Sichuan ခရီးစဉ် (၃)

weiweiMay 5, 20114min49927

ပထမဆုံး မန္တလေးဂေဇက်မှာ 21-10-2010 တုန်းကတင်ခဲ့တဲ့ မျက်စိ အပန်းဖြေဖို့ ဆိုတဲ့ ပို့စ်ကို ပြန်ပြီး edit လုပ်ထားတာပါ။

chengdu ချန်သူးကနေ Jiuzhaigou ကျိုကျိုက်ကုန်းအထိ ကီလိုမီတာ ၄၅ဝ ရှိပါတယ်။

ကျိုကျိုက်ကုန်းက ဟိုတယ်တစ်ခုမှာ ညအိပ်ပြီး မနက်မိုးလင်းတာနဲ့ တက်စီကားတွေက တည်းခိုသူတွေကို ကျိုကျိုက်ကုန်း ဥယျာဉ်ကြီးဆီကို လိုက်ပို့ပေးပါတယ်။ အလွန်သာယာလှပတဲ့ မြို့သေးသေးလေးတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို မိတ်ဆက်ထားတဲ့ တရုတ်ကြီးကလဲ ကျွန်မတို့နဲ့အတူ လိုက်လာပါတယ်။ ဥယျာဉ်ဂိတ်ပေါက်ဝရောက်တော့ လက်မှတ်ဝယ်ရတယ် … ဥယျာဉ်ကြီးက အရမ်းကြီးလွန်းလို့ အရင်တုန်းကဆို လက်မှတ်တစ်စောင်ဝယ်ရင် ၂ ရက် ဝင်ခွင့်ရှိပါတယ်။ တစ်ရက်အချိန်ထဲနဲ့လည်ပတ်လို့ မလောက်လို့ပါ။ ကျွန်မတို့သွားတုန်းကတော့ တစ်ရက်ပဲ ဝင်လို့ရမယ်တဲ့။ လက်မှတ်တစ်စောင်ကို ၂၂ဝ ယွမ် (သုံးသောင်းသုံးထောင်ကျပ်ခန့်) နဲ့ အတွင်းမှာစီးတဲ့ကားခ ၉ဝ ယွမ် ပေးရပါတယ်။ ဂိတ်ပေါက်အဝင်အဝမှာတင် တော်တော်ခန်းနားနေပါပြီ … ပန်းပင်မျိုးစုံနဲ့ လက်မှတ်ရောင်းတဲ့အဆောက်အဦးနေရာကပဲ ပန်းခြံအသေးတစ်ခုစာလောက်ရှိပါတယ်။

သဘာဝသစ်တောတစ်ခုဖြစ်ပြီး 74132 ဧကကျယ်ဝန်းပါတယ်။ သစ်ပင်ကြီးအမျိုးအစားပေါင်း 2576 မျိုးရှိပြီး အပင်ငယ်အမျိုးအစားပေါင်း 400 ကျော်ရှိပါတယ်။ သဘာဝတောရိုင်းတိရစ္ဆာန်တွေအတွက် အလွန်ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကျောရိုးရှိသတ္တဝါ 170 မျိုး၊ ငှက် 141 မျိုး နဲ့ ရှားပါးတိရစ္ဆာန် 17 မျိုးရှိပါတယ်။
ကျွမ်မတို့သွားတုန်းကတော့ ရှားပါးတိရစ္ဆာန်တွေကို တခြားနေရာကို ပို့ထားတယ်လို့ သိခဲ့ရပါတယ်။ ပန်ဒါလဲ မမြင်ခဲ့ရဘူး။

