နိုင်ငံရပ်ခြားရောက် မြန်မာလူငယ်များ အနာဂတ်အပေါ် စာရေးဆရာအောင်သင်းအမြင်

thura.ng2September 23, 20101min1120

စာပေဝေဖန်ရေးနှင့် နာမည်ကြီးသည့် ရန်ကုန်မြို့က စာရေးဆရာကြီး ဦးအောင်သင်းသည် လူငယ်များ တိုးတက်ရေးကို စိုက်လိုက်မတ်တတ် ဟောပြော ရေးသားနေသည့် ပုဂိ္ဂုလ်တဦးဖြစ်သည်။

အသက်အရွယ် ထောက်လာသည့်တိုင် နိုင်ငံခြားရောက် လူငယ်များ မိမိတို့ စိုက်ထုတ် ရင်းနှီးခဲ့သည်များကို ချင့်ချိန်တတ်အောင်
အကြံပေးလိုသည့်ဆန္ဒ ရှိနေသည်။ ရန်ကုန်မြို့မှ စာရေး ဆရာကြီး ဦးအောင်သင်းအား
ခေတ်ပြိုင်ဂျာနယ် အယ်ဒီ တာချုပ် ဦးစိန်ကျော်လှိုင်က နိုင်ငံရပ်ခြားမှာ သွားရောက်
အလုပ်လုပ်ကိုင်နေသည့် အထူးသဖြင့် ကာယလုပ်သား မြန်မာလူမျိုး လူငယ်များအနာဂတ်ကိစ္စ
စတင်မေးမြန်းရာ ဆရာအောင်သင်းက ယခုကဲ့သို့ ဖြေကြားသည်။

ဖြေ။ ။ကိုစိန်ကျော်လှိုင်ရေ။ ဒီဆုံးမဩဝါဒရယ်လို့ ကျနော်မပြောပါရစေနဲ့။ ကျနော့်စိတ်ထဲမှာ
ဒီကလေးတွေဟာ ဘာပဲဖြစ်ဖြစ် အခြေအနေအရ ရပ်ဝေးမြေခြားမှာ သွားပြီးတော့ စီးပွားရှာကြ
တယ်။ ဘဝကိုတည်ဆောက်ကြတယ်ဆိုတော့ ကျနော့်စိတ်ထဲမှာ အင်မတန် သနားတယ်။ ချစ်
လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ နောက်ပြီးတော့ သူတို့အပေါ်မှာ အထင်လည်းကြီး
တယ်ဆိုပါတော့နော်။

ဘာကြောင့်လဲဆိုတော့ ကိုစိန်ကျော်လှိုင် သတိထားမိလားမသိဘူးခင်ဗျာ့။ ကျနော်တို့ မြန်မာလူမျိုး တွေဟာ များသောအားဖြင့် အိုးနဲ့
အိမ်နဲ့ သိပ်မခွာချင်ကြဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်ကနေ ရပ်ဝေးမြေခြား
သိပ်မသွားချင်ကြဘူး။ ဒါပေမယ့် အဲ့ဒီကြားထဲမှာ သွားပြီးတော့ ဒီလိုလုပ်တဲ့
အတွက်ကြောင့် ကျနော် သူတို့ကို တကယ်ချီးကျူးပါတယ်။ တကယ်လေးစားပါတယ်။

အော် ငါတို့ထက်တော်တဲ့ ကလေးတွေပါလားလို့ ကျနော့်စိတ်ထဲမှာ မေတ္တာထားမိပါတယ်။ ဒါကြောင့်
ကျနော်တို့ သူတို့ကို စကားပြောချင်တာက ပြောတဲ့အခါမှာ အဆုံးအမရယ်လို့ မဟုတ် ဘဲနဲ့
သူတို့ရဲ့အဖိုး၊ သို့မဟုတ်လို့ရှိရင်လည်း အင်မတန်ရင်းနှီးတဲ့ ဘကြီး၊
ဦးကြီးအဖြစ်နဲ့ ကျနော် ပြောချင်တာပါ။

မေး။ ။ဟုတ်ကဲ့ အဲဒီလို ပြောတဲ့နေရာမှာ ကျနော်တို့ အခု ဆရာပြောတဲ့ လူငယ်အမျိုးအစား တွေကို ပြန်ကြည့်တဲ့အခါကြတော့
မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်ဆိုတဲ့ နေရာမှာ အထူးသဖြင့်
ကိုရီးယားတို့၊ ဂျပန်တို့၊ နောက်တခါ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ပုံစံ
အမျိုးမျိုးနဲ့ လုပ်အားကို အသုံးချပြီး အထူးသဖြင့် ကိုယ်ကာယ လုပ်အားကို အသုံးချပြီး
လုပ်ကြ ရတဲ့ လူငယ်တွေ အတော်လေးများပါတယ်။ ဆိုတော့ အရေအတွက် အတော်လေးများများလာ
ပါတယ်။ အထူးသဖြင့် စီးပွားရေး ကြပ်တည်းတဲ့အခါမှာ မလွှဲမရှောင်သာ ခုနဆရာပြောသလို
ကိုယ့်အိမ်ကိုယ့်ယာ ခွာချင်လို့ မဟုတ်ဘဲနဲ့ မလွဲမသွေ
ခွာဖို့ဖြစ်လာတဲ့အကြောင်းတွေရှိလာလို့ ခွာကြတဲ့ လူတွေလည်း ပါပါလိမ့်မယ်။
ဘာများဆရာ့အနေနဲ့ ပြောချင်ပါလဲခင်ဗျာ။

