” ပြိုင်ဘက်ကိုလဲ ထွက်ပေါက်လေးတွေပေးထားကြရအောင်”
တစ်ရက် ကိုအောင်မောင်းရယ်ကျနော်ရယ် မိတ်ဆွေတစ်ယောက်အိမ်က ဝါဆိုသင်္ကန်းကပ်တာကိုဖိတ်တာနဲ့နှစ်ယောက်အတူသွားကြပါတယ်။
အဲဒီမှာ ကိုအောင်မောင်းတို့ ကုမ္ပဏီက ကိုယ်စားလှယ်ယူထားတဲ့ ပစ္စည်းကို ထုတ်လုပ်သူရဲ့သားလေးတွေနဲ့ဆုံကြပါတယ်။
သူတို့လေးတွေနဲ့ရောက်တတ်ရာရာ ပြောနေကြရင်း ထုံးစံအတိုင်း အရောင်းအဝယ်အကြောင်းတွေကိုရောက်သွားပါတယ်။
အဲဒီကလေးလေးတွေက အသက်နှစ်ဆယ်နဲ့အစိတ်ကြားမှာရှိနေတဲ့ နှစ်နှစ်ကြီး နှစ်နှစ်ငယ် ညီအကိုသုံးယောက်ပါ။
သုံးယောက်စလုံး ပညာတတ်ဘွဲ့ရလေးတွေလဲဖြစ်သလို စကားပြောတာဆိုတာ မွန်မွန်ရည်ရည်ရှိကြတဲ့အပြင် နေပုံထိုင်ပုံကြည့်တာနဲ့တင်
မိဘက သေချာစွာ ဆုံးမပဲ့ပြင်ထားတဲ့ကလေးတွေဆိုတာသိနိုင်ပါတယ်။
နောက်ပြီးစကားပြောနေရင်းနဲ့သိလာတာတစ်ခုက သူတို့အလုပ်အပေါ်မှာ အလေးအနက်ထားပြီး စိတ်ဝင်စားတယ်
ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတာကို အမြဲစဉ်းစားနေတယ်ဆိုတာကိုလဲ တဖြည်းဖြည်းသိလာရပါတယ်။
ပိုပြီးသိလာတာကတော့ သူတို့လေးတွေသည် သူတို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းကို သိပ်ပြီးအလေးအနက်ထားတယ် ရှိသမျှဈေးကွက်ကို သူတို့အားလုံး စိုးမိုးထားချင်တယ်ဆိုတာကိုပါ။
သူတို့ထုတ်လုပ်နေ့တဲ့ လူသူုံးကုန်ပစ္စည်းကလည်း တပြည်လုံးအတိုင်းအတာနဲ့ ကိုအောင်မြင်နေတဲ့ပစ္စည်းလည်းဖြစ်ပါတယ်။
နေရာတကာမှာ သူတို့မူပိုင်လုပ်ထားတဲ့ တံဆိပ်က မြင်တွေ့နေရပါတယ်။
ဒါပေမယ့်ဒီလောက်အောင်မြင်နေတာကို သူတို့က လူငယ်ပီပီ အားမရနိုင်သေးဘူးဖြစ်နေပါတယ်။
အဲဒီအချိန်မှာ အငယ်ဆုံးကောင်လေးက ပြောပြတာက သူပြီးခဲ့တဲ့ နှစ်လလောက်က ကချင်ပြည်နယ်ဘက်မှာရှိတဲ့ မိုးကောင်း မြစ်ကြီးနား ဟိုပင်အစရှိတဲ့မြို့တွေ ကို ခရီးထွက်ခဲ့ပါသတဲ့။
သွားရင်း လုံခင်း ဖားကန် ့ဆိုင်းတောင် ဆိုတဲ့မှော်ထဲထိရောက်ခဲ့ပါသတဲ့။
နောက်ဆက်သွားရင်းက မိုင်းရှူးဆိုတဲ့နယ်မြေတွေကိုလည်းသူရောက်ခဲ့ပါသေးသတဲ့။
အဲဒီနယ်ဘက် မှာ သူတို့နဲ့အပြိုင်ထုတ်လုပ်နေတဲ့ တံဆိပ်တွေက သူတို့ တံဆိပ်ထက်ပိုပြီး လူအသုံးများနေ ရောင်းကောင်းနေတာကိုတွေ့ရပါသတဲ့။
