ဆုံးအောင်တိုက်၊ နောက်ကလိုက်မည် (အပိုင်း – ၁)

Good IdeaSeptember 28, 20101min820

အခန်း (၁)

အချိန်ကား ၂၀၀ရ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။

မနက်စောစော ဗလီအော်သံကြားရပြီ။ အိမ်က ဗလီဘေးရှိ ရပ်ကွက်ထဲတွင် ဖြစ်နေတော့ ဗလီအော်သံက ကျနော်တို့အတွက် နံနက်ခင်း အိပ်ရာနိုးစက် ဖြစ်နေသည်။

မျက်လုံးဖွင့်လိုက်တာနှင့် ဈေးသွားရဦးမည့်အသိက ခေါင်းထဲရောက်လာသည်။ သို့နှင့် အိပ်ရာထ မျက်နှာသစ်ကာ ဈေးသွားဖို့ ပြင်ဆင်လိုက်သည်။ ပတ်ဝန်းကျင်ကား တိတ်ဆိတ် အိပ်မောကျနေဆဲ…။

အော် ကိုယ်လည်း သူတို့လို အိပ်ချင်သပေါ့။ ကံကြမ္မာက လတ်တလော အခြေအနေမှာ ဈေးသည်ဘဝ ပြဌာန်းထားလေတော့ သူများထက် ဝိရိယထား၊ စောစောဆိုင်ဖွင့် ဈေးရောင်းမှ ဝမ်းဝ ခါးလှမယ့် အခြေနေမို့ မအိပ်နိုင်ပါချေ။

“သားရေ ပြီးပြီလား။ ပိုက်ဆံအိတ်မေ့ကျန်နေမယ်နော်။ ဒီနေ့ ကုန်ဖိုးချေရမှာ”

အစ်မဖြစ်သူက နေ့လည်စာ ထမင်းချိုင့်အတွက် ပြင်ဆင်ရင်း မီးဖိုချောင်ထဲမှ လှမ်းသတိပေးသည်။

“ဟုတ်ကဲ့ ပါပါတယ်။ ကျနော် စစ်ပြီးပြီ”

“ကဲ ဒါဆို သွားရေအောင်။ ဒီနေ့ နဝင်းဘက်က ဖောက်သည်တွေ လာကြမှာ”

ဒီလိုနှင့် မောင်နှစ်မနှစ်ယောက် စက်ဘီးကိုယ်စီဖြင့် ဈေးသို့ ထွက်ခဲ့သည်။ အိမ်နှင့် ဆိုင်ခန်းရှိရာ အောင်မင်္ဂလာဈေးက ၂ မိုင်လောက် ဝေးသည်။

ဈေးသို့သွားရန် ရပ်ကွက်အတွင်းပိုင်း လမ်းသွယ်လေးမှ ဗိုလ်ချုပ်လမ်းမကြီးသို့ အရင်သွားရသည်။ ထို့နောက် အရှေ့မှ အနောက်ဘက်သို့ သွယ်တန်းထားသည့် ဗိုလ်ချုပ်လမ်းအတိုင်းလာလျှင် လမ်းခုလတ်တွင် ကျောက်တော်ကြီးဘုရားရှိသည်။ ထိုမှလွန်လျှင် ရွှေနန်းဦးဘုရားရှိပြီး အနည်းငယ် ဆက်သွားပါက ရွှေဆံတော်ဘုရားခြေရင်းရှိ နာရီစင်ကြီးသို့ ရောက်မည်ဖြစ်သည်။ နာရီစင်အနီးတွင် လမ်းခွဲများစွာရှိရာ ထိုလမ်းများအနက် စာတိုက်တန်းလမ်းနှင့် အနောက်စောင်းတန်းလမ်းတို့မှတဆင့် အောင်မင်္ဂလာဈေးသို့ သွားနိုင်သည်။

လမ်းမကြီးပေါ်ရောက်တော့ ကိုးသောင်းကျောင်းမှ သံဃာအချို့ပင် အရုဏ်ဆွမ်းခံပြီးလို့ ကျောင်းပြန်ကြွကုန်ပြီ။