စွန့်တယ်ဆိုတာ စားရဖို့

ဖြေ။ ။အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ဘဝလေးတွေကို ကျနော် ခဏခဏစဉ်းစားမိပါတယ်။
စဉ်းစားလိုက်တဲ့အခါကြတော့ သူတို့မှာလေ အရင်းအနှီး တော်တော်ကြီးပါတယ်။ အရင်းအနှီး
ဆိုတာ ကိုစိန်ကျော်လှိုင်ရေ… ရင်းနှီးလိုက်ပြီဆိုရင် အမြတ်လိုချင်လို့ပဲ။
အကျိုးအမြတ်လိုချင်လို့ပဲ။ အဲတော့ အရင်းအနှီးဆိုတာ ကုန်ဆုံးသွားတာ။ ဥပမာဆိုပါတော့။
ကိုစိန်ကျော်လှိုင်က ဘူးသီးစိုက် တယ်။ စပါးစိုက်တယ်။ အဲဒီစပါးကို
ရောင်းလိုက်ရတယ်ဆိုတာ ကိုယ်က ပေးလိုက်ရတာပဲ။ ပြီး တော့မှ ရလာတဲ့ဥစ္စာ အကျိုးအမြတ်။
အဲဒီလိုဆိုတဲ့အခါကြတော့။ အရင်းအနှီးဆိုတာက ကိုယ်က ပေးလိုက်ရတာပဲ။ အဲဒီပေးလိုက်ရတဲ့
ဥစ္စာက အကျိုးအမြတ်ရှိမှ စွန့်စားရကျိုး နပ်မှာပေါ့။
သဘောကတော့ စွန့်တယ်ဆိုတာ စားရမှာပေါ့ ကိုစိန်ကျော်လှိုင်ရယ်။ ဟုတ်လား။ မစားရပဲနဲ့ စွန့် တယ်ဆိုတာ
အဓိပ္ပာယ်မှမရှိဘဲနဲ့။ ဒါကြောင့် သူတို့တွေကို ကျနော် ပထမဦးဆုံး သတိပေးချင်တာ ကတော့
ကိုယ်စိုက်ထားရတဲ့ အရင်းအနှီး နို့မဟုတ်လို့ရှိရင် ကိုယ့်ဘက်ကနေ
ဆုံးရှုံးခံလိုက်ရတဲ့ အရင်းအနှီးကို တွက်စေချင်တယ်။ အဲဒါကို ပထမဦးဆုံး
သတိပေးခြင်ပါတယ်။

လူငယ်များရင်းနှီးခဲ့သည့် အရင်းအနှီးအမျိုးအစား

အဲဒီ့သတိပေးခြင်တာ ပထမဦးဆုံး နံပါတ် (၁) မြင်သာတဲ့ အရင်းအနှီးက ဘာလဲဆိုလို့ရှိရင် ဥပမာ- ငွေ (၅) သိန်းပဲ ကုန်မယ်၊ (၁၀)
သိန်းပဲကုန်မယ်။ (၁၅) သိန်းပဲကုန်မယ် အဲဒီငွေဟာ ဘယ်လိုရင်းနှီး ရတယ်ဆိုတာ ပုံစံ
တယောက်နဲ့ တယောက်မတူဘူး။ တချို့ကြတော့ မိဘကပေးနိုင်လို့၊ တချို့ ကြတော့လည်း
ကိုယ်ပိုင်ပိုက်ဆံရှိလို့၊ ငွေကြေးရှိလို့၊ တချို့ကြတော့လည်း ချေးငှားပြီးတော့ သွား
ရတယ်။ ချေးငှားသွားတဲ့အခါမှာလည်း အတိုးက ကြီးသလား၊ နည်းသလား၊ အဲဒီလိုဆိုတော့ အဲဒီ
ဟာတွေက မြင်သာတဲ့ အရင်းအနှီးတွေပါ။ အဲဒီ့ မြင်သာတဲ့ အရင်းအနှီးအကြောင်းကိုတော့
ကျနော် မပြောတော့ဘူး။ သူတို့ဘာသာသူတို့ မြင်တတ်တယ်။ ငါ ဒီလောက်ငွေကုန်ထားပြီ။
ဘယ်လောက် အရင်းအနှီးရှိတယ်။ ငါဘယ်လောက် စိုက်ထုတ်ရလိမ့်မယ်။ ဘယ်လောက်
အကျိုးရှိမှဖြစ်မယ် ဆိုတာ သူတို့ တွက်နိုင်ပါတယ်။ ကျနော် အခုပြောချင်တာက မမြင်သာတဲ့
အရင်းအနှီးတွေကို သတိပေးချင်ပါတယ်
ကိုစိန်ကျော်လှိုင်။

အရွယ်အရင်းအနှီး

အဲဒါတွေထဲမှာ ပထမဦးဆုံးကတော့ ကိုစိန်ကျော်လှိုင်ရေ သူတို့ကိုယ်သူတို့ သတိမထားမိတဲ့ အရင်း အနှီးကို
ကျနော်ပြောချင်ပါတယ်။ အဲဒါကတော့ အရွယ်၊ အသက်အရွယ်ဆိုတာ အရေးကြီးပါတယ်။ ဆိုပါတော့
ကိုစိန်ကျော်လှိုင်ရယ်။ ကလေးတယောက်က အသက် (၂၂) နှစ်မှာ နိုင်ငံခြားကို ထွက် တယ်။
အဲဒီ (၂၂) နှစ်ဆိုတော့ (၃) နှစ် လုပ်မယ်ဆိုလို့ရှိရင် သူပြန်လာတဲ့အချိန်မှာ အသက်
(၂၅) နှစ် ဖြစ်သွားပြီ။ တကယ်လို့ အသက် (၂၅) နှစ်မှာ ထွက်မယ်။ (၃) နှစ်ဆိုရင်
သူပြန်လာတဲ့အခါကြ အသက် (၂၈) နှစ် ဖြစ်သွားပြီ။