ဒီရလာဒ်ကအဲဒီကလေးကို သိပ်ကျေနပ်ပုံမရဘူးဖြစ်နေပါတယ်။
ကျန်တဲ့နေရာတွေမှာဆိုရင်သူတို့ထုတ်လုပ်တဲ့ ပစ္စည်းကဘဲ ပိုလူသုံးများတာ ပိုရောင်းကောင်းတာကိုတွေ့ခဲ့ရပေမယ့် ဒီနယ်မှာ သူတို့ပစ္စည်းက လူအသုံးနည်းနေတာကို
မခံချိမခံသာဖြစ်နေပါတယ်။
သူက “ကျနော်အဲဒီနယ်က ဈေးကွက် ကို ကျနော်ရချင်တယ် စဉ်းစားပြီး ဖောက်ပေးပါအုံး လေးအောင်ရေ “လို့ ပူဆာတာလို လို တိုက်တွန်းတာလိုလိုနဲ့ပြောရင်း
ကျနော့်ဘက်လှည့်ပြီး “လေးပေါက်ကလဲ အကြံကောင်းလေးများရှိရင် ပြောပေးပါအုံးနော် “လို့ ပြောလိုက်ပါသေးတယ်။
ကိုအောင်မောင်းကတော့ ဘာမှ မပြောဘဲ ပြုံးနေပါတယ်။
အဲဒီအခါမှာ “လေးအောင်ရေ ကျနော်ကတော့ ဒီဈေးကွက် ကို မရ ရအောင်ယူမှာ “လို့ စိတ်အားထက်သန်စွာနဲ့ပြောပါတယ်။
ခဏနေတော့ကလေးတွေကလဲ နုတ်ဆက်ပြီးပြန်သွားသလို ကျနော်တို့နှစ်ယောက်လဲပြန်လာကြပါတယ်။
လမ်းမှာလက်ဘက်ရည်ဆိုင်ဝင်ထိုင်ရင်း ကျနော်ကလဲ ကိုအောင်မောင်းကို စောစောက ကလေးပြောတာကို ပြန်ပြီး စကားစဖော်ပေးးပါတယ်။
“ကိုပေါက်ရာ ဘယ်လိုလုပ်ပြီး ဈေးကွက်တစ်ခုလုံးကိုယ်တစ်ယောက်ထဲရချင်လို့ဖြစ်နိုင်ပါ့မလဲ” လို့ ခပ်ပြုံးပြုံးဘဲပြောပါတယ်။
@@@@@@@ @@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@@@
နောက်နှစ်လလောက်နေတော့ ကိုအောင်မောင်းနဲ့ကျနော် ပြန်ဆုံတဲ့အခါ
“ကိုပေါက် ဟိုတစ်လောတုံးက ကလေးတွေနဲ့ဆွမ်းကျွေးမှာတွေ့တာ မှတ်မိလား “လို့မေးပါတယ်။
မှတ်မိတဲ့အကြောင်းပြောတော့
” ကလေးတွေက ကျနော်ပြောတာ မရဘူးဗျာ အဲဒီဈေးကွက်ကို ရအောင် ဇွတ်အတင်းကို လုတာ၊
အဲဒီဈေးကွက်ကိုတော့ သူတို့လိုချင်တဲ့အတိုင်းရလိုက်တယ် ဒါပေမယ့် ဟိုဘက်က ကျနော့်အရင်က အေးအေးဆေးဆေး တစ်ယောက်ထဲလုပ်နေတဲ့ဈေးကွက်ကို ပြန်ဝင်ချလာတယ်
လုပ်ရတာ ရှုပ်ကုန် ခက်ကုန်တာပေါ့”လို့စိတ်ပျက်လက်ပျက်နဲ့ပြောပါတယ်။
ဒါနဲ့ဘဲအိမ်ပြန်ရောက်လာတော့လဲ ဒီအကြောင်းက ခေါင်းထဲမှာမပျောက်နိုင်ဘဲဖြစ်နေပါတယ်။
လူငယ်တွေလုပ်ချင်ကိုင်ချင်စိတ်ရှိတာ ကိုယ်အလုပ်အပေါ်မှာစိတ်အားထက်သန်တာ ကောင်းသောအကြောင်းအရာလေးပါ။
ဒါပေမယ့်လူငယ်ပီပီ စိတ်ထက်သန်လွန်းနေပါတယ်။
သူတို့သတိမထားလိုက်မိတဲ့အချက်ကတော့ ကိုယ်နဲ့ပြိုင်ဘက်ကလဲ ကိုယ်လိုဘဲ အောင်မြင်ချင်တယ် ဆိုတဲ့စိတ်ရှိမယ်ဆိုတာကိုပါ။
