မလွမ်းစကောင်းလွမ်းစကောင်း (ရှေးရှေးကမန်းတလေး အပိုင်း8)
အခုအချိန်များမှာဆိုရင် တစ်ခါတစ်လေ သောက်ရေသန့်မှာလိုက်ရင် ချက်ခြင်းမရောက်လို့ ဖုန်းခဏခဏဆက်ရသောက်စရာရေက မရှိတော့။
သုံးရေပြတ်တော့ ရေထမ်းသမား လိုက်ခေါ်တော့ ခဏနေလာမယ်သာပြောတယ် ညနေစောင်းထိရောက်မလာ။
ညသန်းခေါင်သန်းလွဲ မီးလာရင် အိပ်ရေးအပျက်ခံလို့ ထ ထပြီးရေတင်ရတဲ့ ဒုက္ခ၊
မီးလာတာနဲ့ရေရအောင်မော်တာတွေနဲ့သူအိမ်ကိုယ့်အိမ်အပြိုင်အဆိုင်ဆွဲကြတဲ့ အခါမော်တာသံတွေသာဆူညံနေပြီး ရေမလာတော့ မော်တာလောင်သွားတယ်ဆိုတဲ့ ဒုက္ခတွေကိုကြုံရတဲ့အခါ ငယ်ငယ်ကဖောဖောသီသီကြီးကိုတပြားမှမပေးရဘဲ အလကားသုံးခဲ့ရတဲ့ ကျုံးရေကို တမ်းတမိပါတယ်။
မန်းလေးမြို့မှာ ကျုံးဘေးပါတ်ပါတ်လယ်က ရပ်ကွက်တွေက ကျုံးရေကိုသုံးတာများပါတယ်။
လမ်းဘေးမှာ ကျုံးရေကန်လေးတွေရှိပါတယ် အလကားဖြန့်ဝေပေးထားတာပါ၊
ကျနော်တို့နေတဲ့ ကျုံးဘေးမှာဆိုရင် လမ်းအပြတိုင်းမှာ ကျုံးရေပေးတဲ့ကန် တစ်ကန် ဒါမှမဟုတ်နှစ်ကန်ရှိပါတယ်။
အဲဒီကန်လေးတွေက ကျုံးကနေပိုက်လုံးကြီးနဲ့ဆက်ထားတော့ ရေအမြဲစီးနေပါတယ်။
ဒါကြောင့်ကျုံးရေကို ရေရှင်လို့ ပြောတာပါ။
ကျနော်16လမ်းမှာနေတုန်းကတော့ ကျနော်တို့ အိ်မ်ဝိုင်း ထဲမှာတင် ကျုံးရေနဲ့အိမ်က ကန်ကိုဆက်ထားပါတယ်။
25လမ်းမှတော့ အများသုံးကျုံးရေကန်ကနေသုံးပါတယ်။
ကျနော်တို့လိုဝင်းထဲမှာနေတဲ့သူတွေက ရေချိုးရင်အဝတ်လျှော်မယ်ဆိုရင် ဝင်းအပြင်မှာရှိတဲ့ ကန်မှာထွက်ချိုးမယ်။
အိမ်သုံးဘို့ကတော့ မနက်စောစောမှာ ကျနော်တို့လိုယောက်ျားလေးတွေက အိမ်မှာရှိတဲ့ စဉ့်အိုးတွေကို ပြည့်အောင်ရေထမ်းလို့ထည့်ရပါတယ်။
ကျုံးရေနဲ့အိမ်ကို ရေပိုက်သွယ်ထားရင်တော့ ရေခွန်ပေးရပေမယ့် အများသုံးရေကန်တွေကတော့ ပေးစရာမလိုပါဘူး။
အများအားဖြင့် တစ်ပြတစ်ပြမှာအနည်းဆုံးကျုံးရေကန် တကန်တော့ ရှိပါတယ်။
တစ်ချို့အပြတွေမှာတစ်ကန် တစ်ချို့အပြကတော့ နှစ်ကန်ရှိတတ်ပါတယ်။
နောက်ရေကန်တွေကလည်း တစ်ဖက်တည်းမှာရှိနေတာမဟုတ်ဘဲ လမ်းရဲ့ဘယ်ဘက် နဲ့ညာဘက် မှာ အလျဉ်းအသင့်သလိုဆောက်ထားပေးတာပါ။
ကျုံးထဲမှာရေစစ်ကန်အသေးလေးရှိပါတယ်။အဲဒီမှာရေမှော်တွေပါမလာအောင် သံဇကာတွေနဲ့တစ်ခါစစ်ပြီးမှ ကွန်ကရစ်ပိုက်တွေကတစ်ဆင့် ရေကန်တွေကိုရေပေးတာပါ။ကွန်ကရစ်ပိုက်သုံးတဲ့အတွက် သံချေးတက်တာ မရှိတော့ ဘယ်လိုဘဲပြောပြောသန့်ရှင်းပါတယ်။
ကျနော်တို့ နေတဲ့အရပ် ခုံတော်မင်းဝင်း(80-81)လမ်းကြား 25လမ်းကတော့ ကုန်းမြင့်ကျတဲ့ အတွက်ကန်ဘောင်အောက်မှာရေက5ပေ 6ပေလောက်ရေက နက်တာကြောင့် ရေပုံးကိုကြိုးတပ်လို့ခပ်ရပါတယ်။
အနိမ့်ပိုင်းမှာရှိနေကြတဲ့ 83လမ်း 84လမ်းဘက်မှာဆိုရင်တော့ ရေကို ခွက်နဲ့ ခပ်သုံးရုံပါဘဲ။
ရေကန်ကိုလည်း သုံးတဲ့ရေတွေပြန်မဝင်နိုင်အောင် ကန်ဘောင်အမြင့်က သုံးလေးပေလောက်မြင့်တဲ့ အုတ်ကန်လေးဒေါင့်စပ်စပ်လေးလုပ်ပေးထားတဲ့အပြင် ရေကိုလွတ်လွတ်လပ်လပ်ချိုးနိုင်အောင် ကန်ရဲ့အရှေ့မှာငါးပေလောက်မြင့်တဲ့ အုတ်ရိုးနဲ့ကာထားပေးတတ်ပါတယ်။
ဒါပေမယ့် ကာထားတဲ့ကန်ရှိသလို ကာမထားတဲ့ကန်လဲရှိပါတယ်။
