A Woman of Courage-”ဒေါ်အောင်ဆန်းစုကြည် ”

smytu1996September 25, 20102min1501

၁၉၉ဝ ခုနှစ် အစောပိုင်းမှာ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လေဘာပါတီရဲ့ညီလာခံမှာ မိန့်ခွန်းပြောခိုင်းဖို့ ဆန္ဒပြင်းပြခဲ့ပါတယ်။ တကယ်တော့ ဒီကိစ္စဟာ ဖြစ်နိုင်မှာမဟုတ်မှန်း ကျနော် သဘောပေါက်ပါတယ်။ ဒါကြောင့် သူမနေရာမှာ အစားထိုးပြောပေးနိုင်မယ့် သူမရဲ့အမျိုးသား ဒေါက်တာမိုက်ကယ်အဲရစ်ကို စဉ်းစားမိပြီး သူနဲ့ တွေ့ဆုံဖို့အတွက် စီစဉ်ပါတယ်။ အဲ့လိုတွေ့ဖို့စီစဉ်ပြီး သူတို့စုံတွဲရဲ့အကြောင်းတွေကို အသေးစိတ်ဖတ်ကြည့်တဲ့ အခါမှာတော့ သူတို့အတူတူရှိခဲ့တဲ့ ဘဝမှတ်တိုင်တွေ၊ သူတို့ရဲ့ ဘဝတလျှောက် ကြိုးပမ်းမှုတွေအားလုံးကို တွေ့ရှိရပါတယ်။

တကယ်တမ်းပြောရမယ်ဆိုရင်တော့ သူမအကြောင်းကို ပိုဖတ်လေ သူမရဲ့ အထီးကျန်ဆန်မှု တွေကြားက ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကြီးမားတဲ့ သတ္တိစွမ်းရည်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကပဲ သူမကို ယုံကြည်ချက်အတွက် အကျဉ်းကျနေတဲ့ အမျိုးသမီးအကျဉ်းသားအဖြစ် ကမ္ဘာတဝှမ်းမှာ အကျော်ကြားဆုံး ဖြစ်နေစေပါတယ်။ ဒေါ်စုဟာ ကမ္ဘာပေါ်မှာ အင်အား အကြီးမားဆုံး၊ အရက်စက်ဆုံး အာဏာရှင်ကို ရင်ဆိုင်တွန်းလှန် နေတာဖြစ်ပါတယ်။ သူမ သတ္တိဘယ်လောက်ရှိသလဲဆိုတာကို သူမချစ်တဲ့ခင်ပွန်းသည်၊ သူမရဲ့ ချစ်လှတဲ့ သားနှစ် ယောက်ရဲ့ဘဝတွေကို လျစ်လျူရှုပြီးတော့ အကျယ်ချုပ်ထဲမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ခွဲခွာနေထိုင်ခြင်းဖြင့် ပြသခဲ့ပါတယ်။ ချစ်သားနှစ်ယောက်ရဲ့ တစတစ ကြီးပြင်းအရွယ်ရောက်လာတဲ့ အချိန်တွေကို မျက်ကွယ်ပြု နေခဲ့ရတဲ့ မိခင်ဖြစ်ပါတယ်။

ဒေါ်စုရဲ့သတ္တိစွမ်းရည်တွေကို နားလည်ဖို့ဆိုရင် သူမရဲ့ တာဝန်ကျေပွန်လိုစိတ်နဲ့ သူမဖခင်၊ လွတ်လပ်ရေးကို မမြင်ခဲ့ရတဲ့ လွတ်လပ်ရေးသူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူမအပေါ် ဩဇာလွှမ်းမိုးမှုတွေကို ပထမဦးဆုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဒုတိယအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ ဒေါ်စုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ်မှာထားတဲ့ အခြေခံ ယုံကြည်ချက်စွမ်းအားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို အကြောက်တရားကင်းကင်း ရင်ဆိုင်တာနဲ့တင် သူမသတ္တိကို ဖော်ကျူးလို့ ပြည့်စုံနိုင်မှာ

မဟုတ်ပါဘူး။ ချစ်တဲ့မိသားစုနဲ့ ရက်ရက်စက်စက်ခွဲထားတာတွေ၊ ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ကျော်လွှားခဲ့တဲ့ သူမရဲ့ အခြေခံယုံကြည်ချက်ပြင်းပြမှုတွေဟာ သူမရဲ့ ဖော်ကျူးမကုန်တဲ့ စွမ်းရည်သတ္တိတွေပဲ ဖြစ်ပါတယ်။