သူလဲ ငွေအရင်းအနှီး လူအရင်းအနှီးတွေနဲ့လုပ်ငန်းထူထောင်ထားရတယ်ဆိုတော့ နစ်နာဆုံးရှုံးမှာကိုတော့ ဘယ်ခံချင်ပါ့မလဲနော်။
ကိုယ်ထုတ်လုပ်တာလေးကို ကိုယ့်ဈေးကွက်နဲ့ကိုယ်ရောင်းမယ်။
သူများက ကိုယ့်ဈေးကွက်ထဲဝင်လာလို့ ကိုယ်အရောင်းကျသွားမယ် ဆိုရင် သူများဈေးကွက်ထဲပြန်လို့ဝင်ရမှာပါဘဲ။
လုပ်ငန်းဆိုတာရပ်ထားလို့ မရတာကတော့အမှန်ပါဘဲ။
လုပ်ငန်းအတွက် ကြိုတင်လို့ ကုန်ကြမ်းရင်းနှီးထားတာရှိတယ် ။
ဝန်ထမ်းတွေကို ခေါ်ထားရတဲ့စရိတ်စကတွေရှိမယ်။
ဒီတော့မရောင်းရဘူးဆိုတာနဲ့ငွေလည်ပါတ်မှု့တွေကလဲ နှေးသွားမယ်။
သူ့နောက်ဆက်တွ့ ကုန်ထုတ်လုပ်မူ့တွေကိုလျှော့ချရတော့မယ်။
ဒါဆိုရင် ခန့်ထားတဲ့ ဝန်ထမ်းတွေ လည်း ဝင်ငွေနည်းလာရင် တစ်ခြားအလုပ်ကိုပြောင်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ဈေးကွက်မပျောက်အောင်ပြန်ဖြစ်တဲ့နည်းနဲ့ပြန်လုရတော့မှာပါဘဲ၊
အဲဒီအခါမှာ အကြံတူရန်သူ ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက်အပြိုင်အဆိုင်တွေလုပ်ကြရပါတော့တယ်။
ဈေးတွေလျှော့ပေးရမယ်။
ကံစမ်းမဲတွေထည့်လို့ ဝယ်ချင်အောင်ဖန်တီးရမယ်။
ကုန်အကြွေးကို မြန်မြန်မတောင်းတော့ ဘဲ ကြာကြာလေးထားပေးရမယ်။
အပြိုင်အဆိုင်ကြော်ငြာရတော့ ဘယ်လိုဘဲပြောပြော ကြော်ငြာစရိတ်တွေတက်လာမယ်။
စိတ်ထဲမှာတင်းကျပ်မူ့တွေများလာမယ်။
မကျေနပ်ချက်တွေများသထက်များလာမှာ အမှန်ပါဘဲ။
တွက်ကြည့်ရင် ဘယ်ဘက်ကမှကောင်းကျိုးမရှိပါဘူး။
စီးပွားရေးလုပ်ငန်းဆိုတာကလည်း ဆီလို ရေလိုပါဘဲ။
ပိတ်ထားရင် ရတဲ့နေရာကနေထွက်ပေါက်ရှာလို့ ဖောက်ထွက်မှာဘဲ။
အကောင်းဆုံးကတော့ ကိုယ့်ဈေးကွက်နဲ့ကို်ယ် မှန်မှန်ငြိမ်ငြိမ်လေးရောင်းတာအကောင်းဆုံးပါ။
တစ်ခြားသူကလဲ လုပ်ငန်းရှင်ဆိုတော့ “သူလဲ ငါလို့ရောင်းချင်မှာဘဲလေ”လို့တွေးမိရင် အပြိုင်အဆိုင်လုပ်ချင်စိတ်နည်းသွားတော့
လုပ်ရတာ ပိုစိတ်ချမ်းသာလာမယ်ထင်ပါတယ်နော်။
ကို်ယ်လဲ ကို်ယ့်ဈေးကွက်နဲ့ကိုယ်ရောင်း သူလဲသူ့ဈေးကွက်နဲ့ကိုယ်ရောင်းဆိုရင်
တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်စိတ်တွေမရှိတော့ ဘဲ ကုန်ပစ္စည်းတစ်ခုတည်းကို အတူရောင်းပေမယ့်