ကျနော်တို့က မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရောက်တယ် ဆိုရင် ကန်ကို သန့်ရှင်းအောင် နှစ်တိုင်းဆယ်ပါတယ်။
ကန်ဆယ်မယ့်ရက်မတိုင်ခင်မှာလဲ အောက်ဘက်မှာရှိတဲ့အရပ်တွေကို ရေကို ကြိုတင်လို့သယ်ထားနိုင်အောင်သတင်းပေးထားရပါတယ်။
ကန်ဆယ်မယ့်နေ့ရောက်ရင် ကျုံးထဲရေစစ်ကန် မှာရှိတဲ့ ရေလွှတ်ပိုက်ကို အရင်ဆုံးသွားပိတ်လို့ အရှေ့ဘက်ကန်ကစလို့ဆယ်ပါတယ်။
ပြီးမှာအနောက်ဘက်ကကန်ကိုဆယ်ပါတယ်။
အဲဒီအချိန်ကျမှ ကန်ထဲမှာကျနေတဲ့ ရေပုန်း၊ဆပ်ပြာခွက်၊ပိုက်ဆံအကြွေတွေကိုတွေ့ရတတ်ပါတယ်။
အများအားဖြင့်တော့ တစ်နှစ်လုံးတင်ကျန်နေတဲ့ နုံးတွေကို ဆယ်ရတာများပါတယ်။
အဲလိုဆယ်ပြီးတယ်ဆိုရင် တကိုယ်လုံးကိုယ် ယားနေတာပါ။ဘယ်လိုဘဲရေစစ်ထားထား ကျုံးထဲမှာရှိတဲ့ရေမှော်ပင်တွေကထွက်လာတဲ့မှော်တွေက ရေထဲမှာစီးပြီးပါလာတာကိုးဗျ။
တစ်ခါက ရေကိုသုတေသနပြုတဲ့အဖွဲ့က ဒီကျုံးရေထဲမှာဘက်တီးရီးယားပိုး အမျုးိပေါင်းရှစ်ဆယ်လောက်ရှိတယ်ဆိုပြီးသူတို့တွေ့ရှိချက်ကိုထုတ်ပြန်ပါတယ်။
အဲဒီအချိန်မှာ အသက်(70)လောက်ရှိတဲ့ အဖွားက ရီပါတယ်။
သူ့တစ်သက် ဒီကျုံးရေကို ကျိုတောင် မကျိုဘဲ ဒီအတိုင်းအစိမ်းသောက်လာတယ်ဆိုဘဲ။
အဖွားကကျန်းကျန်းမာမာဆိုတော့ ဘက်တီးရီးယားပိုးပြီးလို့နေမှာပေါ့နော်။
ဟုတ်တော့လဲဟုတ်ပါတယ် ကျနော်တို့သောက်ခဲ့တဲ့ ကျုံးရေက သောက်ရတာလေးလေးပင်ပင်ရှိပါတယ်။
တစ်ခါတစ်လေသူများအိမ်ကိုသွားလယ်တဲ့အခါမှာ အဝီစိရေ ဖြစ်ဖြစ် မြစ်ရေဖြစ်ဖြစ်သောက်ရတယ်ဆိုရင် ပါးစပ်ထဲမှာပေါ့နေပြီးတစ်ခုခုလိုနေသလို ခံစားရတာကတော့အမှန်ပါ။
ကျနော်အပိုမပြောဘူးဆိုတာ ကျုံးရေကိုသောက်ဘူးသူတိုင်းကတော့ သိမှာပါ။
ပိုးရှိတယ်မရှိတယ်တော့ မသိဘူးဗျာ ကျနော်တို့ကျုံးရေသောက်နေကြ အစာအိမ်တွေက ပိုးတွေနဲ့ယဉ်ပါးသွားသလားမသိဘာမှမဖြစ်ဘူး။
(တစ်ခါကကျနော်ရန်ကုန်မှာရောက်နေတုန်းဝမ်းကိုက်ပါတယ်။
ဆရာဝန်သွားပြတော့ ရေကြောင့်ဖြစ်တာလို့ ပြောပါတယ်။
ကဲမဆန်းဘူးလား ပိုးမျိုး 80ပါတယ်ဆိုတဲ့ရေသောက်တုံးက ဘာမှမဖြစ်ဘဲ အခုမှလာဖြစ်နေတယ်။
ကောင်းကြသေးသလားဗျာတို့လို့သာ တမိပါတယ်)
မန်းလေးမှာ ကျုံးနဲ့နီးတဲ့အိမ်က ကျုံးရေ ၊တစ်ချို့က အဝီစိတွင်းတူးလို့သုံးသလို ဧရာဝတီမြစ်နဲ့နီးသူကမြစ်ရေကိုသုံးကြသပေါ့ဗျာ။
အခုတော့လဲမန်းလေးမှာကျုံးရေသောက်တဲ့အိမ်ရှားသွားပါပြီ။
ဧရာဝတီမြစ်အောက်ကြမ်းပြင်ကနေတူးပြီးမှ အဆင့်ဆင့်စစ်ပြီးမှလာတဲ့ ရေပေးရေးကရေကိုတစ်မြို့လုံးနီးပါးသုံးကြပါတော့တယ်။
ဒါက ရေချုးိအဝတ်လျှော်ဘို့ပေါ့။
သောက်တာကတော့ရေသန့်ပေါ့ဗျာ။
လပ်ကီးလား ချစ်ကြည်ရေးလား အယ်ပိုင်းလား ရတနာပုံလား ကြိုက်တာရွေးပါ ကြိုက်တာရွေးပါ တစ်ဘူး 500ပါဘဲ။
အဲငယ်ငယ်က တော့ ကျုံးရေက အမြဲလာနေတော့ ဘယ်အချိန်ဘယ်ကာလမှာမှ ရေပြတ်တယ်ဆိုတာမကြုံဘူးဘူး။
ဟိုတလောက ရေပေးရေး က ရေတွန်းစက်ပျက်တော့ မန်းလေးမှာ သုံးရေစွဲရေအတွက်အတော်လေးဒုက္ခရောက်ကုန်ကြပါတယ်။
အခုတော့ဗျာ ရေတွန်းစက်ပျက်နေလို့ ရေမလာတာလဲရှိပါတယ် အဲဒီအခါမျိုးရေစည်လှည်းဆွဲတဲ့သူကို ခခယယ ခေါ်လို့ ရေဝယ်ရပါတယ်။
ခက်တာက ကျွန်တော်တို့လို တိုက်ခန်းမှာနေသူတွေကြတော့ မော်တာနဲ့ဆွဲတင်မှရေတက်ပါတယ်။
