ဒီစကားလုံးတွေဘယ်ကရ … ?
ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေတီထွင်ရသလို နီးစပ်ရာ အင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးကိုကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။ မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်းပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါ မြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုးပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံး တွေ့ရတာပါ။ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ ယူဆချက်ကတော့ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ ဆိုတာကို စံနှုန်းတစ်ခုနဲ့ ဖြစ်လာဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် မွန်ပညာရှင်တွေဟာ အေဒီ ၅ ရာစုကတည်းက အိန္ဒိယတောင်ပိုင်း အက္ခရာတစ်ခုဖြစ်တဲ့ပလ္လဝအက္ခရာကို အခြေခံပြီး မွန်အက္ခရာတွေကို တီထွင်ခဲ့ကြပါတယ်။ ဒါကြောင့် ကျန်စစ်မင်းလက်ထက်မြန်မာအက္ခရာတွေ ပြုစုကြတဲ့ အချိန်မှာ အဲဒီခေတ်အခါက ဩဇာအရှိဆုံး ဘာသာစကားဖြစ်တဲ့မွန်ဘာသာရဲ့ အက္ခရာအတော်များများကို မူရင်းအတိုင်း မွေးစားယူခဲ့ကြတယ်။ အက္ခရာတင်လား ဆိုတော့မဟုတ်ပါဘူး။ စကားလုံး အတော်များများကိုလည်း ယဉ်ကျေးမှု မြင့်မားပြီး ဖြစ်တဲ့ မွန်တွေဆီကနေမွေးစားယူခဲ့ကြတယ်။ ကျနော်တို့ တွင်တွင်ကြီး သုံးနေတဲ့ စကားလုံး အတော်များများဟာမွန်စကားလုံးတွေပါလား ဆိုတာကို ဒေါက်တာမင်းတင်မွန် ရဲ့ မွန်-မြန်မာစာပေပေါင်းကူး ဆိုတဲ့စာအုပ် ဖတ်လိုက်ရမှ အသိပညာ တိုးပွားလာတာကြောင့် ချစ်သူငယ်ချင်းတွေလည်း သိစေချင်တဲ့ ဆန္ဒနဲ့ထပ်ဆင့် ကူးယူ တင်ပြလိုက်ပါတယ်။ စကားလုံးတွေ အများကြီး ရှိပေမယ့် ထင်သာမြင်သာရုံလောက်ပဲတင်ပြနိုင်တာမို့ အနည်းအကျဉ်းပဲ ဖော်ပြလိုက်ပါတယ်။ အသိပညာ တိုးပွားနိုင်ပါစေလို့ ……..
ဓါးပြ – ဓါးပြကာ ဆိုးသွမ်းသောကြောင့် “ဓါးပြ” ဟုလည်းကောင်း၊ ချွန် “မြ” သော “ဓါး” ကို ကိုင်ဆောင်၍ ဆိုးသွမ်းသောကြောင့် “ဓါးမြ” ဟုလည်းကောင်း၊ အကြောင်းပြကြသည်။ ထိုအကြောင်းပြချက်များထက် မွန်စကား “ဒမ္လ” မှ ဆင်းသက်လာသည်ဟု ယူဆလျှင် ပို၍ သင့်လျော်ပါသည်။ “ဒမ္လ” ကို မွေးစားခဲ့သည့်အတွက် “ဒမြ” ဟု အသံထွက်၍ ရွတ်ဆိုနေခြင်း ဖြစ်ပေသည်။