မိတ်ဆွေကောင်းတွေလို ပေါင်းနိုင်မယ်လို့ထင်ပါတယ်။
ခွေးတောင်မှချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပါဘဲ။
သူ့ကိုလည်း ထွက်ပေါက်လေးပေးထားမယ်ဆိုရင် သူက ကိုယ်အပေါက်ကိုလာမပိတ်မှာကတော့ သေချာမှာပါ။
ကဲ အခုဘယ်လို လုပ်မလဲ………………………………………………………………………
ိ
10 comments
kyansitthar101
September 25, 2010 at 5:46 pm
ပစ္စည်းထုတ်လုပ်သူ တစ်ယောက်အနေနဲ့ စိတ်ထားတတ်ဖို့လိုပါတယ်။ ကုန်ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ကိုယ့်ထုတ်ကုန် ကိုလူအများသုံးစွဲ စေရန်နဲ့ သုံးစွဲသူအကျိုးရှိစေဖို့သာ အဓိကပါ။ သူများဈေးကွက်လုချင်လို့ တိုက်ချင်ခိုက်ချင်တဲ့စိတ်ဓါတ်နဲ့ ထုတ်လုပ်မှုလုပ်မယ်ဆိုရင် အောင်မြင်သည် ကျရုံးသည်ထက် စိတ်ပင်ပန်းစေပြီး ရေရှည်တွင် ဆုံးဖြတ်ချက်မှားနိုင်ပါတယ်။ သူက ငါ့ပြိုင်ဘက်မို့လို့ ဆိုပြီး တိုက်ခိုက်မယ် ဈေးကွက်လုမယ်ဆိုရင် မှားပါလိမ့်မယ်။ ဈေးကွက်တစ်ခုတွင် ကုန်ပစ္စည်း အမှတ်တံဆိပ် များစွာရှိရာ ဘယ်သူကိုမှ တိုက်ခိုက်ရန်မလိုပါ။ စီးပွားရေးလုပ်သူ အချင်းချင်း တိုက်ရန်ခိုက်ရန်မလိုပါ။ သူလဲ သူ့အလုပ်သူလုပ် ကိုယ်လဲ ကိုယ့်အလုပ်ကိုလုပ်ရန်သာ လိုပါတယ်။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေနိုင်ပါတယ်။ ဒီထက်ပိုပြီးတော့ အကျိုးရှိအောင်ဆိုရင် လုပ်ငန်းတူ အကျိုးတူ ပူးပေါင်းလုပ်မယ်ဆိုတောင်ဖြစ်နိုင်ပါသေးတယ်။
kai
September 25, 2010 at 7:42 pm
ယူအက်စ်က စီးပွားရေးတွေကတော့ တမျိုးစဉ်းစားတယ်ပြောရမှာပဲ။
သူတို့က ငါးဥပမာနဲ့ပြောလေ့ရှိတယ်လေ။ ငါးသေးကိုငါးကြီးက စားတာပဲ။ သေးရင်တော့ စားခံရမှာပဲ။ ကြီးလို့ရှိရင်တော့ စားပေါ့.။
အဲဒီလိုနဲ့ ကုမ်မဏီတွေဟာ ကမ်ဘာလုံးအတိုင်းအတာမှာတောင် ကြောက်စရာကောင်းအောင်ကြီးလာကြတယ်။
နောက်ဆုံး ဖယ်ဒရယ်အစိုးရက အင်တိုင်ထရပ်စ်ဥပဒေထုတ်ပြီးတားမြစ်ရတဲ့အထိပေါ့။
မြန်မာပြည်မှာတော့ စီးပွားရေးသမားတွေကို.. အရွယ်အသက်နဲ့ တိုင်းပြောချင်မိတာပါပဲ။
လူငယ်တွေဆိုတော့ လုပ်နိုင်စွမ်းအားရှိချိန်ဆို “ချ” ကြစေချင်မိတာပါ။ အကျိုးတူပူးပေါင်းမလား။ မြိုခံမလားဆိုတာမျိုးနဲ့ သွားစေလိုတာပါ။
