ကျွန်ုပ်တို့၏ စိတ်ထားများ
မနေ့က (အောက်တိုဘာ ၂၄) ကျွန်တော်အိမ်ပြန်ရောက်ချိန်မှာ တယ်လီဗေးရှင်းမှာ ပြသနေတဲ့ MNL ဘော်လုံးပြိုင်ပွဲကို တစ်ချက်ကြည့်လိုက်မိပါတယ်။ ပွဲက ပြီးပါတော့မယ်။ ၈၅ မိနစ်ဖြစ်နေပါပြီ။ ကန်နေတဲ့ အသင်းနှစ်သင်းက ရတနာပုံနဲ့ ရန်ကုန်အသင်းဆိုတော့ စိတ်ဝင်စားသွားပြီး ခဏထိုင်ကြည့်ဖြစ်ပါတယ်။ ရန်ကုန်အသင်းက သုံးဂိုး-ရတနာပုံအသင်းက ၁ ဂိုးနဲ့ ကစားနေစဉ်ဖြစ်ပါတယ်။ အားကစားသမားတွေဟာ အားအင်အတော်အင်အားကုန်ခန်းနေပုံရပါတယ်။ ရန်ကုန် အသင်းက နောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်တော့ လေးဂိုးတစ်ဂိုး ဖြစ်လာပါတယ်။ ဒီလိုကစားနေစဉ်အတွင်းမှာ အရှေ့ဘက်ပွဲကြည့်စဉ် အလယ်လောက်မှာ ရတနာပုံအသင်းဆွဲယူလာတာကို ရန်ကုန်အသင်းက ဖျက်လိုက်ပါတယ်။ အဲဒီမှာ ပွဲကြမ်းတော့တာပါပဲ။ ရတနာပုံ အသင်းက အားကစားသမားတစ်ဦးက ရန်ကုန်တိုင်း က အားကစားကို လိုက်လံကန်ကျောက်တော့ တာပါပဲ။ ရန်ကုန်တိုင်း ကစားသမားက ပတ်ပြေးနေချိန်မှာ နောက်မှာ ဒိုင်လူကြီးတွေရော တခြားအားကစားသမားတွေရော တစ်ပြုံကြီးပြေးလိုက်နေတာတွေ့ရတော့် အတော်ကို ရယ်ချင်သွားပါတယ်။ အတော်လည်းစိတ်မကောင်းဖြစ်မိပါတယ်။ နဲနဲကြာချိန်မှာတော့ တိုက်ရိုက်ရိုက်ကူးနေတဲ့ ကင်မရာက ပရိသတ်ဖက်ကို လှည့်ထားလိုက်တော့ ကွင်းအတွင်းက ဖြစ်ပျက်နေတာတွေကို တော့မမြင်ရတော့ပါဘူး။ ဒီအချိန်မှာမြင်ရတာကတော့ ပရိသတ်တွေက ဆဲနည်းမျိုးစုံနဲ့ ဆဲနေပြီး ရှိသမျှ ရေသန့်ဘူးတွေ၊ ဖိနပ်တွေနဲ့ ကောက်ပေါက်နေတာတွေ ထင်းထင်းကြီးမြင်နေရပြန်ပါတယ်။ မကြာခင်မှာတော့ ဒိုင်လူကြီး အတော်အတန်ပွဲထိန်းလာနိုင်ပုံရပါတယ်။ ရတနာပုံအသင်းကရန်ပိုင်ကို အနီကတ်ပြထုတ်ပယ်ပြီး၊ ရန်ကုန်တိုင်းဘက်ကိုလည်း တစ်ယောက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ ရန်ကုန်အသင်းက ရတနာပုံအသင်းကို လေးဂိုး တစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဘော်လုံးပွဲအတွင်း အားကစားသမားအချင်းချင်း၊ ပရိသတ်အချင်းချင်း၊ အားကစားသမားနှင့် ဒိုင်လူကြီးများ သတ်ပုတ်ရန်ဖြစ်ကြတာကတော့ အဆန်းကြီးတော့မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတော့ရှိပါတယ်။ ဒါပေမဲ့ အခုဖြစ်ပျက်နေတာတွေကို ကြည့်ရတာက သာမန်သဘောမျိုးမဟုတ်ပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ပြောင်းလဲလာတဲ့စိတ်ပိုင်း ဆိုင်ရာ အခြေအနေကို ဝမ်းနဲစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ အားကစားလှုပ်ရှားမှုတွေ အားလုံးဟာလူသားတွေအတွက် ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ လူသားတွေကို