင်ဘုရားပွဲကို လာကြည့်တဲ့သူတွေ မြင်ရတွေ့ရအောင် ရည်ရွယ်လု့ိဘုရားကိုကပ်လှူရင်းစားပွဲကြီးတွေပေါ်မှာခင်းကျင်းလို့ပြထားပါတယ်။ တစ်ချို့ကတော့ ဈေးကြီးပြီးရှားပါးတယ်ဆိုတဲ့ နံ့သာပုငှက်ပျောတို့ ရွှေနီငှက်ပျောတို့ကို အဖီးလှလှကြီးတွေကိုလှူထားပါတယ်။ တစ်ချို့ကတော့ဘဲဥကိုပြုတ်ပြီးတော့လူအရုပ်ပုံဆေးရောင်စုံခြယ်လို့ လှတပတလေးဖြစ်အောင်လုပ်ပြီးတော့လှူပါတယ်။ ငယ်ငယ်တုံးကအဲဒီဘဲဥလေးများရလို့ကတော့ မစားနိုင်မသောက်နိုင် တကိုင်ကိုင်နဲ့အရမ်းကိုမက်မောခဲ့ရတာပါ။ တစ်ချို့ကြတော့လဲပုဇွန်ထုပ်အကြီးကြီးတွေကိုလှနေအောင်ပြင်ပြီးလှူထားတတ်ကြပါတယ်။ တစ်ချို့ကတော့လည်းဝက်သားသုံးထပ်သားပေါင်သား အကြီးကြီးကိုကြော်ထားတာ တစ်ချို့ကကြက်အကောင်လိုက်ဘဲအကောင်လိုက်ငါးအကြီးကြီးအကောင်လိုက်ကြော်ထားတာတွေကို မြင်ရတဲ့ကလေးတွေသွားရည်ကျလောက်အောင်ကို လှူထားတတ်ကြပါတယ်။ ဘာဘဲပြောပြော” အရပ်ဘုရားပွဲဟေ့”ဆိုတာနဲ့ သူများရပ်ကွက်ထက် မသာတောင် မနိမ့်အောင်လှလှပပဖြစ်အောင် လှူကြတာများပါတယ်။ဒီဆွမ်းတော်ပွဲတွေကို ဘုရားပွဲတော်ကျင်းပပြီးတဲ့အခါမှာ လှူဒါန်းထားတဲ့အထဲက မုန့်ပဲသွားရေစာတွေအသီးအနှံတွေကို ဆွမ်းတော်ပွဲကျအဖြစ်သတ်မှတ်လို့ အန္တရာယ်ကင်းအောင်အရပ်ထဲကကလေးတွေကိုဝေပါတယ်။ ကြိုတင်လို့ဖယ်ထားတဲ့လှူဘွယ်တွေကိုရပ်ကွက်ကကိုးကွယ်တဲ့ဆရာတော်ဘုရားရဲ့ကျောင်းကိုပို့လို့လှူဒါန်းပါတယ်။ ကျနော်တို့မိသားစုက ပုဂံတွေ စားပွဲတွေငှားထားတဲ့ဘုရားပွဲကျင်းပတဲ့ဆီကို ဘုရားပွဲမပြီးခင်တစ်ရက်အလိုမှာသွားပြီး ဆွမ်းတော်ကြီးပွဲကိုစာရင်းခွဲပါတယ်။အများအားဖြင့်အသီးအနှံတွေမုန့်တွေကိုယူပြီးဆွမ်းဟင်းကိုမယူပါဘူး။ ဘုရားပွဲပြီးတဲ့မနက်ရောက်တာနဲ့မြင်းလှည်းတွေနဲ့သွားပြီး ကျနော်တို့ကငှားထားတဲ့ ပစ္စည်းတွေရယ် သူတို့ငှားခအဖြစ်ပြန်ပေးလိုက်တဲ့ဆွမ်းတော်ကြီးပွဲတွေရယ်ကိုသွားသယ်ကြပါတယ်။ အဲဒီလိုရလာတဲ့မုန့်တွေအသီးအနှံတွေကို ထန်းခေါက်တောင်းတွေနဲ့ထည့်လို့ တစ်ခါတစ်ခါသယ်ရင် ရပ်ကွက်ကြီးရင် ကြီးသလိုမြင်းလှည်း လေးငါးစီးတိုက်သယ်ရပါတယ်။