လက်မှတ်နဲ့အတူ မြေပုံစာရွက်ပါ ပေးလိုက်ပါတယ်။ အထဲဝင်လိုက်တာနဲ့ ကားတွေစောင့်နေတယ် … လိုင်းကားလိုမျိုး ကားအကောင်းစားတွေဖြစ်ပါတယ်။ ကြိုက်တဲ့ကားပေါ်တက်လို့ရပါတယ်။ လူတစ်ဝက်လောက် တက်ပြီးတာနဲ့ ကားစထွက်ပါတယ်။ ကားထွက်တာနဲ့ ကားပေါ်မှာ တိုင်းရင်းသားဝတ်စုံဝတ်ထားတဲ့ ဂိုက်ကောင်မလေးတွေက စပြီးရှင်းပြပါတယ်။ သူရှင်းပြတာ နားထဲမရောက်နိုင်လောက်အောင်ပဲ ပတ်ဝန်းကျင်ရှုခင်းက ဖမ်းစားထားပါတယ်။ အဲဒီလောက် စိမ်းစိုပြီးအေးချမ်းတဲ့ ပန်းခြံမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကားတွေက တစ်မှတ်ပြီးတစ်မှတ်တိုင် ရပ်မှာဖြစ်ပါတယ်။ ရှေ့ကမှတ်တိုင်မှာ ရပ်လို့ ဆင်းလိုက်ပြီးရင် ကားက မစောင့်နေပဲ ဆက်ထွက်သွားပါတယ်။ နောက်က ရောက်လာမယ့်ကားကို စောင့်ပြီး စီးရုံပါပဲ။ ကိုယ်ကြိုက်တဲ့နေရာမှာ ကြိုက်သလောက် လည်ပတ်လို့ရတဲ့ သဘောပါပဲ။ ကားမစီးချင်လို့ လမ်းလျှောက်ချင်တယ်ဆိုရင်လဲ ရပါတယ်။ လမ်းလျှောက်ရမယ့်လမ်းကလေးတွေက ရေကန်တွေပတ်လည်မှာရှိပြီး အရမ်းသာယာပါတယ်။

ဥယျာဉ်ထဲက ကားလမ်း

 

နေရာတိုင်းမှာ ရေကန်တွေရှိပြီး အလွန်လှပါတယ်။ ခပ်ဆင်ဆင်တူနေပေမယ့် တကယ့်အပြင်မှာ သိပ်မတူဘူး။ နွေရာသီအရမ်းပူချိန်မှာ အဲဒီဥယျာဉ်ထဲမှာ အေးစိမ့်နေပါတယ်။ အဲဒီအထဲမှာ လမ်းလျှောက်ရတဲ့ ခံစားချက်က တော်တော်ကောင်းလို့ ကျွန်မသူငယ်ချင်းဆို ခုန်ပေါက်နေမိအောင် ပျော်နေတယ်။ အင်တာနက်က ဓါတ်ပုံတွေမှာမြင်ဖူးတာထက် အဆပေါင်းများစွာ သာယာလှပတယ်။ တကယ့်ကို စကားလုံးရှာမရနိုင်အောင်ပါပဲ။ တိဗက်နဲ့ နီးပေမယ့် ရှုခင်းတွေက တခြားစီဖြစ်သွားတယ်။ ကျွန်မရောက်ဖူးသမျှထဲမှာတော့ အလှဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့နဲ့အတူလမ်းလျှောက်လာတဲ့ တရုတ်ကြီးက တကယ်တော့ သူ့အကြံနဲ့သူ … သူကတစ်ယောက်ထဲဆိုတော့ သူ့ဓါတ်ပုံတွေကို ကျွန်မတို့ကို ရိုက်ခိုင်းချင်လို့ အတူလိုက်လာတာ .. ကျွန်မတို့ကလဲ သူ့ကြောင့် နှစ်ယောက်တွဲပုံတွေ တော်တော်ရိုက်ခဲ့ရပါတယ်။

နေ့လည် ၁၂ နာရီကျော်လာတော့ ဗိုက်ဆာလာပါတယ်။ နေ့လည်စာစားလို့ရတဲ့နေရာက တစ်နေရာထဲရှိပါတယ်။ အဲဒီအဆောက်အဦးဆီကို သွားလိုက်ကြပါတယ်။ အောက်ထပ်မှာ ဈေးဆိုင်တန်းများနဲ့ အပေါ်ထပ်မှာ အစားအသောက်ရောင်းတယ်။ ပလာဇာကြီးတစ်ခုလိုပါပဲ။ ဘူဖေးစနစ် တစ်ယောက်ကို ၅ဝ ယွမ် (၇၅၀ဝ ကျပ်) ပေးရတယ်။ ဟင်းတွေအများကြီးမစုံပေမယ့် ဗိုက်ဆာနေတော့ စားလို့ကောင်းပါတယ်။

စားသောက်ဆိုင်ရှိတဲ့ အဆောက်အဦးအတွင်း

ထမင်းစားပြီးတော့ ဆက်လက်လည်ပတ်တယ်။ ခြေထောက်တွေ ညောင်းလာပေမယ့်လဲ တန်အောင် မရပ်တန်း လမ်းလျှောက်လိုက် ကားစီးလိုက်လုပ်ကြတယ်။ ညနေ ၅ နာရီလောက်မှာတော့ ဆက်မလျှောက်နိုင်လောက်အောင် မောလာတာနဲ့ ဂိတ်ပေါက်ကို ပြန်ရောက်တဲ့ကားကိုစီးပြီး ပြန်လာခဲ့ကြပါတယ်။