လှုပ်ရှားစေလို့ပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲ တွေကတော့ လူသားတွေအတွက် ဓါးသွား နှစ်ဘက်လိုဖြစ်လာပါတယ်။ ဘောလုံးကစားနည်းကြောင့် လူသားအားလုံး ဈေးချိုချိုနဲ့ လှုပ်ရှားလာနိုင်ကြတယ်၊ တွေ့ဆုံခွင့်ရကြတယ်။ စွမ်းရည်တွေပြသခွင့်ရကြတယ်။ ဒါဟာကောင်းတဲ့ ဓါးသွားဘက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးအားကစားနည်းနဲ့ တွဲပြီးပါလာတာက လောင်းကစားမှုဖြစ်ပါတယ်။
နိုင်ငံအချို့မှာ လောင်းကစားဟာတရားဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ယခင်ဥပဒေအရ လောင်းကစားခြင်းဟာ ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ဆိုပါတယ်။ လောင်းကစားတရားဝင်ဖြစ်တဲ့ နိုင်ငံတွေမှာ အမေရိကန်နဲ့ အင်္ဂလန်ကို ကြည့်နိုင်ပါတယ်။ အမေရိကမှာ Las Vegas မှာ တရားဝင်လောင်းကစားလုပ်ခွင့်တွေချပေးထားပါတယ်။ အင်္ဂလန်မှာလည်း လောင်းကစား ဘူကီ ဒိုင်တွေကို အစိုးရကတရားဝင်ကိုင်ထားပါတယ်။ ထိုနည်းတူစွာ မကာအို၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မလေးရှားနဲ့ အခုစင်္ကာပူ နိုင်ငံတွေမှာ ကာစီနိုတွေ အကြီးအကျယ် တိုးမြင့်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒီနိုင်ငံတွေက ယူဆတာက လူသားတွေရဲ့ လောင်းကစားမှု ကို လုံးဝပိတ်ပင်ထားလို့မရနိုင်ဘူး။ လူသားရဲ့ သဘာဝက လောင်းကစားမှုဖြစ်တယ်။ ဒါကြောင့် အစိုးရတွေက စနစ်တကျ ချုပ်ကိုင်ပြီးလုပ်သင့်တဲ့နေရာတွေမှာ လုပ်ရမယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲတွေဟာ် သူတို့နိုင်ငံက လူတွေအတွက် ပျော်ရွင်စိတ်လက်အနားယူကြည့်ရှုစရာတစ်ခုဖြစ်လာခဲ့တယ်။ ငွေကြေးအင်အားကလည်းတောင့်တင်းလာ၊ အကောင်းဆုံး ကစားသမားတွေကိုလည်းစုနိုင်၊ နည်းပညာအရလည်း တစ်ကမ္ဘာလုံးက လွယ်လွယ်ကူကူကြည့် လာနိုင်ကြတော့ Premier League ဘောလုံးပြိုင်ပွဲတွေဟာ အားလုံးရဲ့ သဲချေကြိုက်ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ ဘော်လုံးပွဲကောင်းတစ်ခုဆိုတာက တစ်ဖက်နဲ့တစ်ဖက် မျှမျှတတနဲ့ ဒိုင်လူကြီးအဆုံးအဖြတ်ဘောင်အတွင်း က ရေဆုံးရေခန်းအစွမ်းထုတ်ပြိုင်ဆိုင်ကစားကြခြင်းဖြစ်ပါတယ်။ Professional ပြိုင်ပွဲတွေဖြစ်လာလေလေ ပြိုင်ဆိုင်မှုကပြင်းထန်လာလေလေပါပဲ။ ဒါကြောင့်ထိခိုက်ဒါဏ်ရာရမှုတွေလည်း ဒုနဲ့ဒေးရှိနေကြပါတယ်။ ဒါပေမဲ့ ဘော်လုံးပွဲရဲ့ အဓိက အနှစ်သာရက မျှတမှု၊ ကျွမ်းကျင်မှု၊ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဘောလုံးပွဲနိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေ အဓိကမဟုတ်ပါဘူး။ အကောင်းဆုံး၊ အသန့်ရှင်းဆုံး