ဒေါ်စုအတွက် ဒီဖြစ်ရပ်တွေကို ကြုံတွေ့စေဖို့ အလှည့်အပြောင်းကာလတခုဟာ ၁၉၈၈ ခုနှစ်ရဲ့ နွေဦးရာသီမှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ “အဲ့ဒီနေ့ဟာ အောက်စ်ဖို့ဒ်ဝန်းထဲက ငြိမ်သက်တဲ့ မတ်လရဲ့ နောက်ဆုံးနေ့ ညတည ဖြစ်ပါတယ်။ သားတွေဟာ အိပ်ရာထဲကို ရောက်နေကြပါပြီ။ ကျနော်တို့စာဖတ်နေစဉ်မှာပဲ တယ်လီဖုန်းက မြည်လာပါတယ်။ စုဟာ တယ်လီဖုန်းကောက်ကိုင် လိုက်တာနဲ့ တပြိုင်တည်းမှာ သူမမိခင်ရဲ့အခြေ အနေဆိုးကို ကြားသိခဲ့ရပါတယ်။ သူမဟာ ဖုန်းချပြီးတာနဲ့ တခါတည်း အထုပ်ပြင်ပါတော့တယ်။ ကျနော်တို့ဘဝတွေ အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတာကို အဲ့ဒီအချိန်ကတည်းက ကျနော်ခံစားမိခဲ့ပါတယ်” ဒါကတော့ ခင်ပွန်းသည် မိုက်ကယ်ရဲ့ ပြန်ပြောင်းပြောပြချက်တွေပဲ ဖြစ်ပါတယ်။

အဲဒီနေ့မတိုင်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝဟာ ပညာရှင်တဦးအဖြစ်၊ ပါမောက္ခတယောက်နဲ့ လက်ထပ်ထားတဲ့ အိမ်ထောင်ရှင်မတယောက်အဖြစ်နဲ့ အေးချမ်းတဲ့ အောက်စ်ဖို့ဒ်ဝန်းထဲမှာ သားနှစ်ယောက်ကို စောင့်ရှောက်ရင်း ရှိနေခဲ့ပါတယ်။ နောက်တနေ့မှာတော့ သူမဟာ အင်္ဂလန်ကနေ စစ်အုပ်စုကို ဆန့်ကျင်ဆန္ဒပြမှုတွေ၊ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့ဆီကို ခရီးနှင်ခဲ့ပါတယ်။ သူမရဲ့မိခင်ဖြစ်သူ ဝေဒနာကိုပြုစုရင်း၊ တိုင်းပြည်အတွင်း အာဏာရှင်စနစ်ကို မခံမရပ်နိုင်ဖြစ်ကာ တော်လှန်နေတဲ့ ကျောင်းသားလူငယ်တွေရဲ့တိုက်ပွဲကို ဒေါ်စုအနေနဲ့ လက်ပိုက်ပြီး ငြိမ်ငြိမ်လေး ကြည့်မနေနိုင်ခဲ့ပါဘူး။ သူမရောက်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မှာ ဗိုလ်နေဝင်းရဲ့ မဆလအာဏာရှင် ပြုတ်ကျသွားပါတော့ တယ်။ ဗိုလ်နေဝင်းကိုယ်တိုင်က တိုင်းပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်စေဖို့ လူထုဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ကျောင်းသားလူငယ်တွေရဲ့ ဒီမိုကရေစီတောင်းဆိုမှုတိုက်ပွဲဟာ တနိုင်ငံလုံးကို ပျံ့နှံ့လာပြီး လှည်းနေ လှေအောင်း မြင်းစောင်းမကျန် လမ်းမပေါ်ထွက် ဆန္ဒပြကြပါတော့တယ်။ ဗိုလ်နေဝင်းဟာ နိုင်ငံ

တဝှမ်းလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူလူထု အထူးသဖြင့် ကျောင်းသားလူငယ်တွေ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို ဘုန်းတော်ကြီး ဒက်စမွန်တူးတူးနဲ့ ချက်သမ္မတဟောင်း ဗားကလက်ဟာဗယ်တို့က လက်နက်မဲ့၊ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းလို့ ကမ္ဘာ့ကုလသမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒေါ်စုဟာ ရန်ကုန်ရောက်နေတာ ရက်သတ္တပတ်အနည်းငယ်ပဲ ရှိပါသေးတယ်။ သူမမှာ လက်နက်မရှိဘူး၊ နောက်လိုက်တွေ စစ်တပ်တွေလည်း မရှိပါဘူး။ ဒါပေမယ့် စစ်အာဏာရှင်တွေရဲ့ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်မြင်တွေ့ခဲ့ရပါတယ်။ လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့ ရေတွက်မရနိုင်တဲ့ ပြည်သူတွေရဲ့ ကံကြမ္မာဟာ စောင့်ကြိုနေတယ်ဆိုတာကို သူမ သိပါတယ်။ ဒေါ်စုဟာ မြန်မာပြည်တွင်းက ပြည်သူတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေက လွတ်မြောက်ပြီး သူမ ဗြိတိသျှမှာနေစဉ် လွတ်လပ်မှုတွေခံစားခဲ့ရသလိုမျိုး ခံစားစေချင်တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ဒေါ်စုနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့ပြီး သူမကိုယ်တိုင်လည်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။

