မေ့မရတဲ့နေ့ရက်များ

Cedric DiggorySeptember 23, 20101min1200

လူတိုင်းမှာအမှတ်တရကိုယ်စီရှိကြပါတယ်။ ဘဝမှာအမှတ်တရဖြစ်တဲ့နေ့စွဲလေးတွေလည်းရှိမှာပါ။ ဥပမာ ကောင်လေးတစ်ယောက်ကချစ်သူကောင်မလေးဆီက အဖြေပြန်ရတဲ့နေ့မျိုးပေါ့။ ကျွန်တော့မှာတစ်ဘဝလုံးမေ့မရနိုင်တော့မယ့် နေ့ရက်တွေရှိပါတယ်။ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားခဲ့ပေမယ့် တစ်ချို့နေ့စွဲလေးတွေဟာ ပျက်ယွင်းမသွားဘဲ  ကျွန်တော့ရင်ထဲမှာ ကျန်နေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် အိမ်မှာ လူကြီးတွေမရှိရင် ကြောင်အိမ်ထဲကနို့ဆီကို ခိုးစားလေ့ရှိပါတယ်။ ကလေးတစ်ယောက်အနေနဲ့ နို့ဆီရဲ့အရသာကို အရမ်းစွဲလမ်းခဲ့ပြီး ပျော်ရွှင်ခဲ့တယ်။ ဒါကိုပဲဘဝလို့ထင်မှတ်ခဲ့တယ်။ ကြီးလာတော့ နို့ဆီရဲ့ အရသာထက်ကောင်းတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ သိလာခဲ့တယ်။ ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ဘဝရဲ့ချိုမြိန်မှုဆိုတာကို ကျွန်တော်ခံစားတွေ့ရှိခဲ့တယ်။ တစ်ဘက်မှာလောကဓံရဲ့မုန်တိုင်းကလည်း ကျွန်တော့ကို စတင်အဖျားခတ်နေတဲ့အချိန်ပေါ့ဗျာ။ ဘဝရဲ့ချိုမြိန်မှု ဆိုတာ နို့ဆီရဲ့ချိုမြိန်မှုထက် နှိုင်းယှဉ်လို့မရအောင် အဆပေါင်းများစွာသာလွန်တယ်ဆိုတာကျွန်တော် သဘောပေါက်လက်ခံယုံကြည်ခဲ့တယ်။ အခုနေပြန်စဉ်းစားကြည့်ရင်အဲ့ဒီနေ့စွဲလေးတွေဟာဆိုရင် ကျွန်တော့ဘဝမှာ အတောက်ပဆုံးနေ့ရက်တွေပါပဲ။ ကိုယ့်ကိုယ်ကိုလည်းတောက်ပနေတယ်လို့ ခံစားခဲ့ရတယ်။  ကျွန်တော့ဘဝမှာ ပထမဦးဆုံး “နေ”လို့ခံစားရတဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ ပြန်စဉ်းစားကြည့်ရင် အိပ်မက်တစ်ခုလိုပါပဲ။ ဒါကြောင့် သီချင်းရေးဆရာတွေက sweet memory ဆိုပြီးဖွဲ့ဆိုကြတာကိုး။ ဒီတောက်ပတဲ့ နေ့ရက်တွေအဆုံးမှာတော့မုန်တိုင်းဟာ ကျွန်တော့ဆီတန်းတန်းမတ်မတ် ဝင်ရောက်လာပါတော့တယ်။ ကျွန်တော် အလူးအလဲခံလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီနေ့စွဲလေးတွေရဲ့ အမှတ်တရလေးတွေဟာ ကျွန်တော့ကို မုန်တိုင်းအောက် ကမဆွဲထုတ်နိုင်ပေမယ့် မသေသွားအောင်တော့ကာကွယ်ပေးထားနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် စိတ်မထားတတ်ခဲ့ဘူး။ ဆုံးရှုံးမှုတွေ၊ ခက်ခဲမှုတွေနဲ့ ကြုံလာတိုင်း အဲ့ဒီနေ့တွေကိုပြန်တမ်းတတယ်။ ပြန်လိုချင်မိတယ်။ အတိတ်နေ့ရက်ဟောင်းကိုပဲတမ်းတရင်း ပင်ပန်းကြီးစွာနေထိုင်ခဲ့တယ်။ လူတွေရဲ့မေးငေါ့ လက်ညိုးထိုးတာခံရင်း ပတ်ဝန်းကျင်မှာခေါင်းငုံ့ပြီး သိမ်ငယ်စွာနေထိုင်ခဲ့ရတယ်။ ကလေးဘဝတုန်းကတော့လောကမှာ ကြောက်စရာအကောင်းဆုံး ဟာသွားဆရာဝန်လိုထင်ခဲ့တယ်။ အခုအချိန်မှာ တော့ စကားတစ်ခွန်းပြောလိုုက်တိုင်းမှာ ချိန်ကိုက်ဗုံးတပ်ပြီးလွှတ်တတ်တဲ့လူတွေရဲ့ပါးစပ်ကိုပဲကြောက်တော့တယ်။ ကျွန်တော်လူစင်စစ်ကနေ အသည်းငယ်တတ်တဲ့ယုန်တစ်ကောင်ဖြစ်ခဲ့ရတယ်။ ကလေးဘဝတုန်းက ကျောင်းဆင်းချိန်ဆိုရင် ရာဘာခြေညှပ်ဖိနပ်လေးကို လက်နှစ်ဘက်မှာ စွပ်ပြီးမိုးရွာထဲ အိမ်ပြေးပြန်တဲ့ ဘဝလေးဟာ ဘယ်လောက်များရိုးသားဖြူစင်ပြီး အပြစ်ကင်းစင်လိုက်သလဲ။ ကျွန်တော်နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို ဂရုမစိုုက်တော့ဘူး။ “မေ့လိုက်ပါ မင်းရင်ထဲမှာရှိနေသမှ ဘဝဟာတကယ်ဆိုအလကားပါ” ဆိုတဲ့အဆိုတော်လင်းလင်းရဲ့သိချင်းကို သံကုန်ဟစ်ပြီးနေခဲ့တယ်။ လွန်ခဲ့တဲ့ရှစ်နှစ်လောက်က မြို့လယ်ဓမ္မာရုံ ဓမ္မစကြာ ရွတ်ဆိုပူဇော်ပွဲမှာ ယောဂီဝတ်စုံနဲ့ ဆုတက်ယူတဲ့ ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်နဲ့ အခုဒီစာကိုရေးနေတဲ့လူတစ်ယောက်ရဲ့စိတ်ဓါတ်ဟာ အများကြီးကွာခြားသွားပြီ။ ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်လိုမျိုးမဖြူစင်တော့ဘူး။ နောက်ပိုုင်းမှာကျွန်တော်စာအုပ်တော်တော်များများ ဖတ်ဖြစ်ခဲ့တယ်။ ဘာသာရေးလည်းနည်းနည်းပါးပါးလေ့လာလိုက်စားမိတယ်။ စိတ်လည်းထားတတ်လာပြီပေါ့။ လုံးဝကြီးစိတ်ထားတတ်သွားတာမဟုတ်ပေမယ့် ငြိမ်းအေးမှုဆိုတာကို အနည်းငယ်သိရှိစပြုလာတယ်။ ကျွန်တော် မုန်းသူတွေကြားမှာ အမုန်းကင်းစွာနေရမယ်။ ဝေဒနာခံစားရသူတွေထဲမှာဝေဒနာကင်းစွာနေရမယ်။ သောကမကင်းသူတွေထဲမှာသောကကင်းစွာနေရမယ်။ ဒါမှပျော်ရွှင်မှုဆိုတာကိုယ့်အတွက်ဖြစ်မယ်။ အခုအချိန်မှာတော့ ကျွန်တော့စိတ်ထဲမှာဘယ်လိုမှမနေတော့ပါဘူး။ တစ်ခါတစ်လေမှာဆိုရင် အဲ့ဒီတောက်ပတဲ့နေ့တွေကို ပြန်သတိရမိပေမယ့် ရွှေထီးဆောင်း အတိတ်ဟောင်းကို တမ်းတနေတာမျိုးမဟုတ်ဘဲ ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် လမ်းပြကြယ်လေးဖြစ်နေပါပြီ။ အားလုံးလည်းတန်ဖိုးရှိတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

(ကိုယ်တွေ့ ဖြစ်ရပ်မှန်ကို ရေးသားပါသည်။)