ယှဉ်ပြိုင်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဘော်လုံးပွဲအားပေးသူတွေဟာ သူတို့ဘက် အလွန် အနိုင်ရလိုကြပါတယ်။ ဒါပေမဲ့ ဒီဘောလုံးပွဲနိုင်တာဟာ လူသားတွေအတွက် ခဏတာပျော်ရွင်မှုသာဖြစ်ပါတယ်။ ဘော်လုံးပွဲနိုင်တာနဲ့ အားလုံးကောင်းသွားတာမဟုတ်ပါဘူး။ ကမ္ဘာ့ဖလားရသွားတဲ့ စပိန်နိုင်ငံ ဟာ အခု အလုပ်သမား သဘိတ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် မိမိပြင်ဆင်သင့်တာကို မပြင်ဆင်ထားပဲ အနိုင်ရဖို့လောက်ပဲစဉ်းစားရင် ညစ်ညမ်းတဲ့ ကစားနည်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်က မြန်မာဘောလုံးအသင်းနဲ့ တောင်ကိုရီးယားဘော်လုံးအသင်း အဆင့်အတန်းတူတူပါပဲ။ ကစားသမားအရွယ်အစားတွေကလည်းအတူတူပါပဲ။ အခု နှစ်ပေါင်း ၄ဝ ကြာပြီးချိန်မှာတော့ အားကစားသမားတွေရဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ အင်အား တွေတူညီကြသေးရဲ့လားဆိုတာ မြန်မာလူမျိုးအားလုံး သတိထားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေဟာ သေးကွေးပိန်လှီပြီးကျန်နေခဲ့ပါပြီ။ ဒီတော့ သန်စွမ်းတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ရချိန်မှာ အနိုင်ရလိုဇောနဲ့ ကစားနေတဲ့ပုံတွေဟာ အတော်ပင်ကျေကွဲစရာကောင်းပါတယ်။ မနိုင်နိုင်အောင်လုပ်မယ်ဆိုတဲ့စိတ်ထားတွေဖက်ကိုသာ ရောက်လာကြပါတယ်။ အသက်အရွယ် အလိုက်ကစားကြမယ်ဆိုရင်လဲ အသက်လိမ်နေတာတွေက ထုံးစံလိုဖြစ်နေပါပြီ။ ကမ္ဘာကြီးဟာ မျှတတဲ့နေရာတစ်ခု မဟုတ်သော်လည်း လူသားတွေဟာမျှတမှုကို တန်ဘိုးထားကြပါတယ်။ ဒီလို မဖြစ်ဖြစ်တဲ့ နည်းနဲ့ နိုင်အောင်လုပ်ရခြင်းကို ဘယ်သူကမျှ အထင်မကြီးပါဘူး။
ကျွန်တော်တို့ဂုဏ်ယူရမှာက မြန်မာလူမျိုးတွေဟာ ကျန်းမာ၊ ကြံခိုင် ဖွံ့ဖြိုးပြီး၊ သမာသမတ်ကျသူတွေဖြစ်ရန်ဖြစ်ပါတယ်။ ကုပ်ချောင်းချောင်းနဲ့ အချောင်အနိုင်ရလိုသူတွေကို မွေးထုတ်ရန်မလိုပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အနေအထိုင်၊ အစားအသောက်တွေကအစ သေသေချာချာပြန်လည်လေ့လာပြီး ပြုပြင်ပြောင်းလဲကြရန်လိုပါတယ်။ ကျွန်တော်နဲ့ အတွေးအခေါ်တူသူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ထားတွေပြောင်းလဲကြရအောင်…..
15 comments
bigcat
October 24, 2010 at 6:26 am