အသက် (၂၅) နှစ်ကြမှ ထွက်ဖြစ်တယ်ဆိုရင် (၅) နှစ်နေမယ်ဆိုရင် အသက် (၃၀)။ ကို်ယ့်အရင်း အနှီးက အဲဒီ့ (၃)
နှစ်၊ (၅) နှစ်ပေးလိုက်တဲ့ အရင်းတွေသည် အရွယ်ကောင်းတွေဖြစ်နေတော့ အင်မတန်ကောင်းတဲ့
အရွယ်ကို ကိုယ်ပေးလိုက်ရတာ။ ပေးလိုက်ရတာအခါကြတော့ ဥပမာ အသက် (၃၀)
ကျော်သွားမယ်ဆိုလို့ရှိရင် နောက်တခါ ပြန်သွားတဲ့အခါကြ သင်္ဘောဆိုလို့ရှိရင် လည်း
သင်္ဘောသားဆိုရင်လည်း လက်မခံတော့ဘူးနော် ကိုစိန်ကျော်လှိုင်။

အဲဒီတော့ ပြောချင်တာက အဲဒီအရွယ်အရင်းအနှီးကို ကြပ်ကြပ်ကြီး သတိထားဖို့လိုမယ်လို့ ကျနော်
ပြောချင်ပါတယ်။ အဲဒီတော့ ပထမဦးဆုံး အရွယ်အရင်းအနှီးပါ။ အဲဒီ့ အရွယ်အရင်းအနှီးကို
ဆုံးရှုံး လိုက်တဲ့ ကိစ္စဟာ ပေါ့ပေါ့သေးသေး မထင်နဲ့။ နောက်တခါပြန်ပြီး အလုပ်တခုကို
စဖို့လို့အတွက်ကို တော်တော်လေး အခက်အခဲကြုံသွားတတ်ပါတယ်။ ဥပမာဆိုပါတော့ အသက် (၂၂)
နှစ်နဲ့ အသက် (၃၀) ဆိုလို့ရှိရင် တော်တော်ကွာသွားပြီ။ အသက် (၂၅) နှစ်နဲ့ (၃၀)
ဆိုရင်လည်း တော်တော် ကွာသွားပြီ။

အဲဒီတော့ အလုပ်ရှင်တွေ လိုချင်တဲ့ ဥစ္စာက ငယ်ငယ်အရွယ် သန်တုန်းမြန်တုန်းကို လိုချင်တာပေါ့။ အထူးသဖြင့် ကာယကိုအားပြုပြီး၊
အားစိုက်ပြီးလုပ်ရတဲ့ သူတွေဆိုလို့ရှိရင် ပိုပြီးတော့ အဲဒီဟာကို တန်ဖိုးထားကြတယ်။
အဲဒီတော့ အရွယ်အရင်းအနှီးဟာ သိပ်ပြီးတော့ အရေးကြီးတယ်ဆိုတာကို ပထမဦးဆုံး
သိဖို့လိုပါတယ် ကိုစိန်ကျော်လှိုင်ရေ။ ဒါ သူတို့ သတိထားဖို့ပါ။ ကောင်းပြီ။ အဲဒီတော့
ကျနော်ဒါတွေပြောနေတာ တခြားကြောင့်မဟုတ်ဘူးနော်။ နောက်ပိုင်းရောက်တဲ့အခါကြတော့
ပိုပိုပြီး ထင်ရှားလာလိမ့်မယ်။
သိပ်အရေးကြီးပါတယ်။

ဦးနှောက်အရင်းအနှီး

နောက်တခုက ဘာလဲဆိုတော့ ဦးနှောက်အရင်းအနှီး။ ဦးနှောက်အရင်းအနှီးဆိုတာက နိုင်ငံခြားကို သွားလိုက်တယ်။
ဥပမာဆိုပါတော့။ ပညာနဲ့ အလုပ်လုပ်ဖို့သွားလိုက်တယ်။ အဲ့ ပညာနဲ့။ အခုဆို ပါတော့
ကျနော့် တပည့်တပန်းတွေထဲက၊ ကျနော့်ဆွေမျိုးသားချင်းလို ဖြစ်နေတဲ့ ကလေးတွေထဲက ဥပမာ-
ကုလသမဂ္ဂမှာ သွားအမှုထမ်းတယ်။ သူတို့က ဆည်းပူးနိုင်တယ်။ ဟိုမှာ ဆည်းပူးစရာ
ပညာတွေရှိတယ်။ ပညာတိုးတိုးနေတာ။ မဆည်းပူးလို့လည်းမရဘူး။

သူတို့လုပ်ငန်းက ကာယလုပ်ငန်းအနေနဲ့ ထွက်တဲ့အခါကြတော့ ဆည်းပူးဖို့ အချိန်မရှိဘူး။ မရှိတဲ့ အခါကြတော့
သူတို့က ခိုင်းတာလုပ်တာကြီး အကျင့်ပါသွားတယ်။ အဲဒီတော့ ကို်ယ်ကိုယ်တိုင်က
ဒီဦးနှောက်နဲ့ ကြံစည်တွေးတောတဲ့ဘက်မှာ သူက ခြောက်ခန်းသွားတယ်။

ဆိုကြပါစို့။ သံချည်သံကွေး လုပ်တယ်ဆိုပါတော့။ သံချည်သံကွေး လုပ်ပြီးတော့ သံချည်သံကွေးရဲ့ ဟိုဘက်
ဘာတတ်စရာရှိသေးလဲ။ ဥပမာ- ဘာမှတတ်စရာ သိပ်မရှိတော့ဘူး။ စားပွဲထိုးဆိုပါတော့။
စားပွဲထိုး ကျွမ်းကျင်တယ်။ ကောင်းပြီ။ ဒါမှမဟုတ်လို့ရှိရင်လည်းပဲ
စက်ရုံအလုပ်သမားလုပ်တယ်။ စက်ရုံမှာ အလုပ်ကြမ်းလုပ်ရတယ်။ သူ့အတွက်
ဘာပညာတိုးတက်ဖို့ရှိလဲ။