 

 

 

 

အဲဒီကထွက်လာပြီးတော့ ကားဂိတ်ကိုသွားပြီး နောက်တစ်နေ့ မနက်စောစော ချန်သူးကို ထွက်မဲ့ ကားလက်မှတ်သွားဝယ်လိုက်ပါတယ်။ မနက် ရ နာရီလောက်ထွက်မယ့်ကားဖြစ်ပါတယ်။ အဲဒီနောက် ဟိုတယ်နားကိုပြန်ပြီး အဲဒီနားက စားသောက်ဆိုင်မှာပဲ ညနေစာစားကြပါတယ်။ ညဘက် အဲဒီနားပတ်ဝန်းကျင်မှာ လျှောက်ကြည့်ကြပြီး ဟိုတယ်ပြန်လာပြီး ပြန်ဖို့ပြင်ဆင်ပြီးနောက် အိပ်လိုက်ကြပါတယ်။

နောက်တစ်နေ့ အပြန်လမ်းအတွေ့အကြူံကတော့ ခရီးစဉ် (၂) က အသွားလမ်းအတွေ့အကြူံနဲ့ အတူတူပဲမို့လို့ ထပ်မရေးတော့ပါဘူး။ အပြန်ဆိုတော့ အသွားလောက်မတက်ကြွပဲ ကားပေါ်မှာ အိပ်ပျော်နေခဲ့တဲ့အချိန်က ပိုများပါတယ်။

တော်တော်လေး စွန့်စွန့်စားစားနဲ့ သွားခဲ့တဲ့နေရာလေးဖြစ်ပြီး စွန့်စားရကျိုးနဲ့ ပိုက်ဆံကုန်ရကျိုးနပ်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

27 comments

  • kai

    October 21, 2010 at 9:21 am

    တော်တော်လှတာပဲ..။ ရေက ဘာလို့ အဲဒီလောက်စိမ်းနေတာလဲ..။
    လူတွေတခုခုလုပ်ထားတာလား..။

    ရေတံခွန်ကလည်း တခုမက… အများကြီး..။
    အေးဆေး.. ပန်းချီထိုင်ဆွဲဖို့ကောင်းတယ်..။

  • ဆူး

    October 21, 2010 at 9:25 am

    သွားချင်လိုက်တာ.. လှတယ်နော်.. အရမ်းသာယာတယ် လို့ ခံစားရတယ်။ လူငယ်တွေ အုပ်စုလိုက် လေ့လာရေး ထွက်ရရင် သိပ်ကောင်းမှာဘဲ။

  • weiwei

    October 21, 2010 at 9:25 am

    ရေတွေက အပြာရောင်နဲ့ အစိမ်းရောင် .. သဘာဝအလှပါ .. ပန်းခြံကြီးက ကြီးလွန်းလို့ ၂ ရက်လောက်တစ်နေကုန်လည်မှ အစုံရောက်နိုင်မယ် … စကားလုံးရှာလို့မရလောက်အောင်ကို လှပါတယ် ..

  • khinmintatthu

    October 21, 2010 at 9:32 am

    တော်တော်လေးကိုလှပါပေတယ်.. သာယာလိုက်တဲ့ ရှုခင်းလေးတွေပေါ့… ရေတံခွန်ကြီးက ပတ်ပတ်လည်ကြီးလားဗျ… ရေတွေက ပတ်ပတ်လည်ကျနေသလိုပဲနော်… လှလိုက်တဲ့ရှုခင်း

  • chitlay

    October 21, 2010 at 9:38 am

    တော်တော်ကို မျက်စိအေးတဲ့ ရှုခင်းလေးတွေပါ။ ကြည့်ရတာ သစ်တောစိမ်းစိမ်းလေးတွေရယ် ရေပြာပြာလေးတွေရယ်နဲ့ အရမ်းကိုအေးချမ်းပါတယ်။