ပို့စ်ရည်ရွယ်ချက်က ကောင်းပါတယ်။ ကျနော်တို့မြန်မာပြည်မှာလည်း နေရာတကာ ဝင်ပြီး ကိုယ်နဲ့တန်မတန်မသိတဲ့ အချောင်သမား စစ်ဗိုလ်တွေ အလိုတော်ရိတွေကို သူ့နေရာသူပြန်စေပြီး ဘောပွဲဥပမာလို ဘောလုံးသမားကကန်၊ ဒိုင်ကကြီးကြပ်၊ ပရိတ်သတ်ကအားပေ၊ အုပ်ချုပ်သူကညွှန်ကြား၊ အားကစားပွဲတာဝန်ရှိသူက ကြီးကြပ်ကြရင် မကောင်းဘူးလား။ အခုတော့ဗျာ အားကစားလဲ စစ်ဗိုလ်၊ ကျန်းမာရေးလဲစစ်ဗိုလ်၊ သာသနာရေးလဲ စစ်ဗိုလ်၊ စီးပွားရေးလဲစစ်ဗိုလ်ပဲ။ တချို့ကြတော့ စစ်ဗိုလ်တွေကြောင့် ပျက်စီးနေတာကို မျက်ကွယ်ပြုပြီး အနစ်နာခံ ပြုပြင်ပြောင်းလဲ ရေးသမားတွေကို မျက်နှာပြောင်တိုက် ဝေဖန်သေးတယ်။ စိတ်ဓာတ်တကယ်မှန်ရင် ကိုယ့်မှာဟောင်းလောင်းဖြစ်နေတာကို အရင်ကာပြီးမှ သူများကို လက်ညိုးထိုးသင့်တာပေါ့။ အခုတော့ဗျာ တဖက်သားကို ပါးစပ်ပိတ်၊ ချုပ်နှောင်ထားပြီး အသံကောင်း ဟစ်နေသူတွေရှိနေတယ်။ တိုင်းပြည်ကောင်းစားဖို့ ဘုရားသား စစ်သား ကျောင်းသား သားသုံးသားပေါင်းပြီး နအဖ အလိုတော်ရိတွေ၊ စားဖားတွေ၊ ရာဇဝတ်ကောင်တွေကို ချေမှုန်းကြဖို့ အချိန်တန်နေပါပြီ။
kai
October 24, 2010 at 6:47 am
မြန်မာလူမျိုးတွေဟာ ကျန်းမာ၊ ကြံခိုင် ဖွံ့ဖြိုးပြီး၊ သမာသမတ်ကျသူတွေဖြစ်ရန်..ဆိုတာလေး.. ကိုဆွေးနွေးကြည့်မလို့ပါ..။
ဂျပန်နို်င်ငံ လုပ်ခဲ့တာလေး…ရေးပြချင်ပါတယ်..။ (ယူအက်စ်ကတော့ ပြောစရာတောင်မလိုပါဘူး..။ နှစ်ရာချီပြီးလုပ်လာတာမို ့.. အသေးစိတ်နောက်မှပဲ..ဆွေးနွေးတာပေါ့..)
ကမ်ဘာစစ်ပြီးတဲ့အထိ ဂျပန်ဟာ အာရှမှာထိပ်ကသာပြေးနေခဲ့တယ်..လူတွေက ပုညက်လေးတွေပါ။ အဲဒါကြောင့် ..မြန်မာတွေတောင်..ဂျပန်ငပုတွေလို့ခေါ်ခဲ့တာပေါ့..။
“ငပုတွေလာပြီ ” ဆိုတာက… ဂျပန်ခေတ်မှာ …ဂျပန်စစ်တပ်ဝင်လာပြီကိုပြောတာပေါ့..။
ဂျပန်တွေစတက်လာတဲ့ ၁၉၆၀ဝန်းကျင်မှာ..သူတို့အစိုးရကဘာလုပ်သလဲဆိုတော့.. မူကြိုနဲ့..သူငယ်တန်း..အလယ်တန်း..အထက်တန်းတွေကို … အစိုးရကနေကြီးကြပ်ပြီး ..အစာကြွေးပါတယ်.။
ကြက်ဥ..နွားနို့.. အမဲ..သား..ငါး..စတဲ့အဟာရဖြစ်ပြီး..ဦးနှောက်ဖွံ ့ဖြိုးမှုဖြစ်စေတာချည်း..စီမံချက်နဲ့ဖိကြွေးတာပါ..။
အခုထိပါပဲ..။
ဆိုတော့..
အခုခေတ်..ဂျပန်တွေဘာဖြစ်နေသလဲ..။
ဂျပန်ငပုလို့ သွားပြောရင်… ဝိုင်းရီစရာဖြစ်တော့မပေါ့နော..။
အဲဒီတော့သူတို့လူမျိုးတွေဟာ ကျန်းမာ၊ ကြံခိုင် ဖွံ့ဖြိုးသူတွေဖြစ်လာတယ်ပေါ့နော.. သမာသမတ်ကျသူတွေဖြစ်ရန်..ဆိုတာမှာ.. ကလေးတွေဟာ..အခြေခံလိုအပ်ချက် .. basic human wants and needs စားတာမှာ မပူပင်ရတဲ့အတွက်.. သမာသမတ်ဖြစ်တတ်လာပါတယ်..။ လူဟာ ပြည့်စုံရင် .. သမာသမတ်ကျကျစဉ်းစားတတ်တယ်မဟုတ်ပါလား..။ ကျောင်းမှာ အစာစားဖို့တန်းစီရာမှာ .. ဖြည်းဖြည်းသွားလည်း.ကြက်ဥတလုံး၊နွားနိုတဗူး..မြန်မြန်သွားလည်း ..တူတူမို ့..လုယူ၊ဖြတ်စားတာတွေ မလုပ်တတ်တဲ့အကျင့်ပါရတာပါ။
နောက်..တခုကဦးနှောက်ဖွ ့ဖြိုးမှုပါ..။ အဟာရပြည့်ပြည့်စားနိုင်တဲ့ သူတွေဟာ သာမန်ထက်ပိုစဉ်းစားနိုင်ပါတယ်.။ ပိုတွေးတတ်ပါတယ်..။ ပိုသိတတ်ပါတယ်..။
အဲဒါကြောင့်..