အိမ်ရောက်တာနဲ့ အဖွားက ဒါတွေကိုပြန်လှူဘို့အတွက် ဒါကတော့ ဘယ်ပို့မှာ ဟိုဟာကတော့ ဘယ်အတွက် ဒါကတော့ ကလေးတွေကို ဝေဘို့ဆိုပြီး ခွဲတမ်းချစီစဉ်ပါတော့တယ်။ အရပ်ထဲကကလေးတွေကို အိမ်ရှေ့မှာတန်းစီခိုင်းပြီး လိမ္မော်သီး၊သီးမွှေးငှက်ပျောသီး၊ကမ္ဘလာသီး စတာတွေကို ဝေပါတော့တယ်။ဘယ်ကလေးလာလာ ဘယ်အရပ်ကဖြစ်ဖြစ်အကုန်ဝေတာပါ။နောက်မှဆွေမျိုးတွေအိမ်ကိုပို့ခိုင်းပါတယ်။ ကျနော်တို့အဖွားကဒီပစ္စည်းငှားတဲ့အလုပ်ကစလုပ်ကတည်းကရည်ရွယ်ချက်ကလှူချင်လို့ပါ။ ဆွမ်းတော်ပွဲအကျတွေကို မင်းကွန်းလူအိုရုံ၊မနော်ယမံကိုယ်ရေပြားရောဂါသည်ဆေးရုံ၊မိဘမဲ့ကလေးကျောင်းသုံးကျောင်းကို တစ်လှည့်စီပို့လို့လှူဒါန်းပါတယ်။
ဒီလိုသွားပြီ မုန့်တွေပို့ပြီဆိုတဲ့နေ့ကျရင် ကျနော်တို့တစ်အိ်မ်သားလုံး မြင်းလှည့်းတွေနဲ့ လှူဘို့အလှည့်ကျတဲ့နေရာကို တစ်ပျော်တပါးကြီးသွားကြတာပါ။ ငယ်ငယ်ကမင်းကွန်းလူအိုရုံကို မော်တော်လေးနဲ့ ဒီလှူဘွယ်ပစ္စည်းတွေကိုသွားပို့ရတာပျော်စရာပါ။
မော်တော်လေးက တအိအိ ဧရာဝတီမြစ်ကြီးရဲ့လှိုင်းလေးတွေကလည့် တအိအိ ပြန်တွေးရင်လွမ်းဘို့ကောင်းပါတယ်။
ဒီ ကျောက်တော်ကြီးဘုရား ပွဲမကျင်းပခင်15ရက်လောက်အလိုကတည်းက ဘုရားပါတ်ဝန်းကျင်မြေကွက်လပ်တွေမှာ ရုံသွင်းမယ့် ဇာတ်အဖွဲ့တွေအတွက်မင်းစင်တွေ ဇာတ်ရုံတွေဈေးသည်တွေအတွက်ဆိုင်ခန်းတွေကိုစဆောက်ပါပြီ။ ဟိုးအဝေး အောက်ပြည်ကနေလာရောင်းကြတဲ့ “ဖျာသယ်”တွေကလည်းဘုရားပွဲမတိုင်ခင်ကြိုတင်လို့ရောက်လာပါပြီ။ ပြီးရင် လယ်သမားသုံး၊ေတောင်သူသုံးပစ္စည်းတွေ၊သံထည်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေရောက်လာပါတယ်။
နောက်ပွဲတော်ရက်နဲ့တော်တော်လေးကပ်လာပြီဆိုတော့ မှ ” စာကလေးငှက်ပျောတို့ ရခိုင်ငှက်ပျောတို့ငှက်ပျောချဉ်တို့ကိုရောင်းတဲ့ငှက်ပျောသီးသယ်တွေရောက်လာပါတယ်။