ကျနော့်အတွက် သတ္တိဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ဒေါ်စုကနေ ဖွင့်ဆိုပေးခဲ့တယ်လို့ ပြောနိုင်ပါ တယ်။ အရင်ကဆိုရင် သတ္တိဆိုတာကို စစ်မြေပြင်တိုက်ပွဲတွေမှာပဲ အဓိကတွေ့ခဲ့ရပါတယ်။ ရုပ်ပိုင်း ဆိုင်ရာအရ စွန့်လွှတ်မှု၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှု၊ အောင်ပွဲ စတာတွေကိုကြည့်ပြီး သတ္တိကို ဖွင့်ဆိုခဲ့ကြပါတယ်။ သတ္တိဆိုတာကို ယောက်ျားတွေ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တောင့်တင်းသူတွေ၊ လုပ်ရဲကိုင်ရဲရှိသူတွေ၊ တခါတလေ ရိုင်းစိုင်းကြမ်းတမ်း မိုက်ရူးရဲဆန်မှုတွေကိုတောင် သတ္တိလို့ ဖော်ဆိုကြပါတယ်။ ဘယ်ဘာသာစကားမှာပဲကြည့်ကြည့် သတ္တိရှိတယ်ဆိုတဲ့စကားလုံးကို အမျိုးသားတွေအတွက် သုံးကြပါတယ်။ ဒါပေမယ့် ဒေါ်စုဟာ အာဏာမဲ့သူတွေကို ကိုယ်စားပြုတဲ့ စွမ်းအားတခု ဖြစ်ပါတယ်။

ယုံကြည်ချက်အတွက် အကျဉ်းကျနေတဲ့ အမျိုးသမီးတဦးဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ကျူး လွန်မှု အဆိုးဝါးဆုံးဖြစ်တဲ့ စစ်အုပ်စုကို အကြမ်း မဖက်တိုက်ပွဲဝင်နေပါတယ်။ လူဦးရေ သန်း (၅၀) ရှိတဲ့ တိုင်းပြည်မှာ အယောက် (၁,၀၀၀) က နိုင်ငံရေးအကျဉ်းသားတွေ၊ လူဦးရေ (၅) သိန်းက ဒုက္ခသည်တွေ၊  အသက် (၄) နှစ်အောက် ကလေးလည်း ထောင်ထဲရောက်လိုရောက်၊ ကဗျာဆရာတွေ၊ သတင်းစာဆရာ တွေလည်း စကားလေးပြောမိရုံနဲ့ နှိပ်စက်အကျဉ်းချနေတဲ့ စစ်အုပ်စုကို ဒေါ်စုက သတ္တိရှိရှိ ငြိမ်းချမ်း စွာ တွန်းလှန်နေတာပါ။

ဒေါ်စုရေးခဲ့တဲ့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး စာစဉ်တွေမှာဆိုရင် သူမ လေးစားလက်ခံတဲ့ သတ္တိဆိုတာ ကို အဓိကရေးသား ဖော်ပြပါတယ်။ ကြောက်ရွံ့ခြင်းကင်းတာ မဟုတ်ပါဘူး။ ယုံကြည်မှုပြင်းထန်တာပါ။ စိတ်ဓာတ်ပြင်းထန်မှု သတ္တိပဲဖြစ်ပါတယ်။ ကြောက်ရွံ့မှုကင်းတယ်ဆိုတာဟာ ကြီးမားတဲ့လက်ဆောင်တခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြိုးပမ်းမှုတွေထဲကနေရရှိတဲ့ သတ္တိကသာ ပိုပြီး တန်ဖိုးကြီး တယ်ဆိုတာ အထင်အရှားပါပဲ။ တယောက်ယောက်ရဲ့ လုပ်ဆောင်ချက်တွေကို ငြင်းပယ်ဖို့ ကြောက်ရွံ့နေမှု တွေကို ဖယ်ရှားတဲ့ အလေ့အကျင့် မွေးမြူခြင်းကလာတဲ့သတ္တိ၊ ပြင်းထန်ရက်စက်တဲ့ ဖိအားတွေ အောက်ကနေ ရုန်းထွက်၊ ဖောက်ထွက်ရင်ဆိုင်နိုင်တဲ့ သတ္တိတွေဟာ ပိုပြီး အဖိုးကြီးပါတယ်။

ဒေါ်စု ရန်ကုန်ပြန်ရောက်ပြီး တနှစ်လောက်အကြာမှာ စစ်တပ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ကို ဖွဲ့စည်းပြီး သူမကို အမျိုးမျိုးခြိမ်းခြောက်ကာ နိုင်ငံရေးနှင့်ကင်းဝေးအောင် လုပ်ဆောင်ပါ တော့တယ်။ ၁၉၈၉ ဧပြီ (၅) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ရိုင်ဖယ်သေ နတ်တွေနဲ့ သူတို့ကို တည့်တည့်ချိန်ထားတဲ့ စစ်တပ် တပ်စိတ်တခုနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ပါတယ်။ ဒေါ်စုဟာ သူမရဲ့လုပ်ဖော် ကိုင်ဖက်တွေကို ဘေးကလျှောက်သွားဖို့ ပြောဆိုခဲ့ပြီး ကိုယ်တိုင်ကတော့ သေနတ်သမား တွေတည့်တည့်ကို ရဲရဲချီတက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဗိုလ်မှူးတယောက်ရောက်လာပြီး အမိန့်ပေးတော့မှ စစ်သားတွေရဲ့သေနတ်တွေဟာ အောက်ကိုချသွားခဲ့ပါတယ်။

