မီဒီယာ
ကဲ Mandalay gazette မှာရေးနေတယ့်သူတွေ မီဒီယာအကြောင်းသိအောင်ရယ်၊ ဘယ်လိုရေးရမယ်ဆိုတာသိအောင် Weekly Eleven ထဲက ကူးယူဖော်ပြပါတယ်။ link က
Eleven Media Group က ကျွန်တော်တို့ သတင်းအယ်ဒီတာ အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ AFP Foundation ရဲ့ ဂျာနယ်လစ်သင်တန်း (Senior Journalist Training)ကို ငါးရက်ကြာ တက်ရောက်ခွင့် ရခဲ့ပါတယ်။
သင်တန်း တက်ရောက်ဖို့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ရ နာရီ မိနစ် ၂ဝ မှာ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ MAI လေကြောင်းခရီးစဉ်နဲ့ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ စံတော်ချိန် ၈ နာရီခွဲခန့်မှာ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ လေဆိပ်ကနေ တည်းခိုမယ့် The Park Hotel ကို ဆက်လက် ထွက်ခွာခဲ့ရာမှာတော့ နံနက် ၉ နာရီခွဲခန့်မှာ ရောက်ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ကျွန်တော်တို့အဖွဲ့ အနေနဲ့ ဘန်ကောက်မြို့တွင် အလည်အပတ်ထွက်ခွင့် ရခဲ့ပါတယ်။ အဲဒီနေ့မှာတော့ သင်တန်းနဲ့ပတ်သက်လို့ ဘာတွေသင်ရမလဲ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်မယ်ဆိုတာ မသိရသေးချိန် ဖြစ်ပြီး မြင်လေရာရာမှာ နောက်ဆုံးပေါ် မော်ဒယ်ကားသစ်တွေနဲ့ ချိုင့်ခွက်မရှိတဲ့ လမ်းမကျယ်ကြီးတွေ၊ လျှပ်စစ်ရထားနဲ့ MRT တွေ၊ မီးထိန်ထိန်လင်းနေတဲ့ ဘန်ကောက် ညရှုခင်းတွေကို ငေးရင်း အတွေးကိုယ်စီနဲ့သာ . . . .
အီရက်၊ အာဖဂန်နဲ့ ပါကစ္စတန်မှာ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာမ
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်မှာတော့ ဘန်ကောက် AFP ရုံးခွဲက Sales & Marketing Manager Mr. Weratha ဟိုတယ်ကို ရောက်လာပြီး သင်တန်း တက်ရောက်ရမယ့် The Pacific Tower ကို လိုက် ပို့ပြီး သင်တန်းဆရာမ Mrs. Tanya Wilmer နဲ့ မိတ်ဆက်ပေးပါတယ်။ ဒီ သင်တန်းဟာ AFP အနေနဲ့ မြန်မာသတင်းမီဒီယာလောက ပိုမိုဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကူညီပေးတာဖြစ်တဲ့ အကြောင်းကို ဦးစွာရှင်းပြပြီး AFP သတင်းဌာနရဲ့ အကြောင်းကို ပထမဦးဆုံး ရှင်းပြပါတယ်။ AFP သတင်းမီဒီယာကို ၁၈၃၅ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး ယခုအခါမှာ ကမ္ဘာ့ဒေသကြီး ငါးနေရာမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားသလို နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှာ ဝန်ထမ်းတွေနဲ့ အလွတ်သတင်းထောက်တွေ ခန့်အပ်ထားတယ်ဆိုတဲ့ အကြောင်း ရှင်းပြပါတယ်။ အဓိက ဘာသာစကား ခြောက်မျိုးနဲ့ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးနေတဲ့ သတင်းအေဂျင်စီတစ်ခု ဖြစ်တယ်လို့ သူမက ပြောပါတယ်။ AFP ရဲ့ ကုန်ကျစရိတ် တချို့တစ်ဝက်ကို ပြင်သစ် အစိုးရက စိုက်ထုတ်ပေးနေပေမယ့် သူတို့ဟာ သီးခြားရပ်တည်တဲ့ သတင်းအေဂျင်စီ တစ်ခုအဖြစ်သာ ခံယူထားပြီး အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို လုံးဝ လက်မခံဘူးလို့လည်း သူမက ပြောပါတယ်။