  • fatty poak

    October 21, 2010 at 9:54 am

    အရမ်းလှတယ်ဗျာ……..တစ်ခေါက်လောက်တော့……သွားကြည့်ချင်လိုက်တာ…။

  • Gong Zhu

    October 21, 2010 at 5:30 pm

    ခဏခဏ ကို သွားကြည့်ချင်တာ … 😛

  • lu ta lone

    October 22, 2010 at 3:41 am

    ဓာတ်ပုံရိုက်တာ ကြာပြီနဲ့တူတယ်…
    ပန်းချီအမြင်လည်းရှိတယ်…
    ရှုခင်းလည်း ရွေးတတ်တယ်…
    အကွာအဝေးချိန်တာလည်း မိုက်တယ်…
    ကင်မရာကလည်း တော်တော်ကောင်းမယ်ထင်တယ်…

  • char too lan

    October 22, 2010 at 3:50 am

    အရမ်းလှတယ် ရေတွေပြာနေတာက သဘာဝပဲလား
    လူဖန်တီးမှုလား နေချင်စရာကောင်းတယ်ဗျာ………

  • winkyawaung

    October 22, 2010 at 3:53 am

    သဘာဝ အလှများကို မြင်ရလို့ အထူးကျေးဇူးတင်ပါတယ်ကွယ်။

  • weiwei

    October 22, 2010 at 4:38 am

    ရိုက်ထားတာ ၂ နှစ်ရှိပါပြီ … တိဗက်ကိုသွားတုန်းက အပြန်မှာ စီချွမ်ကိုတစ်ခါထဲ ဝင်လည်ခဲ့တာပါ .. ကင်မရာက ရိုးရို Sony DSCT70 နဲ့ပါ .. ပုံတင်ရတာလွယ်အောင် compress လုပ်ပြီးတင်ထားတာ .. အဲဒီက ရေအရောင်တွေက သဘာဝတွေပါ … ဆန်းကြယ်ပြီး လှလွန်းလို့ နိုင်ငံခြားသားတွေ အသွားများတယ့်နေရာတစ်ခုပဲ ..

  • weiwei

    May 5, 2011 at 12:03 pm

    ပို့စ်အဟောင်းကို ပြန်ပြီး update လုပ်လိုက်လို့ အရင်က ကွန်မန်းတွေပါ ပါသွားတယ် …
    မန္တလေးဂေဇက်မှာ ပထမဆုံးတင်ခဲ့တဲ့ပို့စ်ဖြစ်ပြီး တော်တော်လေးအားပေးကြတာနဲ့ ဆက်ကာဆက်ကာ တင်နေခဲ့တာ ယနေ့အထိပါပဲ … ၆ လ တောင်ကျော်သွားပြီ …

  • ဆူး

    May 5, 2011 at 1:02 pm

    ဒီပိုစ်က စာတွေ အသစ် တင်ထားတာပါ။
    ကွန်မန်းက ဒိတ်တွေ အောက်နေပြီ။
    ပုံတွေက တော်တော် လှတယ်။
    သွားရခက်တာကို ရောက်အောင် သွားတဲ့ အတွက် ဂုဏ်ယူပါတယ်။
    ဆူး တို့ ခရီးသွားရင် ခေါင်းမရှုပ်ရအောင် တိုးလက်မှတ်နဲ့ သွားတယ်။ အချိန်တန် စား အချိန်တန် နား နောက်နေ့ အတွက် လက်မှတ် တွေ ဘာတွေ စသဖြင့် တွေးမပူရအောင် လူပြိန်း လုပ်နည်း အတိုင်း တိုးနဲ့ သွားတယ်။
    တခါတလေ တိုးဂိုက်က အချိုးမကျလို့ ဝင်ဆရာ လုပ်ရတာလည်း ရှိတယ်။ အခုနောက်ပိုင်း တိုး အသစ်တွေ အများကြီး ထွက်လာတယ်။ လုပ်သာ လုပ်တာ အတွေးအကြုံ နည်းသေးတော့ ယောင်ချာချာရယ်။ မဝေ လည်း တိုးထောင်ပါလား တရုတ်တိုး ဆိုပြီး။

  • weiwei

    May 5, 2011 at 2:11 pm

    တရုတ်ပြည်ခရီးသွားအတွက်ဆိုရင်တော့ တိုး ထောင်လို့ရလောက်အောင် အတွေ့အကြုံတွေများတယ် … ဒါပေမယ့် ခရီးကို အပန်းဖြေဖို့သက်သက်ပဲ သွားချင်တယ် … အလုပ်တစ်ခုလို မလုပ်ချင်ဘူး …