ဒါပေမယ့်လည်း ရေပေးချိန်ကြမှသာ မော်တာနဲ့ရေဆွဲတင်လို့ရပါတယ်။
တစ်ခါတစ်လေမီးလာချိန်နဲ့ရေပေးချိန်ပြောင်းပြန်ဖြစ်နေလို့ကတော့ ရေစည်လှည်းကိုသာအားကိုးရပါတယ်။
သူတို့ကလည်း အပေါ်ထပ်ဆိုရင် ရေတင်မပေးချင်ပါဘူး။
အဲဒီအခါမျိုးကြုံရင် ငယ်ငယ် က ဝင်းအပြင်ထွက်လို့ ကိုယ်ရေလိုချင်တဲ့အချိန် ထွက်ပြီးခပ်လို်က်ရတာလေးကိုလွမ်းပါသဗျာ။
ပြီးခဲ့တဲ့နှစ်က ရေမလာတာလေးငါးရက်လောက်ကြာတော့ ဥပုဒ်နေ့တွေ တနင်္ဂနွေနေ့တွေမှာ မြစ်ဆိပ်မှာရော၊
ရန်ကင်းတောင်သွားတဲ့လမ်းက ဆယ်မြောင်းကရေပေးတဲ့ ချောင်းမှာရော
မြို့ထဲကနေ မိသားစုလိုက် ကားတွေဆိုင်ကယ်တွေနဲ့ လျှော်စရာဖွတ်စရာအဝတ်တွေရော ထမင်းဂျိုင့်တွေပါတင်လို့ ပျော်ပွဲစားထွက်သလိုထွက်လိုက်ကြတာ စည်မှစည်ပါဘဲ။
အဲဒီအထဲမှာကျနော်လဲပါတယ်လေဗျာ။
@ @ @ @ @ @ @ @ @ @ @ @ @ @@ @ @ @ @@@ @@ @ @ @ @ @ @ @@ @
နောက်ကျနော်ငယ်ငယ်ကတည်းက ရေနဲ့အကျုးိပေးပါတယ်။
25လမ်းကျုံးထိပ်တန်းမှာနေတုန်းကလဲ မိုးတွင်းကာလမှာတစ်ကြိမ် မိုးကုန်ကာနီးတကြိမ် အရပ်ထဲမှာရေဝင်ပါတယ်။
မိုးကောင်းတဲ့နှစ်ဆိုရင် သုံးကြိမ်လောက်ရေဝင်ပါတယ်၊
မိုးကောင်းတဲ့နှစ်ဆိုရင် ဒူးဆစ်မြုတ်လောက်တဲ့အထိ နည်းတဲ့နှစ်ဆိုခြေမျက်စိမြုတ်ရုံလောက်ရေစပ်စပ်လေးကတော့ ဝင်ပါတယ်။
ရေများတဲ့နှစ်ဆိုအိမ်အောက်မှာရှိတဲ့ ဘီရိုတွေကြောင်အိမ်တွေကို အုတ်ခဲခံ အောက်ဆုံးအဆင့်မှာရှိတဲ့ ပစ္စည်းတွေကိုရေလွတ်ရာရွှေ့နဲ့
အတော်ကိုအလုပ်ရှုပ်ပါတယ်။
လူကြီးတွေကသာ စိတ်တွေညစ်နေတာကျနော်တို့ကလေးတွေက လူကြီးလစ်တာနဲ့ရေထဲမှဆင်းလို့ဆော့ကြတာ ပျော်စရာပါ။
အဖွားပြောပြတာကတော့ အရင်က ဒီလောက်ရေမဝင်ဘူးပြောပါတယ်။
တန်ဆောင်မုန်းရောက်ရင်သာ ကျုံးနဲ့နီးတော့အောက်မှာမြေအခံမှရေကြောရှိတဲ့အတွက် အိမ်တွေအစိုပြန်တာ ရေနည်းနည်းလေးစိမ့်တာလောက်သာရှိပါသတဲ့။
16လမ်းအိမ်ကတော့ ရေဝင်တာတစ်ခါမှမကြုံဘူူးပေမယ့်။
အမေရဲ့အမေအိမ်ရှိတဲ့ တောင်ပုလင်းဝင်းအရပ်ကတော့ မြေအနိမ့်ပိုင်းဖြစ်တဲ့အတွက် ရေအမြဲဝင်တဲ့အရပ်ပါ။
တကယ်ရေကြီးပြီဆိုတဲ့ နှစ်များကြရင် ဝင်တယ်ဆိုတဲ့ရေကလဲ ဒူးလောက်ပေါင်လောက်ကိုရေအမြင့်ရှိပါတယ်။
ထွက်ပေါက်မရှိတဲ့ရေတွေက နေပူလာမှာသာ နည်းနည်းချင်းခန်းသွားပါတယ်။
ရေကုန်ပြီဆိုရင်လဲဗွက်ထလို့ကျန်ခဲ့တာစိတ်ပျက်စရာပါ။
အဲဒီရပ်ကွက်တွေက ရေမြောင်းမရှိတာရယ် ဧရာဝတီမြစ်နဲ့နီးတဲ့အရပ်ဆိုတော့အောက်ခံမြေမှာရေကြောရှိနေတာကြောင့်ရယ်ပါ။
တောင်ပုလင်းဝင်းဆိုတဲ့အရပ်က မန်းလေးမြို့ရဲ့ ဂုဏ်ယူစရာ ရပ်ကွက်လို့ခေါ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ဘိုဆန်ဆန်ပြောရမယ်ဆိုရင် “ရီဆိုက်ကယ်(ဒါမှမဟုတ်)စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးဝင်အောင်ဖန်တီးသောဒေသ ” ဖြစ်နေလို့ပါဘဲ၊
ဂျဒ်စုတ်၊စက္ကူစုတ်၊ရေသန့်ဘူးခွံ၊ပုလင်းခွံ၊အိတ်ခွံ၊ပီနံအိတ်ခွံအဟောင်းအစုတ်မှန်သမျှကို အကောင်းဖြစ်အောင်လုပ်လို့ အသုံးဝင်အောင်ဖန်တီးတဲ့ဒေသမို့ပါ။
တောင်ပုလင်းဝင်းကိုရောက်ဘူးချင်တယ်ဆိုရင် 22စီလမ်းမကနေ အနောက်တဲ့တဲ့ဆင်းလို်က်ပါ။
84လမ်းကျော်တယ်ဆိုရင် ရွှေတစ်ချောင်းမြောင်းကိုတွေ့ရပါမယ်။
