ရှုထောင့်

smytu1996September 23, 20101min1291

လူ့လောကတွင် ပြသနာ တစ်ခုပေါ်ပေါက်လာပါက အကောင်း နှင့် အဆိုး အမြင်နှစ်မျိုးဖြင့် ကြည့်ရှုတွေ့မြင်နိုင် ပေသည်။ အကောင်းသည် မည်သည့် အခါမျှ အဆိုးမဖြစ်နိုင် သလို အဆိုး သည်လည်း… မည်သည့် အခါမျှ အကောင်း မဖြစ်နိုင် ပေ။ အကောင်းဘက်မှ ကြည့်သောသူသည် မိမိ ကြည့်သောဘက်ကိုသာ အကောင်းဆုံး အမှန်ဆုံး ဟုထင်လျှက် အဆိုးဘက်မှ ကြည့်သူ၏ အကောင်း .. အမှန်ကို ခန့်မှန်းကြည့်ရှု ရှာဖွေနိုင်ခြင်း မရှိပေ..
ထို့ကြောင့် ပြသနာ တစ်ခုပေါ်ပေါက်လာလျှင် တခုတည်းသော မိမိ၏ အမြင် ရှုထောင့်မှ ကြည်၍ မဆုံးဖြတ်ပဲ ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုမှသာလျှင် အမှားအမှန်ကို ကောင်းစွာ စီစစ်၍ ပြသနာကို ပြေပြေလည်လည် ဖြေရှင်းနိုင်ပေမည်။
အမှန်တရားကိုရှာဖွေရာမှာ ကိုယ့်အမြင်အထင် တခုတည်းနဲ့ တဖက်လူဟာမှားနေသည်ဟု အထင်ရောက်ကာ စကားများ ပြသနာတက်ကြတဲ့ ဇာတ်လမ်း ကို သူငယ်ချင်းတို့ ကြိုက်မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး…..
အချိန်ကတော့ ဖက်စစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ် နေကြတဲ့ အချိန်မှာပေါ့… ဧရာဝတီမြစ် အရှေ့ဖက်ကမ်းမှာ တပ်ဆုတ်ပြေးလာတဲ့ ဂျပန်တွေကို အသင့်စောင့်ကာ တိုက်ဖို့ “ဘီဒီအေ”တပ်စိတ်တွေကလည်း ရောက်ရှိလာပြီး..ရွာလေးတွေနှင့် မနီးမဝေးမှာ စခန်းကိုယ်စီ ချလျှက်ရှိကြသည်။
ထိုရွာများအနက်မှ “ညောင်ပင်ဆိပ်ရွာ” နှင့် ” ဒရင်ကပိုရွာ” ကြား ညီ ညာပြန့်ပြူးသောမြေနေရာတွင် အကျင့်သီလနှင့်ပြည့်စုံသော ဦးမာလာ အမည်ရှိရသေ့ကြီးတပါးသီတင်းသုံးနေထိုင်သည့် ကျောင်းသင်္ခမ်းတခုရှိလေသည်။ထိုကျောင်းဝင်း နှင့် တာလမ်းမကြားကို ပေါင်ကူးတံတားလေးဖြင့်ဆက်သွယ်ထားကာ ပေါင်သူးတံတားလေးထိပ်တွင် ၅လက်မပတ်လည် အမြင့် ၁၂တောင်ရှိ တိုင်တတစ်တိုင် စိုက်ထားကာ ထိုတိုင်၏ထိပ်တွင် ထု ၄လက်မ ၁၅ပေ ပတ်လည်ခန့်ရှိသောပျဉ်ချပ်ကြီးတစ်ချပ်ပေါ်တွင် ဘုရားစေတီ တစ်ဆူကို နှစ်ဖက်လုံးမှ မြင်နိုင်ရန် ထွင်းထုထားလေသည်။
ထိုစေတီလေးသည် မြင်သူတိုင်း ဖြတ်သွားဖြတ်လာသူတိုင်းက ကြည်ညိုဖွယ်ရာကောင်းသဖြင့် ခဏမျှရပ်တန့် ဦးချပြီးမှ မိမိတို့ သွားလိုရာခရီးကို ဆက်လက်သွားကြလေသည်။