သူ့နောက်မှာမှဒီပြင့်နတ်ပွဲတွေကနေကူးလာတဲ့“ကရေကယာ“တို့”စလူမုန့်(ခ)အညာသားကျောကုန်း”မုန့်သည်တွေရောက်လာပါတယ်။ ဘုရားပွဲတော်ရက် ရောက်ပြီဆိုမှ ကလေးဘဝကမက်မက်မောမောစားခဲ့ရတဲ့ “မုန့်သိုင်းခြုံ“သယ်တို့“အကြော်ဆိုင်”တွေကအလျိုလျိူရောက်လာတတ်ပါတယ်။
ဒီအကြော်ဆိုင်တွေကလည်းပါချီပါချက် မထင်ပါနဲ့ ဆိုင်ခန်းအကြီးကြီးထဲမှာ မိုးဗြဲဒယ်လို ဒယ်အိုးအကြီးကြီးနဲ့ အကြော်မျိုးစုံကို ကြော် ဗန်းတွေထဲမှာထည့်ထားတာကိုက စားချင်စရာပါ။
ချထားလိုက်တဲ့ စားပွဲခုံဝိုင်းလေးတွေကလဲအများကြီး လက်သုတ်ပုဝါအရှည်ကြီးတွေကို တိုင်တွေမှာချည်ထားတာပါ။
အကြော်ပူပူနွေးနွေး ကောင်းညင်းပေါင်း ကောက်ညှင်းကျည်တောက်ကြော် အချဉ်ရည်နဲ့ ရေနွေးကြမ်းပူပူ တွဲဖက်လို့ စားခဲ့ရတာများ ပြန်စဉ်းစားတာနဲ့ မျက်စေ့ထဲမှာပွဲခင်းကြီးကိုမြင်လာပါတယ်။
မန်းလေးသူမန်းလေးသားတွေကလည်း သင်ဖျုးဖျာတွေ နှီးချောဖျာတွေကို ဒီပွဲတော်ကိုရောက်မှ သာဝယ်ကြပါတယ် စောင့်ကိုဝယ်ကြတာပါ။
တစ်ချို့ကတော့လည်းဘုရားပွဲတော်ရက်အတွင်းမှာ မဝယ်ဘဲ ပွဲတော်ကြီးပြီးပြီဆိုမှ ဇွတ်ကိုဈေးဆစ်ပြီး ဝယ်ကြတာတွေလဲရှိပါတယ်။
ဟိုအရင်ကမန္တလေးတောင် ရန်ကင်းတောင်တို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိကြတဲ့ ရွာတွေမှာနေထိုင်ကြသူတွေက တစ်နှစ်လုံးအတွက်လိုအပ်တဲ့လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ
ကြာကြာအထားခံတဲ့ စားသောက်ကုန်အခြောက်အခြမ်းတွေ၊လူသုံးကုန်ပစ္စည်းတွေကို ဒီကျောက်တော်ကြီးဘုရားပွဲကျမှ ဝယ်ကြပါသတဲ့။
အဲဒီဘက်တွေမှာနေကြတဲ့ နယ်သူနယ်သားတွေကလဲ ဒီကျောက်တော်ကြီးဘုရားပွဲကို ဘယ်လိုဆင်နွဲလိုက်မယ်ဆိုတာကို ကြိုတင်လို့ ပြင်ဆင်ထားကြပါသတဲ့။
တစ်နှစ်ပါတ်လုံးအလုပ် ပင်ပင်ပန်းပန်းလုပ်ခဲ့ရသမျှကို ဒီပွဲတော်ကြီးကျမှ ဝယ်မယ်ခြမ်းမယ် သုံးမယ် အငြိမ့်တွေဇာတ်တွေကြည့်ကြမယ် ဆိုပြီးစိတ်ကူးတွေယဉ်ရုံမက သုံးစရာငွေပါ စုထားပါသတဲ့။