  • ဆူး

    May 5, 2011 at 2:29 pm

    တိုး ဂိုက်လုပ်တယ် ဆိုရင်တော့ ပါလာတဲ့ ခရီးသွားတွေရဲ့ စားရေးသောက်ရေး ကြိုတင် စီစဉ် ထားပေမဲ့ ပြသနာ မမျှော်မှန်းထားပဲ ကြုံတတ်ပါတယ်။
    မြန်မာ လူမျိုးများက အရမ်း ကြောက်တတ်တယ်။ အားငယ်တတ်တယ်။ ဒါကြောင့် ဂရုစိုက်မှု ကို သိပ်လိုချင်ကြတယ်။ ခေါင်းဆောင်ကို သိပ်အားကိုးတတ်ကြတယ်။ တခြားနိုင်ငံမှာလည်း တော်ယုံ သိပ်လည်း မရစ်ရဲကြပါဘူး။

  • weiwei

    May 5, 2011 at 2:45 pm

    မဝေက မြန်မာပြည်မှာလဲ ခရီးအများကြီးသွားဖူးတယ် .. ဒါပေမယ့် တစ်ယောက်ထဲတော့ မသွားဖြစ်ဘူး .. သွားလဲ မသွားရဲပါဘူး …

    တရုတ်ပြည်မှာတော့ တစ်ယောက်ထဲ သွားရဲတယ် … နေရာတော်တော်များများကို မြေပုံတစ်ခုကိုင်ပြီး သွားခဲ့ဖူးတယ် … ဘာတစ်ခုမှ အလွဲအချော်မရှိပဲ အဆင်ပြေခဲ့တယ် … မြေပုံကို ကောင်းကောင်းဖတ်တတ်မယ် … ဘက်စ်ကားမှတ်တိုင်နဲ့ မြေအောက်ရထားမှတ်တိုင်ကို သေချာမှတ်နိုင်ရင် ရပြီ … ပြသနာတခုခုရှိလာပြီဆိုရင်တော့ တရုတ်စကားကောင်းကောင်းပြောပြီး မျက်နှာငယ်လေးနဲ့ နေပြလိုက်ရင် ပြေလည်သွားရော …

    ရန်ကုန်ရောက်တော့မှ ဘက်စ်ကားမစီးရဲလို့ အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲဘူး …. 😛

  • ဆူး

    May 5, 2011 at 2:51 pm

    နိုင်ငံခြားမှာ မြေပုံ စနစ် တော်တော် ကောင်းတယ်။
    မြေပုံ ကိုင်ပြီး လျောက်သွားရင် တော်တော် အဆင်ပြေတယ်။
    ဒီမှာ မြေပုံ မလိုဘူး.. မြို့တမြို့ ရောက်ရင် ဆိုက်ကားသမား လမ်းမေးလိုက်ရင် အဆင်ပြေတယ်။ တခါတလေ အားနာဖို့ ကောင်းလောက်အောင်ကို သဘောကောင်းပြီး လိုက်ပို့ပေးတတ်ကြတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 4:57 pm

    ဆိုင်မလားတော့မသိဘူး
    အလည်အပတ်ခရီးတွေမှာ
    မြို့သားတွေက တောတောင်ရေမြေအလှအပတွေရှိတဲ့နေရာတွေကိုလည်ပတ်တယ်
    တောသားတွေက အဆောက်အဦးအများကြီးနဲ့လူစည်ကားတဲ့နေရာတွေကို လည်ပတ်တယ်
    တောသားတွေကမြို့တက်တယ်
    မြို့သားတွေက တောတိုးတယ် 🙂 🙂 🙂

    • weiwei

      May 6, 2011 at 3:40 am

      ကိုအောင်ပု ပြောတာ ဟုတ်ပါတယ် …
      အနောက်နိုင်ငံကလူတွေက သဘာဝရှုခင်းတွေရှိတာကို သွားလည်ကြပြီး ဓါတ်ပုံလဲ သိပ်မရိုက်ဘူး … စိတ်နဲ့ ခံစားတတ်ကြပါတယ် ..
      ကျွန်မတို့လို တောသားတွေကတော့ ရှန့်ဟိုင်းလို မြို့ကြီးရောက်ရင် အဆောက်အဦးတွေကိုကြည့်ပြီး တအံ့တဩနဲ့ ဓါတ်ပုံရိုက်ကြတယ် …