တနေ့တွင် တပ်ဆုတ်ကာပြေးလာသော ဂျပန်တပ်များနှင့် ဘီဒီအေတပ်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ကာ ဂျပန်တပ်များ ရှုံးနိမ့်သဖြင့် တပ်ပျက်ကာဖရိုဖရဲ ထွက်ပြေးကြလေသည်။ ထွက်ပြေး သွားသော ဂျပန်တပ်များ ကို ဘီဒီအေတပ်တို့ကလည်း တရကြမ်း လိုက်လံနှိမ်နင်းကြသည်။ တိုက်ပွဲဖြစ်ပြီး နောက်တနေ့ တွင် ဂျပန်များကို လိုက်လံနှိမ်နင်း နေသော ဘီဒီအေတပ်မှ ဗိုလ်တယောက်နှင့် သူ၏တပ်သားများသည် “ညောင်ပင်ဆိပ်ရွာ” မှ အထွက် အထက်ပါရသေ့ကြီး ၏ ကျောင်းသင်္ခမ်းအနီးရှိ ပေါင်သူးတံတားလေးထိပ်သို့ရောက်ရှိလာရာ တံတားလေးထိပ် တိုင်လုံးပေါ်မှ ကြည်ညိုဖွယ်ရာ စေတီလေးကိုမြင်လျှင် `ဟာ.. တော်တော်ကြည်ညိုစရာကောင်းတဲ့ ငွေစေတီလေးပါလား.ကြည့်ကြစမ်း ဟေ့ ငါ့လူတွေ ကြည်ညိုစရာမကောင်းဘူးလားကွ ဟေ`
ဟု ဗိုလ်ဖြစ်သူက သူ၏တပည့်တပ်သားများအား လှမ်းပြောလိုက်သည်။
ထိုအချိန်မှာပင် ” ဒရင်ကပိုရွာ”ရွာဘက်မှ လည်း “ဘီဒီအေ”တပ်စိတ်တစ်စိတ် ရောက်လာကာ ကြည်ညိုဖွယ်ရာ စေတီလေးကိုမြင်လျှင်မြင်ချင်း ထိုတပ်မှ ဗိုလ်ဖြစ်သူ က
“ဟေ့ .. ဟိုရှေ့က ရွှေစေတီလေးက အတော်ကြည်ညိုဖို့ ကောင်းတာပဲကွ” ဟုပြောလိုက်လေသည်။
ထိုအခါ ပထမဗိုလ်ဖြစ်သူက ကြားလျှင် “အတော်မျက်လုံးမကောင်းတဲ့သူပဲ.. ငွေစေတီကိုမြင်ရဲ့သားနဲ့ ရွှေစေတီတဲ့…” ဘယ်လိုလဲဟေ့ငါ့လူတွေ…ငါပြောတာမမှန်ဘူးလားကွ” ဟုသူ့လူများကို ပြောလိုက်လေသည်။
သူ့လူများကလည်း “ဟုတ်ပါ့ဆရာရယ်..ဒီလောက် ကြည်ညိုဖို့ကောင်းတဲ့ ငွေစေတီကိုမြင်ရဲ့သားနဲ့ သူမို့လို့ရွှေစေတီလို့ပြောသေးတယ်…”
ထိုသို့အပြန်အလှန် ပြောနေကြသံကို တဖက်ဗိုလ်မှ ွှစေတီမြင်လို့ရွှေစေတီလို့ပြောတာဘာကြောင့်အမြင်မှားနေတယ်လို့ပြောရသလဲ..အမှားကိုအမှန်ထင်…ဘယ်လိုအရည်အချင်းနဲ့များ ဗိုလ်ဖြစ်လာပါလိမ့်…..”ဟုခွန်းတုံ့ပြန်လိုက်ရာ…ပထမဗိုလ်မှာ…အသားတွေတဆတ်ဆတ်တုန်အောင် ဒေါသထွက်လျှက် ” လူကို တယ်စော်ကား ပါလား ကွ ဟင်..ယောကျာင်္းချင်းပဲ ကွယ်…ဘယ်သူမှန် ဘယ်သူမှားတယ် အသာထား ..ဓါး ဓါး ချင်း အရင် ရှင်း ပြီး နိုင်တဲ့သူသဘောအတိုင်း အမှန်ထားကြပါစို့…ဟင်…ဘယ့်နဲ့လဲ ကွယ့် ငါ့လူရဲ့..”
ဟု ပြောရင်း မြင်းပေါ်မှဆင်း ဓါးကို အိမ်မှထုတ်ကာ ရှေ့သိုနှစ်လှမ်းသုံးလှမ်းထွက်ကာ စိမ်ခေါ်လိုက်လေသည်။
ထိုအခါ ဒုတိရဗိုလ်ကလည်း..”ဓါးနဲ့ ရှင်းရ မယ်ဆိုလည်း သွေးမနည်းပါဘူးကွဲ့ .. ကိုင်း… ပြောနေတာကြာပါတယ်…လာလေကွယ်..” ဟုပြောကာ စတင်တိုက်လေသည်။ နှစ်ဖက်တပ်သားများ ကလည်း ဗိုလ်နှစ်ယောက် တိုက်ပွဲဖြစ်နေ သည်ကိုကြည့်ကာ …မိမိတို့၏ခေါင်းဆောင်များကို အသီးသီး အော်ဟစ်အားပေးကြလေသည်။