ပွဲတော်ကြီးပြီးလို့ ကိုယ်နယ်ကိုယ်ပြန်ရောက်မှ ဒီပွဲတော်ကြီးအကြောင်းကို အတူသွားတဲ့လူအချင်းချင်းလဲ ပြော မလိုက်ခဲ့တဲ့သူကိုလဲ လွမ်းနေအောင်ပြောနဲ့ “ပြောမဆုံးပေါင်တောသုံးတောင် “ဇာတ်လမ်းခင်းကြပါသတဲ့။
ဒီတော့လဲ ကျောက်တော်ကြီးပွဲတော်ကြီးက မန္တလေးမြို့သာမကဘဲ ရွာနီးစပ်ချုပ်နယ်တွေရွာတွေနဲု့ဆိုင်တဲ့ နယ်လုံးဆိုင်ရာပွဲတော်ကြီးဆိုတော့ စည်မှစည်ပေါ့နော်။
ဒါကြောင့်လဲဒီပွဲတော်ရက်ရောက်ပြီဆိုတာနဲ့ သုဓမ္မာဇရပ်အားလုံးလူအပြည့် လှည်းဝိုင်းကြီးတွေ အပြည့် နေရာကွက်လပ်မှန်သမျှ ကိုယ်အစုနဲ့ကိုယ်ချက်ပြုတ်စားသောက်နေကြတာ
တစ်ပျော်တစ်ပါးကြီးပါ။ ညပိုင်းရောက်ရင်လဲ လှည်းဝိုင်းနံဘေးမှာ ပွဲမကြည့်ဘဲ အစောင့်ကျန်ခဲ့တဲ့လူကြီးတွေက မီးဖိုလေးပုံ မီလေးလှုံလို့ နေကြပါတယ်။
အဲဒီအချိန်တွေတုံးက ကျောက်တော်ကြီးဘုရားပွဲရောက်တယ်ဆိုရင် ဆောင်းအအေးဓါတ်က စလို့ဝင်လာပြီလေ။
အမှန်က ကျောက်တော်ကြီးဘုရားပွဲလို့သာပြောလိုက်တာ ဒီဘုရားနဲ့တစ်ဆက်ထဲဖြစ်နေတဲ့ “စန္ဒာမုနိ”နဲ့ “ကုသိုလ်တော် “ဘုရားပွဲတော်တွေကိုပါတစ်ဆက်တည်းကျင်းပကြတာပါ။
ကျနော်တို့ ငယ်ငယ်ကတော့ လူကြီးမိဘတွေနဲ့ ကျောင်းသားဘဝရောက်တော့ သူငယ်ချင်းတွေနဲ့ အလုပ်ထဲရောက်တော့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ တစ်နှစ်မပျက်ဆင်နွဲခဲ့ဘူးပါတယ်။
ကျုံးမြောက်ဘက် သုဓမ္မာဇရပ်တန်းနားမှာစက်ဘီးအပ် မြောက်ကျုံးအစကနေပွဲခင်းကြီးထဲကို စဝင်လိုက်တယ်ဆိုရင်ဘဲ ဖျာသယ်တွေ ကရေကယာသည်တွေ ကလေးတွေအကြိုက်အရုပ်ဆိုင်တွေကို ဖြတ်ပြီး ပွဲခင်းထဲကိုရောက်ပါပြီ။ဇာတ်ပွဲစဘို့အချိန်စောသေးတယ်ဆိုရင် ကျောက်တော်ကြီးဘုရားရဲ့အရှေ့ဘက် က “စန္ဒာမုနိ”နဲ့ “ကုသိုလ်တော် ”
ကြားကွက်လပ်တွေမှာ သက်ဆိုင်ရာရပ်ကွက်တွေအလိုက် ဆောက်ထားကြတဲ့ ဧည့်ခံမဏ္ဍပ်တွေကတစ်ဆက်ထဲအရှည်ကြီးပါ။
