တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင်
ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့်
တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို
အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့
တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။
အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့်
အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ
သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။
ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက
ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက
တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။
တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။
“ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်”
“ဘာတောင်းဆိုမှာလဲ” သူ စိတ်မရှည်စွာ မေးတယ်။
“ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ”
“လိုအပ်လို့လား?” သူမကို သူတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့မေးတယ်။
“လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့
ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်”
“အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး”
“တကယ်လို့ အရင်တုန်းက ချစ်တာကို ရှင်ထုတ်ဖော် မပြောခဲ့ရင် ကျွန်မတို့
ယူဖြစ်ကြမယ် မထင်ဘူး”
“အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား?”
“ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာ မဟုတ်သလို ထုတ်ပြောတိုင်း
ဟန်ဆောင်တာတွေ မဖြစ်နိုင်ဘူး”
နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။ နောက်ဆုံးတော့
စစ်အေးမီးငြိမ်းအောင် သူပဲ အရင် အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး
သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်တယ်။
“အဓိပ္ပါယ်မဲ့တဲ့ မိန်းမပဲ” သူမကို ပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။
“အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပါယ်မဲ့တတ်ကြတာပဲ”
အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။
နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ
နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေး သဟဇာတ ဖြစ်လာခဲ့တယ်။
ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့ စိတ်ခံစားချက်ရော၊
အဓိပ္ပါယ်ပါ ကွဲပြားခဲ့ပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက…
“ကျွန်မကို ပွေ့ရမယ့် တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွတ်သွားတာပေါ့နော်”
“ဟင့်အင်း.. ငါ မင်းကို ဖက်ချင်နေမှာ” သူရယ်ရင်းပြောတယ်။
တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့တယ်။ ဖုန်းပြောရင်း
သူမရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ ဒေါသတွေ အချင်းချင်း
ပွတ်တိုက်မိကြပြီးဆိုရင်အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု
နည်းသွားတတ်တယ်။
လူတွေက အိမ်ထောင်သက် ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ
လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေ မလိုတော့ဘူးလို့လည်း
ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူး ချစ်ကြိုက်ခဲ့တဲ့
အချစ်နဲ့ခံစားချက်ကို တဖြေးဖြေး မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစက
ရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်ဆီးအောင်
ဖျက်ဆီးပစ်လိုက်ကြတယ်။
တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးပွါးအောင်
လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အချစ်က
ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။
“ချစ်တယ်” “ကျေးဇူးတင်ပါတယ်” ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမှုလေး
တစ်ခုထဲတင် ကိုယ်ချစ်တဲ့သူရဲ့ နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို
အဓိပ္ပါယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။
ချစ်တတ်သူများအားလုံး အချစ်ခရီးလမ်းမှာ ပျော်ရွှင်သင်ယူမှုတွေနဲ့ ပြည့်နှက်နေပါစေ….