ဟိုးရှေ့ခပ်လှမ်းလှမ်းတွင်တော့ မဟာသုဒဿန၊ ဇောတိက စသည့် မြို့တွင်း စာသင်တိုက်ကြီးများမှ သံဃာများ ဆွမ်းခံပြီးသဖြင့် စနစ်တကျ ကျောင်းသို့ပြန်ကြွနေသည်။ ကျနော်တို့က စက်ဘီးနှင့်မို့ မကြာမီပင် ခြေလျင် ကြွချီနေသော သံဃာတန်းကြီးကို မှီလာခဲ့သည်။

ကျောက်တော်ကြီးဘုရားနား အရောက်တွင်တော့ တသက်နှင့်တကိုယ် တခါမျှ မကြုံဖူးသော ဖြစ်ရပ်တခုကို ကြုံတွေ့လိုက်ရသည်။ သံဃာတန်းကြီးကို ဦးဆောင်ကြွချီနေသော ဦးဇင်းက ရှေ့ဆုံးနေရာမှ ဘေးသို့ဆင်းသွားပြီး နောက်မှလိုက်လာသော သံဃာများနှင့် တတန်းလျှင် ၁ဝ ပါးစီ ရင်ဘောင်တန်းလိုက်သည်။ နောက်မှ သံဃာများကလည်း စနစ်တကျ တန်းစီကြလေသည်။

ကျနော်ကြည့်နေရင်းမှာပင် စီတန်းထားသောသံဃာများက “ယာသာ နုဘာဝတော ယက္ခာ” အစချီကာ မေတ္တာသုတ် ရွတ်ဖတ်ကြလေတော့သည်။

ပခုက္ကူတွင် စစ်အစိုးရ လက်ကိုင်ဒုတ် ကြံဖွတ်က သံဃာများကို လမ်းဘေးဓာတ်တိုင်၌ ကြိုးတုပ် ရိုက်နှက်ခဲ့သည့် ကိစ္စအတွက် ၁၈ ရက်နေ့ နောက်ဆုံးထားကာ အစိုးရက သံဃာများကို ပြန်လည်ဝန်ချတောင်းပန်ရန် ရာဇသံပေးထားသည်ကို ပြည်ပ အသံလွှင့် ရေဒီယိုများမှတဆင့် ကျနော် သိထားခဲ့သည်။

အစိုးရက သံဃာများ၏ တောင်းဆိုမှုကို အရေးမစိုက်။ ၁၈ ရက်နေ့အထိ ဝန်ချတောင်းပန်ခြင်း မရှိ။ ယခုတော့ သံဃာတော် အရှင်မြတ်များက ပြောသည့်အတိုင်း လုပ်ကြပြီ။ မေတ္တာသုတ် ရွတ်ဖတ်ကာ ဆန္ဒဖော်ထုတ်ကြပြီ။

ကျနော့်စိတ်ထဲ ဒီမြင်ကွင်းက အရမ်းလှနေသည်။ မြင်ရတာ ကြည်နူးနေမိသည်။ အားရမိသည်။ အားတက်မိသည်။ မတရားမှုကျူးလွန်သောသူကို အကြမ်းမဖက်နည်းဖြင့် တော်လှန်သည့်ပွဲ။

ဒါကြောင့် ကျနော့်တသက် မကြုံဖူးသော အဖြစ်အပျက်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

စက်ဘီးကို နှေးနိုင်သမျှ နှေးအောင်နင်းရင်း သံပြိုင်ညီညာစွာ မေတ္တာသုတ် ရွတ်နေသော သံဃာအုပ်စုကြီးကို ကျနော် လည်ပြန်ငေးကြည့်နေမိသည်။

“ဟဲ့ မြန်မြန်နင်းလေ။ နင်လုပ်ပုံနဲ့တော့ ဈေးနောက်ကျတော့မယ်”

ရှေ့ခပ်လှမ်းလှမ်းမှ အစ်မဖြစ်သူက လှမ်းအော်သည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