မြန်မာပြည်မှာ .. ကလေးတွေကို အသားကြွေးပါ။ ကြက်ဥကြွေးပါ။ နို့တိုက်ပါ..။ တတ်နိုင်ရင် အစိုးရကနေ ကြီးကြပ်စီမံပါ..။ မတတ်နိုင်ရင် ဥပဒေထုတ်ပေးပြီး ပုဂ်ဂလိကလက်ထဲ အပ်ပါ..။
အခုကနေ..နောင်အနှစ် ၂၀…အနှစ်၂ဝ …မြန်မာပြည်တိုးတက်တဲ့လမ်းပေါ်ခြေတလှမ်းစရောက်မှာပါပဲ..။
ကလေးတွေ..ကလေးတွေ..အင်မတန်အရေးကြီးပါတယ်..။ အင်မတန်ကို..(သေလောက်အောင်ကို) အရေးကြီးပါတယ်ဆိုတဲ့အကြောင်း….။
weiwei
October 24, 2010 at 7:13 am
ကို kai ပြောတာကို ထောက်ခံတယ် … အရေးအကြီးဆုံးက ကလေးတွေပါ .. မိဘနဲ့ဆရာ ပူးပေါင်းပြီး စီမံမှ ကလေးတွေရဲ့ အနာဂတ်ကောင်းမှာပါ .. လက်ရှိအခက်အခဲက မိဘတွေရဲ့ စားဝတ်နေရေးနဲ့ အသိဉာဏ်အဆင့်အတန်းပါ … အများစုက ဆင်းရဲတယ့်လူတန်းစားတွေ … သူတို့ကို အာဟာရအတွက် ပညာပေးအစီအစဉ်တွေလုပ်ပေးနိုင်ရင်ကောင်းမယ် … ကျွန်မမြင်ဖူးနေတယ့်မိဘတွေက တစ်နေ့တစ်နေ့ ချဲထိုးနေကြပြီး ကလေးတွေကို ထမင်းမချက်ကျွေးပဲ မုန့်ဖို့ ၃ ၄ ရာလောက်ပေးပြီး စားချင်တာဝယ်စားခိုင်းကြတယ် … ကလေးတွေက လမ်းဘေးကအသုတ်တို့ဘာတို့စားပြီး တစ်နပ်ပြီးသွားကြတယ်… အဝတ်အစားတွေကို စင်ကြယ်အောင်မလျှော်ပေးတော့ ကလေးတွေမှာ ညစ်ပတ်ပြီး ရောဂါတွေဝင်ပြီး ပိန်လှီနေကြတယ် .. ကျောင်းမှာကျတော့လဲ ဆရာမက စာကို အသိဉာဏ်ဖြစ်အောင် မသင်ပဲနဲ့ နှုတ်တိုက်သင်လိုက်တော့ ဘာမှမသိဉာဏ်မရှိတယ့် ကလေးလေးတွေဖြစ်နေကြတယ် … ကျွန်မကတော့ မိဘတွေကို ရတယ့်လစာနဲ့အာဟာရဖြစ်အောင် ဘယ်လိုကျွေးမွေးရမလဲဆိုတယ့် ကျန်းမာရေး အသိပညာပေးတယ့်လုပ်ငန်းတွေ လုပ်သင့်နေတယ်လို့ ထင်တာပဲ …
asiamasters
October 24, 2010 at 7:34 am
အခုလိုဆွေးနွေးပေးသူအားလုံးကို အထူးကြိုဆိုပါတယ်။ ဒီဆွေးနွေးသူတွေဟာ ဘယ်မှာနေပြီး ဘာလုပ်တာတွေကိုတော့ မသိရပါဘူး။ ကျွန်တော်လို မြန်မာနိုင်ငံမှာနေသူအတွက်ကတော့ လုပ်သင့်တာနဲ့လုပ်နိုင်တာ ကိုရွေးချယ်ရပါတယ်။ လုပ်သင့်တယ်လို့ပြောတာကတော့ အများကြီးပဲ၊ မိမိလုပ်နိုင်တာတွေက အရေးကြီးပါတယ်။ ကျွန်တော်လုပ်နိုင်တာကို လုပ်နေပါတယ်။ http://www.facebook.com/kmlwin1#!/kmlwin1?v=photos
kai
October 24, 2010 at 8:02 am
ကျုပ်က ..ယူအက်စ်မှာနေတာပါ..။
အပေါ်ကတင်တဲ့ထားတဲ့(ကျွန်ုပ်တို့၏ စိတ်ထားများ) စာပေါ်မူတည်ပြီး ဝင်ဆွေးနွေးတာပါပဲ..။asiamastersအနေနဲ့ လုပ်ငန်းတခုရဲ့ကြော်ငြာသဘောဆန်ဆန်တင်ထားဖူးသူဆိုတော့ .. လုပ်ငန်းရှင်..ဒါမှမဟုတ်…အလုပ်လုပ်နေသူတဥိးဖြစ်တယ်ဆိုတာသိပါတယ်..။
မြန်မာပြည်ထဲ…လုပ်သင့်တာတွေကို လုပ်နိုင်တဲ့ဘောင်ထဲက..လုပ်နိုင်သလောက်လုပ်နေတယ်ပဲဆိုပါစို့..။