ဥပမာ- ကားမောင်းတယ်။ ကားမောင်းတာကနေပြီးတော့ ပိုက်ဆံတော့ရနေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အဖို့မှာ ဘာဖြစ်သွားလဲဆိုတော့
ရှေ့ဆက်ဖို့လို့အတွက်ကို သိပ်ပြီးတော့ တော်တော်ခက် သွားတယ်။ ဒါကြောင့်မို့လို့
ပညာမတိုးဘဲနဲ့ သူများခိုင်းတာသာလျှင် လုပ်ရတဲ့ ဦးနှောက်ကို ထုတ်ပေးနေရတဲ့ဟာ။
ကိုယ့်ဦးနှောက်နဲ့ ကြံစည်ဖို့ အချိန်မရဘူး။ အဲဒီလို ဖြစ်သွားတတ်တယ်။
ဒါကြောင့်မို့လို့ အဲဒီဦးနှောက် အရင်းအနှီးပေါ့။ အင်္ဂလိပ်လိုပြောရင်တော့ creative
thinking ပေါ့နော်။ ကိုယ့်အတွက် ငါဘာလုပ်မလဲဆိုတော့ စဉ်းစားပြီးတော့
တီထွင်ကြံစည်တဲ့ စိတ်ကူး စိတ်သန်း ခေါင်းပါးသွားတတ်တယ်။ တီထွင်ဉာဏ်တုန်းသွားတတ်တယ်။
အဲဒီအရင်းအနှီးက တော်တော်ကိုကြောက်ဖို့ကောင်းပါတယ်။

ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုလို့ရှိရင် ကို်ယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာလိုက်တယ်။
ပြန်လာလိုက်တဲ့အခါကြတော့ အဲဒီ ကိုယ်နေခဲ့တဲ့ (၄-၅) နှစ် အတောအတွင်းမှာ
သူငယ်ချင်းတွေက သူ့လိုငွေရင်းငွေနှီးမရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်ပကို
မသွားနိုင်ဘူး။ မသွားနိုင်တဲ့အတွက်ကြောင့်
ကိုယ့်ပြည်တွင်းမှာပဲနေတယ်။

နေတဲ့အခါကြတော့၊ ဥပမာဆိုပါတော့။ မြေပဲစိုက်ခင်းလုပ်တဲ့ ကလေးတယောက်ရှိတယ်။ မြေပဲကို ဒီအတိုင်းရောင်းတယ်။ နောက်ကြတော့
ငါ ဒီအတိုင်းနေလို့ရှိရင် ငွေအမြတ်နည်းတယ်။ အဲဒီတော့ ဒီမြေပဲကို
ငါကိုယ်တိုင်သွားပြီးတော့ မုံရွာကနေပြီးတော့ မန္တလေးကို သွားချမလား။ နို့မဟုတ်ရင်
ရန်ကုန်အထိအောင် ဆင်းမလား။ ဒါတွေ စဉ်းစားလာတယ်။ အဲဒီတော့ ကူးသန်းရောင်းဝယ်ရေးကို
သူသဘောပေါက်လာတယ်။

ဒါမှမဟုတ်လို့ရှိရင် မြေပဲကို ဒီအတိုင်း ရောင်းမလား။ နို့မဟုတ်လို့ရှိရင် လှော်ပြီးတော့ ရောင်းမ လား။ အထုပ်လေးတွေနဲ့ ရောင်းမလား။
စသည်အားဖြင့် added value ပေါ့နော်။ နောက်ထပ် ကို်ယ်ရောင်းတဲ့ပစ္စည်းကို
ကိုယ်လုပ်တဲ့လုပ်အားကို ပိုပြီး ကောင်းသထက်ကောင်းအောင် တီထွင်လာတဲ့အခါကြတော့ အဲဒီ
နိုင်ငံခြားသွားပြီးတော့ စီးပွားရှာပြီးတော့ ပြန်လာတဲ့ကလေးက
ဒီ (၄-၅) နှစ်ရှိလို့ ပြန်ရောက်လာတဲ့အချိန်မှာ သူ့ သူငယ်ချင်းက သူ့ထက်ကြီးပွားတိုးတက်နေတာ၊
ဖြစ်ထွန်းနေတာ ဖြစ်သွားတတ်တယ်။

အဲဒီတော့ ကိုယ်က တီထွင်မှုခေါင်းပါးသွားတဲ့ ဥစ္စာဟာ အန်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့်မို့လို့ တီထွင်မှု
ခေါင်းပါးသွားတဲ့ဟာမျိုး၊ ဦးနှောက်အရင်းအနှီးမျိုး ကုန်မသွားစေချင်ဘူး။ ဒါကျနော်
သူတို့အတွက် စိုးရိမ်တဲ့အချက် ဖြစ်ပါတယ်။

ဦးနှောက်အရင်းအနှီး မတုံးစေလိုလျှင်

မေး။ ။အဲလိုမျိုး တီထွင်တဲ့ ဦးနှောက်တုံးမသွားအောင် အခုလောလောဆယ်မှာ အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ကို်ယ်ကာယကို
အားပြုလုပ်ရတဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်သင့် တယ်လို့
ဆရာအကြံပေးခြင်လဲခင်ဗျ။