(အရင်ကရွှေတစ်ချောင်းမြောင်းကိုကျော်တဲ့ တံတားကြီးက သစ်သားတံတားကြီးပါ။
အမိုးအကာတွေလဲရှိတဲ့အပြင်တံတားရဲ့ဘေးကခေါင်မိုးတန်းတွေမှာ သစ်သား ပန်းပုရုပ်တွေကိုတွေ့နိုင်ပါတယ်။
ကျနော်ငယ်ငယ်ကတည်းကကို ကြမ်းခင်းတစ်ချို့က ကျုးိပျက်လို့နေပါပြီ။
ပျက်စီးယိုယွင်းနေတဲ့ သမိုင်းဝင်ရှေးဟောင်းတံတားကြီးကိုထိန်းသိမ်းစောင့်ရှောက်သူမရှိတော့ အဆုံးစွန်ထိပျက်စီးသွားခဲ့ပါတယ်။ အခုတော့ အုတ်တံတားကြီးနဲ့အစားထိုးလို့ထားပါတယ်။
အဲဒီကနေအနောက်ဘက်ကို ဆက်သွားလိုက်ရင် လမ်းတောင်ဘက်မှာ ရှေးက သီပေါမင်းတို့လိုမင်းညီမင်းသားတွေ ပညာသင်ခဲ့တဲ့ ဆရာမှတ်ရဲ့ ဒိုင်အိုစီဇင်ကျောင်း( အခုအမှတ်(10)ကျောင်း ပေါ့)ဖြစ်ပြီး မြောက်ဘက်ကတော့ ဆွေတော်မျုးိတော်သချိင်္ုင်းဖြစ်ပါတယ်။
ဟိုအရင်က လမ်းက တော်တော်လေးကို မြင့် ပြီး ကျောင်းနဲ့ သချိင်္ုင်းကတော်တော်လေးကို နိမ့်တဲ့ အနိမ့်ပိုင်းဖြစ်ပါတယ်။
ခန်းမှန်းခြေပြောရရင်လမ်းက ခြောက်ပေခုနှစ်ပေလောက် မြင့်ပြီး အိမ်တွေက နိမ့်နေတာပါ။
ကလေးဘဝက ဒီသချိုင်းနားဖြတ်သွားရင်ကြောက်ပါတယ်။
အလယ်ခေါင်လောက် မှာ အများနဲ့မတူတဲ့ ခပ်မြင့်မြင့်ဂူလေးရှိပါတယ်။
အဲဒီအထဲမှာ တောင်းရမ်းစားသောက်တဲ့သူတွေရယ် ဒုစရိုက်သမားတွေရှိတယ်ဆိုတာနဲ့ဘဲအိမ်ကပေးမသွားသလို ကျနော်တို့ကလဲ မသွားခဲ့မိတဲ့ အတွက် ဒီဂူတွေထဲ့မှာ ရှေးကသမိုင်းဝင် မင်းညီမင်းသား မူးမတ်များထဲက ဘယ်သူတွေ အိပ်စက်လှဲလျှောင်းခဲ့တယ်ဆိုတာကို မသိလိုက်ရပါဘူး။
နောက်ကျနော်တို့နည်းနည်းကြီးတဲ့အချိန်မှာ အဲဒီအထဲမှာနေတဲ့ အခြေအနေမဲ့တွေက ဂူတွေကိုဖောက်ထွင်းဖျက်ဆီးကြတဲ့အခါ အထဲမှာ သေဆုံးစဉ်က ရုပ်အလောင်းနဲ့ အတူမြုတ်နှံပေးလိုက်တဲ့ ရွှေငွေကျောက်သံပတ္တြ့မားတွေကိုတွေ့လို့ ထောသွားတယ်ဆိုတဲ့ အရပ်သတင်းကြောင့်
လူတွေက ဂူတွေကို ဝင်ဖျက်ကြတာ နဲ့ နောက်ပိုင်းမှာ အာဏာနဲ့ တရားဝင် တားယူရပါသတဲ့။
အဲဒီသချိုင်းအဝင်ဝမှာ ကြီးမားတဲ့ဇရပ်ကြီးတစ်ဆောင်ရှိပါတယ်။
အဲဒါကတော့ တစ်ချို့ကတော့ အသုဘချရင် သရဏဂုံတင်တဲ့ဇရပ်။တစ်ချို့ကတော့ စာလာသင်တဲ့ မင်းညီမင်းသားတွေရဲ့အမူ့ထမ်းတွေနားတဲ့ဇရပ်လိုဆိုခဲ့ကြပါတယ်။
ဒါပေမယ့် ဇရပ်ဘေးမှာရှိတဲ့ ညောင်ပင်အုပ်အုပ်ကြီးနဲ့ဆိုတော့ ကလေးဘဝက အဲဒီအနားကိုရောက်ရင်လှည့်မကြည့်ဝံ့ပါဘူး။
(အခုတော့ အဲဒီသချုိုင်းရှိတဲ့နေရာကမြေတွေကိုလမ်းနဲ့ တစ်ညီတည်းဖြစ်အောင်ညှိလို့ ဘေးဘယ်ညာမှာအဆင့်မြင့်တိုက်ခန်းတွေဆောက်လို့ထားပါတယ်။
မြောက်ဘက်ခြမ်းတိုက်ခန်းမှာ အခုနေနေကြတဲ့မန်းလေးသူမန်းလေးသားမဟုတ်တဲ့လူတွေနဲ့ နောက်ပေါက်ကလေးတွေကတော့
သချိုင်းမြေမှာအိမ်ဆောက်ပြီးသူတို့နေ နေတယ်ဆိုတာသိမှာမဟုတ်ကြပါဘူး။)
ဒီဇရပ်ဘေးမှာဘုရားသေးသေးတစ်ဆူရှိပါတယ်၊။
သူ့အနောက်ဘက်မှာတော့ နာမယ်ကျော်ခြင်္သေ့ကြီးနှစ်ကောင်ရှိပါတယ်။
ခြင်္သေ့ကြီးနှစ်ကောင်ကနေ အနောက်ဘက်ဆက်ဆင်းမယ်ဆိုရင် နာမယ်ကျော်”အင်းဘဲအင်း”က လမ်းတောင်ဘက်ခြမ်းမှာရှိပြီး မြောက်ဘက်ခြမ်းမှာတော့ မိုးဗြဲကျောင်းတိုက်ကိုတွေ့ရမှာဖြစ်ပြီး မြောက်ဘက်ကိုသွားတဲ့လမ်းလေးအတိုင်းဆက်သွားရင် တောင်ပုလင်းဝင်းကိုရောက်မှာဖြစ်ပါတယ်.