ကျနော့် နောက်ကျောဘက်ဆီမှ မေတ္တာသုတ် ရွတ်ဖတ်သံကြီးက တဖြည်းဖြည်း ပိုကျယ်လောင်မြည်ဟီး လာသည် ထင်မိသည်။

…………………………………

အခန်း (၂)

“ဟဲ့ နင်ကြားပြီးပြီလား။ ဒီနေ့ ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ်ကြတယ်တဲ့”

ဆိုင်နီးနားချင်းဖြစ်သူ မလှိုင်က မေးသည်။

“ကျနော်က ကြားတာမဟုတ်ဘူးဗျ။ မျက်စိနဲ့ကို မြင်တာ”

ကျနော့် အဖြေကြောင့် သူမ စိတ်ဝင်စားသွားသည်။

“ဟယ် ဟုတ်လား။ ပြောပြပါဦး”

ကိုယ်က ကံကောင်းလို့ ကြုံကြိုက်ခဲ့သူဆိုတော့ နဂိုကတည်းက ပြောပြချင်နေတာနှင့် အတော်ဖြစ်သွားသည်။

“ဒီလိုဗျ” နှင့် အစချီကာ မြင်သမျှ ပြောပြလိုက်သည်။ ကျနော့်စကားဆုံးတော့ သူမက လေးလေးနက်နက် မှတ်ချက်ပေးသည်။

“ကောင်းတယ်။ ဒီလို ရက်စက်တဲ့ မိုက်ရိုင်းတဲ့ အစိုးရကို ဘယ်နည်းနဲ့ဖြစ်ဖြစ် တုန့်ပြန်သင့်တယ်”

ထိုစဉ် လူတယောက်က ထအော်သည်။

“ဘုန်းကြီးတွေ မြို့ထဲလှည့်ကုန်ကြပြီ။ အခု လမ်းရှည်လမ်းကို ရောက်နေပြီ”

အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တချို့က ဆိုင်ကယ်၊ စက်ဘီးများ ထုတ်၍ လမ်းရှည်လမ်းဘက် ပြေးကြသည်။ ဆိုက်ကားသမားများကလည်း ဆိုက်ကားကို တက်သုတ်ရိုက်နှင်ကြသည်။

ကျနော် စက်ဘီးသော့ ပြေးယူတော့ အစ်မဖြစ်သူက ကပျာကယာဖြင့်

“သား မသွားရဘူးနော်။ ဖောက်သည်တွေ လာဖို့ကျန်သေးတယ်။ ဈေးကွဲမှသွား”

“ဟာ အဲဒီအချိန် ဘုန်းကြီးတွေ ဘယ်ရှိတော့မလဲ အစ်မရ။ ကျောင်းပြန်ရောက်ကုန်ကြပြီပေါ့”

“ဒါဆိုလည်း မသွားနဲ့တော့”။ အစ်မက တချက်လွှတ်အမိန့်ဖြင့် တားလိုက်သည်။

တကယ်တော့ ဖောက်သည်က ၂ ယောက်ပဲ ကျန်တော့တာဖြစ်သည်။ ဒီလူတွေက ခါတိုင်းလည်း အစ်မဆီ ဝယ်နေကျ။ အခုက နိုင်ငံရေးဖြစ်သောကြောင့် ကျနော့်ကို မသွားစေလို၍ ဖောက်သည်ကို အကြောင်းပြကာ အစ်မက တားလိုက်ခြင်းဖြစ်သည်။

သို့နှင့် လမ်းရှည်လမ်းဘက် လည်တမော့မော့နှင့် ကျနော် ငေးကြည့်မိသည်။ တော်သေးပါရဲ့။ လမ်းရှည်လမ်းက ဈေးနှင့် သိပ်မဝေး။ ဓာတ်တိုင် ၅ တိုင်အကွာ လောက်သာ ဖြစ်သည့်အတွက် ဈေးကကြည့်လျှင် သွားလာနေသူများကို ခပ်သေးသေး မြင်ရသည်။ ကျနော့်လိုပင် လူတော်တော်များများ ဈေးပေါက်ဝမှ လမ်းရှည်လမ်းဘက် လှည့်ကြည့် လှည့်ကြည့် လုပ်နေကြသည်။

