လူတိုင်းမှာအမှတ်တရကိုယ်စီရှိကြပါတယ်။ ဘဝမှာအမှတ်တရဖြစ်တဲ့နေ့စွဲလေးတွေလည်းရှိမှာပါ။ ဥပမာ ကောင်လေးတစ်ယောက်ကချစ်သူကောင်မလေးဆီက အဖြေပြန်ရတဲ့နေ့မျိုးပေါ့။ ကျွန်တော့မှာတစ်ဘဝလုံးမေ့မရနိုင်တော့မယ့် နေ့ရက်တွေရှိပါတယ်။ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားခဲ့ပေမယ့် တစ်ချို့နေ့စွဲလေးတွေဟာ ပျက်ယွင်းမသွားဘဲ ကျွန်တော့ရင်ထဲမှာ ကျန်နေခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် အိမ်မှာ လူကြီးတွေမရှိရင် ကြောင်အိမ်ထဲကနို့ဆီကို ခိုးစားလေ့ရှိပါတယ်။ ကလေးတစ်ယောက်အနေနဲ့ နို့ဆီရဲ့အရသာကို အရမ်းစွဲလမ်းခဲ့ပြီး ပျော်ရွှင်ခဲ့တယ်။ ဒါကိုပဲဘဝလို့ထင်မှတ်ခဲ့တယ်။ ကြီးလာတော့ နို့ဆီရဲ့ အရသာထက်ကောင်းတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ သိလာခဲ့တယ်။ ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ဘဝရဲ့ချိုမြိန်မှုဆိုတာကို ကျွန်တော်ခံစားတွေ့ရှိခဲ့တယ်။ တစ်ဘက်မှာလောကဓံရဲ့မုန်တိုင်းကလည်း ကျွန်တော့ကို စတင်အဖျားခတ်နေတဲ့အချိန်ပေါ့ဗျာ။ ဘဝရဲ့ချိုမြိန်မှု ဆိုတာ နို့ဆီရဲ့ချိုမြိန်မှုထက် နှိုင်းယှဉ်လို့မရအောင် အဆပေါင်းများစွာသာလွန်တယ်ဆိုတာကျွန်တော် သဘောပေါက်လက်ခံယုံကြည်ခဲ့တယ်။ အခုနေပြန်စဉ်းစားကြည့်ရင်အဲ့ဒီနေ့စွဲလေးတွေဟာဆိုရင် ကျွန်တော့ဘဝမှာ အတောက်ပဆုံးနေ့ရက်တွေပါပဲ။ ကိုယ့်ကိုယ်ကိုလည်းတောက်ပနေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့ဘဝမှာ ပထမဦးဆုံး “နေ”လို့ခံစားရတဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း ခင်မင်ရင်းနှီးခွင့်ရခဲ့တယ်။ ပြန်စဉ်းစားကြည့်ရင် အိပ်မက်တစ်ခုလိုပါပဲ။ […]