ကြော်ငြာအရ .. ဟော်တယ်၊ တိုးရစ်ဇင်၊ အစားအသောက်တွေနဲ့ပါတ်သက်တာပါတာမို ့.. နိုင်ငံတကာကလူတွေနဲ့ဆက်ဆံရတာပါပြီးဖြစ်တယ်လို့ ထင်ပါတယ်..။ အစားအသောက်တွေကို ..ပါဝင်တဲ့အဟာရနှုန်း၊နှုထရေးရှင်းတွေတွက်ချက်ရတာတွေနဲ့လည်း ရင်းနှီးပြးီဖြစ်မယ်ထင်ပါတယ်..။
ကလေးတွေကို စီမံချက်ချပြီးကြွေးမွေးတာဟာ .. စီးပွားရေးလုပ်ငန်းတခုလည်းဖြစ်ပါတယ်.။
ဒါကို အစိုးရဆီက ကန်ထရိုက်ယူပြီးလည်းလုပ်နိုင်ပါတယ်..။ ကလေးမိဘတွေဆီက ..အပိုကြေးကောက်ပြီးလုပ်ရင်.. သေသေချာချာ ပရိုတွေကတွက်ချက်ကြွေးတာဖြစ်တဲ့အတွက်..သာမန်မိဘတွေ..ငွေပိုပေးနိုင်ကြမှာပါ..။ ထုထည်ပမာဏများများနဲ့လုပ်တာဖြစ်တဲ့အတွက်… သာမန်လက်လီစားနေကျ..ကျောင်းတွင်းမုန့်ဆိုင်တွေရဲ့ဈေးကိုလည်း ..ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်..။ စီးပွားရေးအရ ..အပေါ်စီးကပါပဲ..။
လုပ်နိုင်တာလေးထဲမှာ …အခုဆွေးနွေးထားတဲ့ ကလေးတွေကို ကျောင်းမှာနေ့လည်စာကြွေးတဲ့စီမံချက်လေးပါထည့်ကြည့်ပါလား..လို့..အကြံပြုတာပါ။
ကုသိုလ်လည်းရ… ဝမ်းလည်းဝဖြစ်မဲ့အလုပ်တခုလို့ ..အာမခံပါတယ်..။
အဆင်ပြေရင်..ရှယ်ယာတောင်ဝင်ပါလိုက်ပါဦးမယ်..။ 🙂
ကလေးတွေတိုက်ဖို့ … သံချဆေးအတွက် ပျားရည်နဲ့..သံပုရာသီးဖျော်ရည်တော့ .. ဆူးက..၆လတခါ..အခမဲ့လုပ်အားပေး.. လာလာဖျော်ပေးလိမ့်မယ်…
အဲဒါ….
ဆူး
October 24, 2010 at 7:41 am
တော်လိုက်တာ.. အထက်က လူတွေ ပြောသွားတာနဲ့.. ဆူးတောင် ပြောစရာ မရှိဘူး.. အနာဂါတ်ကလေးတွေ ဘဝ လှပဖို့.. ကျန်းမာ ကြံခိုင်ဖို့.. သံချဆေး အကြောင်းလေး ဆွေးနွေးသင့်တယ် ထင်တယ်.. မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင် စားသောက်တဲ့ ကလေး ဗိုက်ကလေးတွေ ပူလို့.. အစာစားပြီး အားမဖြစ်.. သံချဆေးတွေ.. ၆လ တကြိမ် ကျောင်းတွေမှာ တိုက်သင့်တယ်.. ကျောင်းကျန်းမာရေး အလေးပေးသင့်တယ် အိမ်သာတွေ သန့်ရှင်းဖို့ လိုသလို ကလေးတွေကလည်း လက်ဆေးတတ်တဲ့ အကျင့် နဲ့ လက်ဆေးဘေစင်လေးတွေ အလုံလောက် လက်ဆေးချင်စိတ်ရှိအောင် နားသွင်းပေးရမယ်။ ဖြစ်နိုင်ရင်တော့ ကျောင်းတွေမှာ တပတ်တကြိမ်လောက် အဟာရ တိုက်ကြွေးတာမျိုး ကွေကာ နို့မုှန့် ကြက်ဥ ကျွေးသင့်ပါတယ်။ ဒါကတော့ စီမံချက်နဲ့ ပိုက်ဆံလိုသကွဲ့.. ဥပမာ အိုဗာတင်း မိုင်လို ကုမ္မဏီတွေကို အခွန်ကောက်မဲ့ အစား.. ကျောင်းတွေမှာ အခွန်နဲ့ ညီမျှတဲ့ အဟာရ တိုက်ဖို့.. ညွန်ကြားရင်တော့ ကလေးတွေ တော်တော် သောက်ရမယ်… စိတ်ကူးပြောကြည့်တာ.. ဒါမျိုးက အားလုံး တက်ညီလက်ညီမှ ဖြစ်လာမှာ..
