ကောင်းလို့ပြန် Share လိုက်တယ်-ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့ အာဖတာ – ယူ
ရှက်ရှက်နဲ့ ဝန်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့်လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက်ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂ဝလောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာ အကြာကြီးပဲ။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး “အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေ သယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ… လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။
ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက် လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။
“After you”
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။
“After you” တဲ့။
After ဆိုတာ… ပြီးနောက်။
you ဆိုတာ… သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့… “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။
ကျွန်တော်ဟာ “After me” သမားပဲ။
ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့…။
ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။
ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။
လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့…။
အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့…။
ငါအဆင်ပြေဖို့…။
“After me”….
“After me”….
“After me”….
ငါပြီးမှ မင်း…။ ငါအရင်…။ ငါ့ကို ဦးစားပေး။
တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။
ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။
“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ… မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။
အဖေက ဝင်ပြောတယ်။
“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့ အမှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။
သူကလည်း ကိုယ့်အပေါ် “After you”။
ကိုယ်ကလည်း သူ့အပေါ် “After you”။
မိဘကလည်း သားသမီးအပေါ် “After you”
သားသမီးကလည်း မိဘအပေါ် “After you”
လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”
လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”
ဆရာကလည်း တပည့်အပေါ် “After you”
တပည့်ကလည်း ဆရာ့အပေါ် “After you”
အပြန်အလှန် “After you” ဆိုတဲ့….
ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။
ရွှေမန္တလေးဂျာနယ်
အမှတ်စဉ် (၂၇၁)၊ ၂၁.၇.၂၀၀၈
လင်းလွန်းခင် စာပေမှ စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၄၀၈၀၉ ဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် ဦးဘုန်း (ဓာတု – မန္တလေး)ရဲ့ တွင်း (အတွေးစာ စကား) (စာ ၇၉ – ၈၂) မှ ကူးယူဖော်ပြပါသည်။
8 comments
tunaung
October 15, 2010 at 10:04 am
ရှိသင့်တဲ့စိတ်ထားလေးပါ ဆိုက်ပေါ်တင်ပေးတာကျေးဇူးတင်ပါတယ်..အားပေးနေပါတယ်…..
intro
October 15, 2010 at 2:07 pm
ကိုယ့်ကိုယ်ကို ယူ မိတဲ့အကြိမ်များလား၊ မီ မိတဲ့ အကြိမ်များလား အမှန်အတိုင်းဝန်ခံရရင် မီ မိတာ တကယ်ကို များခဲ့ပါတယ်ဗျာ..
maungmoenyo
October 15, 2010 at 5:00 pm
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ဘဝနေ့တဓူဝရုန်းကန်လှုပ်ရှားရမှုကိုပြတာပါ။ သူများကိုတွန်းဖယ်ကျော်တက်နိုင်မှနေ၇၊စား၇၊ ဝတ်၇၊အသက်ရှင်ကြရတဲ့အခြေအနေတွေကြောင့်ပါ။ ဦးတဲ့သူစားကြေးဆိုတဲ့စရိုက်ကမြန်မာတွေကိုသင်သွားတာပါဘဲ။ လွယ်လွယ်ရနိုင်တဲ့ကိစ္စ၊ အပြန်အလှန်လေးစားလိုက်နာရမဲ့လူ့ကျင့်ဝတ်ဆိုတာမထားနိုင်တော့ပါဘူး။ ဝမ်းနည်းစရာဖြစ်သလို၊ရှက်စရာလည်းကောင်းပါတယ်။ ပြင်ပကမ္ဘာမှာမြန်မာဆိုရင်နှာခေါင်းရှုံ့အထင်သေးခံရတာတွေကိုကြည့်ပါ။
အားလုံးဆင်ချင်နိုင်ကြပါစေလို့…။
fatty
October 16, 2010 at 12:05 pm
ဒီမှာလဲတခု ဟိုမှာလဲတခု …..သူများတင်တာတွေကုလဲဖတ်ကြပါအုံးလို့
R Ga
October 16, 2010 at 12:09 pm
alien on the planet earth ရေ သေပြီဆရာပဲ ကျွန်တော်လည်း ဒါကိုထပ်တင်လိုက်မိတယ် ဗျာ..ဆော်ရီး…ဟူး…သေချာရှာပါသေးတယ်ဗျာ..
မတွေရလို့…..တောင်းပန်ပါတယ်။
အယ်ဒီတာမင်းများလည်း ကျွန်တော့်ပို့ကို ပြန်ဖျက်ပေးပါလို့တောင်းဆိုအပ်ပါတယ်။
me2
October 16, 2010 at 2:07 pm
ဆရာရေ…နောက်လဲ ဒီလို စာလေးတွေ အမြဲတမ်းဖတ်ချင်ပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒီလိုစာမျိုးတွေရေးပေးတဲ့အတွက်ပါ။
အတုယူစရာကောင်းပါတယ်။
fatty poak
October 16, 2010 at 6:21 pm
ဆရာရေးတဲ့စာတွေကိုတော့…..အမြဲတမ်းသဘောကျပါတယ်ဗျာ…..။
leo
October 20, 2010 at 5:51 am
စာရေးထားတာတော့သဘောကျပါတယ် …. လက်တွေ့လိုက်လုပ်နိုင်ဖို့ အရမ်းခက်ခဲပါတယ် ….. ဒါကမြန်မာပြည်ဖြစ်ပါတယ် After you အတိုင်းလုပ်ဖို့မလွယ်ပါဘူး