ဒီပွဲတော်ရက် မတိုင်မှီကတည်းက ဧည့်ခံကြမယ့် သူတွေက ကိုယ့်အသိမိတ်ဆွေမှန်သမျှကို လာဘို့ ဖိတ်ခေါ်ထားကြပြီးသားပါ။
မဏ္ဍပ် တွေကလည်း တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်ကြွေးကြ လိုလေသေးမရှိဧည့်ခံကြတာပါ။
ကြာဇံဟင်း၊ခနုံထုပ်၊ထိုးမုန့်၊လက်ဖက်၊လိမ္မော်သီး၊သီးမွှေးငှက်ပျောသီး၊ကမ္ဘလာသီး အစရှိတဲ့ရာသီပေါ်အသီးအနှံတွေနဲ့ဧည့်ခံကြပါတယ်။
မဏ္ဍပ် တိုင်းမှာ မပါမဖြစ် စားစရာကတော့ ဆီးဖြူသီးဆားရေစိမ်နဲ့ ငပိကြော်ပါဘဲ။
အေးမြတဲ့ရာသီဥတုနဲ့ အလွန်လိုက်ဖက်တဲ့အစားအစာပါ။ဆီးဖြူသီးလေးကို တကိုက်ကိုက်လိုက် ငပိကြော်လေးကိုကော်ယူလိုက် ပြီးရင်စားလိုက် သိပ်ကိုအရသာရှိတဲ့အစား အစာဆိုတာကိုတော့ စားဖူးတဲ့သူတိုင်း အခုလောက်ဆိုရင် ကို သွားရည်ကျနေလောက်ပါပြီ။
ဒီဘုရားပွဲတော်တစ်ရက်ညနေစောင်းလေးတစ်ခု 16လမ်းမှာနေတဲ့ အပျိုတစ်သိုက်ကလဲ အပျိုခေါင်းတွေက ဦးဆောင်လို့ လှည်းယာဉ်တွေနဲ့ ကျောက်တော်ကြီးပွဲကို ပွဲကြည့် ဘို့ အုပ်စုလိုက်ကြီးလာခဲ့ပါသတဲ့။ သူတို့လှည်းတန်းကြီးနောက်ကို ပွဲတော်ကို စက်ဘီးနဲ့လာကြတဲ့ ကာလသားတစ်သိုက်နဲ့ အနောက်ကျုံးဒေါင့်မှာ စပြီး ဆုံတယ်ဆိုကတည်းက တောက်လျှောက်လိုက်လာပါသတဲ့။
တစ်ခုသောလှည်းနောက်မြီးမှာ ခြေတွဲလောင်းချပြီး လိုက်လာတဲ့ အသားညိုညိုနဲ့ မိန်းကလေးကို လှည်းနောက်ကို အသားလတ်လတ် အရပ်မြင့်မြင့်နဲ့လူတစ်ယောက် က စက်ဘီးနဲ့ကပ်လိုက်လာပြီး တတွတ်တွတ်ပြောနေပါသတဲ့။
လှည်းပေါ်ကကောင်မလေးကလည်း ပါလာတဲ့အဖော်တွေက ဝိုင်းစတော့ ရှက်နေပါသတဲ့။
သေချာများကပ်နားထောင်လိုက်ရင် အခုခေတ်က” ရဲလေးနဲ့ အစ္စဏီ “တို့ လို ” ကောင်ကလေးက ကောင်မလေးကို ရီးစားဖြစ်ဘို့ခွင့်တောင်းရင် ကောင်မလေးရဲ့စိတ်မှာ ဘယ်လိုဖြစ်သွားမလဲ” ဆိုတဲ့သီချင်းလေးအတိုင်းဖြစ်သွားမယ်ထင်ပါတယ်။
အဲဒါကတော့ ကျနော် ကိုပေါက် လူပြည်ကို ရောက်လာဘို့ ဇာတ်လမ်းလေးရဲ့အစဘဲလို့ အမေရဲ့အဒေါ် ကျနော်ကြီးကြီးက ကျနော်တို့ကို ပုံပြောသလိုပြောပြဘူးလို့လဲ သိနေရတာပါ။