အရွယ်ရလာပြီ တည်ငြိမ်ပြီဆိုရင်တော့ တမျိုးပေါ့လေ..။
kopauk mandalay
September 26, 2010 at 2:36 am
ကျနော်ထပ်ပြောရမယ်ဆိုရင ်ကျနော်တို့နိုင်ငံမှာ နေတဲ့နိုင်ငံသားတွေ(လူမျိုးမရွေးဘာသာမရွေးပေါ့) ကိုယ်ပိုင်လုပ်ငန်းလေးတွေကို
ထူထောင်လို့ လုပ်ကိုင်ရတာ သိပ်မကြာသေးပါဘူး။
ဆိုရှယ်လစ်ခေတ်မှာဆို ကြီးလာပြီဆိုတာနဲ့ပျက်သွားတာကိုးဗျ။
စိတ်အေးလက်အေးနဲ့လုပ်ကြရတာ ထူထောင်ခွင့်ရကြတာက ဆယ်စုနှစ် (1)နှစ်စာလောက်ဘဲရှိပါသေးတယ်။
ဒါကြောင့်အရှိန်လေးရလို့ပြေးကောင်းနေတုန်း အချင်းအချင်းတိုက်မိလို့ လဲကုန်မှာကို အရမ်းစိုးရိမ်လို့
ဒီစာစုလေးကို ရေးဖြစ်တာပါ။
bigcat
September 26, 2010 at 4:34 am
ဟုတ်တယ်ဗျ၊ မားကက်တင်းမှာ ကိုယ့်ပြိုင်ဖက်ကို သတိပေးဟန့်တားတဲ့ အနေနဲ့ သူ့ဈေးကွက်ထဲကို လက်တုံ့ပြန်ဝင်တာ ထိရောက်ပုံရတယ်၊ ကိုယ်မှာ အရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိခဲ့ရင်ပေါ့လေ။ မရှိဘဲနဲ့ စွတ်လိုက်ဖိုက် ပြန်ရင်လည်း ရန်သူ့တိုက်စစ်ကို တိုက်စစ်နဲ့ပြန်ရိုက်ချိုးကြဆိုပြီး အဓိပ္ပါယ်မဲ့ စစ်နည်းဗျူဟာအမှားကို ကျင့်သုံးခဲ့မိလို့ ဗမာပြည် ကူမြူနစ်ပါတီဟာ သူ့ရဲ့အခြေခံပဲခူးရိုးမဒေသ ကျဆုံးခဲ့ရတယ်လို့ ကိုယ့်ကိုယ်ကိုဝေဖန်ရေး စာတပုဒ်မှာ ဖတ်ဖူးတယ်။ အီကော်နောမစ်မှာ မားကက်အီကွေလစ်ဗရီယမ် လို့တဲ့ဆုံချက်ကိုမရောက်သ၍ ကိုယ့်ပစ္စည်းဈေးကွက်က အခြားကုန်ပစ္စည်း ဈေးကွက်တွေထက် ပိုမြတ်နေသ၍ ပြိုင်ဖက်အသစ်တွေ၊ လက်ရှိပြိုင်ဖက်တွေရဲ့ ဈေးကွက်လာလုမှုကို ရင်ဆိုင်ရမှာမလွဲပါဘူး။ ပြိုင်သူများလာပြီး အမြတ်အစွန်းတွေကျသွားလို့ အခြားစီးပွားရေးခွင်တွေနဲ့ ပိန်မသာလိန်မသာ ဖြစ်သွားတော့မှ ဈေးကွက်လုတာတွေ အသစ်ရင်းနှီးမြှုပ်နှံမှုတွေ ရပ်သွားမှာပါ။ ဒါကြောင့်အကယ်ဒမစ် ပညာရှင်တွေက သူများထက် အမြဲနှာတဖျားသာနေဖို့ ကိုယ်လုပ်နည်းလုပ်ဟန် အရည်အသွေးကို လိုက်မတုနိုင်ဖို့ အမြဲတီထွင် ဆန်းသစ်နေဖို့ ပြောလေ့ရှိပါတယ်။ အရေးကြီးတာ အပျော့ထည်လို့ခေါ်တဲ့ ညဏ်ပညာပိုင်းမှာ သူများနဲ့မတူတဲ့ လိုက်ခိုးဖို့ခက်ခဲတဲ့ ကိုယ်ပိုင် အကြံအစည်တွေရှိဖို့ပါ။ ကျွန်နော်လည်း လက်တွေ့တော့လိုက် မလုပ်ဘူးပါဘူး။ လိုက်နာနိုင်ရင် အကျိုးရှိမှာမိုလို့ စာတွေ့လေးကို ဝေမျှတာပါ။