asiamasters
October 24, 2010 at 8:15 am
ကျုပ်က US မှာနေတယ်ဆိုတော့ US မှာနေတာတော်တော်ကြာပြီထင်ပါတယ်။ အစိုးရဆီက ကန်ထရိုက်ယူပြီးလုပ်လို့ရတယ်ဆိုတဲ့ Public Catering တွေဟာ မြန်မာပြည်မှာမရှိခဲ့တာ အတော်ကြာပါပြီကွယ်။ ကျောင်းကလေးတွေကိုကျွေးမွေးဖို့ လုပ်ငန်းကတော့ ကျွန်တော့်ရဲ့ အင်အားနဲ့ မလုပ်နိုင်သေးပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Member တွေအတွက်ကိုတော့အဟာရပြည့်ဝတဲ့ အစားအသောက်တွေအတွက် ပညာပေးခြင်း၊ ချက်ပြုတ်သင်တန်းများပေးအပ်ခြင်း၊ တွေကိုသာဆောင်ရွက်နိုင်ပါသေးတယ်။ ဒီ Member တွေကတစ်ဆင့် တဖြည်းဖြည်းပြန့်ပွားသွားဖို့တော့ လုပ်ရပါဦးမယ်။ ဒီအတွက်လဲ ဒီမှာစာရေးနေတာပါ။
မိုက်ကယ်ဂျော်နီအောင်ပု
October 24, 2010 at 8:57 am
ဤ သို ့ ဆရာကြီးများ စာအုပ်လှန်နေကြသည်ကို ကြည့်ပြီး
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည် အောက်ပါ မြန်မာလို အဓိပ္ပါယ်ရသော
လက်တင်အမေရိက စကားလုံးများဖြင့် မေးခွန်းထုတ်လိုက်လေတော့ကတည်း။
ခင်ဗျားတို ့ ဗမာနိုင်ငံမှာ လုပ်သင့်တာ ဖြစ်သင့်တာတွေဘဲရှိတယ်
အဲ့သည်လုပ်သင့်တာတွေ ဖြစ်သင့်တာတွေ ကို မလုပ်တဲ့ မဖြစ်တဲ့
အကြောင်းတရားတွေကို ဖန်တီးတဲ့ကောင်တွေကို ခင်ဗျားတို ့ဘာပြန်လုပ်ကြမတုန်း?