ဒီကျောက်တော်ကြီးဘုရားပွဲ ပြီးသွားလို့ကတော့ နယ်ကလာတဲ့လူတွေမပြောနဲ့မန်းလေးသူမန်းလေးသားတွေတောင် ညတိုင်းအိပ်ပျက်ခံပြီးကြည့်ခဲ့ ရတဲ့ ဇာတ်ပွဲက မင်းသားတွေရဲ့ဆိုပုံ ငိုပုံ ကပုံ ချွဲနွဲ့လို့ ပြောတဲ့အသံလေးတွေကို တစ်ယောက်တည်းစဉ်းစားပြီးခံစားရုံမကဘူး အဖော်တွေစုလို့ ပြန်ပြီးပြောကြရတာ အမောပါဘဲ။
တစ်ခါတစ်ခါ အဘွားက နားကြားပျင်းကပ်လာရင် “မင်းသားကဖြင့် သူ့အိမ်ပြန်ရောက်လို့ သူ့မိ်န်းမနဲ့ နောက်ကလေးတောင်မွေးတော့မယ် ညည်းတို့က စားမြုံ့ပြန်မပြီးကြသေးဘူးလား” လို့ အငေါ်တူးပါသတဲ့။ဒါပေမယ့်လည်းပြောကြတာပါဘဲ။အဲဒီခေတ်က ကြည့်ရူ့ခံစားစရာကလည်းရှားတာကိုး။
ရွှေမန်းတင်မောင်။စိန်အောင်မင်း၊စိန်မာဒင် ဟော သူတို့အဖေတွေခေတ်ကိုလွန်လာတော့ ညွန့်ဝင်း၊ဝင်းဗိုလ်၊ဆန်းဝင်း၊ချမ်းသာ၊ပန်တျာကြည်လင်၊ မိုးဝင်း ၊မိုးမင်း နောက်တော့ မန်းလေးသိန်းဇော် ဘီအီးဒီအောင်သိုက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် တစ်ခေတ်ပြီးတစ်ခေတ် ကပြခဲ့ကြ အားပေးခဲ့ကြပါတယ်။
မန်းလေးမြု့ိအကြောင်းပြောမယ်ဆိုရင် ဘုရားပွဲ ဇာတ်နဲ့ အငြိမ့်တွေ စတိတ်ရှိုးတွေက မပါရင်မပြီးတဲ့အကြောင်းတွေပါ။
မန်းလေးမြု့ိက ဘုရားပွဲတွေဆိုတာ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်အပြိုင်အဆိုင် သူ့ထက်ငါသာအောင် အကြီးအကျယ်ကို ကျင်းပခဲ့ကြတာပါ။
ဘုရားပွဲမတိုင်ခင်ကတည်းက အရပ်ထဲကဦးဆောင်ဦးရွက်လုပ်နိုင်သူက လောဆော်လို့ အလှူငွေတွေကောက် ဇာတ်တွေငှား မင်းစင်လက်မှတ်တွေကို ရောင်းနဲ့ ဘုရားပွဲမတိုင်ခင်
လပေါင်းများစွာထဲက ကြိုတင်လို့ အပင်ပန်းခံစီစဉ်ကြသလို ရပ်ကွက်သူရပ်ကွက်သားတွေကလည်း (ဘုရားပွဲကျရင်) ဆိုတဲ့အတွေးလေးတွေနဲ့ ပျော်ပျော်ကြီးဆင်နွဲဘို့ စုကြဆောင်းကြ ပြင်ဆင်ကြရတာပါ။
နောက်လူကြီးမိဘတွေကလည်း ဖိတ်ကြားထားတဲ့ အသိမိတ်ဆွေမှန်သမျှကို ဘုရားပွဲရက်မှာဧည့်ခံဘို့အတွက် တစ်အိမ်နဲ့တစ်အိမ်မထပ်ရအောင် သူထက်ငါသာအောင် ဧည့်ခံဘို့ ခေါင်းစားကြပါတယ်။