ပုလင်းဝင်းဆိုတဲ့အတိုင်းအိမ်တိုင်းအိမ်တိုင်းရဲ့ရှေ့မှာ ပုလင်းပုံ စကူ္ကပုံ အိတ်ခွံပုံတွေတွေ့ရမှာဖြစ်ပါတယ်။
ကျနော်ကျောင်းသားဘဝက ဒီပုလင်းခွံအိတ်ခွံစကူ္ကဒိုင်လုပ်တဲ့အိမ်တွေကနေ ကျနော်လိုချင်တဲ့စာအုပ်တွေကို ရွေးလို့ ခေါင်ကောက်ဝယ်ပါတယ်။
ပုံမှန်ဈေးက တပိသာကို တစ်ကျပ်ခွဲဆိုရင် ကျနော်က ရွေးယူတဲ့အတွက် နှစ်ကျပ်ပေးရပါတယ်။
ဒီအထဲမှာ စာအုပ်ကောင်းတွေ ပါတတ်ပါတယ်။(ရန်ကုန်ဘဆွေရဲ့ရွှေဝါပြည်လို့ စာအုပ်မျိုး၊မောင်သာရရဲ့တောလယ်မောတယ် အပြောကြွယ်လိုစာအုပ်မျိုး
နိုင်ဝင်းဆွေရဲ့မသိန်းရှင်ဆီပို့ပေးပါစာအုပ်မျိုး၊)
အဲဒီပိသာချိန်နဲ့ဝယ်ခဲ့တဲ့စာအုပ်တွေကို ကျနော်က စာအုပ်အဟောင်းတန်းမှာသွားလို့ ရှားတဲ့ဆိုအုပ်ဆိုရင် ဈေးတင် ပေါတဲ့စာအုပ်ဆိုရင်ဈေးတစ်မျိုးနဲ့ (အများအားဖြင့် ရိုက်နှိပ်ထားတဲ့ စာအုပ်တန်ဘိုးထက် 25% နုန်းလောက်ပေါ့)ပြန်ရောင်းစားပါတယ်။ ကျနော်ကစာဖတ်တော့ ဘယ်စာအုပ်ကရှားတယ်တန်ဘိုးရှိတယ်ဆိုတဲ့ ပြန်ရောင်းစားလို့ကောင်းမယ့်စာအုပ်ကိုရွေးတတ်ပါတယ်။
ဒါကလဲကျနော်ကျောင်းမုန့်ဘိုးလောက်တော့အသာလေးရပါတယ်။
ကိုယ်ဖတ်ချင်တဲ့စာအုပ်လဲ ဖတ်ရတယ်လေ။
သူ့ရဲ့မြောက်ဘက် 19လမ်းနဲ့နီးတဲ့ ဘက်တော့မြောက်ပုလင်းဝင်းဖြစ်ပါတယ်။
ဒါကတော့ အမေ့ရဲ့အမေတွေနေခဲ့တဲ့ ကျနော်ငယ်ငယ် က သုံးနေရာလှည့်လို့နေခဲ့တဲ့ အရပ်ထဲကတစ်ခုပေါ့နော်။
ငယ်ငယ်က အမေ့အဒေါ်တွေနေတဲ့ 16လမ်းထီးရိုးဝင်းမှာတလှည့် အဖေအမေတွေနေတဲ့ 25လမ်း သူဌေးတန်းမှာတလှည့်
အမေ့အမေတွေနေတဲ့ ပုလင်းဝင်းမှာတလှည့် တလှည့်စီနေခဲ့ပါတယ်။
ပိုပျော်တာကတော့ 25လမ်းအိမ်ပါဘဲ။
ဒီအရပ်တွေအကြောင်းကို ပြောပြနေတာကတော့ မန်းလေးမြို့ ကြီးမှာ အခုအချိန်ဆိုရင် မိုးလေးမရွာလိုက်နဲ့ မိုးနည်းနည်းကြီးပြီ ဆိုတာနဲ့နေရာတကာမှာရေကြီးလမ်းပေါ်မှာရေတွေတင်ကားတွေဆိုင်ကယ်တွေကလမ်းပေါ်မှာထိုးရပ် ဆိုတာတွေကိုတွေ့ရတော့ ရှေးမန်းတလေးရဲ့
ရေဆိုးထုတ်ပုံစနစ်ကိုသိသလောက်လေးပြောပြချင်လို့ပါ။
ဟိုအရင်ကတည်းက မန်းလေးကလမ်းမကြီးတွေရဲ့နံဘေးတိုင်းမှာ ခန့်မှန်းခြေ လမ်းကနေ အောက်ကို သုံးလေးပေးလောက်အထိနက်တဲ့ ရေဆိုးမြောင်းတွေရှိခဲ့ပါတယ်။
လူတွေက စည်းကမ်းရှိတော့မြောင်းထဲကိုအမှိုက်မချဘူး ဒီတော့ရေစီးရေလာဘယ်လောက်ကောင်းသလဲဆိုရင် အဲဒီနားကဖြတ်သွားရင်တောင် ရေဆင်းသံတဝေါဝေါ ကြားနေရတဲ့အပြင် ရေမြောင်းထဲလိမ့်ကျမှစိုးလို့ ကျနော်တို့ မြောင်းနားကပ်ရင်တောင် လူကြီးတွေ က တဟဲ့ဟဲ့နဲ့အော်ရတတ်ပါတယ်။
26ဘီလမ်းတစ်လျှောက်က ရေမြောင်းတွေဆိုရင် တော်တော်လေးကိုနက်သလိုရေစီးလဲကောင်းပါတယ်။
မန်းလေးတစ်မြို့လုံး နေရာအနှံ့မှာရှိနေတဲ့ရေဆိုးမြောင်းထဲကရေတွေက ရွှေတစ်ချောင်းမြောင်းထဲကိုစီးဝင်ပါတယ်။
ရွှေတစ်ချောင်းမြောင်းဆိုတာက 86လမ်းနဲ့ယှဉ်လျက်ရှိနေတဲ့ မြောက်ကနေတောင် ကို စီးဆင်းနေတဲ့ မန်းလေးမြို့ရဲ့အရှည်လျားဆုံးသောရေဆိုးမြောင်းဖြစ်ပါတယ်။