ဖြေ။ ။ ဒီလိုခင်ဗျ။ ကျနော် အဲဒီဟာနဲ့ ပတ်သက်ပြီး တော်တော်လေး စဉ်းစားပါတယ်။ သူတို့ က ပင်ပန်းတဲ့အခါကြတော့ စာဖတ်ဖို့ အချိန်မရဘူး။
ဥပမာ- ပြန်သွားတယ်ဆိုလို့ရှိရင် လုပ်အားပေး ရ အချိန်ပိုဆင်းရတာတွေရှိတယ်။
ပြန်သွားရပြီဆို သူတို့က အိပ်ချင်ပြီ။ တနင်္ဂနွေ တပတ်ကလေးမှာ တရက်တလေ ရပြန်တော့လည်း
အပျော်အပါးလေး ဘာလေး သွားချင်၊ လာချင် အဲလိုကုန်ကုန် သွားတယ်။ အဲဒီတော့
အဲဒီအချိန်တွေဟာ သူတို့ကုန်နေတဲ့အချိန်တွေကို တန်ဖိုးထားတတ်ဖို့
အရေးကြီးပါတယ်။

အဲဒီတော့ကို ဥပမာ- ကျနော်အကြံဉာဏ်ပေးခြင်တာက သူနဲ့ အနီးစပ်ဆုံး အထက်ဆင့် လုပ်ငန်း ပေါ့ ဥပမာ- သူသံချီ သံကွေးကို သူလုပ်နေတယ်။
သံချီသံကွေးကို သူလုပ်နေရင်းကနေပြီးတော့ အထက်ဆင့်ဖြစ်တဲ့ ပန်းရံကိုင်တဲ့လုပ်ငန်း။
အထူးသဖြင့် သံချီသံကွေးအတွက် မူလ ဘောင်ချပေး တဲ့ စီမံကိန်းလုပ်ငန်း၊
ဘယ်လိုဘယ်လိုရှိရတယ် ဘယ်လိုဘယ်လိုလုပ်ရတယ်ဆိုတာတွေ။ အနီးစပ် ဆုံးလုပ်ငန်းတွေကို
သူကနောက်တဆင့် နောက်တဆင့် တက်တက်ပြီးတော့ သိအောင် လုပ်နေ ရင်းကနေ အနားမနေဘဲနဲ့
ဦးနှောက်နဲ့ မျက်စိကို အနားမနေဘဲနဲ့ ဆက်ပြီးတော့ ကြိုးပမ်းသွားမှ သာလျှင် သူတို့ဟာ
ရပြီးသားဖြစ်လိမ့်မယ်လို့ တွက်တယ်။

ဥပမာ ကားမောင်းတယ်ဆိုပါတော့။ ကားမောင်းတဲ့လုပ်ငန်း လုပ်နေရတာပဲ။ သူက ကားမောင်းနေ ရတာပဲ။ ဒါပေမယ်လို့ သူနဲ့
အနီးစပ်ဆုံးက စက်ပြင်တဲ့ လုပ်ငန်း။ အဲဒီ စက်ပြင်တဲ့လုပ်ငန်းကို ဆက်လက်ပြီး
ဆည်းပူးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ- ကွန်ပျူတာလုပ်ငန်းကို လုပ်နေ တဲ့ကလေးဟာ
ဒီကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ စာစီစာရိုက်၊ စာရင်းအင်းပေါ့။ တွက်တာလောက်၊
စာရင်းသွင်းတာလောက်၊ ထုတ်တာလောက်၊ အဲလောက်လေးတင်မကဘဲနဲ့ အဲဒီထက်ပိုပြီးတော့ မြင်တဲ့
ဥပမာ- ပရိုဂရန်းမင်းလို ဟာမျိုး။ ဟုတ်လား အဲဒါမျိုးထိအောင်
ဆက်ပြီးလေ့လာတာမျိုး။

သခင်စိတ်ထားပါ သူခိုးစိတ်မထားပါနှင့်

ပြောချင်တာက သီးခြားကြီး မလုပ်နိုင်တော့ဘူးဆိုရင် ကိုယ်နဲ့မပြတ်တဲ့ နောက်တဆင့်ကို ဆက်ပြီး တော့ အမြဲတန်း မပြတ်လေ့လာနေပါလို့
ကျနော်ပြောချင်ပါတယ်။ အဲဒီ့ဥစ္စာက ဘာလဲဆိုလို့ရှိရင် မိမိကိုယ်မိမိ
ရိုသေပြီးတော့နေတဲ့ သခင်စိတ်နဲ့ ကြိုးပမ်းနေတာပေါ့။ သူများ ခိုင်းတာတင် လုပ်နေ
တယ်ဆိုလို့ရှိရင် အဲဒါ ကျွန်စိတ်နဲ့ တာဝန်ကျေအောင်လုပ်နေတာတင်ပဲ
ဖြစ်မယ်။

အဲဒီကြားထဲမှာမှ ကိုယ်က တတ်နိုင်သမျှ အသက်သာခိုပြီးတော့ ကပ်ပြီးတော့နေမယ်ဆိုလို့ ရှိရင် အဲဒါ သူခိုးစိတ်ခေါ်တယ်။ ကျနော့်စိတ်ထဲမှာ
သူခိုးစိတ်မဖြစ်စေချင်ဘူး။ နောက်ပြီးတော့ ကျွန်စိတ် လည်း မဖြစ်စေချင်ဘူး။
သခင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပိုင်နိုင်အောင်လေ့လာစေချင်တယ်။ ကိုယ် ရတဲ့ ဥစ္စာသည်
ငွေကြေးတွင်မကဘဲနဲ့ ငါသည် ပညာမပါဘဲနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ဘူးဆိုတဲ့
စိတ်မျိုးနဲ့ လေ့လာစေချင်တယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်လုပ်ငန်းနဲ့ အနီးစပ်ဆုံး
နေရာ မှာရှိတဲ့ အဆင့်မြင့်ဆုံးပညာကို ရနိုင်သမျှရအောင် ကြိုးပမ်းခြင်းသည်
ပြန်လာလျှင် အင်မတန်ကြီး တဲ့ အမြတ်ဖြစ်လိမ့်မယ်လို့
ကျနော်ပြောချင်ပါတယ်။

