စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း
တစ်ခါက တိုင်းပြည်ကြီးတစ်ခုမှာ ပန်းချီ အနုုပညာကို ဝါသနာကြီးပြီးတော့ ပညာရှင်တွေကို ချီးမြှင့် မြောက်စားလေ့ရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိပါတယ်.. တစ်ရက်မှာ ဘုရင်ကြီးဟာ တိုင်းပြည်တွင်းမှာရှိတဲ့ ပန်းချီပညာရှင်တွေကို နန်းတော်တွင်းသို့ ဖိတ်ခေါ်ပြီးတော့ ပန်းချီပြိုင်ပွဲတစ်ခု ပြုလုပ်စေပါတယ်.. ယှဉ်ပြိုင်ရမဲ့ ပန်းချီကားရဲ့ ခေါင်းစဉ်က ငြိမ်းချမ်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်.. ပြိုင်ပွဲကို အနယ်နယ် အရပ်ရပ်က ပန်းချီပညာရှင်ကြီးတွေ လာရောက်ကြပြီး သူ့ထက်ငါ အကောင်းဆုံး ပန်းချီကားများကို ရေးဆွဲကြပါတယ်.. မြောက်မြားလှစွာသော ပန်းချီကားတွေကိုှ ဘုရင်ကြီးက ကြည့်ရှုစစ်ဆေးပြီး အကောင်းဆုံး ပန်းချီကား၂ချပ်ကို သူအကြိုက်ဆုံး အဖြစ် လက်ရွေးစင် ရွေးချယ်လိုက်ပါတယ်.. အဲဒီ၂ကားထဲမှာမှ အကောင်းဆုံး တစ်ချပ်ကို ဘုရင်ကြီးက ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။
ပထမ ပန်းချီကားက သာယာလှပတဲ့ ကန်ရေပြင်ရဲ့ ပုံရိပ်ကို ဆေးခြယ်ထားတာဖြစ်ပြီး ကန်ရေပြင်ရဲ့ မျက်နှာပြင်ဟာ မှန်သားပြင်တစ်ချပ်လို ကြည်လင်တောက်ပနေပြီး တည်ကြည် ငြိမ်သက်ခြင်းတို့နဲ့ အေးချမ်းခြင်းတိုရဲ့ ပုံရိပ်တွေဟာ ကန်ရေပြင်ရဲ့ မျက်နှာပေါ် ဖြာကျလို့နေပါတယ်.. လှုပ်ရှားခြင်းဆိုလို့ လှိုင်းကြက်ခွပ်လေး တစ်စသော်မျှ ကန်ရေပြင်ပေါ်မှာ ထင်ဟပ်မနေခဲ့ပါဘူး.. ဘေးဝန်းကျင် အနီးနားက ပြာပြာလွင်လွင် စိမ်းစိမ်းစိုစို တောင်တန်းတောင်ထွတ်တို့ဟာ ကန်ရေပြင်ပေါ် အရိပ်ဖြာဆင်းနေပြီး အပေါ်ဘက်မှာတော့ ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးက ရင့်ကျက်တည်ငြိမ်စွာ ရှိနေပြီး ဖြူဖြူဖွေးဖွေး ငှက်တောင်မွှေးသဏ္ဍာန် တိမ်မျှင်စလေးတွေက ယှက်ဖြာလို့ နေပါတယ်.. ပြာလဲ့လွင်လွင် မိုးကောင်ကင်နဲ့ ဖြူဖြူစင်စင် ဝါဂွမ်းမျှင်ပမာ တိမ်စလေးတွေရဲ့ အသေးစိတ် ရေးဆွဲထားတဲ့ စုတ်ချက်က မြင်သူတကာ အသက်ရှူ မှားလောက်အောင် ဆွဲဆောင်အား ကောင်းလွန်းလှပါတယ်.. ပန်းချီကားတစ်ချပ်လုံးဟာ မြင်ရသူတိုင်းကို တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း စတဲ့ ရသတွေကို ပေးစွမ်းနိုင်စွမ်းတဲ့ လက်ရာမြောက် ပန်းချီကားတစ်ချပ်ရယ်လို့ လူတိုင်းက မှတ်ချက်ချကြရပါတယ်။
နောက်ထပ် ဒုတိယ လက်ရွေးစင်ပန်းချီကားတစ်ချပ်မှာလည်း တောင်တန်းတွေရဲ့ ပုံရိပ်ကို ထည့်သွင်း ရေးဆွဲထားပါတယ်.. ဒါပေမဲ့ ပြာလွင်စိမ်းစိုနေတဲ့ တောင်တန်းများ မဟုတ်ကြဘဲ ကျောက်ဆောင် ကျောက်ကမ်းပါးတွေ၊ ကျောက်တောင်ထွတ်တွေနဲ့ သစ်တစ်ပင်ရယ်လို့မရှိ ကြမ်းတမ်း မာကြော ခက်ထရော်နေတဲ့ ကျောက်သားသက်သက် ကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်.. ကောင်းကင်ကြီးတစ်ခုလုံးဟာလည်း ဒေါမာန်အပြည့်နဲ့ မဲမှောင် ညို့မှိုင်းနေပြီး အုံ့အုံ့ခဲခဲ တိမ်မဲတိမ်စိုင်တို့က တစ်လိပ်လိပ် တစ်ရိပ်ရိပ် ကြွတက်နေပေမဲ့ လျှပ်နွယ်လျှပ်ပန်းခက်များကြောင့် တစ်စွန်းတစ်စ လင်းဖြာနေတဲ့ နေရာတွေကိုလည်း တွေ့မြင်ရပါတယ်.. . မိုးသီးမိုးပေါက်များက အရှိန်ဟုန်ပြင်းပြင်းနဲ့ ကောင်းကင်ကြီးပေါ်က ကျဆင်းနေပြီး ကျောက်ဆောင်ကြီးတွေဆီကနေ ရေတံခွန်ပမာ ရေလုံးကြီးတွေက ရေမြုပ်တွေ ဖွားရရားကျလို့ တကယ့်ရေတံခွန်တစ်ခုကို မြင်ရသလို အားနဲ့မာန်နဲ့ အပြည့်မို့ အသက်ဝင်လွန်းလှပါတယ်. ပန်းချီကားကြီးတစ်ခုလုံးမှာ မြင်တွေ့နေရသမျှ အရာရာဟာ လှုပ်ရှားသက်ဝင်နေသလိုရှိပြီး တည်ကြည် ငြိမ်သက်ခြင်း၊ အေးချမ်း ဆိတ်ငြိမ်ခြင်းဆိုတာကို ပန်းချီကားထဲမှာ တစ်စက်ကလေးတောင် မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။
သို့ပေမဲ့ ဘုရင်ကြီးဟာ ပန်းချီကားကြီးကို သေသေချာချာ အနီးကပ်ပြီး ကြည့်ရှုစစ်ဆေးတဲ့အခါမှာ ရေတံခွန်ကြီးဖြာကျနေတဲ့ နောက်နားက ကျောက်အက်ကွဲကြောင်းကြီး တစ်ခုထဲမှာ ကပ်ပြီးပေါက်နေတဲ့ ခြုံပုတ်လေးတစ်ခုကို တွေ့လိုက်ပါတယ်.. ခြုံပုတ်အတွင်းမှာတော့ ငှက်ကလေးတစ်ကောင်ဟာ သူ့သားသမီးတွေ နေထိုင်ဖို့ အသိုက်လေးတစ်ခု ပြုလုပ်နေတာကို တွေ့မြင်ရပါတယ်.. ငှက်ကလေးရဲ့ ပုံသဏ္ဍာန်က သူ့ရှေ့မှာ ဒေါမာန်ထပြီး ရေမြုပ်ရေဖွားတွေ ဖွေးဖွေးလှုပ်အောင် တစ်ဝုန်းဝုန်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ကိုလဲ ဂရုပြုပုံမပေါ်၊ ကောင်းကင်ကနေ အားမာန်အပြည့်နဲ့ ရွာချနေတဲ့ မိုးစက်မိုးပေါက်တွေကိုလဲ သတိထားပုံမရဘဲ သူ့အလုပ်ကိုသူ အာရုံစူးစိုက်ကာ လုပ်နေသည့်ဟန်၊ ပကတိ တည်ငြိမ်အေးဆေးခြင်း အပြည့်ဖြင့်။
စာဖတ်သူတို့ဆိုရင် ဒီနေရာမှာ ဘယ်ပန်းချီကားကို ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ ရွေးချယ်မလဲ မသိဘူးနော်..
ဘုရင်ကြီးကတော့ ဒုတိယပုံကို အကောင်းဆုံး ၊ ခေါင်းစဉ်နဲ့ အလိုက်ဖက်ဆုံး ပန်းချီကားအဖြစ် ရွေးချယ်လိုက်ပါတယ်.. ဘာကြောင့် ဒီပန်းချီကားကို ရွေးချယ်ရတာလဲ ဆိုတာကိုတော့ “ပကတိ ငြိမ်းချမ်းခြင်းဆိုတာ ဆူညံနေတဲ့ အသံဗလံတွေ တစ်ခုမှ မရှိတဲ့နေရာ၊ လှုပ်ရှားနေတဲ့ ဘေးပတ်ဝန်းကျင် မရှိတဲ့ အရပ်၊ ဆင်းရဲဒုက္ခကင်းဝေးပြီး ငြိမ်သက် တိတ်ဆိတ်နေတဲ့ နေရာတွေကို ဆိုလိုခြင်းမဟုတ်ဘဲ ဆူညံခြင်း၊ ရှုပ်ထွေးခြင်း၊ ဆင်းရဲဒုက္ခ၊ စသည်တို့အလယ်တွင် မိမိလုပ်ရမည့် အလုပ်ကိုသာ အာရုံစူးစိုက်ကာ ဦးတည်ရာ လမ်းကြောင်းမှ မသွေမဖယ်ဘဲ နှလုံးသားတွင်းမှ ပကတိ တည်ကြည်ငြိမ်သက်စွာ နေထိုင်နိုင်ခြင်း၊ လုပ်ကိုင်နိုင်ခြင်းကသာ ပိုပြီး အဓိပ္ပါယ် လေးနက်ကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်ခြင်းမျိုးမှသာ စစ်မှန်သော ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်” လို့ ဘုရင်ကြီးက သူရွေးချယ်ရတဲ့ အကြောင်းရင်းကို အားလုံးသိအောင် ဖြေရှင်းပြပါတယ်။
ကျွန်တော်တို့တွေကရော မိမိ ဘေးပါတ်ဝန်းကျင်ရဲ့ ဆူညံခြင်း၊ ရှုပ်ထွေးဆူပူခြင်း၊ သောကဒုက္ခတွေကြားမှာ အေးချမ်းစွာ နေနိုင်ပါရဲ့လား၊ တည်ကြည်ငြိမ်သက်စွာ ဖြေရှင်းနိုင်ပါရဲ့လား ၊ မိမိနှလုံးသားတွင်းမှာ စစ်မှန်သော ပကတိ ငြိမ်းချမ်းခြင်းကို ရှာဖွေနိုင်ပါရဲ့လား.. ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်..
အစိမ်းရောင်လွင်ပြင်