ရွှေတစ်ချောင်းမြောင်းအစက မန်းလေးမြို့ရဲ့ဟိုးမြောက်ဘက်မှာရှိတဲ့ မတ္တရာမြို့ကနေစတင်ပါသတဲ့။
မတ္တရာမြို့အစမှာတော့ ဒီချောင်းက လူအများသုံးစွဲနိုင်တဲ့ ရေကောင်းရေသန့်တွေသာစီးဆင်းတဲ့ချောင်းဖြစ်ပါတယ်။
ကျနော်တောင် မတ္တရာကိုသွားတော့ မြို့အနောက်ဖက် ခြံတွေဘေးကဖြတ်စီးလာတဲ့ရွှေတစ်ချောင်းမှာ ရေဆင်းကူးဘူးပါတယ်၊
ရှေးကတော့ ဒီချောင်းကနေ လောင်းလှေတွေနဲ့မန်းလေးအထိ လမ်းကောင်းကောင်းပေါက်ပါသတဲ့။
မန်းလေးမြို့ မဝင်ခင်မှာ လူများသုံးစွဲနိုင်အောင်ကောင်းတဲ့ ရွှေတစ်ချောင်းဟာ မြောက်ပြင်ဘီယာစက်ရုံနားကစလို့ ရေဆိုးမြောင်းလုံးလုံးဖြစ်သွားပါတယ်။
ဘီယာစက်ရုံကထွက်တဲ့ ရေဆိုးတွေကဒီချောင်းထဲကိုစွန့်ပစ်လို့ပါဘဲ။
အဲဒီနေရာကစလို့ ရွှေတစ်ချောင်းဟာ လူတွေအမိူက်စွန့်တဲ့ ညစ်ပတ်နံစော်သော မြောင်းအဖြစ်ပြောင်းလဲသွားလိုက်တာ သူ့လမ်းဆုံးနေရာ တောင်ပြင်ကပ်ကျော်ကွေ့
အရောက်မှာမှ ဧရာဝတီမြစ်ထဲကို ရေဆိုးမြောင်းများကနေတစ်ဆင့်ပူးပေါင်းသွားပါတယ်။
86လမ်း နဲ့ 25လမ်းဆုံတဲ့နားမှာ အရင်ကလမ်းအလယ်ကောင်မှာညောင်ပင်ကြီးတပင်ရှိခဲ့ဘူးပါတယ်။
အဲဒီအရပ်နာမယ်ဖြစ်တဲ့”ရေကြည်အရပ်”နဲ့ဆပ်စပ်လို့ “ရေကြည်ညောင်ပင် “လို့ခေါ်ခဲ့ကြပါတယ်။
အခုတော့ မရှိတော့ပါဘူး လမ်းနဲ့မလွတ်လို့ ဆိုပြီး ခုတ်ပစ်လိုက်ပါတယ်။
အဲဒီညောင်ပင်ရဲ့အနားကနေပြီး ရွှေတစ်ချောင်းမြောင်းကနေ ရေဆိုးတွေခွဲထွက်တဲ့ တုတ်ကလေးရှိပါတယ်။
အဲဒီတုတ်ကလေးကနေတစ်ဆင့်ရေဆိုးတွေက ကျနော်တို့အခေါ်သံဝင်းပေါ့ (24လမ်းနဲ့22လမ်းကြား)(89)လမ်းလောက်မှာရှိတဲ့ “အင်းဘဲအင်း “ထဲကိုစီးဝင်ပါတယ်။
ငယ်ငယ်က အဲဒီအင်းထဲမှာ တစ်နာရီကို ငါးမူးပေးပြီးလှေငှားလို့စီးတာကို အိမ်ကသိရင်”ရေနစ်သေချင်သလား”လို့မေးပြီး မေးမေးပြီး အရိုက်ခံထိပါတယ်။
ဒါပေမယ့်လဲ မသိအောင်လှေစီးတာပါဘဲ ပျော်တာကိုးဗျ။
အဲဒီ “အင်းဘဲအင်း “ထဲကရေတွေက သူ့အနောက်ဖက် မှာရှိတဲ့ “သင်္ဂဇာချောင်း ” ထဲကိုစီးဝင်ပါတယ်။
“သင်္ဂဇာချောင်း”ကလဲ ဧရာဝတီမြစ်နဲ့အပြိုင် ရွှေတစ်ချောင်းနဲ့ အပြိုင် မြောက်ကနေ တောင်ကို စီးပါတယ်။
“သင်္ဂဇာချောင်း”ကလဲ 22စီလမ်း တာရိုးနားလေးက နေစလိုက်တာ မြို့တောင်ဘက်ဖျားက ” တက်သေးအင်း”(အခုတော့မန်းလေးကန်တော်ကြီး)ထဲကိုစီးဝင်ပါတယ်။
အဲဒီတက်သေးအင်းကနေမှတစ်ဆင့် ရေလွှဲတံခါးတွေအဆင့်ဆင့်ကနေ ဧရာဝတီမြစ်ထဲကို ပြန်စီးဝင်ပါတယ်။
အဲတော့ တစ်မြို့လုံးမှာရေဆိုးမြောင်းတွေက ကောင်းတယ် ရေဆက်သွားစရာနေရာရှိတယ်ဆိုတော့လမ်းပေါ်မှာရေတင်တယ်ဆိုတာ ရှားပါတယ်။
တင်တယ်ဆိုရင်လဲ ခဏဘဲအီနေပြီးတော့ ရေဆင်းသွားတာပါဘဲ။
ပြောင်းလဲသွားတာကတော့ 1981မေလ (10)ရက်နေ့ 26ဘီလမ်းဆိုင်းတန်းရပ်ကွက်ကနေစလောင်တဲ့မီးမှာ အင်းဘဲရပ်ကွက်က မီးထဲပါသွားပါတယ်။
