ုံပြင်လမ်းခွဲ |
“ရှေ့မှာလမ်းခွဲရှိသည်” ဆိုသောဆိုင်းဘုတ်ကိုမြင်တော့ သူခြေလှမ်းတွေကို တတ်နိုင်သမျှ နှေးပစ်လိုက်သည်။ သေစမ်း….. သူကြိုပြီးစဉ်းစားခဲ့မိဖို့ကောင်းသည်။ အခုမှအိပ်ထဲ စမ်းကြည့်လိုက်တော့ မြေပုံကပါမလာဘူး။ ရှေ့မှာရေးထားတဲ့စာကလည်း ရိုးရိုးလေးပါ။ “လမ်းခွဲရှိသည်” ဆိုတာလေးပဲ ။ သူ့ကျမှပင် လမ်းပျောက်သွားသကဲ့သို့။ မိုးပေါ်ကိုမော့ကြည့်တော့ ကြယ်ပွင့်တွေကရယ်နေတယ်။ မကျေမနပ်နဲ့ ငုံ့ကြည့်လိုက်တော့ မြက်ခင်းပြင်ကစစ်ကြေငြာနေသယောင်၊ “တော်ပြီ…….” သူစိတ်ပိုင်းဖြတ်လိုက်သည်။ နောက်လှည့်ကြည့်လဲ ရောဂါတိုးရုံပဲရှိမယ်၊ ထို့ကြောင့်သူနောက်သို့လှည့်မကြည့်ဖြစ်တော့။ ဆက်လျှောက်လာခဲ့သည်………..
တကယ်တော့သူက တစ်ခုခုကိုစဉ်းစားချင်၍ ညနေခင်းလမ်းလျှောက်သဘောမျိုးနဲ့ လျှောက်လာခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့ လမ်းခွဲတစ်ခုတွေ့မယ်လို့တော့ မမျှော်လင့်ခဲ့။ သူစဉ်းစားနေတဲ့အထဲမှာ သူ့နာမည်လည်းပါသည်။ ပြီးတော့ သူဘာလို့လမ်းလျှောက် နေရတာလဲ?….. နယ်မြေသစ်ရှာဖွေဖို့လား?…… ဒါဆိုသူ့နာမည်က ကိုလံဘတ်စ်ပေါ့။ တစ်ချက်ရယ်လိုက်ရင်း ခေါင်းယမ်းလိုက်သည်။ သူ့ထံတွင် သံလိုက်အိမ်မြောင်လို ပစ္စည်းမျိုး နေနေသာသာ၊ မြေပုံပင်မရှိ။ သို့သော်အတွေးကမဆုံးသေး။ ဆဒ္ဒန်ဆင်မင်းအစွယ်ကိုဖြတ်ဖို့ အခိုင်းခံရတဲ့ မုဆိုးများလား?…. ဖြစ်နိုင်ခြေတော့ရှိသည်။ သို့သော် သူ့အိတ်ထဲမှာ ပါလာသည်က အစွယ်ဖြတ်ကိရိယာတွေမဟုတ်။ တိရစ္ဆာန်တစ်ကောင်ကိုသတ်နိုင်လောက် သည့်အင်အား သူ့ထံတွင်မရှိ။ ထို့ကြောင့်သူနောက်တစ်ခါ ထပ်ရယ်လိုက်သည်။ ဒီလိုနဲ့ ဆက်လျှောက်လာရင်း ပထမဆုံးတွေ့တဲ့ အပင်ရှေ့မှာ သူနားလိုက်သည်။ အဖော်ငတ် နေသူမို့ ခဏအတွင်းမှာပင် ထိုအပင်နှင့်သူအဖွဲ့ကျသွားသည်။ အပင်ကြီးကမေးတယ် “လူလေးမင်းဘယ်သွားမလို့လဲ” “ကျွန်တော်လား လမ်းဆုံးဆီကို” “ဘာရယ် လမ်းဆုံး.. ဟုတ်လား” “ဟုတ်တယ်ဗျ ကျွန်တော်ကလျှောက်ပဲလျှောက်လာတာ ဘယ်သွားရမယ်မှန်း မသိဘူး၊ ဒါကြောင့်လမ်းဆုံးရင် တစ်ခုခုများတွေ့မလားလို့” “ဒီမယ်ကောင်လေး ငါတို့နေနေတဲ့ကမ္ဘာကြီးက အလုံးကြီးကွ ကမ္ဘာတစ်ပတ်လည်လို့ မင်းဒီနေရာကိုပြန်ရောက် လာတာသာရှိမယ် လမ်းတွေကဘယ်တော့မှဆုံးမသွားဘူးကွ” “ဟုတ်လားဒါဆို ကျွန်တော် ဘယ်မှမသွားတော့ဘူး ဒီမှာပဲရပ်စောင့်တော့မယ်” “ဟေ…ဘာဖြစ်လို့လဲကွ” “ကမ္ဘာတစ်ပတ် လည်တာကိုစောင့်ဖို့လေ” “မင်းအရူးပဲကွ၊ ငါတစ်ခါမှအဲလိုစကားမျိုးမကြားဖူးသေးဘူး ဒီမယ်ကောင်လေး လူပဲဖြစ်ဖြစ် ၊ အပင်ပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် အားလုံးမှာ တူညီတဲ့တာဝန်ဆိုတာရှိတယ်ကွ အဲဒါကတော့ရှင်သန်ခြင်းပဲ၊ အေးမင်းသေဆုံးသွားရင်တော့ မင်းတာဝန်ကုန်ပြီ၊ အဲဒီတော့ မင်းလည်းလူသားဆန်ဖို့အတွက် တာဝန်တွေဆက်ပြီး ထမ်းဆောင်၊ ငါလည်းသက်ရှိသတ္တဝါတွေ အရိပ်ရဖို့ဆိုတဲ့ တာဝန်ကိုဆက်ပြီးထမ်းဆောင် ရအုံးမှာပဲ ကိုင်းသွားတော့ လူလေးရေ” “ကျွန်တော်သဘောပေါက်ပါပြီ” ပြောပြီးသူထွက် လာခဲ့သည်။ နှုတ်တော့မဆက်ဖြစ်ခဲ့ ကမ္ဘာတစ်ပတ်လည်အုံးမယ်လေ။ “လူသားဆန်ဖို့” “လူသားဆန်ဖို့” အဖြေရသွားတဲ့ကလေးတစ်ယောက်အလား သူထခုန်လိုက်သည်။ သစ်ပင်ကြီးကပြောလိုက်တယ် “လူသားဆန်ဖို့”တဲ့ ဒါဆိုသူ့နာမည်ကလူပေါ့။
ထိုသို့ဆက်လျှောက်လာရင်း လှပသောအိမ်လေးတစ်လုံးထပ်တွေ့ရသည်။ ခြေထောက်တွေလည်းညောင်းလာပြီ၊ သူအနားယူဖို့လိုနေသည်ပဲ။ သူဘာမှမပြောရသေးခင် အိမ်လေးကဆီးမေးသည်။ “အို…လူကလေး၊ သင်ဘယ်အရပ်ကလာခဲ့သလဲ” ကျွန်တော် အနောက်ဘက်ကိုလက်ညှိုးညွှန်ပြလိုက်သည်။ သူကထပ်မေးသည်။ “သင်ဘယ်အရပ်သို့ ခရီးဆက်မည်နည်း” ကျွန်တော် အရှေ့ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။ ဒီတစ်ခါတော့ လမ်းဆုံးလို့သူမဖြေဖြစ်တော့ ။ လမ်းဆုံးမရှိတာ သူသိသွားပြီပဲ။ သူ့အဖြေကိုအိမ်ကြီးက သဘောကျသွားပြီး အိမ်ထဲသို့ဝင်ခွင့်ပြုလိုက်သည်။ “ကျွန်တော်ပင်ပန်းလာလို့ ခဏနားချင်လို့ပါ” ဟုကျွန်တော်ပြောလိုက်သည်။ အိမ်လေးကစဉ်းစားလိုက်ပြီးပြန်ပြောသည်။ “လူကလေးမင်းမှာ လွယ်အိတ်အသေးလေးပဲပါလာတာကို ဘယ့်နှယ့်ကြောင့် ပင်ပန်း ရတာလဲ” “သေးပေမဲ့အရမ်းလေးတယ် အထဲမှာဘာပါလဲဆိုတာ ကျွန်တော်လည်း မသိဘူး” “ဒါဖြင့်ဖွင့်ကြည့်ရအောင် ” ကျွန်တော်သဘောတူလိုက်ပြီး အိတ်ကိုဖွင့်ပြလိုက်သည်။ အထဲမှာ ရှိတာ ဘာတွေလဲဆိုတာကျွန်တော်မသိဘူး။ သူ့ကိုမော့ကြည့်တော့ တအံ့တဩ စိုက်ကြည့် နေတာတွေ့ရတယ်။ “လူကလေးမင်းဒီအတ္တတွေကို ဘာလို့ထမ်းလာရတာတုန်း” သူကဆက်ပြောသည် “လူကလေးရယ် သံသရာကြီးမဆုံးသရွေ့ ငါတို့တွေက ဆက်လျှောက် လှမ်းနေရအုံးမှာပါကွာ။ မင်းအတွက်အကျိုးမရှိတဲ့ဟာတွေကို လွှင့်ပစ်လိုက်ပါကွာ။ ဒါဆို မင်းလည်းမင်းသွားနေတဲ့ ခရီးကိုမြန်မြန်ရောက်တာပေါ့” “အထဲမှာရှိနေတာတွေက ဘာတွေ လည်းဆိုတာကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော့အတွက် အဆိပ်အတောက်ဖြစ်မယ်ဆိုရင် ကျွန်တော်စွန့်လွှတ်ခဲ့ပါ့မယ်” “အေးကောင်းပြီ ဒီလိုဆိုတော့ မင်းစိတ်ထဲပေါ့ပါးမသွား ဘူးလား” သူခေါင်းညိတ်လိုက်ပြီးလှဲချလိုက်သည်။ ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်သူအိပ်ပျော် သွားသည်။
လှပသောနံနက်ခင်းတစ်ခုမှာသူနိုးထလာခဲ့သည်။ သင်းပျံ့သောပန်းရနံ့နဲ့၊ ကျေးငှက်တွေရဲ့ တေးဆိုသံ၊ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေး။ သဘာဝလောကကြီးကို လှမ်းကြည့်လိုက်တော့ အားလုံးအစိမ်းရောင်။ အပေါ်ကို မော့ကြည့်လိုက်တော့ အဆုံးမရှိပြာလဲ့နေသော မိုးကောင်းကင်၊ သူထပ်ပြီးစဉ်းစားစရာ မလိုတော့။ သူ “လူ” ပဲဆိုတာသိခဲ့ရပြီးပြီ၊ သူသွားရမဲ့လမ်းကိုလည်း သိခဲ့ပြီ။ မလိုအပ် တာတွေကိုလည်း စွန့်ပစ်ခဲ့ပြီးပြီ။ လမ်းလျှောက်ပြီး လမ်းပျောက်သွားမှာကိုလည်း သူစိတ်မပူ တော့ ၊ နောက်တစ်ခါ “ရှေ့မှာလမ်းခွဲရှိသည်” ဆိုသည့်ဆိုင်းဘုတ်လေးကို တွေ့လျှင်တော့ လူသားဆန်ဆန်ပဲ သူရွေးခြယ်ရတော့မည်လေ။