ဆူး
September 26, 2010 at 4:35 am
ကို kai ပြောသလို အစုရှယ်ယာ စနစ်က ဒီမှာတော့ ရှိပါတယ်။ ယခု လက်ရှိဆို လက်ချိုးရေလို့ရတယ် ချမ်းသာသူတွေ။ အကြီးကတော့ အသေးကို သာစမြဲပါ။ အကြီးက ငွေအင်အားတွေ များတော့ ကြာရှည်တောင့်ခံနိုင်တယ် အသေးကတော့ ကြာရှည် မခံနိုင်တော့ ပြုတ်သွားတတ်ကြတာပါ။ ဧရာဝတီမြစ်မှာ သင်္ဘော ပြေးတဲ့ မြန်မာ မျိုးချစ် လုပ်ငန်းရှင်ကိုသာ မျက်စိထဲ ပြေးမြင်မိပါတော့တယ်။
unclegyi1974
September 27, 2010 at 1:23 pm
ကိုပေါက်ပြောတဲ့ထွက်ပေါက်ပေးတယ်ဆိုတာကိုလက်မခံပါဘူး
ဈေးကွက်ဆိုတာအမြဲယဉ်ပြိုင်နေတာပါ ကိုယ်ကမပြိုင်လဲသူများက
ကိုယ့်ကိုလာပြိုင်မှာပါ ဒါကဈေးကွက်ရဲ့နိယာမပါ
အဲဒီဈေးကွက်မှာကိုယ်ကသွားမပြိုင်လဲ ကိုယ့်လိုထုတ်လုပ်သူတ
ယောက် ယောက်က သို့မဟုတ် ၂ယောက် ၃ယောက်က
တနေ့နေ့မှာသွားပြီးဈေးကွက်လုမှာပါဘဲ
ယှဉ်ပြိုင်တယ်ဆိုတာ ဈေးနှုန်း ပစ္စည်းအရည်အသွေး ဝန်ဆောင်မှု သာတဲ့သူနိုင်မှာပါဘဲ
အခုမပြိုင်ကြလဲ မကြာသောကာလမှာ အာဆီယံမူအရ
ပိုမိုအားကြီးသော နိုင်ငံခြားထုတ်လုပ်သူများရောက်လာပြီး
ဒီကလုပ်ငန်းသေးလေးတွေမျိုခံရမှာပါ
အဲဒီတော့ နိုင်ငံခြားကိုယဉ်လို့ရအောင် အခုကတည်းက
ကိုယ့် ကိုယ်ကိုအခြေခိုင်အောင်လုပ်ထားရမှာပါ
ကျွန်တော်ကတော့ကောင်ကလေးတွေရဲ့ကြိုးစားအားထုတ်
မှုကိုအားပေးပါတယ်
kk
September 27, 2010 at 2:04 pm
ပြိုင်ဘက်ကို ထွက်ပေါက်ပေးလိုက်တာဟာ ကို့ကိုယ်ကို ထွက်ပေါက်ပိတ်လိုက်တာနဲ့ တူတယ်လို့ ကျွန်တော်တော့ထင်တယ်။ ကိုထွက်ပေါက်ပေးလိုက်မိတဲ့ ပြိုင်ဘက်က ကိုပေးလိုက်တဲ့ ထွက်ပေါက်ကထွက်သွားပြီး ကို့ထွက်ပေါက်ကိုလာပိတ်မယ့်ပြိုင်ဘက်မျိုးဆိုရင်တော့ သေပြီနော်။
kopauk mandalay
September 27, 2010 at 3:16 pm
ကျနော်ဆိုလိုချင်တဲ့ဈေးကွက်ဆိုတာ လောလောဆယ်တည်ဆောက်ဆဲ မြန်မာပြည်တွင်းက ဈေးကွက်ကိုဆိုလိုပါတယ်။
ဘာလို့လဲဆိုတော့မြန်မာပြည်တွင်းထုတ်လုပ်သူများရဲ့ထုတ်ကုန်များသည်ပြည်တွင်းဈေးကွက်ထဲမှာသာဈေးကွက်လုလို့ရောင်းချနေရပါတယ်။ပြည်တွင်း စားသုံးသူလိုအပ်ချက်သည်ကိန်းသေဖြစ်နေပါတယ်။