အဲဒီရပ်ကွက်ကလည်း အိမ်တွေပြွတ်သိပ်နေတဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့အပြင် အများအားဖြင့် ကြက်သွန်ကြော်လုပ်ငန်းလုပ်တဲ့ ဖိုတွေရှိပါတယ်။
မီးကတစ်ခါတောင်မဟုတ်ဘူးအဲဒီအနားလေးက နှစ်ခါပြန်လောင်တာပါ။
မီးလောင်ပြီးတဲ့နောက်ပိုင်းမှာ “အင်းဘဲအင်း “ဆိုတာပျောက်ကွယ်သွားပြီး လူနေတိုက်ခန်းတွေဖြစ်လာပါတယ်။
သူ့ရဲ့အနောက်ဘက်နားမှာ သီရိမန္တလာကားကွင်းပေါ်လာပါတယ်။
လူနေရပ်ကွက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့နောက်မှာ ရေဆိုးဆင်းစရာ ရေတွေခဏခိုနားစရာနေရာလေးတစ်ခုပျောက်ကွယ်သွားပါတယ်။
အဲဒါတွေရဲ့အကျိုးဆက်ကတော့ မိုးရွာပြီဆိုရင် လမ်းပေါ်ကရေတွေက တစ်ခုတည်းသောရွှေတချောင်းမြောင်းထဲကိုဆင်း။
ရွှေတချောင်းမြောင်းကလဲ နဂိုကမှ ဆယ်ပေလောက်ကျယ်ပြီး ခြောက်ပေလောက်နက်တဲ့အထဲမှာ စည်းမဲ့ကမ်းမဲ့နဲ့ အမိူက်တွေပစ်ချထားတော့ မြောင်းကပိတ်။
အဲတော့ရေကရေကမဆင်း။ရှိရှိသမျှအပေါ်ပိုင်းအရပ်ကရေတွေက ရွှေတစ်ချောင်းထဲကိုဆင်းလာ။
သူထဲ့ဝင်လာတဲ့ရေက များသထက်များလာတော့ မြောင်းထဲမှာရေပြည့်ပြီဆိုတာနဲ့ ရေတွေက တန့်သွားပြီး ရေပြင်ကျယ်ကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်၊
မှတ်မှတ်ရရ 1998ခုနှစ်စက်တင်ဘာလ (29)ရက်ဖြစ်မယ်ထင်ပါတယ်။
အဲဒီနေ့ နေ့လည်တစ်နာရီလောက်ကရွာလိုက်တဲ့မိုးက ညနေငါးနာရီလောက်မှစဲပါတယ်။
မန်းလေးတစ်မြို့လုံးရေအပြည့်ဖြစ်သွားပါတယ်။
လမ်းမပေါ်မှာကားတွေ ဆိုင်ကယ်တွေ ရေဝင်လို့စက်ရပ်သွားလို့ ဆက်သွားမရတာတွေမှအများကြီးပါ။
အထူးခြားဆုံးကတော့ ငါးပိငါးခြောက်တွေရောင်းတဲ့ကိုင်းတန်းဈေးသစ်ကြီးပါဘဲ။
ဒီဈေးကိုအသစ်ပြန်ဆောက်တော့ ကုန်လှောင်ဘို့အတွက်မြေအောက်ခန်းထည့်ပေးပါတယ်။
သူကရွှေတစ်ချောင်းမြောင်းထက်နိမ့်ပါတယ်။
ခန့်မှန်းခြေအမြင့်ကတော့ ဆယ့်နှစ်ပေလောက်ရှိမယ်ထင်ပါတယ်။
အဲဒီနေ့ကရွာတဲ့မိုးကြောင့် ကိုင်းတန်းဈေးရဲ့မြေအောက်ခန်းမှာရွှေတစ်ချောင်းမြောင်းရေတွင်ဝင်တာ အောက်ခြေကနေကြမ်းပြင်ထိရေအပြည့်ဖြစ်သွားပါတယ်။
ကုန်သည်တွေခမျာမှာလည်း နစ်နာဆုံးရှုံးလိုက်ကြတာ ငွေကျပ်သိမ်းပေါင်းများစွာပါဘဲ။
နောက် မန်းလေး26ဘီလမ်းမှာ 84လမ်းမီးပွိုင့်ရဲ့အနောက်ဖက်ခြမ်း မြို့တော်ခန်းမ(2)ရဲ့ရှေ့မှာ လူကူူးဘို့အတွက်မြေအောက်ဥမင်လှိုဏ်ခေါင်းဆောက်ခဲ့ဘူူးပါတယ်။
အစကတော့ ဟုတ်လို့ပေါ့။နေ့လူဖြတ် ညကျတော့ အိမ်မဲ့ယာမဲ့တွေက ဝင်အိပ် သေးပေါက်ချီးယိုတွေလုပ် နံစော်လို့ ပုတ်ဟောင်တော့ဘယ်သူမှဆင်းမဖြတ်ပါဘူး။
နောက်မိုးလဲရွာရော ရေလှောင်ကန်ကြီးဖြစ်သွားလို့ အခုတော့ အပြီးပိတ်လိုက်ရပါပြီ။
ဒါတွေက တကယ်တော့ နောင်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုသေချာမတွက်ဘဲ ထင်ရာလုပ်ခဲ့လို့ မဖြစ်သင့်ဘဲဖြစ်လာရတဲ့ဆိုးကျိုးတွေပါ။