အင်မတန်မှ အသည်းယားဖွယ် ကောင်းတဲ့ မြင်ကွင်းတခုအဖြစ် သမိုင်းတွင်ရစ်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ လက်နက်အပြည့်အစုံ နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို လက်နက်မဲ့တယောက်တည်း တွန်းလှန်နေခြင်းဟာ သူမတိုင်းပြည်ရဲ့ လွတ်လပ်မှု အတွက် သင်္ကေတတခုလို ဖြစ်နေပါတယ်။ လျှပ်တပြက် မိနစ်ပိုင်းအတွင်း အသက်သေစေလောက်တဲ့လုပ်ရပ်ကို ဒေါ်စုဟာ သူမရဲ့သတ္တိတရားနဲ့ ကျော်ဖြတ်ခဲ့တာပါ။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် သူမ တိုင်းပြည်ရဲ့အဝေးကို ထွက်သွားလို့ရပေမယ့်လို့ မထွက်သွားဘဲနဲ့ မိသားစုနဲ့ခွဲနေနိုင်တဲ့ သတ္တိ၊ တယောက်တည်း နေအိမ်အကျယ်ချုပ်ထဲမှာ အထီးကျန်ဖြတ်သန်းနိုင်တဲ့ သတ္တိတွေကို ပိုပြီး လေးစားဂုဏ်ယူ တန်ဖိုးထားမိပါတယ်။

၁၉၈၉ ဇူလိုင်လမှာ ဒေါ်စုနဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ စစ်တပ်ရဲ့ အပြစ်မဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဒေါ်စုကို နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ သူမရဲ့ မြန်မာနိုင်ငံအတွက် ပေးဆပ်မှုတွေကို သူမမိသားစုကလည်း ဖြည့်ဆည်းပေးခဲ့ပါတယ်။ မိုက်ကယ်နဲ့သားနှစ်ယောက်ဟာ နွေရာသီကျောင်းပိတ်ရက်မှာ ဒေါ်စုရှိတဲ့ မြန်မာပြည်ကို သွားရောက်ခဲ့ပါတယ်။ သူတို့ဟာ ဒေါ်စုရဲ့ အချို့လူထုလှုပ်ရှားမှုတွေမှာ လိုက်ပါခဲ့ကြတယ်။ အမှန်က ဒေါ်စု နေအိမ်အကျယ်ချုပ်ချခံရပြီး အစာငတ်ခံဆန္ဒပြတဲ့အချိန်မှာ သားနှစ်ယောက်ဟာ သူမနဲ့အတူ ရှိနေခဲ့တယ်။ ဒါပေမယ့် စစ်အုပ်စုကတော့ သူမရဲ့မိသားစုကို ဒေါ်စုထံ လည်ပတ်ခွင့်ပိတ်ပင်ခြင်းနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ကလေးတွေ ဗြိတိသျှကို ပြန်ရောက်ရောက်ခြင်းပဲ နဝတဟာ ဒေါ်စုနဲ့ မိသားစုအကြား ဆက်သွယ်မှု တွေကို ပိတ်ပင်လာပါတယ်။ ကလေးတွေ ကျောင်းအားလပ်ရက်တွေမှာ ဒေါ်စုနဲ့ဆက်သွယ်ဖို့အတွက် စစ်အုပ်စုက လုံးဝခွင့် မပြုခဲ့ပါဘူး။ ဒေါ်စုရဲ့ မိသားစုအပေါ်ကိုထားရှိတဲ့ မေတ္တာတရားနဲ့ စစ်အုပ်စုက ဒေါ်စုကို ပြန်လည်ချည်နှောင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သားနှစ်ယောက်ဟာ မိခင်နဲ့တွေ့ဖို့ကို ပြည်ဝင်ခွင့်ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။

ဒါပေမယ့် စစ်အုပ်စုက မိုက်ကယ်ကိုတော့ ဒေါ်စုကိုစည်းရုံးပြီး အရေးတော်ပုံကိုစွန့်ခွာကာ မြန်မာပြည်က ထွက်သွားနိုင်လိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရစ်စမတ်မှာ တခါသွားခွင့်ပြုခဲ့ပါတယ်။ မိုက်ကယ်က အဲ့ဒီ ခရစ်စမတ်အချိန်ကို ချိုမြိန်မှု၊ ခါးသီးမှုတွေနဲ့ ရောယှက်နေတဲ့ကာလလို့ အခုလိုရေးသားခဲ့ပါတယ်။

“ကျနော် သူမနဲ့ နောက်ဆုံးရှိနေခဲ့တဲ့ အဲ့ဒီနေ့တွေဟာ ကမ္ဘာကြီးရဲ့ ပြင်ပကိုရောက်နေပြီး လုံးဝကို အထီးကျန်ဆန်နေ ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တွေဟာ ကျနော်တို့ လက်ထပ်ပြီးတဲ့ကာလရဲ့ အပျော်ဆုံးအချိန် တွေထဲက တခုဖြစ်ပါတယ်။ တကယ့်ကို ငြိမ်းချမ်းတဲ့ကာလတခုပါပဲ။ သူမဟာ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတယ်၊ လေ့လာမှုတွေကို စဉ်ဆက်မပြတ်လုပ်နေတယ်။ သူမ စန္ဒယား တီးတာကို ကျနော်နှောင့်ယှက်ဖို့ ကြိုးစားမိတယ်။  ဗုဒ္ဓကျမ်းတွေကို ဒေါ်စုက အလွတ်ကျက်နေတယ်။