ပြည်တွင်းဈေးကွက်အတွင်းမှာနေရာလုနေမယ့်အစား ပြည်ပဈေးကွက်ကို ထိုးဖောက်ဘို့ကပိုလိုအပ်တယ်လို့ကျနော်အနေနဲ့ယူဆပါတယ်။
အခုလိုမတူသောအမြင်များနဲ့ဝင်ဆွေးနွေးတာကို လက်ခံပါတယ်။ဒါမှလဲ ကျနော်မှန်တယ်လို့ထင်နေတဲ့အမှားတွေကို မှန်အောင်ပြင်နိုင်မှာဖြစ်ပါတယ်။
kyansitthar101
September 28, 2010 at 12:22 am
ပြည်တွင်းစားသုံးသူလိုအပ်ချက်သည်ကိန်းသေ ဆိုတာတော့ ဟုတ်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ ဒီနှစ် ဒီနယ်မှာ ဒီပစ္စည်းရဲ့ ဖြုန်းအားက ဒီလောက်ဆိုရင် နောက်နှစ် ဒီပစ္စည်းရဲ့ ဖြုန်းအားက ဒီလောက်ဘဲ လို့ကိန်းသေ ပြောလို့ ရမယ်မထင်ဘူးဗျ။
စားသုံးသူတွေမှာ သူတို့ ကြိုက်နှစ်သက်တဲ့ ပစ္စည်း ကိုရွေးချယ်ခွင့်ရှိတယ်လေ။ စားသုံးသူတွေကို မင်းကဒီပစ္စည်းဘဲသုံး ဟိုတစ်ယောက်က ဟိုပစ္စည်းဘဲ သုံးလို့ သတ်မှတ်ထားလို့မှ မရတာ။
နောက်ပြီးစားသုံးသူဦးရေကလဲ ကိန်းသေတော့ မဖြစ်နိုင်ဘူးဗျ။
thethtet87
September 28, 2010 at 3:37 am
ကိုပေါက်ပြောတာကိုအပြည့်အဝတော့မထောက်ခံပါဘူး။
ကျွန်တော်တို့ကိုယ်တိုင်လည်းကိုယ့်ကုမ္မဏီရဲ့နယ်ပယ်ချယ်ထွင်းမှုကိုလုပ်ဆောင်နေရတာတွေရှိပါတယ်။ဒါပေမဲ့လုပ်ဆောင်တဲ့နေရာမှာနည်းနည်းလေးကွဲလွဲမှုရှိနေလို့ထင်ပါတယ်။အဓိကလုပ်ဆောင်တဲ့နေရာမှာကိုယ်ခြေကုတ်ရထားတဲ့နေရာကိုအရင်ခိုင်မြဲအောင်လုပ်သင့်တယ်။ပြီးမှ
နောက်ထပ်နယ်မြေတစ်ခုကိုထိုးဖောက်သင့်တယ်။ကိုယ့်
နေရာကိုခြေကုတ်မခိုင်မြဲတော့သူများကထိုဖောက်လာတော့ကိုယ့်ဈေးကွက်ကိုစိတ်ချရတဲ့အနေအထားမှာမရှိတော့အဲဒါကိုပြန်ပြီးကာကွယ်နေရတာနဲ့အလုပ်တွေကကသောင်းကနင်းဖြစ်ကုန်တာပေါ့။ဒါကဖြစ်ချင်စောများပြီးရှေ့ကိုအလောတကြီးလုပ်တာကြောင့်လို့ဖြစ်တာလဲ
ဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူတို့အသက်အရွယ်နဲ့လုပ်ငန်း
အတွေ့အကြုံရလာရင်သူတို့မှာပိုကောင်းတဲ့အကြံဉာဏ်တွေရလာမှာပါ။ကိုယ်ထက်တောင်ကောင်းချင်ကောင်းနေအုန်းမှာလေ။လုပ်ချင်တဲ့စိတ်ဓါတ်ကချီးကျူးဖို့
ကောင်းတယ်။ဒါလေးရှိနေရင်ကျန်တာသူဟာသူဆုံး
ဖြတ်ပါလိမ့်မယ်။မှားရင်လည်းအမှန်ကိုရှာတွေ့မှာပါ။
သူတို့ကြိုးစားပါလိမ့်မယ်။ကျွန်တော်ကတော့အားပေးတယ်။