အခုအချိန်မှာကောင်းတာတစ်ချက်ကတော့ ရွှေတစ်ချောင်းမြောင်းကိုအရင်ထက်စာရင် ဂရုတစ်စိုက် နဲ့ထိန်းသိမ်းစောင့်ရှောက်လာတာကိုတွေ့ရတာကတော့ ဝမ်းသာစရာပါ။
အရင်ကဈေးချိုနားတစ်ဝိုက်ဆိုရင် စည်းမဲ့ကမ်းမဲ့ အမိူက်ဝိုင်းပစ်တော့ ရေသေဖြစ်နေရာကနေ အခုအချိန်မှာရွှေတစ်ချောင်းရေဆိုးမြောင်းကရေမှန်မှန်လေးစီးနေတာကိုတွေ့ရတာ စိတ်ချမ်းသာစရာပါ။
ဒါပေမယ့် မိုးအရမ်းရွာလို့ ရေတွေကြီးလာရင် ရွှေတစ်ချောင်းကလဲအားလုံးကိုလက်မခံနိုင် မကယ်နိုင်ပါဘူး။
အဲတော့ မိုးတွေအရမ်းရွာလာရင် ်ဏသိမ်းထားလို့ရမယ့်ရေကန် ရေတွေအရမ်းဆင်းလာရင် ကူပြီးလက်ခံမယ့်ရေမြောင်းအသစ်ကတော့လိုအပ်လာပြီ
လို့ထင်ပါတယ်။
ကဲဘယ်လိုလုပ်မလဲ…………………………………………………………….
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
4 comments
MandalayThar
October 6, 2010 at 9:44 am
ပုလင်းဝင်းအကြောင်းနဲ့ ပတ်သတ်ပြီး မှတ်မိတာက ကိုပေါက်လိုဘဲ။ ကျွန်တော့ဦးလေးက ပုလင်းဝင်းကို ခေါ်သွားပြီး စာရွက်အပုံ၊ သတင်းစာအပုံ ကြီးကနေ ရွှေသွေးဟောင်းတွေကို ရှာရွေးခိုင်းတယ်။ မောင်နှမတွေ ရွေးကြတယ်။ ပြီးတော့ ဦးလေးက အဲဒီရွှေသွေးတွေကို ပေါင်းပြီး ချုပ်ပေးတာ စာအုပ်ကြီးက ၂ လက်မ အထူ လောက်ရှိတဲ့ ရွှေသွေးစာအုပ် ၈ အုပ်လောက်ရတယ်။ ရှယ်ဘဲ စာအုပ်ကြီးကို ကြမ်းပြင်မှာ ချပြီး ရှယ် ဖတ်ရတယ်။
မန်းတလေးကို ပြန်မရောက်တာ ဘာလိုလိုနဲ့ ၁ဝ နှစ်လောက်တော့ ရှိတော့မယ်။ ဟိုတခေါက် ရောက်တုန်းက ဈေးချိုဘက်ရောက်တော့ ရွှေတချောင်းပေါ်ကို ခွကြီး ဘာအဆောက်အအုံ အဝိုင်းကြီးဆောက်ထားတာတွေတယ်။ နေရာရှားလာဗျာ။ ရွှေတချောင်းပိတ်မှာ ပေါ့။ ဦးနောက်မှာ ရှိရဲ့လားမသိပါဘူးဗျာ။ ခွင့်ပေးတဲ့လူရော၊ ဆောက်တဲ့လူရော၊ နေတဲ့လူရော။ ဘာမှ မစဉ်းစားတာအံရောဗျာ။
unclegyi1974
October 6, 2010 at 1:11 pm
ကိုပေါက်ရေ ခင်ဗျာကကျုံးရေအကြောင်းပြောတော့ ကျန်နေတာတခုဖြည့်ပါရစေ
အဲဒီအချိန်ဂျပန်ကအဖွဲ့လို့ပြောပါတယ် ကျုံးရေကိုစစ်ဆေးပြီးတော့ ဒီရေကိုသောက်နေရင်
နောက်အနှစ် ၂ဝ လောက်ဆိုရင်နူကုန်လိမ့်မယ်လို့ပြောတာကြားဘူးပါတယ်
အခုထိဘာမှမဖြစ်ကြဘူးနော် သူတို့ကဘဲရှော်တာလား မန်းလေးသားတွေကဘဲစွမ်းသလား
fatty
October 6, 2010 at 2:19 pm
ကိုပေါက်သို့မေတ္တာရပ်ခံချင်တာလေး တခုကတော့ ….ကျုံးဘေးလမ်းမကြီးပေါ်မှာ ..စက်ဘီးလေးတွေကိုယ်စီစီးနေကြတဲ့ …မန်းလေးသူအပျိုချောလေးတွေရဲ့ ဓာတ်ပုံလေးတပုံလောက်များရရင် … ကြည့်ပါရစေ။ အခုတော့လဲ ဆိုင်ကယ်တွေ ကိုယ်စီနဲ့နေမှာပေါ့လေ …။
kopauk mandalay
October 6, 2010 at 2:54 pm
မန်းလေးသားတွေရဲ့ ဘိုက်က ဘက်တီးရီးယားပြီးသွားတာလေ အဲတော့ ဘယ်ရေသောက်သောက် ဘာမှမဖြစ်တော့ဘူး။
ကိုဖက်တီးရေ ရှေးတုန်းဓါတ်ပုံကတော့ မရှိဘူးဗျ။
အားတဲ့တစ်ရက်မှာတော့ မန်းလေး လမ်းပေါ်က ဆိုင်ကယ်ပေါ်မှာ လန်နေတဲ့ အလန်းလေးတွေတင်ပေးဘို့စိတ်ကူးတော့ရှိတယ်။
စောင့်အုံးနော်။