ကျနော်ဝယ်ခဲ့တဲ့ ခရစ်စမတ်လက်ဆောင်တွေကို အဲ့ဒီနေ့တွေမှာ ဒေါ်စုကိုပေးပါတယ်။ အကြောင်း အရာများစွာ ကိုပြောဖို့ ကမ္ဘာမှာရှိတဲ့ အချိန်တွေအားလုံးကို ကျနော်တို့ ရထားပါတယ်။ ဒီကာလဟာ ကျနော်တို့ရဲ့ ဘဝမှာ နောက်ဆုံးအချိန်ဖြစ်လိမ့်မယ်ဆိုတာ ကျနော်မတွေးမိခဲ့ပါဘူး” မိုက်ကယ်ဟာ ဒေါ်စုကို တိုင်းပြည်ကထွက်ခွာ ဖို့ ဘယ်တော့မှပြောမှာမဟုတ်ဘူးဆိုတာကို စစ်အုပ်စုသဘောပေါက်တဲ့အခါမှာတော့ သူ့ကိုလည်း ပြည်ဝင်ခွင့် မပေးတော့ပါဘူး။

ဒေါ်စုရဲ့ ဖုန်းလိုင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီက စာအဝင်အထွက်တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။ ဒေါ်စုဟာ စစ်အုပ်စုဆီက ဘာတခုကိုမှ လက်မခံခဲ့ပါဘူး။ မိသားစုနဲ့ ဆက်သွယ်ခွင့်ဆိုတဲ့ အပေး အယူကိုတောင်မှ လက်မခံပါဘူး။ စစ်အုပ်စုရဲ့အကူအညီကို လက်ခံခြင်းဟာ သူမရဲ့ဖြူစင်မှုကို ညစ်နွမ်းစေမယ်၊ သူမ တော်လှန်ရေးကို အားနည်းစေမယ်လို့ ဒေါ်စုက ယုံကြည်ထားပါတယ်။

ဒေါ်စုက သူမရဲ့အကျယ်ချုပ်ကာလ ပူပန်မှုတွေ၊ အထီးကျန်မှုတွေကို အခုလိုပြောပြပါတယ်။

“တခါတရံမှာ ကျမစားဖို့သောက်ဖို့အတွက် ပိုက်ဆံမလောက်ပါဘူး။ အာဟာရမပြည့်ဝမှုကြောင့် အားနည်းလာတယ်။ ဆံပင်တွေလည်းကျွတ်လာတယ်။ ကျမ အိပ်ယာကနေ မထနိုင်ပါဘူး။ ကျမ နှလုံးရောဂါရမှာကို စိုးရိမ်လာတယ်။ လှုပ်ရှားလိုက်တိုင်း ရင်ကြပ်ပြီး မောလာတယ်။ အသက် ရှူဖို့ခက်လာတယ်။ ကျမရဲ့ နဂိုရှိရင်း (၁၀၆) ပေါင်ကနေ ပေါင် (၉၀) လောက်ထိ ကျသွားတယ်။ စားချင်စိတ်လည်းမရှိဘူး။ ကျမထင်တာ ငါတော့ နှလုံးရောဂါနဲ့ သေတော့မှာပဲ။

ကျမရဲ့မျက်လုံးတွေကလည်း မှုန်လာတယ်။ နောက်ကျောရိုးမကြီးနာကျင်တဲ့ ဝေဒနာကိုလည်း ခံစားရပါတယ်” ဒေါ်စုအကျယ်ချုပ်ဘဝနဲ့ ရှိနေပေမယ့် သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၁၉၉ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်နေရာ (၈၂) ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့ပြီး ဝန်ကြီးချုပ်ဘဝနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရမယ့် ဒေါ်စုကို နေအိမ်အကျယ်ချုပ် ထည့်ထားပါတယ်။

နေအိမ်အကျယ်ချုပ်ဟာ ရက်မှ လ၊ လမှ နှစ်သို့ ကူးပြောင်းလာပါတယ်။ ဒေါ်စုကိုလည်း မိသားစု အပါအဝင် ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ် ဖြတ်ထားပါတယ်။ စစ်အုပ်စုဟာ သူမကို မိသားစုရှိရာ အင်္ဂလန်ကို သွားလည်ပတ်ခွင့်ပေးမယ်ဆိုတာ သိပါတယ်။ သူမ တိုင်းပြည်ကထွက်သွားလို့ရှိရင် ဘယ်တော့မှ မြန်မာပြည်ကို ပြန်လာလို့မရဘူးဆိုတာကိုလည်း ဒေါ်စုသဘောပေါက်ပါတယ်။ မိသားစုနဲ့ ထပ်တွေ့ဖို့အရေး တိုင်းပြည်ကို အမှောင်ထဲကို တွန်းပို့ရမယ်။ မိသားစုအရေးအတွက် တိုင်းပြည်ကို ချောက်ထဲတွန်းပို့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတဲ့ရွေးချယ်မှုဆိုတာ သူမ နားလည် ပါတယ်။ သူမ တန်းတူချစ်မြတ်နိုးတဲ့ မိသားစုနဲ့ တိုင်းပြည်အရေးနှစ်ခုကို အခြေခံပြီးတော့ အနိုင် အရှုံးရလဒ်ကိုရွေးချယ်တာ မှားယွင်းတဲ့ဆုံးဖြတ်ချက်လို့ ဒေါ်စု နားလည်ပါတယ်။