asiamasters
October 24, 2010 at 9:01 am
ကျွန်တော့်ဆီမှာ ရှိတဲ့လေးခွတစ်လက်က သားရေပြတ်နေပါတယ်။ အဲဒါကြောင့်ပါပဲ ကိုဂျော်နီအောင်ပုရယ်။
intro
October 24, 2010 at 9:17 am
ရည်ရွယ်ချက်လေးတွေက ကောင်းကြပါတယ်… အမှန်တကယ်လဲ ဖြစ်သင့်နေတဲ့ ကိစ္စပါပဲ… အပေါ်က kai ပြောသွားသလို ဂျပန်အစိုးရက ကလေးငယ်တွေကို ကြီးကြပ်ပြီး အစာကျွေးတယ် ဆိုတာသိရပါတယ်… ဒါပေမယ့် မြန်မာပြည်မှာရော ??? အုပ်ချုပ်သူ လူတန်းစားက ကလေးသူငယ်အရေးကို သူတို့ အရေးလောက် အလေးမထားဘူးလို့ ထင်မိပါတယ်… ဥပမာအားဖြင့် ဦးကျော်သူ ဆိုရင် အသင်းအဖွဲ့တစ်ခု တည်ထောင်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ အများပြည်သူတွေရဲ့ အခက်အခဲကို ကူညီနေတာမျိုးတော့ ရှိပါတယ်… အခု ကိစ္စကိုလဲ project တစ်ခုလို သဘောထားပြီး လုပ်ပေးချင်တဲ့သူ၊ လုပ်ပေးနိုင်တဲ့လူ၊ တကယ် လုပ်ပေးနိုင်စွမ်းရှိတဲ့လူတွေ မြန်မာနိုင်ငံမှာ တကယ့်ကို လိုအပ်နေပါတယ်… ဘာလို့လဲဆိုတော့ အုပ်ချုပ်သူ လူတန်းစားတွေက ဒီအရေးကို ဖြေရှင်းပေးမယ်လို့ မထင်မိလို့ပါ… သူတို့ ကြီးကြပ်ပြီး အစာကျွေးမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေး အားလုံးအတွက် မဟုတ်နိုင်ပါဘူး၊ Not for all children, Just for their own children ပဲ ဖြစ်နိုင်ပါတယ်… asiamasters အနေနဲ့လဲ တတ်နိုင်သလောက် အများပြည်သူအတွက် လူနေတယ်ဆိုတဲ့ အတွက် လေးစားမိပါတယ်… ကိုယ်မလုပ်နိုင်တာကို တစ်ယောက်က လုပ်နေခြင်း ဖြစ်တဲ့ အတွက် ရည်ရွယ်ချက် အောင်မြင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်…
hokg
October 24, 2010 at 11:27 am
ဤမှာ
ကျွနုပ်တို့ စိတ်ထားများဖြစ်လေသတည်း။
😛
manawphyulay
October 24, 2010 at 1:43 pm
ဟုတ်ကဲ့ အများကြီး မလုပ်နိုင်ရင်တောင် တစ်ဦးတစ်ယောက်ချင်းစီကနေပြီး ဖြည်းဖြည်းပဲ သွားလို့ရပါတယ်။ မနောတို့ တစ်ခါတလေ မိဘမဲ့ကလေးတွေအတွက် အလှူသွားပြုတဲ့အခါ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်ရေး စတဲ့ အဖက်ဖက်က လိုအပ်ချက်လေးတွေကို လူသားတိုင်း လူသားဆန်စွာ နိုင်သလောက်လည်း ပါဝင်လုပ်ဆောင်ကြမယ်ဆိုရင် တိုးတက်တဲ့ အနာဂတ်သားလောင်းများဖြစ်တဲ့ ကလေးတွေရဲ့ အနာဂတ်ဟာ လှပလာမယ်လို့ မနောကတော့ ထင်မြင်မိပါတယ်။ ဒါ့အပြင် သူတို့လေးတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့လည်း လိုအပ်ပါသေးတယ်။
unclegyi1974
October 24, 2010 at 1:48 pm
မြန်မာလူထုတကယ်တိုးတက်စေချင်တဲ့ဆန္ဒလေးတွေ
အပြည့်တွေ့ရပါတယ်
တခုတော့ကြိုပြောချင်ပါတယ် ရှေ့ကနောင်တော်တွေ
လိုအနစ်နာခံနိုင်လားအရင်စဉ်းစားကြအုန်းနော်
အန်ကယ်ကြီးကတော့အသက်လည်းကြီးပြီ
ထမင်းလည်းမာမာမစားနိုင်တော့ဘူး
ကျမ္မာရေးကလဲသိပ်မကောင်းဘူးကွဲ့
manawphyulay
October 24, 2010 at 2:21 pm
ကလေးတွေ ပညာရေးက ဒါတွေနဲ့လည်း သိပ်မဆိုင်ဘူးထင်တယ် အန်ကယ်ကြီးရဲ့။ လူတိုင်းရဲ့စိတ်ထဲမှာ ကိုယ်ချင်းစာတရားလေး ရှိနေရင် အဆင်ပြေမယ်ထင်တာပါပဲ။
kopauk mandalay
October 24, 2010 at 4:06 pm
ုမြန်မာစကားပုံခပ်ရိုင်းရိုင်းလေးရှိပါတယ်။
ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားသော် နောက်နွားတစ်သိုက်ဖြောင့်ဖြောင့်လိုက်၏။တဲ့
ဆိုင်လားတော့မသိဘူး။
အပေါ်ကစာတွေဖတ်ရင်းစိတ်ထဲမှာပေါ်လာတာကိုချရေးကြည့်မိတာပါ။
ကျနော်တို့ငယ်ငယ်တုံးကတော့ ညံခဲ့တယ်ဗျာ။
ဒီလောက်ဘဲပြောချင်ပါတယ်။