ကျွန်တော်တို့ကို သင်ကြားပေးမယ့် ဗြိတိန်နိုင်ငံသူ ဆရာမ Mrs. Tanya Wilmer ဟာ ဒီသင်တန်းအတွက် AFP ဟောင်ကောင် Bureau ကနေလာတာ ဖြစ်ပါတယ်။ သူမရဲ့ အတွေ့အကြုံတွေနဲ့ သူ့ကိုယ်သူ မိတ်ဆက်လာချိန်မှာတော့ ၁၉၉၈ ခုနှစ် ဆက်ဒမ်ဟူစိန်လက်ထက် အီရတ်မှာ သတင်းယူခဲ့တာ၊ အာဖဂန်နစ္စတန်မှာ သတင်းသွားယူခဲ့တာ၊ ပါကစ္စတန်ကို သတင်းအတွက် သွားခဲ့တာ သတင်းယူခဲ့တာတွေကို အားကျစရာ ကြားသိခွင့် ရခဲ့ပါတယ်။ (နောက်ပိုင်း သင်ကြား မှုတွေမှာ သူရဲ့ လက်တွေ့လုပ်ဆောင်ခဲ့တာတွေနဲ့နှိုင်းယှဉ် သင်ကြားပေးခဲ့ပါတယ်)
ဂျာနယ်လစ်တွေအတွက် က၊ ခ၊ ဂ
အဲဒီ့နောက်မှာတော့ ဂျာနယ်လစ်တွေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေအကြောင်း စတင် ရှင်းပြပါတယ်။ ဒီနေရာမှာတော့ သတင်းတစ်ပုဒ်ကို ရေးသားမယ်ဆိုရင် အဓိက လိုက်နာရမယ့် စည်းကမ်းတွေကတော့ ‘A’ လို့ ခေါ်တဲ့ Accuracy (တိကျမှု)၊ ‘B’ လို့ ခေါ်တဲ့ Balance/Fairness(ဘက်မလိုက်မှု)၊ ‘C’ လို့ခေါ်တဲ့ Context (အကြောင်းအရာ) တွေပါဖို့ အရေးကြီးတဲ့အကြောင်း ရှင်းပြပါတယ်။ မြန်မာလို အလွယ်ပြောရင်တော့ ဂျာနယ်လစ်တွေအတွက် အခြေခံ က၊ ခ၊ ဂ ပါပဲ။
သူမအနေနဲ့ အဓိက ရှင်းလင်းပြတာကတော့ သတင်းတစ်ပုဒ် ရေးသားမယ် ဆိုရင် ဒီသတင်းအချက်အလက် ရရှိတဲ့ Source တွေဟာ ခိုင်မာမှုရှိဖို့ လိုအပ်ပြီး သတင်းရင်းမြစ်ကို တစ်ခုတည်းနဲ့ မရေးသားဖို့ Multiple Sources ဖြစ်အောင် ကြိုးပမ်းဖို့ ပြောပါတယ်။ ဒါ့အပြင် Sources တွေရဲ့ပြောစကားကို အတိအကျရေးသားဖို့၊ Sources တွေရဲ့ အသုံးချခံ မဖြစ်စေဖို့၊ တစ်ဦးတစ်ယောက်တည်းရဲ့ ပြောစကားပေါ်မှာ အခြေခံပြီး သတင်းမရေးသားဖို့ သတင်းရယူတဲ့အခါမှာ မရှင်းလင်းတာရှိရင် တိတိကျကျ ဖြစ်အောင် မေးမြန်းဖို့ Sources အနေနဲ့ အမည်ဖော်ပြဖို့ မဖြစ်နိုင်ဘူးဆိုရင် သူတို့ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မယ့် အကြောင်းအရာ တစ်ခုနဲ့တွဲပြီး ဖော်ပြဖို့ စတဲ့ အချက်အလက်တွေကို ရှင်းပြပါတယ်။ သူမ ပြောသွားတဲ့ အချက်ထဲမှာ သတင်းရင်းမြစ်ဖြစ်တဲ့ Sources တွေ အနေနဲ့ ဘယ်လောက်ပဲရာထူးကြီးသူ ဖြစ်ပါစေ တစ်နေရာတည်းကရတဲ့ အကြောင်းအရာတွေနဲ့ သတင်း မတည်ဆောက်ဖို့ ဥပမာပေး ပြောသွားခဲ့ပါတယ်။ အီးယူရဲ့ အလှည့်ကျ နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဟာ ပြင်သစ်နိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ပါလက်စတိုင်းခေါင်းဆောင် ရာဆာအာယာဖတ် ကွယ်လွန်သွားပြီလို့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ အဲဒီ ဝန်ကြီးရဲ့ ပြောစကားကို အခြေခံပြီး ကမ္ဘာ့သတင်းဌာနတွေ အားလုံးနီးပါး အာယာဖတ် ကွယ်လွန်ပြီဆိုတဲ့ သတင်းကို ထုတ်လွှင့်ခဲ့ကြပါတယ်။ AFP လည်း ဒီသတင်းကို ထုတ်လွှင့်ပြီးမှ အာယာဖတ် တက်ရောက် ကုသနေတဲ့ ဆေးရုံကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကွယ်လွန်ခြင်း မရှိသေးဘူးဆိုတာ သိရလို့ အမြန်ဆုံး ပြင်ဆင်ချက် ထုတ်ခဲ့ရဖူးကြောင်း ပြောပါတယ်။ ဒါကြောင့် Sources တွေကို အမြဲတမ်း မယုံကြည်သင့်ဘဲ မှန်ကန်မှု ရှိစေရန်အတွက် အထပ်ထပ်စစ်ဆေးဖို့ လိုအပ်တဲ့ အကြောင်း ပြောပါတယ်။ မိမိရေးလိုက်တဲ့သတင်း မှားယွင်းသွားပါက ပရိသတ် ယုံကြည်မှု ကျဆင်းလာသလို မီဒီယာရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းနိုင်ကြောင်း ပြောပါတယ်။ တစ်ခါတစ်ရံမှာ သတင်းအချက်အလက်တွေ အတိအကျရပြီးမှ လွဲချော်သွားတာလည်း ရှိတတ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရတဲ့ကိစ္စ မဟုတ်ပါက အထပ်ထပ်အခါခါ စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းနဲ့ သတင်းဌာနတွေ အချင်းချင်း အပြိုင်အဆိုင် ဖြစ်လာတဲ့အခါ အချိန်ကိုလုပြီး လုပ်ရတဲ့အတွက် တိကျမှုအပိုင်းမှာ အားနည်းသွားတတ်တာကို သတိထားဖို့ အကြံပြုပါတယ်။
ဂျာနယ်လစ်တွေဟာ သတင်းနောက်ခံ သမိုင်းကို မမေ့ရဘူး
ဆက်လက်ပြီး သူမ ဆွေးနွေးတာကတော့ Balance/Fairness ဆိုတဲ့ ဘက်မလိုက်မှုနဲ့ မျှတဖို့ ရှိရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတင်းသမားတွေဟာ ဘယ်ဖက်ကမှ ရပ်တည်လို့ မရတဲ့အတွက် အထူးသတိပြုဖို့ လိုတယ်ဆိုတာကို သူမက အဓိက ဆွေးနွေးပါတယ်။ AFP ဟာ အကြမ်းဖက်သမား(Terrorist)၊ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်သူ (Freedom Fighter)ဆိုတဲ့ မိမိသဘောထား အမြင်ပါတဲ့ အသုံးအနှုန်းကို Sources တွေရဲ့ ပြောစကားအနေနဲ့ သုံးတာကလွဲလို့ သုံးလေ့သုံးထ မရှိဘူးလို့ ဆိုပါတယ်။ သတင်းတစ်ပုဒ်မှာ ဖြစ်ရပ်ကိုသာ ရေးသားရပြီး သတင်းဌာနရဲ့ အမြင်ဖြင့် မည်သူမှားသည် မည်သူမှန်သည် စတဲ့ ကောက်ချက်တွေ ထည့်သွင်း မဖော်ပြသင့်ဘူးလို့ ဆိုပါတယ်။ သတင်းသမားဟာ ဖြစ်ရပ်တစ်ခုမှာ မှားသူမှန်သူကို ဆုံးဖြတ်ရန် မလိုဘဲ နှစ်ဖက်စလုံးက အကြောင်းများကိုသာ ပရိသတ်များ သိစေရန် ပြောပြပေးရမယ်လို့ ပြောပါတယ်။
နောက်ဆုံး သူမ ပြောသွားတာကတော့ Context လို့ ခေါ်တဲ့ ဒီသတင်းဟာ ဘာကြောင့် စိတ်ဝင်စားစရာ ဖြစ်တယ်ဆိုတဲ့ အချက်အလက်တွေကို ထည့်သွင်းရေးသားဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဥပမာအနေနဲ့ သူမပြောသွားတာက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ နှစ် ၂ဝ အတွင်း ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲ ဒါမှမဟုတ် ၁၉၉ဝ ရွေးကောက်ပွဲအပြီး ပြန်လည်ပြုလုပ်တဲ့ ရွေးကောက်ပွဲလို့ ပါမယ်ဆိုရင် သာမန်သတင်းထက်ပိုပြီး လူစိတ်ဝင်စားမှု ဖြစ်နိုင်တယ်လို့ သူမက ဆွေးနွေးပါတယ်။ နောက်ပြီး သတင်းရဲ့ Background နဲ့ ဖြစ်လေ့ဖြစ်ထ မရှိတာတွေက တစ်ခါတစ်ရံမှာ လူတွေ စိတ်ဝင်စားတတ်လို့ သတင်းတည်ဆောက် ရေးသားနိုင်သလို ဘယ်သတင်းအမျိုးအစားကိုပဲ ဖြစ်ဖြစ် နိုင်ငံရေး အခြေအနေကို နောက်ခံထား ရေးနိုင်ရင် လူတွေ စိတ်ဝင်စားမှု ပိုမိုရနိုင်တယ်လို့ ဆိုပါတယ်။ အဓိကကတော့ မိမိပရိသတ် သိချင်တာကို မိမိကိုယ်တိုင် သိဖို့ အရေးကြီးပြီး ဒေသအလိုက် အခြေအနေအလိုက် သတင်းခေါင်းစဉ် ရွေးချယ်ပြီး ရေးသားမယ် ဆိုပါက ထိရောက်တဲ့ သတင်းတစ်ပုဒ်ကို ရနိုင်ပါတယ်လို့ ဆိုပါတယ်။ အဓိကကတော့ သတင်းအတွက် လိုအပ်ရင် သတင်းနောက်ခံ သမိုင်းကြောင်းကို ထည့်သွင်းဖို့နဲ့ ဂျာနယ်လစ်တွေဟာ အဲဒီ နောက်ခံသမိုင်းကို မမေ့ဖို့၊ သမိုင်းကို မဖျောက်ပစ်ဖို့ သတိပေး ဆွေးနွေးခဲ့ပါတယ်။
Journalist တွေ အဓိက လိုက်နာရမယ့် A B C အချက်သုံးချက်ကို ရှင်းလင်းပြီးတဲ့ အခါမှာတော့ သင်တန်းဆရာမ Mrs. Tanya ဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ သတင်းရယူခဲ့ဖူးသူ ဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာ နိုင်ငံ သတင်းလောကရဲ့ အခြေအနေတွေကိုတော့ သိပ်ပြီး သိမထားဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လို စာပေစိစစ်ရေးရဲ့ တည်းဖြတ်မှု အချို့ကို ခံယူပြီး လုပ်ကိုင်နေရတဲ့ သတင်းဌာနတွေရဲ့ အခြေအနေကို အလေးအနက်သိလို တယ်လို့ ပြောလာပါတယ်။ ကျွန်တော်တို့ အနေနဲ့ဆင်ဆာမူဝါဒ အချို့ ရှိနေတယ် ဆိုပေမယ့် သတင်းတစ်ပုဒ် ရေးသားဖို့ လိုအပ်လာရင် အဖြစ်မှန်အတိုင်း ရိုးသားစွာ တင်ပြရမယ်ဆိုတဲ့ ခံယူချက် ထားရှိကြောင်း ပြန်ပြောပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Mr. Tanya က သတင်းတွေမှာ မိမိကို အသုံးချလိုတဲ့သတင်း ဟုတ်မဟုတ် ဝေဖန်ဆန်းစစ်နိုင်ဖို့၊ ကိစ္စရပ်တစ်ခုကို ပြောဆိုမယ့်သူက အဲ့ဒီကိစ္စမှာ ဘယ်လောက် ပြောဆိုခွင့် ရှိမရှိ စတာတွေကို အမြဲတမ်း အလေးအနက် စဉ်းစားဖို့ လိုတဲ့အကြောင်း အကြံပေးပါတယ်။ နောက်ပြီး သတင်းထောက်တွေဟာ သတင်းတစ်ပုဒ် ဘယ်ကရခဲ့တယ် ဆိုတာကို သက်ဆိုင်ရာ အယ်ဒီတာထံ အသိပေးဖို့ အရေးကြီးတဲ့အကြောင်း သတိပေးပါတယ်။ နောက်ပြီး သတင်းတွေ၊ သတင်းခေါင်းစဉ်တွေ ရေးသားရမှာ စာလုံးပေါင်း အမှားအယွင်း မရှိစေဖို့ အထပ်ထပ်စစ်ဆေးရန် လိုအပ်တဲ့ အကြောင်း သတင်းခေါင်းစဉ် သတ်ပုံ အမှားအယွင်းကြောင့် သတင်းတစ်ပုဒ်လုံး ပရိသတ်ရဲ့ ယုံကြည်မှု ကျဆင်းသွားနိုင်တယ်ဆိုတဲ့ အကြောင်းကို ဆက်ပြောပါတယ်။ ညနေပိုင်းမှာ သင်တန်းပထမနေ့ကို အပြန်အလှန် ဆွေးနွေးမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။