မိသားစုနဲ့ လစဉ်ဝေးကွာနေတာဟာ ကလေးနှစ်ယောက်ရဲ့ အရွယ်ရောက်ကြီးပြင်းလာမှုတွေနဲ့ မျက်ကွယ်ဖြစ ်နေတာပါပဲ။ လစဉ်တိုင်း တဦးတည်း အထီးကျန်နေထိုင်ရခြင်းဟာလည်း ချစ်မြတ်နိုးတဲ့ ဘဝလက်တွဲဖော် ခင်ပွန်းနဲ့ ဝေးကွာနေရခြင်းပါပဲ။ ဒီလိုနေထိုင်နိုင်အောင် သူမမှာ ဘယ်လိုမျိုးခွန်အား၊ စွမ်းအား အရင်းအမြစ်တွေရှိလို့လဲ။ ဒေါ်စုမြန်မာပြည်ကနေထွက်ခွာဖို့ ငြင်းဆန်မှုဟာ ကလေးတွေကို မျက်ကွယ်ပြု၊ လျစ်လျူရှုတာလို့ စစ်အုပ်စုက ဝေဖန်ပြီး သူမဟာ မိသားစုတာဝန်ထက် မြန်မာပြည်မှာ သူရဲကောင်းဖြစ်လိုမှုကို လိုလား သူလို့ တိုက်ခိုက်လာပါတယ်။

မိသားစုနဲ့ ခွဲခွာနေရတဲ့ အကြောင်းတွေကို ကြုံတောင့်ကြုံခဲ ဒေါ်စုပြောတဲ့အခါမှာတော့ သူမရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အားလုံးက နားလည်သဘောပေါက်ကြပါတယ်။ နှစ်အတော်ကြာ ခွဲနေရပြီး သူမသားအငယ် ထိန်လင်း (ကင်) နဲ့ ပြန်ဆုံတွေ့ရပုံကို အခုလိုရေးသားထားပါတယ်။ “ကလေးတယောက်ဘဝအတွက် နှစ်နှစ်ဆိုတာ တော်တော်အပြောင်းအလဲမြန်ပါတယ်။ ကလေးရဲ့မြင်ကွင်းမှာ ပျောက်ကွယ်နေတဲ့ မိခင်တယောက်ကို ဒီအချိန်အတွင်းမှာ မေ့သွားနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ အေးချမ်းတဲ့ လူငယ်လေးတယောက်ကနေ လူဆိုးတယောက် ဖြစ်သွားနိုင်ပါတယ်။ နှစ်နှစ်နဲ့ခုနှစ်လ ခွဲနေရပြီး သားငယ်ကို ပထမဆုံး ပြန်တွေ့တဲ့အခါမှာသူ့ရဲ့ (၁၂) နှစ်သား ကလေးမျက်နှာဝိုင်းလေးကနေ လူပျိုပုံစံမျက်နှာအဖြစ် ပြောင်းလဲနေပါပြီ။

သူ့ကို လမ်းမပေါ်မှာတွေ့ရင် ကျမသားလေးမှန်း သိမှာမဟုတ်ပါဘူး။ မှတ်မိမှာ မဟုတ်ပါဘူး”

၁၉၉၁ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီအေ ကြာင်းကို အကျယ်ချုပ်ကနေ ဘီဘီစီရေဒီယိုသတင်းက ကြားသိရတာပါ။ သူမရဲ့သားကြီး Alexander Aris (မြင့်ဆန်းအောင်) က ဒီဆုကို သူမကိုယ်စား တက်ရောက် ယူခဲ့ပါတယ်။ (၇) နှစ်ကြာပြီးတဲ့နောက်မှာ မိုက်ကယ်ဟာ ကင်ဆာရောဂါဝေဒနာ ခံစားရပြီး အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့တဲ့အခြေအနေကို ရောက်ရှိလာ ပါတယ်။ ဒီကြေကွဲဝမ်းနည်းဖွယ်အခြေအနေကြောင့် သူ့ရဲ့ဇနီးသည်ဆီကို နောက်ဆုံးအနေနဲ့ တွေ့နိုင်ဖို့ ကြိုးပမ်းပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ သံရုံးတွေရဲ့ အသနားခံတောင်းဆိုမှုတွေကို စစ်အုပ်စုက မျက်ကွယ်ပြုပြီး မိုက်ကယ်ကို ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။ ဒါပေမယ့် သေဆုံးခါနီးခင်ပွန်းသည်ကို ပြုစုနိုင်ဖို့ ဒေါ်စုကို သွားရောက်နိုင် အောင် ကူညီပေးမယ်လို့ လူမဆန်စွာ ဝါဒဖြန့်ခဲ့ပါတယ်။

မိုက်ကယ်မသေဆုံးခင်ကာလတွေကို နှလုံးသားကြေမွအောင်ခံစားပြီး ဖြတ်သန်းခဲ့ရတဲ့ ဒီစုံတွဲရဲ့ အခြေအနေကို ဘယ်သူကမှ စဉ်းစားဖို့ သတ္တိရှိမှာမဟုတ်ပါဘူး။ ခင်ပွန်းသည်ကို နှုတ်ဆက်စကား လေးတောင် ပြောခွင့် မရခဲ့တဲ့၊ ဘယ်တော့မှ ပြောခွင့်မရလိုက်တဲ့ ဇနီးသည်ဖြစ်ပါတယ်။ မိုက်ကယ် ကတော့ ၁၉၉၉ ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူမတာဝန်တွေဟာ သူမကိုုယ်ပိုင်ဘဝထက် အရေးကြီးတယ်ဆိုတာကို ဒေါ်စု နားလည် သဘောပေါက်ပါတယ်။