တလား – မွန်ဘာသာ၌ “တလာ” (အသံထွက် – တလား) သည် “သေတ္တာ” ဟု အဓိပ္ပာယ်ရပါသည်။ သေတ္တာပုံရှိသော ဗုံတူရိယာကို “ဗာတ်တလာ” ဟုခေါ်သည်။ ယင်းတူရိယာကို မြန်မာတို့က “ပတ္တလား” ဟု ခေါ်ပါသည်။ မွန်စကားလုံး “တ္လာ” နှင့် မြန်မာ “သစ်” ကို ပေါင်းလိုက်သောအခါ “သစ်တ္လာ”၊ ထိုမှတစ်ဖန် “သေတ္တာ” ဟု ဖြစ်လာဖွယ်ရှိပါသည်။
သင်းပိုင် – “သင်း” တစ်လုံး “ပိုင်” တစ်လုံး အဓိပ္ပာယ် ကြံယူလျှင် သင်းပိုင်၏ အဓိပ္ပာယ်ကို မရပါ။ သင်းပိုင်သည် ပါဠိမှ ဆင်းသက်သည်လည်း မဟုတ်ပါ။ နံငယ်ပိုင်းကဲ့သို့သော ခါးဝတ်ပုဆိုးကို “သပိုင်” ဟု မွန်တို့က သမားရိုးကျ ခေါ်ဆိုခဲ့ကြသည်။ သင်းပိုင်ကိုလည်း “သပိုင်” ဟုပင် ယခုတိုင် ခေါ်ဆိုနေပါသည်။ ထို “သပိုင်” မှ “သင်းပိုင်” ဖြစ်လာသည်ဟု ယူဆသင့်ပါသည်။
ကနုသင်း၊ ခရုသင်း – ခရုကို မွန်တို့က “ကနု” ဟု ခေါ်သည်။ ကနုသင်း (ဝါ) ခရုသင်းဟူသော ဝေါဟာရသည် မွန်တို့အခေါ် “ကနုသင်” မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ “သင်” သည် ကမ်းခြေဟု အဓိပ္ပာယ်ရပါသည်။ ပင်လယ်ကမ်းစပ်၌ တွေ့ရသော ခရုတစ်မျိုးဟု အဓိပ္ပာယ် ရပါသည်။
ခရုကမာ – မွန်ဘာသာ၌ ရေကန်ကို “ကမာ” ဟုခေါ်သည်။ ရေကန်ခရုကို “ကနုကမာ” ဟု ခေါ်သည်။ ယင်းအခေါ်မှ “ခရုကမာ” ဆင်းသက်လာသည်မှာ ထင်ရှားပါသည်။
အိတ်ထောင် – ရှပ်အင်္ကျီတွင် ထောင်နေသော အိတ်ဖြစ်၍ “အိတ်ထောင်” ခေါ်သည်ဟု မယူဆစေလိုပါ။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟု ခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။ အိတ်ကို မွန်တို့က “ထိုင်” (အသံထွက် ထောင်း) ဟုခေါ်ပါသည်။ ထို့ကြောင့် “အိတ်ထောင်” သည် မြန်မာ “အိတ်” နှင့် မွန် “ထိုင်” တို့ ပေါင်းစပ်ရာမှ ဖြစ်လာသည်ဟု ယူဆစေလိုပါသည်။
လက်ကောက် – လက်၌ ဝတ်သောတန်ဆာကို “လက်ကောက်” ဟုခေါ်ပြီး ခြေ၌ ဝတ်သောတန်ဆာကို “ခြေကောက်” ဟု မခေါ်ဘဲ “ခြေကျင်း” ဟု ခေါ်သည်မှာ ဆန်းနေပါသည်။ အမှန်မှာ “ကောက်” သည် မွန်ဝေါဟာရ “လကံက်” (အသံထွက် – လကောက်) ကို မွေးစားထားခြင်း သာဖြစ်သည်။ လက်ကောက်ကို မွန်တို့က “လကံက်တဲ” ဟု ခေါ်ပါသည်။ “တဲ” မှာ “လက်” ဖြစ်ပါသည်။
အကောက်အခွန် – မြန်မာ “အကောက်” သည် မွန် “အကံက်” နှင့် အသံတူ အဓိပ္ပာယ်တူ၍ မြန်မာ “အခွန်” သည် မွန် “အခေါန်” နှင့် အသံတူ အဓိပ္ပာယ်တူပါသည်။ နိုင်ငံအုပ်ချုပ်ခြင်း၊ အခွန်အကောက် စည်းကြပ်ခြင်းတို့ကို မွန်တို့က ဦးစွာ ဆောင်ရွက်သူများဖြစ်၍ “အကောက်အခွန်” သည် မွန်တို့၏ “အကံက်အခေါန်” ကို မွေးစားထားသည်ဟု ယူဆသင့်ပါသည်။
ဘုဘမသိ – ဘုနှင့်ဘကို မခွဲခြားတတ်ခြင်းကို အခြေခံ၍ ဘုမသိဘမသိ ဖြစ်ပေါ်လာသည်ဟု ယူဆလျှင် အလွန်တိမ်သော ယူဆချက်ဖြစ်ပေမည်။ အမှန်မှာ “ဘုမသိ ဘမသိ” ကို “ဗုမသိ ဗမသိ” ဟု ရေးသင့်ပါသည်။ မွန်ဘာသာတွင် အဖြူကို “ဗု” ဟုခေါ်၍ အမဲကို “ဗစံက်” ဟုခေါ်သည်။ အဖြူမသိ အမဲမသိသည့် သဘောကို “ဗုဗဟွံတီ” (ဗုဗမသိ) ဟု ဆိုကြပါသည်။ ဗ မှာ ဗစံက်၏ ရှေ့စကားလုံးဖြစ်သည်။
ဗုန်းဗောလအော – အလွန်များပြားခြင်း၊ အဖိတ်အစင်ဖြစ်အောင် ပေါများခြင်းတို့ကို “ဗုန်းဗောလအော” ဖြစ်သည်ဟု ဆိုကြပါသည်။ မွန်ဘာသာတွင် ဤအဓိပ္ပာယ်နှင့် အသုံးပြုသော စကားလုံးနှစ်လုံး ရှိပါသည်။ “ဗုန်ဗဝ်” (ဗုံးဗော) နှင့် “ဗဝ်အဝ်” (ဗောအော) တို့ ဖြစ်ကြသည်။ ယင်းဝေါဟာရ နှစ်လုံးကို ပေါင်းစပ်၍ “ဗုန်းဗောလအော” ကို တီထွင်ခဲ့သည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။
ပြတင်း – ခေါင်းပြူထွက်ကာ ကြည့်သောအပေါက် ဖြစ်၍ “ပြူတင်းပေါက်” ဟု အချို့က ဆိုကြသည်။ မဖြစ်တန်ရာပါ။ ပြတင်းပေါက်ဟု အဓိပ္ပာယ်ရသော မွန်ဝေါဟာရ “ဗတင်” မှ “ပြတင်း” ဖြစ်လာသည်ဟု ယူဆလျှင် သင့်မြတ်ပါသည်။
စစ်ကဲ၊ သူရဲ – ဤဝေါဟာရများသည် မွန်ဘာသာ “စက်ကာဲ” နှင့် “သရာဲ” အသီးသီးတို့မှ ဆင်းသက်လာသည်ဟု ယူဆရပါသည်။ နိုင်ငံ အုပ်ချုပ်မှုဆိုင်ရာတွင် မွန်က မြန်မာထက် စောသည်ကို မမေ့သင့်ပါ။
ဤတွင် “စာပေတန်ဆောင်” စာမျက်နှာ ၄၆ဝ ၌ ပါမောက္ခ ဦးချမ်းမြ ရေးသားထားသည့် စာပိုဒ်တစ်ခုဖြင့်
နိဂုံးချုပ်လိုပါသည်။
အထက်ပါ မွန်စကားလုံးများကို မြန်မာတို့က ကောက်ယူမွေးစား သုံးထားကြောင်းကို သာဓကပြရာ၌ အရေးကြီးသော ထင်ရှားသော စကားလုံး အချို့ကိုသာ တင်ပြထားခြင်း ဖြစ်ပါသည်။ စင်စစ်ဆိုသော် မြန်မာစကားရင်းများတွင် များပြားလှစွာသော မွန်စကားတို့သည် မြန်မာစကားအသွင်ဖြင့် ရပ်တည်လျက် ရှိနေပါသည်။ အချို့မှာ မွေးစားထားသည်ဟု ဆိုရစေကာမူ မွေးစားထားသည် ဟူ၍မျှပင် မရိပ်မိ မသိရှိရလောက်အောင် မြန်မာစကားဖြစ်၍ နေကြပါသည်။ ဤသို့ မြန်မာစကား၌ မွန်စကားတို့ ရောယှက် ပါဝင်နေသည်ကို ထောက်သည်ရှိသော် ရှေးအခါက မွန်နှင့်ဗမာတို့သည် မည်မျှ ရင်းရင်းနှီးနှီး နေထိုင်ဆက်ဆံလာကြသည်ကို တွေးတောကြည့်နိုင်ပါသည်။ နှစ်ပေါင်းများစွာ အုပ်စည်းမပျက် ပေါင်းသင်းနေထိုင်လာကြပြီး တစ်ဦး၏ပစ္စည်းကို တစ်ဦးက