မေး။ ။ဟုတ်ကဲ့ဆရာ။ အဲတော့ တဘက်ကလည်း ပြန်ကြည့်လို့ရှိလျှင် ကနေ့လူငယ်တွေ အများစုပေါ့နော် အခုလို
နိုင်ငံရပ်ခြားမှာသွားပြီးတော့ အလုပ်လုပ်ကြရတယ်ဆိုတာ အများအားဖြင့် ပြည်တွင်းမှာ
စီးပွားအကျပ်အတည်းတွေဖြစ်ပြီးတော့မှ သွားကြရတာများပါတယ်။ ဆရာပြောသလို
အရင်းအနှီးတွေလည်း တော်တော်များပါတယ်။ သို့သော် တဘက်က ဆရာ့အနေနဲ့ နောင်နိုင်ငံခြား
သွားမယ့်လူငယ်လေးတွေကို စိုးရိမ်မိတော့ သူတို့အတွက် အားပျက်သွားစေနိုင်မယ့် အနေအထား
မျိုး ရှိနိုင်မယ်လို့များ ယူဆမိလားခင်ဗျ။

ဖြေ။ ။ကိုစိန်ကျော်လှိုင်ပြောတာ ဟုတ်ပါတယ်။ အားပျက်တယ်ဆိုတာနဲ့ အားပျက်သွားမယ် ဆိုတာနဲ့ အသင့်ပြင်တာနဲ့ဆိုတာက
တမျိုးစီပါ။ တကယ်လို့ အားပျက်သွားမယ် ဆိုလို့ရှိလျှင် ပျက်နိုင်တယ်။ ပျက်တယ်ဆိုတာ
တကယ့်ကို ပျက်သွားမယ်ဆိုလို့ရှိလျှင် အခြေအနေအကုန်လုံးကို ကိုယ့်အခြေအနေ အကုန်လုံး။
ပတ်ဝန်းကျင်အခြေအနေ အကုန်လုံးကို ကြည့်ပြီးတော့မှ ပျက်သွား ပြီး မသွားဖြစ်တာဟာ
သွားပြီး ဒုက္ခရောက်တာနဲ့စာရင် အင်မတန်သက်သာပါတယ်။

တကယ်လို့ သွားမယ်ဆိုလို့ရှိလျှင် အားမပြတ်စေတဲ့ နည်းလမ်း အဲဒါတွေ အကုန်လုံးတွက်၊ ဒါတွေ
ငါရင်ဆိုင်နိုင်သလား၊ အဲဒီအရင်းအနှီးတွေ ငါပေးနိုင်သလားတွက်၊ တွက်ပြီးမှ
သွားလို့ရှိလျှင် ဒီ (Prepare) နော်။ ကိုယ့်ကိုယ်ကိုယ်
အသင့်ပြင်သွားတဲ့အတွက်ကြောင့် အဲဒီလိုကလေးမျိုးအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့
ကျနော်ထင်ပါတယ်။

မိသားစုပတ်ဝန်းကျင်အရင်းအနှီး

မေး။ ။ဟုတ်ကဲ့ အများကြီးကောင်းပါတယ်ဆရာ။ အခုလို ဆွေးနွေးပြောပြတာလေ။ လူငယ် တွေအတွက်ကို။
နောက်ထပ်ရော ဆရာ့အနေနဲ့ ဒီထက်ပိုပြီးတော့ လူငယ်တွေကို ဘာများမှာကြား
ချင်သေးလဲခင်ဗျ။

ဖြေ။ ။ကျနော်ပြောမယ် ကိုစိန်ကျော်လှိုင်ရေ။ ကျနော် ခုနဥစ္စာပြန်ဆက်ချင်တယ်။ အဲဒီဆုံးရှုံး မှုတွေဆိုလိုက်တဲ့ ကိစ္စထဲမှာနော်။
အရင်းအနှီးတွေအထဲမှာ ပထမဦးဆုံး စပြီးတော့ အရင်းအနှီးက ဘာလဲဆိုတော့ မိသားစု
ပတ်ဝန်းကျင်။ ကိုယ့်မိသားစုနဲ့ ကိုယ်ကင်းကွာသွားပြီးတော့ အဲဒီကင်းကွာ သွားတဲ့ (၅)
နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တယ်။ ညီမလေးက အိမ်ထောင်
ကျသွားနိုင်တယ်။ အကိုဖြစ်တဲ့သူက အိုးခွဲသွားနိုင်တယ်။ မိဘဖြစ်တဲ့သူက
ကျန်းမာရေးချို့တဲ့လာ နိုင်တယ်။
အမျိုးမျိုးဖြစ်သွားနိုင်တယ်။

အဲဒီဥစ္စာမျိုးတွေမှာ ကိုယ်က တာဝန်ယူရတဲ့ဟာမျိုးတွေ ပါလာနိုင်တယ်။ တာဝန်မယူဘဲနဲ့ နေနိုင် တာလည်း ပါလာနိုင်တယ်။
အဲတော့ တာဝန်ဆက်ယူရမယ်ဆိုလို့ရှိရင် အဲဒီ့အရင်းအနှီးအတွက်က လည်း သူက
ပြင်ဆင်ရတော့မယ်။