ယုံကြည်ချက်အတွက် အကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေရဲ့ အခက်အခဲ၊ အခြေအနေတွေကို သူမအသိ အမှတ်ပြု နားလည်သဘောပေါက်ပါတယ်။ သူမနဲ့ မိသားစု ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေခံစားစေခြင်းဖြင့် မြန်မာနိုင်ငံအရေးကို ကမ္ဘာက အာရုံစိုက်လာမယ်လို့ မျှော်လင့်တယ်။ သူမဟာ အားလုံးအတွက် ဒိုင်းဖြစ်တယ်။ သူမ ထောင်သွင်းအကျဉ်းကျခံနေတာဟာ အကျဉ်းသားအားလုံးအတွက် အကောင်းဆုံးကာကွယ်မှုဖြစ်တယ်လို့ ယုံကြည်တယ်။ သူမရဲ့မိသားစုဘဝကို သတ္တိရှိရှိ စွန့်လွှတ် အနစ်နာခံခြင်းဟာ အားလုံးကိုကာကွယ်ဖို့အတွက် အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။

ယုံကြည်နေရုံနဲ့မပြီးဘဲ ရှိတဲ့စွမ်းအားနဲ့ အားလုံးကို လုပ်နိုင်ရမယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး ဘုန်းကြီးဖြစ်တဲ့ အမေရိကန်လူမျိုး အလန်ကလီးမန့်စ် (Alan Clements) က သူမကို မေးခဲ့တာ ရှိပါတယ်။ “မင်းရဲ့ပြည်သူတွေ ဒုက္ခခံစားနေရတာကို မြင်တဲ့အခါမှာ ပထမဦးဆုံး မင်းရဲ့စိတ်ထဲမှာ ရောက်ရှိတဲ့အရာနဲ့ နှလုံးသားကို ရိုက်ခတ်တာဟာ ဘာလဲ” ဒေါ်စုရဲ့ တုံ့ပြန်ချက်ဟာ တကယ့်ကို အဓိပ္ပာယ်ရှိပြီး ပြီးပြည့်စုံပါတယ်။ “ကျမတို့ဟာ တခုခုလုပ်ချင်ရင် ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ မဖြစ်သင့်တဲ့ကိစ္စတွေ ဖြစ်နေတာကိုတွေ့ရင် ဒီအတိုင်းပဲ ကျမ တုံ့ပြန်ပါတယ်။ လက်ကိုဝှေ့ယမ်းပြီး ဘုရားသခင် ကယ်တော်မူပါ၊ ဘုရားကယ်ပါ၊ တကယ်ကိုဆိုးပါတယ်လို့ ရပ်ပြီးအော်နေတာဟာ အသုံးမဝင်ပါဘူး။ မင်းလုပ်ပေးနိုင်တာတခုခုကို လုပ်ရမယ်။ ကျမ အလုပ်အပေါ်မှာပဲ ယုံကြည်ပါတယ်”

ဒါကြောင့် ဒေါ်စုရဲ့သတ္တိဆိုတာ သူမရဲ့ အေးဆေးတဲ့ဘဝ၊ ပျော်ရွှင်တဲ့ဘဝကို စွန့်လွှတ်ပြီး လူထု အတွက် ကိုယ်ကျိုးစွန့်တဲ့သတ္တိပဲ ဖြစ်ပါတယ်။ သူမရဲ့ တိုက်ပွဲဝင်မှုကြောင့် တတိုင်းပြည်လုံး ပျော်ရွှင်အေးချမ်းတဲ့ဘဝကို သူမ သယ်ဆောင်လာနိုင်ပါလိမ့်မယ်။ ဒါဟာ တကယ့်ကို တိုင်းပြည် တွက်၊ လူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်အေးဆေးတဲ့ဘဝကို စွန့်လွှတ်ခြင်းဟာ သူမကိုယ်စားပြုတဲ့ ပြည်သူတွေအတွက် တောင်းဆိုတိုက်ပွဲဝင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒေါ်စုရဲ့စွန့်လွှတ်မှုဟာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမကိုယ်တိုင် လွတ်လပ်တဲ့ဘဝကို အင်မတန်မြတ်နိုးတဲ့သူတယောက် ဖြစ်လို့ပါပဲ။ သူမဟာသဘာဝတရားရဲ့ အလှအပတွေကို ရသမြောက်အောင် ရေးသားပါတယ်။ ပြောင်းလဲနေတဲ့ ရာသီများ၊ မြန်မာပြည်ရဲ့ရိုးရာပွဲတော်များ၊ ကလေးငယ် မိသားစုအတွင်း မွေးဖွားဝင်ရောက်လာခြင်း၊ စုပေါင်းလုပ်ဆောင်ခြင်းနဲ့ မိတ်ဆွေစိတ်ဓာတ် စတဲ့ ရေးသားမှုတွေဟာ လူတွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပေးတဲ့ ရသအရေးအသားများ ဖြစ်ပါတယ်။ ဒေါ်စုဟာ ကမ္ဘာကြီးကို ပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးမယ့် အံ့ဩဖွယ်ကောင်းတဲ့ ဇာတ်လမ်းတခုကို ဖော်ကျူးတင်ဆက်နေသူ ဖြစ်ပါတယ်။