ကျနော်တို့ကလေးတုံးက ဆော့ဘို့ ပွဲကြည့်ဘို့ အိမ်ပေါက်စေ့ မုန့်လိုက်စား ဘို့လူပျိုပေါက်လေးအရွယ် ရောက်လာတော့ တစ်နှစ်လုံးအိ်မ်တွင်းပုံးနေတဲ့ ရွက်ပုံးသီးအပျိုချောလေးတွေကို ရူ့စားဘို့ အားတွေခဲထားကြသလို၊
အပျိုကြီးမမ အပျုးိလေး လှလှတို့ကလဲ ဘုရားပွဲရောက်ရင် ဘယ်လိုအလန်းဇယားတွေဖွင့်မယ်ဆိုတာကို ကြံစည်နေကြပါတယ်။
သီတင်းကျွတ်လို့ ဘုရားပွဲရာသီစပြီဆိုတာနဲ့မန်းလေးတစ်မြို့လုံးက လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေပါတော့တယ်။
အရင်တုံးက ဘုရားပွဲဆိုရင် မိတ်ဆွေသင်္ဂဟတွေက တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် အပြန်အလှန်ဖိတ်လို့ သွားကြ စားကြတာ အင်မတန်မှချစ်စရာကောင်းသော ဓလေ့ထုံးစံလေးအဖြစ်ရပ်တည်ခဲ့ပါတယ်။
ကျနော်တို့မန်းလေးသားတွေရဲ့စိတ်ထဲမှာ( ကြာဆံဟင်း)ဆိုတဲ့အရာ ဝယ်စားစရာမလိုတဲ့ အစားအစာအဖြစ်သတ်မှတ်ထားပါတယ်။
ဘုရားပွဲဆိုတာနဲ့အိမ်တိုင်းနီးပါးလောက်က ကြာဇံဟင်းနဲ့ဧည့်ခံတော့ အဝအပြဲတီးကြတာကိုးဗျ။
နောက်ဒီဘုရားပွဲကနေမှီပြီးပေါ်လာတာလေးတစ်ခုကတော့ (ရန်ပုံငွေလက်မှတ်)ရောင်းတယ်ဆိုတာလေးပါ။
အရင်ကတော့ ဘုရားပွဲဆိုတာနဲ့ အသိမိတ်ဆွေအိမ်လည်ပြီးဝင်စားလိုက်ရုံပါဘဲ။
နောက်ဘယ်သူစထွင်လိုက်မှန်းမသိတဲ့ ရပ်ကွက်ရန်ပုံငွေဈေးရောင်းပွဲဆိုတာကြီးပေါ်လာပါတယ်။
ကူပွန်လက်မှတ်တစ်စောင်ကို တစ်ကျပ် နှစ်ကျပ် စသည်ဖြင့်တန်ဘိုးသတ်မှတ်လို့ရောင်းပါတယ်၊
နောက်ရန်ပုံငွေလက်မှတ်ရောင်းထားတဲ့ဆိုင်မှာ သွားပြီး လက်မှတ်ပြလို့မုန့်စားပေါ့။
အစကတော့ ကိုယ်ဝယ်ချင်သလောက် ဝယ်ပေါ့ ခင်မင်သိကျွမ်းသူခြင်းလောက်ဘဲရောင်းကြတာပါ။
နောက်ကျတော့ ဈေးချိုထဲက ဆိုင်တစ်ဆိုင်ဘယ်လောက် ဘိုးဝယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ဇွတ်ကိုရောင်းပါတော့တယ်။