အဲဒါ ခုနက ပြောတဲ့ မိသားစုပတ်ဝန်းကျင် အရင်းအနှီး။ ပြီးတော့ ဆိုကြပါစို့။ မိဘကနေပြီးတော့ မကျန်းမာဘူးဆိုလု့ိရှိလျှင် ကိုယ်က
ပစ်ထားလို့လည်းမရဘူး။ တတ်နိုင်သမျှ တဘက်တလမ်းက တာဝန်ယူရတော့မယ်။
အဲဒီအရင်းအနှီးတွေကလည်း ရှိသေးတယ်။ အဲဒါ ကျနော် မိသားစုအရင်း အနှီး။ နောက်တခုက
ဘာလဲဆိုတော့ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ။ အဲဒီ့ အပြောင်းအလဲ တွေရဲ့
အရင်းအနှီးတွေ။ ဥပမာဆိုကြပါဆို့။ ကိုယ်သွားတုန်းက စီးပွားရေးဝန်းကျင်ကတမျိုး။ ခု
ကိုယ်ပြန်လာတော့ တမျိုး။ စီးပွားရေး ဝန်းကျင်က ပထမတုန်းက ကိုယ်သွားတဲ့လမ်းတွေက
ရေလမ်း။ ခုကားလမ်းဖြစ်သွားပြီ။ ပထမတုန်းက ကိုယ်သွားတဲ့ ကားလမ်းတွေ ခုကျ ရထားလမ်း
ဖြစ်သွားပြီ။

အဲဒီတော့ ကိုယ့်အတွက်က ကုန်သွယ်မယ်ဆိုရင် စီးပွားရေး လမ်းကြောင်းတွေက တော်တော် များများပြောင်းလဲကုန်ပြီ။ အများကြီး။

နောက်တခုက ပတ်ဝန်းကျင်ကြီးတခုလုံးက ပြောင်းသွားတာတွေလည်းရှိသေးတယ်။ ဥပမာဆို ပါတော့။
ကိုယ်သွားတုန်းက ကိုယ့်ပတ်ဝန်းကျင်က ကွင်းပြင်ကြီး ခုကြတော့ ကွန်ဒိုမီနီယံတိုက်
ခန်းတွေဖြစ်နေတတ်တယ်။ တခါတရံကျတော့ ကိုယ်နေခဲ့တဲ့ ရွာလေးက ပျောက်သွားတယ်။ အဲဒါက
ခုနကပြောတဲ့ စီမံကိန်းထဲမှာပါသွား။ ကိုယ်သွားတုန်းက ရွာလေးမဟုတ်တော့ဘူး။
စိုက်ပျိုးရေးဝန်းကျင်ကြီး ဖြစ်သွားတတ်တယ်။ မွေးမြူရေးဝန်းကျင်ကြီး
ဖြစ်သွားတတ်တယ်။
ကိုယ်သွားတဲ့အခါတုန်းက ကျေးရွာ။ အခုကျတော့ ရေကြီးလို့ ဘာကြီးလို့ အစရှိသဖြင့် အမျိုးမျိုး ပြောင်းလဲသွားနိုင်တယ်။ အဲဒီ
ပတ်ဝန်းကျင်အပြောင်းအလဲတွေကလည်း ရှိပါသေးတယ်။ အဲဒါကလည်း
တချက်စဉ်းစားရမယ်နော်။

နောက်တခုက ဘာလဲဆိုတော့ ကိုယ်က စုဆောင်းထားတဲ့ငွေက ဘယ်မှာထားလဲ။ ကိုယ့်ဆီမှာ ထားသလား။ ဘဏ်မှာထားသလား။ ကိုယ့်လက်ထဲမှာ စုထားသလား။
အိမ်ပြန်ပြီးပို့ရလား။ ပို့ရ လို့ရှိလျှင် အဲဒီငွေကြေးကို ထိန်းသိမ်းတဲ့သူက
ဇနီးလား၊ မိဘလား။ ဆွေမျိုးသားချင်းထဲကလား။ သို့မဟုတ်လို့ရှိလျှင်
အပေါင်းအသင်းထဲကလား။ သို့မဟုတ်လို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေလား။
အဲဒီတော့ ဇနီးသည်ဆီ ပို့မယ်ဆိုပါတော့။ ဇနီးသည်က ငွေကြေးထိန်းသိမ်းတဲ့ ဥစ္စာမလိမ္မာဘူး
ဆိုပါတော့။ ကိုယ်ပြန်လာတဲ့အခါကြတော့ အဲဒီဘာမှမရှိတော့ဘူး။ ကိုယ့်လက်ထဲမှာ
ယူပြီးပြန် လာတဲ့ငွေက (၂) သိန်း၊ (၃) သိန်းပဲရှိလျှင် အဲဒါလေးပဲ။ အဲဒါလေးနဲ့
သူငယ်ချင်းအပေါင်းအသင်း တွေနဲ့ တလလောက် စားလိုက်သောက်လိုက်တဲ့အခါကြတော့ ပို်က်ဆံ
သုံးစရာမရှိတော့ဘူး။ အရင်းအနှီး ဘာမှလုပ်စရာမရှိတော့ဘူး။ မရှိတော့ကို
နောက်ထက်တခါချေးပြီးတော့ တခါပြန် ထွက်ရတယ်။

အဲဒီလို အဖြစ်မျိုးတွေလည်း ကျနော့်မျက်စိအောက်မှာ တွေ့တွေ့နေရတယ်။ အဲဒါ ဇနီးသည် မလိမ္မာလို့ရှိလျှင် ပြောတာ။
ဇနီးသည်က လိမ္မာလို့ရှိလျှင်တော့ ပို့လိုက်တဲ့ငွေကို ပြန်ပြီးတော့ တိုးပွားအောင်၊
ခိုင်မြဲအောင် လုပ်ထားနိုင်တယ်။ ဒါ အားကိုးရတဲ့အခြေအနေ။

ကောင်းပြီ မိဘကထိန်းမယ်။ မိဘက ထိန်းမယ်ဆိုတဲ့အခါကျတော့ မိဘလက်ထဲမှာ အမြဲတန်းရှိ နေမှလား။
သို့မဟုတ် တခြားသော သားချင်းတွေရဲ့ ပြဿနာတွေ ပေါ်လာနိုင်သလား။ ဥပမာ-
အကိုအကြီးဆုံးဖြစ်တဲ့သူက စီးပာွးရေးပျက်သွားလို့၊ အလုပ်ပြုတ်သွားလို့ (သို့မဟုတ်)
အချုပ်ထဲ
ဝင်သွားရလို့ ပိုက်ဆံကုန်သွားတယ်ဆိုပါတော့။ ဒီဟာ စိုက်ထုတ်ပြီး မိဘက သုံးလိုက်ရတယ်ဆိုပါ တော့။ ကိုယ်ဘယ်လိုလုပ်မလဲ။