ဒေါ်စုဟာ သူမကိုယ်သူမ ကြီးမားတဲ့တိုက်ပွဲတခုကို ဆင်နွှဲနေတာပဲလို့ မယူဆပါဘူး။ သာမန်ဘဝတခုအတွက် ငြိမ်းချမ်းမှုကိုဆောင်ကြဉ်းပေးတဲ့ လှုပ်ရှားမှုကို ဖော်ဆောင်နေတယ်လို့ပဲ ခံယူပါတယ်။ ယုံကြည်မှု၊ လေးစားမှု၊ ငြိမ်းချမ်းမှုတွေဟာ ဘဝတခုကိုတည်ဆောက်ဖို့ အရေးကြီး အချက်တွေဆိုတာကို ဒေါ်စုနားလည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးလွတ်မြောက်မှုကို မျှော်လင့်နေတဲ့ ကျနော့်ရဲ့ အချိန်ကာလ တွေဟာ ၂၀၀ရ ခုနှစ် မတ်လမှာ စိတ်ပျက်မှုတွေနဲ့ ထပ်မံကြုံတွေ့ရပြန်ပါတယ်။ ဒေါ်စုကို ဘယ်တော့မှ မလွှတ်ပေးဘူးဆိုတဲ့ စစ်အုပ်စုရဲ့ ရှင်းလင်းတဲ့သဘောထားကို ထုတ်ပြန်ခဲ့လို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဒေါ်စုတို့ အနိုင်ရခဲ့တာ (၁၇) နှစ်ရှိပါပြီ။ တတိယအကြိမ်ရဲ့ လေးနှစ်မြောက် အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကမ္ဘာလုံးလေးစားရတဲ့ ယုံကြည်ချက်အတွက် အကျဉ်းကျခံနေသူအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

၁၉၈၈ ခုနှစ် မတ်လတညမှာ ဒေါ်စုထံခေါ်တဲ့ တယ်လီဖုန်းဟာ သူမ ချစ်တဲ့မိသားစု၊ သူမ မြတ်နိုးတဲ့အိမ်နဲ့ ဝေးကွာဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။ သူမ အလွန်ချစ်မြတ်နိုးပြီး ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေကို ဒေါ်စု ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူမ ချစ်တဲ့ခင်ပွန်း သေဆုံးသွားခဲ့ပါပြီ။ သူမရဲ့ကလေးတွေလည်း အရွယ်ရောက်ကုန်ပြီ။ မိသားစုနဲ့ အချိန်တွေကို ပျော်ရွှင်စွာကုန်လွန်စေတဲ့ မိခင်တယောက်ရဲ့ အေးချမ်းတဲ့ဘဝကို ပြန်လိုချင်တဲ့ ဒေါ်စုရဲ့ဆန္ဒကို အကျဉ်းချမှုတွေ၊ ထိန်းသိမ်းမှုတွေ၊ ရက်စက်မှုတွေက ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။ သူမအတွက် ဆိုးဝါးတဲ့ ကံကြမ္မာဟာ လူသားတွေအတွက် ဒေါ်စုလုပ်နိုင်တဲ့ အလုပ် တွေကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။

သူမရဲ့ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုတွေ၊ ခံစားမှုတွေဟာ သူမရဲ့စိတ်ထဲမှာ ဘယ်တော့မှ ဝင်ရောက်နေရာ

ယူမှာ မဟုတ်ပါဘူး။ ဒါဟာ တကယ့်ကိုလေးနက်ပါတယ်။ တိုက်ပိတ်အကျဉ်းချတာ မရှိပါဘူး၊ ထောင်မရှိပါဘူး၊ အကျဉ်းစခန်းမရှိပါဘူး၊ ရက်စက်မှုတွေ မရှိပါဘူး၊ သေဆုံးမှုတွေ မရှိပါဘူး၊ ခေါင်းဆောင်ကောင်းတယောက်ရဲ့  စိတ်ဓာတ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ မရှိပါဘူးလို့ ကမ္ဘာကြီးကိုပြောနိုင်ဖို့အတွက် ဒေါ်စု အမြဲ တမ်း စွန့်လွှတ် တိုက်ပွဲဝင်နေတယ်။

ဒေါ်စုဟာ လူ့သဘာဝအပေါ်မှာ နားလည်သစ္စာရှိတယ် စတဲ့ အချက်ထက်ပိုတဲ့သတ္တိ သူမမှာရှိတယ်။ ဒါ့အပြင် တနေ့မှာ သူမရဲ့ပြည်သူတွေ လွတ်မြောက်ရမယ်ဆိုတဲ့ သူမရဲ့ခံယူချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရင်ထဲမှာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။     ။

(April 16, 2007 The Guardian မှ Gordon Brown ၏ ‘A woman of courage’)




One comment

  • michaelaungpu

    September 26, 2010 at 7:42 am

    ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို မိန်းမလျှာ တစ်ယောက်ဖြစ်သလို ခံစားမိပါတယ်

Leave a Reply