  • mihninlay

    May 6, 2011 at 3:25 am

    အရမ်းလှတဲ့ရှုခင်းတွေပဲသွားချင်လိုက်တာ….မဝေကိုအားကျတယ်ခရီးတွေအများကြီးသွားလို ့

  • bigcat

    May 6, 2011 at 4:12 am

    ရှုခင်းတွေက တော်တော်လှတယ်။ ဘယ်လိုပြောမလဲ လှတာထက် သန့်ရှင်းကြည်လင်မှုကို ဓာတ်ပုံထဲကတောင် ခံစားလို့ရတယ်။ အောက်ခံရေအရောင်ကြောင့် ပိုကြည့်လို့ကောင်းသွားတာနေမှာ…

  • susunosuki

    May 6, 2011 at 5:32 am

    ကျွန်တော်တို့ ရန်ကုန်က လှော်ကားဥယျာဉ်ကြီးကို ဦးတေဇက ၁ဝ လုပ်ကိုင်ခွင့်ယူလိုက်ပြီးဆိုတော့ မကြာခင်လှလာတော့မယ်ထင်ပါတယ်။ ရေကန်ကရေတွေလဲကြည်မှာပါ။ ဒါပေမယ့် လှော်ကားက ရေကန်ပုံမှာတော့ တရုတ်ပြည်က ရေကန်ပုံထက် တစ်ခုပိုနေမယ်။ ကန်ဘေးပတ်လည်မှာ ထမင်းချိုင့်ကိုယ်စီ နဲ့စုံတွဲတွေလေ။

  • ဆူး

    July 2, 2011 at 2:48 pm

    မဝေ ခရီးသွားပိုစ်တွေ မတင်တော့ဘူးလား..
    အွန်လိုင်း ပေါ်က ခရီး မထွက်ရတာ ကြာပြီ။

  • zarzarhtwe

    July 18, 2014 at 8:50 pm

    တလောကဒီမြို့အကြောင်းရိုက်ထားတဲ့ရုပ်ရှင် ကြည့်ပြီး မဝေပို့စ်ကိုသတိရလို့ ပြန်ကြည့်တာ။ဒါပေမယ့် စိတ်ထဲ အမှတ်ရနေတဲ့ ဝါးတောတွေ ဘွန်ဇိုင်းပင်တွေပါတဲ့ပုံတွေ မ တွေ့လို့။ဘဖောပို့စ်မှာလားမသိ ရှာကြည့်အုံးမယ်။ကိုယ်တိုင်ကခရီးမသွားနိုင်သေးတော့ မဝေရဲ့ဆောင်းပါးတွေနဲ့ပဲ အတူတူလိုက်နေပါရတယ်လေ။

  • ခင် ခ

    July 18, 2014 at 11:24 pm

    ဒီမှာက အတော်လှတဲ့ သဘာဝရှုခင်းတွေရှိပေမယ့် သေချာပြသကောင်းအောင် မလုပ်ကြဘူး
    မလုပ်တတ်ကြတာလား မလုပ်ချင်ကြတာလား မပြောတတ်ဘူး
    လုပ်ခွင့်ကန်ထရိုက်ရတာတောင် ဝင်ကြေးကောက်ဖို့ဘဲသိတာ ဘယ်လိုကွန့်ပြီးပြရင် ပိုစွဲဆောင်နိုင်မယ်ဆို သိပေမယ့် အကုန်မခံချင်ဘူးလေ ရချင်တာ မြတ်ချင်တာဘဲ စောင်းပေးကြတယ်လေ

  • အရီးခင်

    July 19, 2014 at 1:40 am

    အရီး ရွာသူမဖြစ်ခင် စာဖတ်သူဘဝ နဲ့ နေတုန်းက ဝေဝေ ရဲ့ ဒီလို ခရီးသွားမှတ်တမ်း စာတွေ ကို ကြိုက်လို့အမြဲ ဖတ်ပါတယ်။
    စာနဲ့ ချက်ထားတာတွေ ကိုလဲ နေ့လည်စာ နဲ့ တွဲပြီး စားပါတယ်။
    အဲဒီတုန်းကတော့ စာဖတ်သူဘဲ ဆိုတော့ ဝင်မန့်စရာမလိုဘူးပေါ့လေ။
    အခုတော့ ဖတ်ပြီး မမန့်ခဲ့ရင် တစ်ခုခုလိုနေသလိုဘဲ။ ;-)))

    • weiwei

      July 20, 2014 at 9:21 pm

      ဂဇက်မှာ ပထမဆုံးတင်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံပို့စ်လေးပါ ..
      အဲဒီတုန်းက ကောင်းကောင်းမတင်တတ်သေးလို့ ပုံတွေက ရောကုန်တယ် ..

Leave a Reply