အချိန်အနည်းငယ်မျှကြာသော် ဗိုလ်နှစ်ယောက်လုံးမှာ မောပန်းကာ ဒဏ်ရာအသီးသီးရနေသော်လည်း အနိုင်အရှံး မသဲကွဲပဲ ဖြစ်နေလေသည်။ ထိုအချိန်တွင် ဆူဆူညံညံ အသံများကြောင့် မလှမ်းမကမ်းရှိ ကျောင်းပေါ်မှ ရသေ့ကြီး ဆင်းလာပြီး အကျိုးအကြောင်းကိုမေးမြန်းစုံစမ်းရာ ဖြစ်ပျက်သည့် အကြောင်းအရင်းစုံကိုသိရလျှင်…

“ဒါယကာကြီး နှစ်ယောက်လုံး ရသေ့ကြီးနဲ့ ခဏလောက်လိုက်ခဲ့ပါ” ဟု ဗိုလ်နှစ်ယောက်လုံးအားခေါ်ပြီး စေတီလေးထွင်းထုထား သည့်တိုင်လုံးကြီးအနားသို့ ခေါ်ဆောင်သွား၏။တိုင်လုံးကြီးအနားသို့ရောက်လျှင်

” ကဲ.. ဒါယကာကြီး တို့ နှစ်ယောက်လုံး စေတီလေးကို ဒီဘက်ကနေ ဖူးမျှော်ကြည့်ကြပါ…ဘာစေတီလေးကိုဖူးတွေ့ရသလဲ” ဟုမေးလျှင် ဗိုလ်နှစ်ယောက်လုံးမှ

” ငွေစေတီ ပါ ဘုရား” ဟုလျှောက်တင်ကြသည်။

“ကဲ … ဒါဆို ဟိုဘက်ခြမ်းက သွားကြည့်ပါဦး .. စေတီလေးက ဘာရောင်ဆိုတာ..””ရွေရောင်ပါ ဘုရား ” “‘ဒီလောက်ဆို.. ဒါယကာကြီးတို့ နှစ်ယောက်လုံး .. နားလည်လောက်ပြီထင်ပါတယ်…”
“မိမိ အမြင်သာမှန်တယ် ဆိုတဲ့ မာန် မာနတွေထားပြီး တဖက်လူရဲ့အမြင်ကို အလေးမထားလို့ မဖြစ်သင့်တာတွေ ဖြစ်ကြရတာ မဟုတ်လား..” “ဒီ အဖြစ်အပျက်ကို ဒါယကာကြီးတို့ နှစ်ယောက်လုံး သင်ခဏ်းစာယူ ပြီး နောက်နောင် အမြင်မတူတာတွေ ကြုံလာတဲ့အခါ.. တဖက်လူရဲ့အမြင်ကို / သဘောထားကို နားလည်အောင် အရင်ကြိုးစားပြီး ကြုံလာသမျှကို ဆွေနွေးဖြေရှင်းကြပါ လို့…..”
ပုံပြင်လေးကတော့ ဒါပါပဲ်….သူငယ်ချင်းတို့လဲ ဒီပုံပြင်လေးဖတ်ပြီး .. တခုခုကို နားလည်လိမ့်မယ်လို့ ထင်ပါတယ်….

One comment

  • etone

    September 23, 2010 at 4:53 am

    သိပ်ကောင်းတဲ့ပို့စ်လေးပါ ။

Leave a Reply