အဲလိုရာသီမျုးိရောက်ရင် ကျနော်တို့လက်ထဲမှာ ရန်ပုံငွေလက်မှတ်ကူပွန်တွေကို ဖွေးလို့ပါ။
မသွားနိုင်ပေမယ့်လဲ ဝယ်ထားရတဲ့သူတွေက သွားမယ့်သူတွေကိုပေးထားတာပါ။
ဒီအထဲကနေများ ကိုယ်အီနေတဲ့ကောင်မလေးကများ ဘယ်ဆိုင်မှာ လုပ်အားပေးဈေးရောင်းရမယ်ဆိုတဲ့ သတင်းရလို့ကတော့
ဘုရားပွဲရက်အတွင်းနေ့တိုင်းသွားနိုင်အောင် အဲဒီဆိုင်က ကူပွန်တွေကိုရအောင်ရှာလို့ ဝယ်သင့်တာဝယ် လဲသင့်တာလဲလို့ ဖန်ရပါတော့တယ်။
မန်းလေးက ရပ်ကွက်ဘုရားပွဲတွေက တော့ နှစ်ရက် ဒါမှမဟုတ်သုံးရက်ကျင်းပလေ့ရှိပါတယ်။
မန်းလေးသူမန်းလေးသားကတော့ ဆောင်းရောက်ရင် ဘုရားပွဲ နွေရောက်တော့ သင်္ကြန် ရိုးရာမပျက်ဆင်နွဲဘို့အားခဲထားကြတာပါ။
ဘုရားနဲ့နီးတဲ့အရပ်က ဘုရားပွဲ ၊တစ်ချို့ ရပ်ကွက်ဓမ္မာရုံရှိတဲ့အရပ်ကလဲ ဓမ္မာရုံ ကိုမှီပြီးဘုရားပွဲကျင်းပတတ်ကြပါတယ်။
ရပ်ကွက်ဓမ္မာရုံတို့ ဘုရားတို့ မရှိတဲ့အနီးအနားအရပ်တွေက ရှိတဲ့အရပ်နဲ့ပေါင်းလို့ကျင်းပကြပါတယ်။
ဒီလိုကျင်းပနေကြရင်းက တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက်ပေါင်းလို့ကျင်းပနေရင်းက တစ်ရပ်နဲ့တစ်ရပ် တစ်ဦးနဲ့တစ်ဦးလုပ်ရင်းကိုင်းရင်းသူ့ဘက်ကိုယ်ဘက်အဆင်မပြေတာလေးတွေပေါ်လာကြပါတယ်။
ဒီဘက်ရပ်ကွက်က ဒီအငြိမ့် ဒီဇာတ်ထည့်မယ် ဟိုဘက်က ဒီပြင်ဇာတ်ထဲ့မယ် ဒီအငြိမ့်ဘဲနှစ်တိုင်းငှားနေတာ ဒီကျောင်းကိုမလှူဘူး ဟိုကျောင်းကိုလှူမယ်ဆိုတာလေးတွေက စလို့ သဘောကွဲလွဲလာတဲ့အခါ တွေရှိလာပါတယ်။
အဲဒီအခါမှာ ဘုရားနဲ့ဝေးတဲ့အရပ် ဓမ္မာရုံမရှိတဲ့အရပ်တွေက သူတို့ကိုယ်သူတို့ သိမ်ငယ်တယ်လို့ထင်ပါတယ်။
ဘုရားတည်ဘို့ဆိုတာ ကတော့ ခက်ခဲတဲ့အလုပ်ပါ။ ဓမ္မာရုံဆောက်ဘို့ကလဲ ငွေတတ်နိုင်တယ်ထားရပ်ကွက်ထဲမှာနေရာရှိပါမှကိုး။
အဲဒီအခါမှာ ကိုယ်အရပ်နဲ့ကိုယ် သတ်သတ် လုပ်ချင်ကိုင်ချင်ဆောင်ရွက်ချင်တဲ့ သူတွေက ရှေးကရှိပြီးသားကို မွမ်းမံလို့ အကောင်အထည်ဖော်လိုက်တာကတော့ …………………………………………………………………….`