ကျနော်ပြောချင်တာက ကိုယ့်အခြေအနေ။ ကိုယ်လုပ်ထားတဲ့ စီးပွားဟာ ကိုယ့်နေရပ် ဇာတိမြေမှာ ဘယ်လောက်ထိအောင်
ခိုင်လဲဆိုတာ ပြန်တွက်မိရဲ့လား။ ဒါတွေလည်း စဉ်းစားဖို့လိုမယ်လို့
ကျနော်ထင်ပါတယ်။

လူမှုရေးဝန်းကျင်အပြောင်းအလဲ

နောက်တခုက လူမှုရေးဝန်းကျင်အနေနဲ့ ပြောင်းသွားတာရှိတယ်။ လူမှုရေးဝန်းကျင်တွေနဲ့ စီးပွား
ရေးဝန်းကျင်တွေနဲ့ ရောပြီးတော့ ပြောင်းသွားတာ။ ဥပမာ- အရင်တုန်းက
လူမှုရေးဝန်းကျင်တွေက လဖက်ရည်ဆိုင်ထိုင်တယ်။ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ အခုကျတော့
ကျေးရွာမှာ ဘိလိယက်ခုံတွေက ရောက်နေပြီ။ ဥပမာ- ကာယာအိုကေတွေခေတ်စားလာတယ်။
အဲဒါမျိုးတွေက အများကြီး။ အဲဒီ တော့ အဲဒီ့အချိန်မှာသွားပြီးတော့
စီးပွားရေးလုပ်တဲ့သူငယ်ချင်းတွေက ကိုယ့်ထက်ကြီးပွားချင် ကြီးပွားနေတတ်တယ်။
ပြောချင်တာက စီးပွားရေးဝန်းကျင်ကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က
ပြောင်းသွားတတ်တယ်။ အဲဒီတော့ ကိုယ်ပြန်လာတဲ့အခါမှာ ဆုံးရှုံးရတဲ့အရင်းအနှီးတွေ
မျက်ခြေ ပြတ်သွားတတ်တယ်။

ကိုယ်မျက်ခြေပြတ်သွားတဲ့အချိန်မှာ ကိုယ်ပြန်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြားမှာ ကိုယ်က အူကြောင်ကြောင်
ဖြစ်နေတတ်တယ်။ နောက်တခါ ထပ်ပြီးတော့ နိုင်ငံခြားရောက်သလို ပြန်ဖြစ် သွားတတ်တယ်။
ဖြစ်သွားတဲ့အခါကြတော့ ဘယ်နေရာကနေစပြီးတော့ ဘယ်ကိုဦးတည်ရာမှန်း မသိဖြစ်သွားတတ်တယ်။
အဲဒါကြောင့်မို့လို့ ကိုယ့်အရပ် ကိုယ့်ဒေသကို မျက်ခြေမပြတ်အောင်
ဘာတွေဖြစ်နေသလဲဆိုတဲ့ဟာကို အမြဲတန်းမပြတ် သိနေအောင် နိုင်ငံခြားကနေပြီးတော့
ကြိုးစား သင့်တယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတချက်။

နောက်တချက်က ဘာရှိသေးလဲဆိုတော့ ကို်ယ်က နိုင်ငံခြားမှာနေရင်းကနေ တယောက်ယောက်နဲ့ တွေ့ရော အဲဒါ
အိမ်ထောင်ရက်သားကျချင်ကျတတ်တယ်။ ကျတဲ့အခါကြတော့ ဘယ်လိုလုပ်မလဲ။ ကိုယ့်အမျိုးသမီးက
ဗမာအမျိုးသမီးပဲလား။ နေရပ်ကိုပြန်မှာလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံခြားမှာပဲ
အခြေချတော့မလား။ နိုင်ငံခြားမှာပဲ အခြေချတော့မယ်ဆိုလို့ရှိရင် အဲဒီနိုင်ငံတွေက
ဘယ်နိုင်ငံလဲ။ အဲဒီက ဘာသာရေး၊ ကိုးကွယ်ရေး ယဉ်ကျေးမှုတွေနဲ့ ကိုယ့်ရဲ့
အသက်ကြီးတဲ့ဘဝမှာ ပျော်နိုင်မ လား။ ဒါတွေအကုန်လုံး
စဉ်းစားရတော့မယ်။

အဲဒီတော့ ပြောချင်တာက နိုင်ငံခြားမှာ အခြေချတော့မယ်ဆိုချင်တောင်မှ ကိုယ့်ဒေသ ပတ်ဝန်း
ကျင်နဲ့လည်း တော်တော့်ကို ကွာနေပြီ။ ကိုယ့်သား၊ ကိုယ်သမီးရဲ့ ပတ်ဝန်းကျင်နဲ့လည်း ကွာသွားပြီ။
ကိုယ့်သားသမီးတွေ ထွန်းကားလာတဲ့အခါမှာ ဗမာအမျိုးသားတယောက်က မျှော်လင့်တဲ့
မိဘဘဝ
မျိုးကို မမျှော်လင့်နိုင်ဘူး။ နိုင်ငံခြားသားတယောက်ရဲ့ မိဘအဖြစ်နဲ့ ကိုယ်ရောက်သွားတော့မယ် ဆိုတာကို ကြိုပြီးတော့ စဉ်းစားထားဖို့ဆိုတာ လိုတယ်လို့
ကျနော်ထင်ပါတယ်ခင်ဗျာ။ ။

(မိုးမြင့်ထွဋ်ခေါင်)