မည်သို့ပင် သုံးစွဲယူငင်စေကာမူကျေကျေနပ်နပ် ချစ်ချစ်ခင်ခင်နှင့် ပေးကမ်းသုံးစွဲ လာကြကြောင်းမှာ ထင်ရှားပါသည်။ မွန်နှင့်ဗမာတို့သည် တစ်ဦးနှင့်တစ်ဦး သားချင်းသမီးချင်း ဖလှယ်၍ ကောက်ယူမွေးစားလာသကဲ့သို့ သွေးချင်းနှော၍ ဆွေးမျိုးတော်စပ်လာကြသည်ကို ထောက်ထားလျက် မည်သည့်အခါမျှ စိတ် မပျက်ဘဲ “မွန်ဗန်မာ” ဟူသော စကားသည် ဆက်လက်၍ အဓွန့်ရှည်စွာ တည်နေပါစေသတည်းဟု ဆုတောင်းရပါကြောင်း ….. ။
2 comments
michaelaungpu
September 28, 2010 at 12:18 pm
(ကျန်စစ်မင်းလက်ထက်မြန်မာအက္ခရာတွေ ပြုစုကြတဲ့ အချိန်မှာ အဲဒီခေတ်အခါက ဩဇာအရှိဆုံး ဘာသာစကားဖြစ်တဲ့ မွန်ဘာသာရဲ့ အက္ခရာအတော်များများကို မူရင်းအတိုင်း မွေးစားယူခဲ့ကြတယ်) ဘယ်သူကဘယ်သူ ့စီကယူယူ ကိုယ်ကတော့ အကြောင်းမဟုတ်ဘူး အကြောင်းဖြစ်နေကြတာက အဲ့သည်သမိုင်းဆရာတွေ။ မွန်တွေကဗမာစာဟာ မွန်တွေစီကလာတယ်ပေါ့(အနော်ရထာသထုံကိုသိမ်းအပြီး) အဲ့သည်တော့ ဗမာဆရာတွေက ဟုတ်ဘူးကွ ပြူခေတ်ကလာတယ် လုပ်ရော ဗမာဆရာတွေက ဟုတ်ဘူးဟုတ်တယ် နဲ ့ကို ရှုပ်နေကြတာ အခုထိဘဲ
ဒါပေမယ့်မွန်ဆရာကြီးတစ်ယောက်ပြောတဲ့စကားကတော့ တန်ဘိုးရှိတယ် (ပ ဟမ်းညီနော့- သူများကိုသွားမပြောနဲ ့ မင်းတို ့မွန်တွေကိုယ်တိုင် မွန်စကားကို လက်ဆင့်မကမ်းကြရင် မွန်မျိုးပြုတ်ပြီမှတ်)တဲ့ အဲးဒါမွန်မှ မဟုတ်ဘူး ကရင်ရော ရခိုင် ရော ဘဲ မှတ်ကြပေတော့
ဒါကြောင့် သမိုင်းစာမျက်နှာတွေကို ပြန်လှမ် ချေးခြောက်ရေနှုးပြီး စာမြုပ်ပြန်မနေကြနဲ ့ မွန်နေပြည်တော် ကရင်နေပြည်တော် ရှမ်းနေပြည်တော် တွေဆိုပြီးတော့
ဟိုမှာ ဆင်ဖြုငါးစီးရှင် ဗိုလ်ချုပ်ကြီးသန်းရွှေနဲ ့အပေါင်းပါတွေက မွန်ရော ကရင်ရော ရခိုင်ရော ကလားရော ဘုရားရော အကုန်ထုတာဘဲဆိုတာကိုလည်း ပြောပြချင်တာပေါ့ဗျာ
ဒါပေမယ့်လို ့ လေးလေးနက်နက် တစ်ခုတော့ ပြောပါတယ်
မိမိတို ့တကယ်လုပ်ရမဲ့အလုပ်က သမိုင်းကို ရှာဘို ့ထက် သမိုင်းကိုမေ့လိုက်ပြီး လက်ရှိအခြေအနေမှာ အားလုံးစုပေါင်းပြီးတော့ ဆင်တစ်ကောင်လောက် ရိုက်ချက် ကမ်းခြေကို ပျော်ပွဲစားထွက် အကြိုက်စားကြပါလို ့
naywoon ni
March 1, 2015 at 8:18 pm
ခုတော့ သတင်းခေတ် နည်းပညာခေတ်မှာ သတင်းနဲ့ နည်းပညာနဲ့ အတူယှဉ်တွဲ ပါလာတဲ့ စကားလုံးတွေ ကို မြန်မာမှု ပြန်ပြုထားကြပါတယ် ။
sensitive = စန်းစန်းတင် ့
penalty = ပိန္နဲသီး
celebrities = စပျစ်သီး
အဲ့ဒီလိုလေးပေါ့ နော်
🙂 မြန်မာ့ ပြင်ညာရေး ကမ္ဘာကိုလွှမ်းစေရမြီ 🙂