“ဟော ဟော ဟိုမှာတွေ့လား။ ဘုန်းကြီးတွေ”

တယောက်က စအော်သည်နှင့် အားလုံး ဝိုင်းအုံကြည့်ကြသည်။ ဈေးထဲက ဈေးသည်တွေရော ဝယ်သူတွေပါ ရောင်းဝယ်လက်စ တန်းလန်းတွေနှင့် ထွက်ကြည့်ကြသည်။

“ဟယ် ဟုတ်ပါရဲ့ သာသနာ့ အလံလည်း ကိုင်ထားတယ်နော်”

ထင်မြင်ချက်တွေလည်း တယောက်တပေါက် ပေးကြသည်။

“ဘုန်းကြီးတွေကို လမ်းဘေးဓာတ်တိုင်မှာ ကြိုးတုပ်ပြီးရိုက်တာတော့ လွန်အားကြီးပါတယ်အေ။ တီဗီထဲမှာတော့ ဘုရားတည်၊ ကျောင်းဆောက် လုပ်ပြနေလိုက်တာ။ ဟွန်း”

“ဟုတ်တယ်။ ဘုန်းကြီးတွေ ခုလိုလုပ်တာ ကောင်းတယ်။ ဒါမှ မတရားလုပ်ရင် မခံဘူးဆိုတာ သူတို့သိသွားမှာ”

အသက် ၅ဝ ကျော် ဈေးသည်အဖွားကြီးက

“၈၈ တုန်းကလို ပစ်တာခတ်တာတွေများ ဖြစ်လာမလား မသိဘူးနော်။ အဲ့လိုတွေ မဖြစ်ကြပါစေနဲ့။ ဘုရား ဘုရား”

လမ်းရှည်လမ်းမှ မေတ္တာသုတ်ရွတ်ဖတ်သံကို ဈေးမှ အတိုင်းသား ကြားနေရသည်။ ရာနှင့်ချီသော သံဃာတန်းကြီးက လမ်းရှည်လမ်းမှတဆင့် ဈေးကြီးဘက်သို့ ချီတက်သွားသည်။

မကြာမီပင် ဆိုက်ကားသမား ကိုဖိုးနီ လမ်းရှည်လမ်းဘက်က ပြန်လာသည်။

“ဆိုက်ကားနဲ့ နောက်ကလိုက်ဖို့လုပ်တာ ဘုန်းကြီးတွေက လက်မခံဘူးကွ ကောင်လေးရ။ မလိုက်ပါနဲ့ဆိုပြီး ပြန်လွှတ်တယ်။ အခုတော့ ရွှေတချောင်းလမ်းဘက်ကွေ့သွားပြီ။ တက္ကသိုလ်ဘက် သွားမယ်ကြားတယ်”

“အင်းဗျာ။ ကျနော်လည်း သွားချင်နေတာဗျ။ အစ်မက မလွှတ်လို့”

“နိုင်ငံရေးဆိုတော့ မင်းကို ဆွဲစိသွားမှာကို မင်းအစ်မက စိုးရိမ်တာနေမှာပေါ့။ မသွားတာ ကောင်းပါတယ်ကွာ။ တော်ကြာ မင်းပါသွားလို့ မင်းအစ်မ ရင်ကွဲနာကျနေရင် ငါတို့ အလကားနေရင်း မုန့်ဟင်းခါးစားနေရမယ်။ ဟား ဟား ဟား”

သူကတော့ ရယ်ရယ်မောမောနှင့် စနေနိုင်သည်။ ကျနော့်မှာတော့ မချင့်မရဲနှင့်…။

စစ်ဝေး

ဇာတ်သိမ်းပိုင်းကို ဆက်လက်ဖော်ပြပါမည်။….